မြန်မာ့ပညာရေး ဘာလို့အောက်တန်းကျနေတာလဲ

DaveJanuary 3, 20101min1285

တပ်လှန့်စကား

ခေတ်တွေစနစ်တွေသာ ပြောင်းသွားကြပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းပြည်နဲ့လူမျိုးရဲ့ ဂုဏ်သိက္ခာဟာ တက်လာတယ်ရယ်လို့ မတွေ့ရပါဘူး။ပိုပိုပြီးတော့ပဲ ဆုတ်ယုတ်လာနေပါတယ်။ရုပ်ပိုင်းရောစိတ်ပိုင်းပါ ယုတ်ညံ့နေတယ်။တိုင်းပြည်ရဲ့ စီးပွားရေး၊လူမှုရေး၊နိုင်ငံရေး ဘာမှတိုးတက်လာတာမရှိပါဘူး။တစ်နှစ်ပြီး တစ်နှစ်သာ ကုန်သွားတယ်။ဘာဖြစ်လာသလဲ။အပေါ်ယံငွေမှုန်ကြဲတာတွေနဲ့ပဲ ပြီးဆုံးသွားတာဟာ စေ့စေ့ တွေးကြည့်မယ်ဆိုရင် တိုင်းပြည်ရော လူမျိုးပါ နစ်နာပါတယ်။

ဒီတိုင်းပြည်ကြီးမှာ လူထုအကျိုး၊တိုင်းပြည်အကျိုးဆောင်ရွက်ဖို့ တစ်နှစ်အတွက် ဘတ်ဂျက်ဘယ်လောက်ရှိလို့ ဘယ်လောက်သုံးခဲ့တယ်ဆိုတာလည်း မသိရဘူး။စီးပွားရေး ဘယ်လောက်ဖွံ့ဖြိုးပြီး တိုင်းသူပြည်သားတွေရဲ့ တစ်ဦးချင်းဝင်ငွေ ဘယ်လောက်ရှိကြတယ်ဆိုတာလည်း ဘာမှန်းမသိရဘူး။လူမှုရေးအကျိုးခံစားခွင့်တွေဆိုလို့လည်း မူးလို့တောင်မှ ရှူစရာရှိကြရဲ့ လား။နိုင်ငံဖွံ့ဖြိုးမှု ကရော ဘယ်လိုရှိနေသလဲ။သေချာတွေးကြည့်ရင် မြန်မာနိုင်ငံဟာ ကျိန်စာသင့်နေတဲ့ နိုင်ငံလို့တောင် ဆိုရ မလိုပါပဲ။ဖရိုဖရဲဖြစ်နေတာကြာခဲ့ပါပြီ။

ညစ်ကျယ်ကျယ်လုပ်တဲ့လူတွေကတစ်ဖက် ပေကပ်ကပ်သမားတွေကတစ်ဖုံ ဒီလိုပဲဆက်သွားကြမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ “ဖာသည်လိုနိုင်ငံ´´ဘဝကနေ ဖာထက်ကြီးတဲ့ ပုတ်နိုင်ငံဖြစ်ဖို့ရာပဲရှိပါလိမ့်မယ်။တိုင်းပြည်ကိုဦးဆောင်ချင်တယ်၊ခေတ်မီဖွံ့ဖြိုးအောင် လုပ်ချင်တယ်၊ပြုပြင် ပြောင်းလဲရေးလုပ်ချင်တယ်လို့ ပြောတဲ့လူတွေ တင်းမာနေလို့ လုံးဝမရတော့ပါဘူး။တိုင်းပြည်နဲ့ လူမျိုးဟာ နွံ နစ်နေပါပြီ။နှာခေါင်းနစ်ပြီးရင် သေချင်းဆိုးနဲ့ သေဖို့ပဲကျန်ပါတော့တယ်။

