“ဘောစမျုးိ၏ ညွှန်ကြားချက်များနှင့် ဆာသော်၏ မဟာဗျုဟာများ”

“ဘောစမျုးိ၏ ညွှန်ကြားချက်များနှင့် ဆာသော်၏ မဟာဗျုဟာများ”

နောက်သိပ်မကြာခင်တစ်ရက်မှာတော့ မိတ်ဆွေတစ်ယောက်ရဲ့အိမ်မှာဝါဆိုပန်းကပ်လုပ်တော့ ဆာသော်နဲ့ကျနော်ထပ်ဆုံကြပြန်ပါတယ်။
အဲဒီကျတော့မှ ဟိုနေ့ကမပြီးသေးတဲ့ “ဘောစမျိုး”တွေရဲ့ဇာတ်လမ်းကိုသိချင်တာနဲ့ထပ်ဗျုးရပြန်ပါတော့တယ်။
ဆာသော်ရဲ့”ဘောစမျိုး”များက ဘယ်လို တွေလုပ်ကြတယ်၊ဘာတွေပြဿနာတက်တယ်၊
ဆာသော်က ဘယ်နည်းဘယ်ပုံဖြေရှင်းပေးရတယ် ဆိုတာလေးကို လည်း ဗဟုသုတရချင်တာလဲပါ ပါတယ်။
သူများဖြစ်ခဲ့လုပ်ခဲ့တာ ကို နားထောင်ထားတော့ ကိုယ့်အလှည့်ကျရင် အချိန်မကုန် အုံးမစား ပင်ပန်းစရာ မလိုဘဲ ဖြေရှင်းလို့ရတာပေါ့နော်။
အလှူရှင်ကကြွေးတဲ့ ဒန်ပေါက်ကို တဝတပြဲစား၊
သူများမထိုင်ချင်တဲ့ ဒေါင့်ကျကျနေရာလေးမှာနှစ်ယောက်သားထိုင်
အချိုပွဲအုပ်ရင်း ဆာသော်ရဲ့ မဟာဗျုဟာတွေကို နားဆင်ရပါတော့တယ်။
ဆာသော်ရဲ့ ရင်မောရ စိတ်လေရတဲ့ အတွေ့အကြုံများကတော့…………………………………။

ဒီအလုပ်ကို စရောက်တော့ အရင်ဆုံး လုပ်ရတာက ပါတ်သက်ဆက်နွယ်မူ့လမ်းကြောင်းတွေကို လေ့လာရတာဘဲ။
ဒီလိုမိသားစုအားလုံးဝင်လုပ်တဲ့ အလုပ်တွေမှာ သူတို့ရဲ့ ” ဘေစချစ်”စာရင်းလေးတွေကို သိထားရတယ်။
မသိရင် ဂွမ်းမယ် ဂါးမယ်လေဗျာ။
ထင်တဲ့အတိုင်းပါဘဲ ဒီအလုပ်မှာလဲ ဘောစချုပ်ရဲ့လူက ဘယ်သူ၊
ဘောစဖလူက ဘယ်ဝါ
ဘယ်စမီးရဲ့ ကိုယ်ပွားက………………….
ဘောစခယ် ရဲ့သတင်းပေးကတော့ ………………..
