ဒို့ဘာသာ (၁၄) အနေချောင်

ashinindakaSeptember 2, 20111min1077

ကိုရင်လေးနိဂြေ ာဓကို အကြောင်းပြုပြီး
အသောကမင်းကြီး ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့တယ်။

ဗုဒ္ဓဘာသာသည်သာ ငြိမ်းချမ်းရေးကို အပြည့်အဝပေးစွမ်းနိုင်တဲ့ဘာသာလို့
ယုံကြည်လာပြီး ဗုဒ္ဓဘာသာပြန့်ပွါးဘို့ အားသွန်ခွန်စိုက် လုပ်ဆောင်တယ်။
အကြီးအကျယ်ထောက်ပံ့တယ်။
ဗုဒ္ဓဘာသာဦးရေ တဟုန်ထိုး တိုးပွါးလာတယ်။
အာသောကမင်းကြီးလက်ထက် အိန္ဒိယနိုင်ငံမှာ
ဗုဒ္ဓဘာသာရွှေရောင်လွှမ်းတဲ့ခေတ်လို့ ပြောမယ်ဆို ပြောလို့ရတယ်။

ဒါကို အခွင့်ကောင်းယူပြီး ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေက
အနေချောင် အစားချောင်လိုတဲ့အတွက် ဗုဒ္ဓသာသနာတွင်း ဝင်ရောက်လာကြတယ်။
ရဟန်းပြုကြတယ်။

ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လို့ မဟုတ်ဘဲ
အနေချောင်အစားချောင်လို့ ရဟန်းဝတ်လာတာ။
ဒီအခြေအနေအထိတော့ ပြဿနာအကြီးကြီးမဟုတ်သေးပါဘူး။

ပြဿနာက
သူတို့တတွေက ဘုရားရှင်ဟောကြားထားတဲ့ တရားတော်တွေကို
သင်လည်း မသင်ယူဘူး။ ကျင့်လည်းမကျင့်ကြံဘူး။
ဒါ့အပြင် သူတို့နဂိုလက်ခံယုံကြည်ထားတဲ့ဘာသာအယူအဆတွေကို
ဗုဒ္ဓဘာသာတရားတော်တွေထဲ ထည့်သွင်းကြတယ်။
ဗုဒ္ဓဘာသာတရားယောင်ယောင် လှည့်လည်ဟောပြောကြတယ်။
ဒါက ပြဿနာ။

ဆိုတော့ ဗုဒ္ဓဘုရားရှင်ရဲ့ တရားဒေသနာတွေဟာ
သန့်စင်မှု မရှိကြတော့ဘူး။
လုပ်ချင်ရာလုပ်၊ ကျင့်ချင်ရာကျင့်၊
ပြောချင်ရာပြော၊ ဟောချင်ရာဟောနေကြတဲ့
ဒီလို ရဟန်းတု ရဟန်းယောင်တွေများလာတော့
ရဟန်းစစ် ရဟန်းမှန်တွေက အပေါင်းအသင်းမလုပ်ကြတော့ဘူး။
သာသနာရေးကိစ္စတွေ၊ သံဃာ့ကံတွေကို အတူမဆောင်ရွက်ကြတော့ဘူး။
ဒီလိုအခြေအနေမျိုး (၇) နှစ်တောင် ကြာသွားတယ်လို့ဆိုပါတယ်။

ဒီလိုအခြေအနေမျိုးကို သိသွားတဲ့ အသောကမင်းကြီးက
ပညာရှိသူတော်ကောင်းသံဃာတော်တွေနဲ့
ညှိနှိုင်းတိုင်ပင်ကာ ရဟန်းတုရဟန်းယောင်တွေကို စစ်ဆေးမေးမြန်မပြီး
လူဝတ်လဲစေပါတယ်။

ဒီလို သာသနာတော်သန့်စင်ရေးဆောင်ရွက်ပြီး
ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်အမှူးပြုတဲ့
ရဟန္တာပေါင်းတစ်ထောင်တို့ဟာ
သုံးကြိမ်မြောက် ဘုရားရှင်ပိဋကတ်တော်တွေကို စုပေါင်းရွတ်ဖတ်တဲ့
တတိယသံဂါယနာပွဲကို ကျင်းပခဲ့ပါတယ်။

ဒီပွဲကို အသောကမင်းကြီးအထောက်အပံ့နဲ့
သာသနာနှစ် (၂၃၅)၊ ဘီ စီ (၃၀၈)၊ နယုန်လမှ စတင်ကျင်းပရာ
ကိုးလကြာမှ ပြီးမြောက်ကြောင်းသိရပါတယ်။