အောက်တန်းစားတိုင်းပြည်၊အောက်တန်းစားလူမျိုး

ရှေ့ မှာ တပ်လှန့်တယ်ဆိုတဲပသဘောက တော်လှန်ကြဖို့ပါ။ဘာတော်လှန်ရမှာလဲ။တစ်ယောက်နဲ့ တစ်ယောက် သတ်ကြဖြတ်ကြဖို့ ပြောတာမဟုတ်ပါဘူး။ငါတို့က ထိပ်တိုက်ရင်ဆိုင်မယ်။ငါတို့ကတော့ သေနတ်ရှိလို့ ပစ်ထည့်လိုက်မှာပဲ။ငါတို့က အလုံးစုံပျက်သုဉ်းရေးပဲ။ငါတို့ကတော့ ကုလားထိုင်ပေါ်က ဆင်း ပေးမှာမဟုတ်ဘူး။ငါတို့က အကြမ်းမဖက် အနုနည်းသက်သက်နဲ့ ဆက်ပြီးဆန့်ကျင်နေမှာပဲ စသည်ဖြင့် လုပ်နေကြတာဟာ တိုင်းပြည်နဲ့လူမျိုးအတွက်ဘာမှ အကျိုးမရှိပါဘူး။ဒီအချိန်က တော်လှန်ရေးကာလပါ။သွေး စည်းညီညွတ်ပြီး တော်လှန်ကြရမယ့်ကာလကို ရောက်နေပြီဖြစ်ပါတယ်။

ဘာကိုတော်လှန်ကြရမလဲဆိုတော့ အောက်တန်းစားတိုင်းပြည်၊အောက်တန်းစားလူမျိုးဘဝကနေ ရုန်းထွက်ဖို့ တော်လှန်ကြရမှာကို ဆိုလိုတာပါ။အချင်းချင်းလည်း လက်ညှိုးထိုးအပြစ်ပြော၊သူများအပြစ်ပြောတာလည်း ခံရတဲ့ လက်ညှိုးထိုးနောက်ပိုင်းဇာတ်တော်ကြီးကို အရုဏ်လည်းကျင်း လင်းလည်းလင်းလုပြီမို့ လက်စသတ် ဇာတ်သိမ်းသင့်ပြီလို့ ထင်ပါတယ်။

ဒါပေမယ့် ဇာတ်မသိမ်းခင်စပ်ကြားမှာ ကိုယ့်တိုင်းကိုယ့်ပြည်က အောက်ကျနောက်ကျဖြစ်နေတဲ့ ကဏ္ဍတွေကို ပြည်သူလူထုအားနဲ့ ဝိုင်းဝန်းမြှင့်တင်နိုင်ဖို့ ထောက်ပြချင်တာလေးတွေရှိတဲ့အတွက် ဒီစာနယ်ဇင်းစင်မြင့်ပေါ် ကနေ လက်လှမ်းမီသလောက် ဖော်ထုတ်ရေးသားသွားမှာ ဖြစ်ပါတယ်။လိုတဲ့ကွက်လပ်တွေကို ဖြည့်စွက်ပေး ကြဖို့၊အကြံဉာဏ်တွေပေးကြဖို့၊ဝိုင်းဝန်းပြီးတော့လည်း ပါဝင်ဆွေးနွေးကြဖို့ ဖိတ်မန ္တကပြုပါရစေ။

ဘာပညာသင်ကြတာလဲ

အခုကျွန်တော်တို့ဖြတ်သန်းနေကြတဲ့ ဒီခေတ်ကြီးကို ပညာခေတ်ကြီးလို့ ပြောနေကြတယ်။ပညာကို ကြားခံနယ်အမျိုးမျိုးကနေ ငွေကြေးနဲ့ဖြစ်ဖြစ်၊ အခမဲ့ဖြစ်ဖြစ်ဖြန့်ဝေကြတယ်။ဖလှယ်ကြတယ်။တစ်သက်လုံး ပညာသင်ယူနိုင်မယ့် အခြေအနေ၊အခွင့်အလန်းတွေကိုလည်း ဖန်တီးနေကြတယ်။Lifelong Learning ဖြစ်ဖို့ ဆိုတာမျိုး အားထုတ်ကြတယ်။

အဲဒီပညာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ဒီလိုရေးဖူးတယ်။“ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမှုကို ပညာဟုမဆိုပေ။ပညာသည် “အတိုင်းအဆ´´မထင်။အလွန် ကျယ်ပြော နက်နဲလှပေသည်။ကမ ္ဘာရှိ စာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည်ပုခက်တွင်းမှ မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများဖြစ်နေကြ စေသည်။´´ဗိုလ်ချုပ်တွေးတဲ့ အဲဒီအတွေးထဲက သဘောတရားမျိုးကို ပညာရေးသဘောတရားပညာရှင်တွေ ၁၉၉ဝပြည့်လွန်နှစ်တွေရောက်မှ ကျယ်ကျယ်လောင်လောင်ပြောလာကြပြီးအထောက်အပံ့ပြုနိုင်တဲ့ အခြေ အနေတွေကို ဝိုင်းဝန်းဖန်တီးလာခဲ့ကြတာ တွေ့ရပါတယ်။