ဘောစိရဲ့ လူနဲ့ ဘောစခယ်လူက တော့ တူလောက်တယ်…………ဆိုတာတွေကို စုံစမ်းစပ်စု၊
ပြီးတာနဲ့ဖြစ်နိုင်မဖြစ်နိုင်ကောက်ချက်တွေဆွဲ
“ဘူလေးလဲ”တွေ့ကို ရှာဖွေလေလေတွေ့ရှိလေလေ လုပ်ရတော့တာပေါ့။
အဲလိုသိအောင်လုပ် တာလဲလိုအပ်တယ်ဗျ။
သူတို့အချင်းချင်းကလဲ တည့်တယ်ဆိုတာ အပေါ်ယံရယ်။
ငါ့လူမထိနဲ့ သူ့လူကိုတော့ဗျင်းလိုက်ဆိုတာတွေကို ကြည့်ရှောင်ရသေးတာ။
သူတို့ကလဲ ဟုတ်တာမဟုတ်တာအပထားသူတို့ ရဲ့တပည့်လေးတွေက ပြောရင် အဟုတ်မှတ်ပြီးအမိန့်တွေထုတ်ချင်သလိုထုတ်ပေါ့

ပြောရရင်ဗျာ တယ်လီဖုန်း ကိစ္စက စရမှာဘဲ။
ရုံးမှာ ကြိုးဖုန်းတွေလဲရှိ ဝန်ထမ်းတွေကိုပေးထားတဲ့ ဟန်ုးဖုန်းတွေလဲရှိပေါ့။
တစ်ခါတစ်လေ မသိတတ်တဲ့ဝန်ထမ်း အခွင့်အရေးယူတတ်တဲ့ဝန်ထမ်းအထူးသဖြင့် မိန်းကလေးတွေပေါ့ကွာ။
တစ်ခါပြောရင် နာရီဝက်တစ်နာရီ။
“ဒီနေ့ဘာဟင်းနဲ့ထမင်းစားသလဲဆိုတာကနေစလိုက်တာ မနေ့ညကပြတဲ့ ကိုရီးယားကား ၊
အဲဒါနဲ့မပြီးသေးဘူး ဘယ်မင်းသားနဲ့ဘယ်မင်းသမီးကဘယ်လို၊
ဘယ်အဆိုတော်နဲ့ဘယ်သူ့သားနဲ့ကတော့ ဟိုလိုဆိုတဲ့ မြန်မာပြည်ရဲ့နာမယ်ကြီးများရဲ့အတင်းအဖျင်းတွေကိုဖလှယ်၊
ပြီးတာနဲ့ ဘယ်ဇာတ်လမ်းတွဲကတော့ ဘယ်လိုကောင်းပြီးဘယ်လိုငိုလိုက်ရတာ အခုအပိုင်း ဘယ်လောက်မှာရပ်နေတာ၊”
ဆိုပြီး ကိုရီးယားအခန်းဆက်ဇာတ်လမ်းတွေအကြောင်းကိုမျှဝေခံစားလုပ်ကြပြန်ပါတယ်။
ဒါက သူငယ်ချင်းအချင်းချင်း အလ္လာပသလ္လာပ ပြောတာလေ။
သူတို့ ရဲ့ အီစီကလီလေးတွေနဲ့ဆိုရင်တော့ ဖုန်းခွက်ကလေးကိုလက်အုပ်ပြီး တိုးတိုးလေး တွတ်ထိုးကြတော့တာ။
တစ်ချို့များဘယ်လောက်လူပါးဝသလဲဆိုရင် အပြင်က သူ့ကောင်ဆီက ဖုန်းလာရင် ဟယ်လိုလုပ်ပြီးပြန်ချလိုက်တာ။
ပြီးတာနဲ့ရုံးဖုန်းကနေပြန်ခေါ်လိုက်တာလေ။
သူ့ကောင်ပိုက်ဆံအကုန်သက်သာအောင်ဖန်တီးပေးတာ။
အခုဖုန်းဘေလ်တွေက ကြိုတင်ဆောင်ရတယ်ဆိုတော့ တစ်လ တစ်လ ဖုန်းပြောခဘယ်လောက်ကျတယ်ဆိုတာ မသိနိုင်တော့ဘူး။