တတိယသံဂါယနာအကြောင်းလေ့လာပြီး စဉ်းစားမိတာက…

အသောကမင်းကြီးဗုဒ္ဓဘာသာဝင်ဖြစ်လာပြီး
ဗုဒ္ဓဘာသာဦးရေတိုးပွါးလာတယ်။
ရဟန်းသံဃာတော်အရေအတွက်များလာတယ်။
ရဟန်းသံဃာတော်အရေအတွက်များလာတာကို
သာသနာထွန်းကားတယ်၊ သာသနာပြန့်ပွါးတယ်လို့ ပြောလို့မရဘူးဆိုတာကို
ဒီသမိုင်းက သက်သေခံတယ်။

မြန်မာပြည်မှာလည်း ရဟန်းသံဃာအရေအတွက်
အတော်လေးတိုးတက်များပြားလာကြောင်းသိရတယ်။
ဒါကို သာသနာတိုးတက်နေပြီလို့ ခေါ်ဆိုနိုင်ပါသလား။

ဒါနဲ့စပ်လို့ ဆရာတော်ကြီးတစ်ပါးသုံးသပ်ပြတာကို ပြန်လည်ပြောပြချင်ပါတယ်။
နိုင်ငံတစ်နိုင်ငံတိုးတက်ဘို့အတွက်
စီမံခန့်ခွဲတတ်တဲ့ စီမံခန့်ခွဲမှုတော်တဲ့ ကျွမ်းကျင်တဲ့
ခေါင်းဆောင်ကောင်းလိုတယ်တဲ့။
ဒီလိုမှ မဟုတ်ရင် မွဲပြာကျသွားနိုင်တယ်တဲ့။

ဒို့နိုင်ငံမွဲပြာကျနေတာ အကြောင်းပေါင်းမြောက်များစွာရှိတယ်တဲ့။
အဲ့လိုအကြောင်းပေါင်းမြောက်များစွာထဲက တစ်ကြောင်းကတော့
ဘုန်းကြီးနဲ့ စစ်သားများနေလို့ပါတဲ့။

ဘာပြုလို့လဲဆိုရင်
ဘုန်းကြီးဆိုတာက လောကီဆန်ဆန်ပြောရရင်
အလုပ်မလုပ်ဘူး။ နိုင်ငံတော်အတွက်စပါးတစ်စိထွက်အောင်
သူမစွမ်းဆောင်ဘူး။ နိုင်ငံတော်အတွက် တစ်ဒေါင့်တစ်နေရာက
အုတ်တစ်ချပ် သဲတစ်ပွင့် တာဝန်မယူဘူး။
ဒါပေမဲ့ စားတဲ့အခါမှာ သူများထက် ကောင်းတာတွေ စားရတယ်တဲ့။

(ဆရာတော်က အလကားစားတဲ့စရိတ်ကို တစ်နေ့နှစ်ကြိမ်စားနှုန်း၊
တစ်ကြိမ်ကို ကျပ်ငွေ ၅၀ဝ နှုန်းနဲ့ သံဃာအပါးရေ လေးသိန်းကို တွက်ပြပါသေးတယ်)

သူဆက်ပြောတာက
အလုပ်မလုပ်တာနဲ့ ကောင်းတာစာတာဆိုတော့
နိုင်ငံအတွက် နှစ်ခါဆုံးရှုံးတယ်တဲ့။
စစ်သားကလဲ အတူတူပဲ။ နိုင်ငံအတွက် အလုပ်မလုပ်ဘူးတဲ့။
ဒါပေမဲ့ သူတို့လဲ ကောင်းပေ့၊ ညွန့်ပေ့ဆိုတာတွေ ရရှိသုံးဆောင်ကြတာတဲ့။
အခွင့်ထူူးခံလူတန်းစားတွေတဲ့။
သူတို့များလာတာလဲ နိုင်ငံအတွက် နှစ်ခါနာတယ်တဲ့။

ဒီဆရာတော်ကြီးပြောတာကို သဘောမတူနိုင်ပါဘူး။
သဘောမတူလို့ ဆရာတော်ကြီးကို ပြန်လျှောက်ဖြစ်ခဲ့ပါတယ်။

ဆရာတော်ဘုရား၊ ဒီလိုတော့ မပြောပါနဲ့ဘုရား။
တပည့်တော်တို့နိုင်ငံမှာ
ကောင်းတာမစားရဘဲ အလုပ်လုပ်နေတာလဲ အများကြီးရှိပါသေးတယ်ဘုရား၊
တကယ်အလုပ်လုပ်တဲ့ နိုင်ငံကိုအကျိုးပြုနေတဲ့
ဘုန်းကြီးတွေ စစ်သားတွေအများကြီးပါဘုရား။
ဘုန်းကြီးတွေမှာဆိုလဲ ပရိယတ္တိစာသင်တိုက်ကြီးတွေ၊ ပဋိပတ္တိရိပ်သာကြီးတွေ
နေ့မအားညမအား သာသာနာတော်အရှည်တည်တံ့ခိုင်မြဲပြန့်ပွါးဘို့
လုပ်ဆောင်နေကြပါတယ်ဘုရား။
စစ်သားတွေမှာလဲ ထို့အတူပါဘဲဘုရားလို့ ပြန်လျှောက်တော့