ကုလသမဂ္ဂကလည်း ကမ ္ဘာ့ငြိမ်းချမ်းရေးအတွက် သည်ပိုးဆောင်ရွက်တဲ့နေရာမှာ လူတွေရဲ့ အသိတရား ဖွံ့ဖြိုးဖို့ အခြေခံကျတဲ့ပညာကို အဖွဲ့ဝင်နိုင်ငံတွေမှာ ဘယ်လိုဘယ်ပုံ မျှဝေနေကြသလဲ။ဘယ်အဆင့် အတန်း ရောက်နေသလဲဆိုတာ စောင့်ကြည့်ပေးတယ်လို့ ဆိုပါတယ်။ဘာအစိုးရက ဘယ်လိုသောက်သုံးမကျလုပ် နေတဲ့ ဘာပညာရေးကို ဘာကုလသမဂ္ဂက ဘယ်လိုစောင့်ကြည့်ပေးသလဲတော့ မသိပါဘူး။မြန်မာ့ ပညာရေးကတော့ စုတ်ပြတ်သတ်နေပါပြီ။

(ဆက်လက်ဖော်ပြပါမည်။)

5 comments

  • susunosuki

    April 18, 2010 at 4:10 pm

    ဒီလိုချည့်ပဲပြောလို့မရနိုင်ပါ
    ပြောတဲ့အခါမှာ လွယ်ပြီး လုပ်တဲ့ အခါမှာ မလွယ်တာတွေရှိနေတတ်ပါတယ်
    ကောင်းမွန်တဲ့အကြံပေးတာ ဝိုင်းဝန်းလုပ်ကိုင်တာ ကပဲ ပြသာနာ အဖြေဖြစ်ပါတယ်

  • nyo pyar

    June 3, 2010 at 11:15 am

    ဟုတ်ပါတယ်။ အခု ကျုပ်တို့ ပညာရေး အသိုင်းအဝိုင်းမှာတောင်မှ ညစ်ကျယ်ကျယ် ပေပေကပ်ကပ် သမားတွေ တော်တော်များတာပဲ။နေရာတိုင်းမှာလည်း ရှိနေမှာပဲ။

  • မန်း ရိပ်

    August 16, 2010 at 9:44 am

    ကျွန်တော်တို့ ဝေဖန်ဆန်းစစ်ပြီးရင် အဖြေတခုလောက်တော့ရမှာပါ ဘာကြောင့်အောက်တန်းကျနေသလဲဆိုတာ
    အဖြေရရင် ဘယ်လိုပြန်မြှင့်တင်မလဲဆိုတဲ့အဖြေကိုရှာရမယ်
    ထိုင်နေလိုတော့ဘာမှ ဖြစ်လာမှမဟုတ်ပါ

  • demigod

    October 12, 2010 at 1:16 pm

    အသိဉာဏ်နုံချာမိုက်မဲပြီး…ကိုယ်လုပ်ချင်ရာလုပ်နိုင်ဖို့…တကိုယ်ရည်အကြောင်းပြချက်တွေနှင့်အမြဲတမ်းပြည့်နှက်နေသော…
    ပညာတတ်ကလေကချေဦးရေတိုးတက်နေတာနဲ့အမျှ….
    (ကိုင်းကိုယ့်လူ…မင်းဘာဆက်လုပ်မလည်း.)……..ဆရာအောင်သင်းရေးဖူးတဲ့စာအုပ်တအုပ်ထဲမှာ..လေးကျွန်းတမြင့်မိုရ်နဲ့ကြီးလာတဲ့..
    ဘုရင်မင်းတုန်းကြောင့်..ကမ္ဘာ့မြေပုံကိုင်ထားတဲ့…တိုင်းတပါးသားတောင်ချွေးပျံခဲ့ရဖူးပါတယ်….
    ပြောချင်တာကတော့ခုမှမဟုတ်ဘူးကိုယ့်လူရေ….

  • fatty

    October 12, 2010 at 1:50 pm

    အောက်တန်းကျနေသော … သင်ခန်းစာများ
    အောက်တန်းကျနေသော …. သင်ပုံသင်နည်းများ
    အောက်တန်းကျနေသော …. စိတ်ဓာတ်များ
    အောကိတန်းကျနေသော …. လခ များ …ကြောင့်ဖြစိမည်ထင်ပါသည်။

Leave a Reply