ဒါပေမယ့် အပြင်က အလုပ်ကိစ္စနဲ့ဖုန်းဆက်တဲ့သူက ဘောစိကို “ခင်ဗျားရုံးက ဖုန်းတွေက ခေါ်လိုက်ရင်ဘယ်တော့မှမအားဘူး”
လို့လဲတိုင်လိုက်ရော ဘောစိက စုံစမ်းစစ်ဆေးလုပ်တော့ ဒီအကြာင်းတွေကိုလဲသိရော ဖုန်းပြောတာတွေကန့်သတ်လိုက်ရော။
အဲတော့ သူတို့တွေက ဘာလုပ်တယ်မှတ်လဲ သူ့တို့ ရဲ့ဆရာတွေအခန်းထဲမှာထားတဲ့ဖုန်းနဲ့ဝင်ပြောကြတာပေါ့၊
ဟန်းဖုန်းပေးထားတဲ့ကောင်တွေက ကြပြန်တော့လဲ ဖုန်းကဒ်ကဝယ်သုံးရတာကိုး။
တစ်သောင်းဆိုလဲ ခဏ ငါးသောင်းဆိုလဲကြာကြာမခံ ဆိုတော့ စည်းကမ်းတွေလဲထုတ်မယ်ကြံရော
သူတို့ ဘောစချစ်လေးတွေ ကို ထိပြီဆိုတော့ “သူတို့တကယ်ကို ဖုန်းနဲ့ဆက်သွယ်ပြီး လုပ်ကြရတာပါ”လို့
ဝင်ပြီးလျောက်လဲချက်တွေပေးပြန်တော့ ဘာစည်းကမ်းမှထုတ်မရ။
နဂိုရ်အတိုင်းဘဲပြန်ဖြစ်သွားတော့တာပေါ့ကွာ။
ပြောချင်သလောက်ပြော ကုန်တာတော့ ရုံးက ခံပေါ့။

နောက်သူတို့ ဘောစမျိုးတွေက အလုပ်မှာသာလာထိုင်တယ် လုပ်ငန်းအကြောင်းသိပ်စိတ်မဝင်စားတော့သိပ်မသိ။
တစ်ခါတစ်လေ ပြောင်းလဲသွားတဲ့အနေအထားတွေကို မသိလိုက်တာလဲရှိပါတယ်။
ဒါပေမယ့် ခပ်တည်တည်နဲ့ဆုံးဖြတ်ချက်တွေပေးချင်ပေးကြတာ။
ဟန်းဖုန်းတွေ အသီးသီးကိုင်ထားကြတဲ့ခေတ်ဆိုတော့ပိုဆိုးတာပေါ့။
သူတို့ဆီဖုန်းဝင်လာရင် ဘာမှရေရေရာရာ မသိဘူး မေးလဲမမေးဘူး လုပ်ချင်တာတွေလုပ်ထဲ့လိုက်ကြတာလေ။
တစ်ခါကပေါ့ကွာ……………
မင်းလဲသိတဲ့အတိုင်းငါတို့မန်းလေးမှာရောင်းကြဝယ်ကြတာဆိုတာလက်ငင်းရတာမဟုတ်ဘူး။
အဲတော့အကြွေးများရင် ရက်သိပ်ကြာနေရင် အဲဒီလူကိုမရောင်းချင်ဘူးလေ။
ဒါပေမယ့်လဲအားလုံးက မျက်နှာနာနေတဲ့သူတွေဆိုတော့မရောင်းချင်ဘူးပြောရင် အရင်ကြွှေးမပေးမှာစိုးသလို အားလဲနာတယ်။
အဲတော့ အဲလိုလူမျိုးတွေ ပစ္စည်းရှိလားမေးရင် မရှိဘူးကုန်နေတယ်လို့ပြောလိုက်တာဘဲ။
ဒါကမိတ်မပျက်ဘူးလေ။
အဲဒီလူကငွေမပေးတာ တစ်လကျော်နေပြီ။
ငွေကလဲ သုံးရာကျော်လောက်ကျန်သေးတော့ မရောင်းချင်ဘူးပေါ့ကွာ။