“အလုပ်လုပ်တဲ့သူတွေတော့ ဘယ်ပါမလဲကွ၊ လိုအပ်တာထက် ပိုနေလို့ပြောနေတာ”
တဲ့။

7 comments

  • lusoegyikoko

    September 2, 2011 at 9:52 am

    အရှင်ဘုရား တပြည့်တော်တို့နိုင်ငံမှာ တော်တော်များများက အလုပ်ကိုကောင်းကောင်းမလုပ်ကျပါဘူးဘုရား။စစ်သား ရော ဝန်
    ထမ်းရော။ ဘုန်းကြီးတွေတော့မသိပါ ဘုရား။ ကျောင်းဆရာ။ ဆရာဝန် ။အလုပ်သမား။ လယ်သမား အလုပ်ကိုကောင်းကောင်းမလုပ်ကြပါဘူး။တပြည့်တော်လဲပါပါတယ်ဘုရား။

  • မီးမီး သော်

    September 2, 2011 at 12:31 pm

    “”ဒို့နိုင်ငံမွဲပြာကျနေတာ အကြောင်းပေါင်းမြောက်များစွာရှိတယ်တဲ့။
    အဲ့လိုအကြောင်းပေါင်းမြောက်များစွာထဲက တစ်ကြောင်းကတော့
    ဘုန်းကြီးနဲ့ စစ်သားများနေလို့ပါတဲ့။
    ဘာပြုလို့လဲဆိုရင်
    ဘုန်းကြီးဆိုတာက လောကီဆန်ဆန်ပြောရရင်
    အလုပ်မလုပ်ဘူး။ နိုင်ငံတော်အတွက်စပါးတစ်စိထွက်အောင်
    သူမစွမ်းဆောင်ဘူး။ နိုင်ငံတော်အတွက် တစ်ဒေါင့်တစ်နေရာက
    အုတ်တစ်ချပ် သဲတစ်ပွင့် တာဝန်မယူဘူး။
    ဒါပေမဲ့ စားတဲ့အခါမှာ သူများထက် ကောင်းတာတွေ စားရတယ်တဲ့။
    (ဆရာတော်က အလကားစားတဲ့စရိတ်ကို တစ်နေ့နှစ်ကြိမ်စားနှုန်း၊
    တစ်ကြိမ်ကို ကျပ်ငွေ ၅၀ဝ နှုန်းနဲ့ သံဃာအပါးရေ လေးသိန်းကို တွက်ပြပါသေးတယ်)””

    အရှင်ဘုရားကိုအတိုက်အခံလုပ်တာမဟုတ်ပါ ဘုရား။ကြိုက်လို ့ကူးယူ၍ပြန် ့မန် ့ခြင်းသက်သက်သာဖြစ်ပါသည်ဘုရား။အမှားဖြစ်ခဲ့ရင်ခွင့်လွှတ်ပေးပါ။

  • parlayar46

    September 2, 2011 at 11:42 pm

    ဘုန်းကြီး အရေအတွက်များနေတာတော့ ထောက်ခံပါတယ်ဘုရား။

    ဒါပေမယ့်လို့ …

    လက်ရှိသာသနာ အခြေအနေက စွမ်းဆောင်ရည်ရှိတဲ့ အလုပ်ဖြစ်တဲ့ သာသနာတော်အတွက် ကိုးကွယ်သူများအတွက် အကျိုးပြုနိုင်တဲ့ ဘုန်းကြီးများပေါ်ထွက်လာပုံဟာ –

    ကျားမွေးသလိုမဟုတ်ပဲ ၊ ငါးမွေးသလို သာဖြစ်နေပါတယ်ဘုရား။

    ဆိုချင်တာက တပါးဆို ဆိုသလောက် ထွန်းပေါက်လာခြင်းမျိုးမဟုတ်ဘဲ ၊ အလွန်များတဲ့ အရေအတွက်ထဲကမှ နဲနဲကလေးသာ ထိုးထွက်လာတဲ့ ပုံစံပါပဲ။ အဲဒါရဲ့ အကြောင်းရင်းကတော့ အများကြီးရှိမှာပါပဲ။
    တပြည့်တော် စဉ်းစားမိတဲ့ ထဲက ၂ခုလောက်လျှောက်ချင်ပါတယ်။

    ပထမ- မြန်မာပြည်မှာဘုန်းကြီးဝတ်ဘို့ နဲ့ ဝတ်ပြီးသားက ပြန်ထွက်ဘို့ အလွန့်အလွန်ကို လွယ်ကူနေတာ …။