သူမေးရင် မရှိဘူးဘဲပြောလိုက်လို့ ဘောစိက ငါ့ကိုမှာတော့ ငါကလဲဝန်ထမ်းတွေတော့ပြောထားမိတာပေါ့။
အဲဒီလူက ငါတို့ရုံးကိုလှမ်းပြီး ကုန်မှာတော့ ပစ္စည်းပြတ်နေပါတယ်လို့ လိုက်တာပေါ့။
သိပ်မကြာလိုက်ပါဘူးခဏနေတော့ ဘောစဖ ဆီက ဖုန်းလာတယ်။
ကုန်အမှာစာရင်းတက်တာ ပစ္စည်းပို့ဘို့ အမြန်ဆုံးစီစဉ်လိုက်ပါပေါ့။
ဘောစိက မရောင်းနဲ့လို့မှာထားတဲ့ ငါတို့က ပစ္စည်းပြတ်နေတယ်ပြောလိုက်တဲ့ လူကိုမှရောင်းထဲ့လိုက်တာကွာ။
အဲဒါကိုသူ့ပြောတော့ “ဆာသော်တို့က ကျနော့်မှာ မပြောတာ ဆာသော်ဘဲကြည့်ရှင်းလို်က်တော့” တဲ့ကွာ။
ခါတိုင်းဆို ဒီလိုအရောင်းအဝယ်ကိစ္စလာရင် သူဘယ်တော့မှမဖြေဘူး စိတ်လဲမဝင်စားဘူး၊
သူ့ဆီဖုန်းလာရင်လဲ ရုံးကိုဘဲပြန်ဆက်ခိုင်းတတ်တာ ဆိုတော့ငါက လဲ သူမရောင်းလောက်ဘူးထင်ပြီး မမှာမိဘူးပေါ့ကွာ။
အဲတော့ ငါမှာ ကုန်သည်ဆီဖုန်းဆက် “မနေ့ညကမှ ဂိုဒေါင်အပြတ် နယ်ကုန်သည်ရောင်းထားတာကို ခင်ဗျားဖုန်းဆက်တဲ့လူ
က မသိလို့ အော်ဒါလက်ခံလိုက်တာ ပစ္စည်းက တကယ်မရှိတာပါ”ဆိုပြီး လျောက်လဲချက်တွေပေးရတာပေါ့။
ဟိုကလူက လဲ လူ အ မှ မဟုတ်တာကွာ သိတာပေါ့။
“တော်ပြီနောက်ဆိုရင်ငွေပေးပြီးမှဘဲ မှာတော့ မယ် ဆာသော်တို့ကလဲအလုပ်အကြောင်းမသိတဲ့ကောင်ကို ဖုန်းအပြောမခိုင်းနဲ့”
ဆိုပြီငါ့ကို ခွပ်သွားတာ။
ဘောစဖ ကအဲလို လူရှုပ်မျုုးိ။
တကယ်လုပ်သင့်တဲ့အလုပ်ဆိုရင်တော့ မလုပ်၊
သူမသိတဲ့ကိစ္စများကြတော့ ထင်တိုင်းကျဲပြီး လုပ်ချင်တာတွေလုပ်တတ်တော့လိုက်ဖြေရှင်းရပြန်ရော။

နောက် “ဘောစမီး”လေးကတော့ တစ်မျိုး။
သူက အုပ်ချုပ်မှု့ဒါရိုက်တာဆိုတဲ့အတိုင်း စီမံခန့်ခွဲမှု့တွေကိုဘဲစိတ်ဝင်စားတာလေ။
နိုင်ငံခြားကလာတဲ့ စီမံခန့်ခွဲမှူ့နဲ့ဆိုင်တဲ့ စာအုပ်တွေဖတ်။
စီမံခန့်ခွဲမှု့သင်တန်းမှန်သမျှလိုက်တက်၊
အလုပ်ရုံဆွေးနွေးပွဲမှန်သမျှသွား ၊
သူတို့လိုစိတ်ဝင်စားသူတွေနဲ့ ချိန်းပြီးဆွေးနွေး၊
တကယ်ကို မမောနိုင်မပန်းနိုင်။
ပြီးရင်အလုပ်ထဲက ဝန်ထမ်းတွေကို သူ့ရုံးခန်းခေါ်။
သင်တန်းတွေပေး၊
သူပြောချင်တာတွေကို သူက တဝေါဝေါနဲ့ပြောသွား။
ဝန်ထမ်းတွေနားထဲ သူပြောတာတွေက မရောက်။
“အပြန်အလှန် ဆွေးနွေးမှ တိုးတက်တယ်”ဆိုပြီးမေးခွန်းတွေမေး။
ဝန်ထမ်းတွေကို အဖြေခိုင်း။
သူပြောတာတွေက စိတ်ထဲမရောက်တော့ ဝန်ထမ်းတွေက မဖြေနိုင်။
အဲဒီအခါကြရင် “ဒီပုံစံ အတိုင်းဆက်သွားရင်တော့ မမလေးတို့ လုပ်ငန်းက တိုးတက်မှာမဟုတ်ဘူး သွားကြတော့”
လို့စိတ်ပျက်လက်ပျက်နဲ့ တန်းဖြုတ်လိုက်မှ ဝန်ထမ်းတွေက သူ့တို့နေ့စဉ်အလုပ်ကို အချိန်မီအောင်လုပ်ဘို့ ဝမ်းသာအားရနဲ့ပြန်သွားကြ။
ဒါက တစ်ပါတ် သုံးရက်လောက်ကြုံနေကျကွာ။

သူက တစ်ခါပြောရင် 2နာရီလောက်ကြာတာကွာ။
သူကသာ ထိုင်ပြောလိုက် အားမရရင် မတ်တပ်ရပ်ပြောလိုက် ပြီးပြန်ထိုင်လိုက်၊
ဝန်ထမ်းတွေက မတ်တပ်ရပ် လက်ကလေးနောက်ပစ်ပြီးနားထောင်နေရင်းက “တဟုတ်ဟုတ်”နဲ့အသံပေးနေရတာ။
နောက်သူကသာ ဒါတွေကိုပြောနေတာ ဝန်ထမ်းတွေမှာက သူတို့ ဘောစိရောက်လာရင် ရစရာရှိတာပေးစရာရှိတာတွေ
ကုန်လက်ကျန်စာရင်းတွေ မေးရင် အဆင်သင့်ဖြေနိုင်အောင် အလုပ်တွေလုပ်ဘို့သာခေါင်းထဲရှိတာကိုး။
ဘောစိက ကျန်တဲ့နေရာသာ သဘောကောင်းချင်ကောင်းမယ် သူခိုင်းထားတာ မပြီးရင် သူမေးတာကို ချက်ခြင်းမဖြေနို်င်ရင်
အားရပါးရကြီးကို ဆဲတတ်တာ။
သူဆဲမှာကိုတော့ ငါက စ လန့်တယ်လေကွာ။
အဲတော့ သူမမေးခင် အဆင်သင့်ဖြစ်အောင်လုပ်ရတာ။
အဲတော့ ဘောစမီးက သာ စေတနာဗလပွ နဲ့ သင်ပေးနေတယ် ဝန်ထမ်းအားလုံးစိတ်ထဲမှာတော့
နေ့စဉ်အလုပ်တွေ မလုပ်ရသေး မပြီးသေးတော့ ဘောစိလာရင် အဆူခံရတော့မှာဘဲဆိုတဲ့အတွေးကသာလွှမ်းမိုးနေတော့ ပြောတာတွေ
ဘယ်နားထဲရောက်မလဲ။
ဘောစမီး လေးမနက်အလုပ်ရောက်လာပြီးတာနဲ့
“ မမလေးက သူ့အခန်းထဲ အားလုံးလာပါ” ဆိုတဲ့အသံကို အားလုံး ကြောက်နေကြရတာတော့ အမှန်ဘဲကွာ။