    ဒုတိယ- မြန်မာပြည်သူတွေဟာ ဘုန်းကြီးဆိုတိုင်း သင်္ကန်းဝတ်တိုင်း မလေ့မလာ မစဉ်းမစား ရိုသေလွန် သဒ္ဓါလွန်နေကြတာ …။

    ဆက်မရေးရဲလို့ ဒီလောက်ပါပဲဘုရား …။

    • kai

      September 3, 2011 at 1:31 am

      ဇင်ဗုဒ္ဓဘာသာမှာက.. ဇင်မာစတာဖြစ်ဖို့က.. မျိုးရိုးအလိုက်ပဲ ဘုန်းကြီးဝတ်ဖို့ခွင့်ပြုပုံရပါတယ်..။
      ကျောင်းထိုင်ဘုန်းကြီးခေါ်ရမယ်ထင်တယ်..။
      ဒါတောင် သားအကြီးဆုံးမှ ဘုန်းကြီးဖြစ်ခွင့်ရတယ်တွေ့မိတာပဲ.. (ပိုသိသူတွေ ရေးပေးပါ)
      ( ဇင်ဘုန်းကြီးက.. အိမ်ထောင်ပြုလို့ရပါတယ်..) 🙂

      ဆိုတော့.. ဇင်ဘုန်းကြိးက.. အင်မတန် စမတ်ကျပြီး သာသနာရေးအတွက်တော်တော်လေးအားစိုက်ကြတာတွေ့ရတယ်..။
      မြန်မာပြည်လည်း.. ဘုန်းတော်ကြီးတွေ..အဲဒီလိုနည်းလမ်းတခုခုစဉ်းစားပြိး.. ဒုလ္လဘဖြစ်အောင်… ထိမ်းချုပ်လိုက်သင့်တယ်လို့ ထင်မိပါတယ်..။

      • မိုက်ကယ်ဂျော်နီအောင်ပု

        September 3, 2011 at 9:15 am

        သူတော်ကောင်းနှင့် အကျွမ်းတဝင်မရှိတဲ့အတွက်
        မယဉ်ကျေးတဲ့သဂျီး
        သူတော်ကောင်းတရားကိုမသိတဲ့အတွက်
        မိုက်ရိုင်းတဲ့သဂျီး
        သူတော်ကောင်းအကျင့်ကိုဖျက်ဆီးတဲ့အတွက်
        ငရဲကျမဲ့သဂျီး
        ပြောတာကို ဆန့်ကျင်ပါတယ်
        🙁 🙁 🙁

  • zawmaung

    September 3, 2011 at 8:41 am

    ( ဇင်ဘုန်းကြီးက.. အိမ်ထောင်ပြုလို့ရပါတယ်..) 🙂
    Please , Please , no , no , there will be more.

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 3, 2011 at 9:26 am

    အရေအတွက်ကို ဝေဖန်ရရင်တော့ ဟုတ်သလိုရှိပါတယ်ဘုရား
    ဒီနေရာမှာ အတုအပကို ဘယ်လို ဖြေရှင်းမလဲဆိုတာက
    အလွန်အရေးကြီးပါတယ်ဘုရား ဒါက အဓိက သော့ချက်ပါ
    မြတ်စွာဘုရားရှင်တော်ရဲ့ လွန်လေပြီးသောအချိန်ဆိုတာကိုမပြောနဲ့
    မျက်မှောင့်တော်လို့ပြောလို့ရတဲ့ ခေတ်မှာတောင်
    စည်းကမ်းဝိနည်းကို မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ပညက်ထုပ်ပြန်ခဲ့ရတယ်ဆိုတာကို
    သတိချပ်စေလိုပါတယ်အရှင်ဘုရား
    မြတ်စွာဘုရားရှင်တော်ရဲ့ တရားတော်မြတ်ကို မှန်တယ်လို့လက္ခံပေမယ့်
    တစ်လောကလုံး ရဟန်းဖြစ်ဘို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုရင်ရနိုင်မလားလည်းဆိုနိုင်ပြန်ပါ့မလားဘဲ
    ဒီတော့ကာ လူတဆို့စကားနဲ့ပြောရရင်တော့
    ပြုပြင်ဖြုတ်ထုပ်ပြစ်ရမှာဘဲဘုရား
    ဒီနည်းလမ်းကို ရှာဖွေရမှာဘဲဘုရား
    သဒ္ဒါရှိသူအတွက်ကတော့ ရဟန်းသံဃာများတာ ကောင်းတယ်လို့မှတ်ယူမှာပါဘဲ
    ဒီမေးခွန်းက မိမိထံကို ရောက်လာရင် ခက်လှချည်ရဲ့လို့လည်း ဆင်ခြင်သင့်ပါတယ်ဘုရား

Leave a Reply