“ အေး ဝန်ထမ်းတစ်ယောက်ကို ကောင်းကောင်းလခပေး ပေးသလောက်လဲ သူ့ကို တန်အောင်ခိုင်း ၊
ခိုင်းမရဘူး အချောင်ခိုနေတယ် ဆိုရင် အထွက်ခိုင်းလိုက် ဘာမှ အုံးအစားခံမနေနဲ့”
“လက်တွေ့အလုပ်လုပ်ဘို့ အောင်မြင်ပြီးစီးဘို့အရေးကြီးတယ်။
သင်တန်းပေးတာတွေ ပို့ချတာတွေ လုပ်မနေနဲ့ ဒါတွေက အပိုအလုပ်တွေ”
ဒါကတော့ ရှေးအဖိုးကြီးလို့ကွယ်ရာမှာအခေါ်ခံရတဲ့ဘောစိအမြင်။
ဘောစမီး ကတော့ ခေတ်လူငယ်ဆိုတော့ လုပ်ငန်းခွင်ကဝန်ထမ်းများအရည်အချင်းတိုးတက်ရေးတို့၊
အလုပ်လုပ်ရင် သင်ကြား၊ သင်ကြားရင်းအလုပ်လုပ်တို့ ၊လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာ
တွေဘာတွေ နဲ့ ခေတ်အမြင်တွေနဲ့ ပြောတာပေါ့။
သူတို့သားအဖရဲ့ မတူညီတဲ့အမြင်တွေကြားမှာ မညိအောင် ညှိပေးရတာတော့ ငါပေ့ါကွာ။

တစ်ရက်ပေါ့ ပစ္စည်းဈေးက ကျချင်သလိုလို မငြိမ်ဘူး။
ဘောစိက ကုန်တွေကို အကုန်ကန်ထုတ်ချင်တယ်။
အဲတော့ ရှိသမျှဂိုဒေါင်က ကုန်လက်ကျန်တွေ ရစရာအကြွေးတွေအသေးစိတ်သိချင်တယ်။
မနက်စောစောသူမလာခင်ပြီးအောင်လုပ်ထားဘို့ ညွန်ကြားသပေါ့။
ဖြစ်ချင်တော့ အဲဒီနေ့မှာ မှ“ မမလေးက သူ့အခန်းထဲ အားလုံးလာပါ”ဆိုတာနဲ့ကြုံရော။
ဘောစိလာခါနီးအချိန်မတိုင်ခင်ငါ က သူ့အခန်းသွား ဘောစိခိုင်းထားတဲ့အလုပ်မပြီးသေးတာကိုပြောဘို့
“ မမလေး “လို့လို့ခေါ်လိုက်ရင် သူက ခဏဆိုပြီးလက်ကလေးကာပြ ပြီးဆက်ပြော။
တစ်နာရီကျော်ကျော်လောက်ကြာတာတောင်မပြီးသေး။
အဲဒီအချိန်ဘောစိရောက်လာ။
ဝန်ထမ်းအားလုံး ဘောစမီးအခန်းထဲရောက်နေ အလုပ်တွေက မပြီးသေး။
သူလိုချင်တာမရတော့ အားလုံးကို ပယ်ပယ်နယ်နယ်ဆဲပြီးလောင်မီးကျတော့တာဘဲ။
သူ့သမီး မှာတမ်းချွေလို့ ဖြစ်တာလဲသိရော ဘောစမီးကိုလဲ
အရည်မရအဖတ်မရ လက်တွေ့မကျတာတွေလုပ်နေတယ်ဆိုပြီးဆဲ။
အဲတော့ ဘောစမီး ကငိုတော်မူပြီး ဘောစချုပ်ကိုတိုင်ရော။
နောက်တော့လဲဆာသော်ဘောစချုပ်ရှေ့တော်မှောက်ရောက်သပေါ့။
နောက်ဆုံးအချုပ်ကတော့ ဆာသော်က သာအချိန်မီတားနိုင်ရင် ဒီကိစ္စ မပေါ်တဲ့အကြောင်း၊
ဘောစမီးကို သေသေချာချာသာ ဆာသော်က ပြောမယ်ဆိုရင် ခုလို ငိုရတဲ့အဆင့်ထိမရောက်နိုင်ကြောင်း၊
အဓိကနဲ့သာမညကို ခွဲခြားသင့်ကြောင်း အမြုတ်ထွက်မတတ် ပြောကောင်းနေတုန်း “ မမ 11း30ခွဲတော့မယ် “ဆိုမှ
နေ့စဉ်ပြုနေကြ အလုပ်ကို သတိရတော်မှုပြီး “ဆာသော် ဒီနေ့ဘာကြားလဲ ဘာကောင်းလဲ”ဇာတ်လမ်းရောက်သွားပြီး
အဆူလွတ် နားအပူ လွတ်ပါတော့တယ်။

ဘောစသားက တော့ တစ်မျိုး။
သူကဒီလိုလုပ်ငန်းနဲ့ပါတ်သက်တဲ့ ဇာတ်လမ်းတွေထဲမပါဘူး။
သူက ငွေသုံးတာ ဖြုန်းတာသက်သက်။
ခေါက်ဆွဲဆိုင် ဘီယာစတေရှင် ကေတီဗွီ ဆိုင်တွေမှာ အပေါင်းအသင်းတွေနဲ့သုံးခဲ့ဖြုန်းခဲ့သမျှတွေ
လမ်းမှာကားချင်းချိတ်လို့ သူ့ဆိုင်ကယ်နဲ့ ညှိလို့ ကားနဲ့ပွတ်ဆွဲခဲ့လို့အလျော်ပေးရမယ့်ငွေ
သူဖွန်ကြောင်ပြီး ပေးချင်တာတွေ မှန်သမျှ
သူ့လိပ်စာကပ်နောက်ကျောမှာ သူ့လက်မှတ်တိုထိုးပြီး ဆာသော် …………………………လောက်ပေးလိုက်ပါဆိုတဲ့
စာလေးနဲ့ အဲဒီလူတွေကို ငါ့ဖုန်းနံပါတ်ပေးပြီး ငါ့ဆီ လွှတ်လိုက်တော့တာဘဲ။
(သူကတော့ သူ့လက်မှတ်က ဘဏ်ကချက်လက်မှတ်ထက်တောင်သေချာသတဲ့။
ဘဏ်က စနေတနင်္ဂနွေထုတ်မရဘူး။သူ့လက်မှတ်က ဘယ်အချိန်ထုတ်ထုတ်ရတယ်ဆိုဘဲ)
သူစိတ်လိုလက်ရရှိရင် အကျိုးအကြောင်း ဖုန်းဆက်တယ်။
သူဖုန်းဆက်မထားဘဲရောက်လာရင်တော့ အကျိုးအကြောင်းမေးရတာပေါ့။
တစ်ခါတစ်လေတော့လဲ ဒီလိုကိစ္စတွေသူ့အဖေကို အသိပေး တစ်ခါတစ်လေတော့လဲ ဘောစချုပ်ကိုအသိပေး။
ဘောစိကတော့ ဆာသော် အလိုမလိုက်နဲ့ ကျောင်းမှန်းကန်မှန်းသိအောင်ပစ်ထားလိုက်ပေါ့။
ဘောစချုပ်ကတော့ သူတို့မှာ ရှားရှားပါးပါး သားတစ်ယောက်ထဲပါတာ။
သူတော့ ဘေးမသီရန်မခပေ့စေနဲ့ ဘာဖြစ်ဖြစ် အဆင်ပြေအောင်ဖြေရှင်းဘို့က ဆာသော်တာဝန်လို့ပုံချထားပါတယ်။
အဲတော့ ဘောစသားကလဲ “ကဲသာကဲ………. ဖြဲသာဖြဲ …………”လုပ်ပြီးအသားကုန်ဆွဲတော့တာပေါ့ကွာ။

ဘောစခယ်ကျတော့တစ်ဘာသာ။
ဘောစိက ဘောစခယ်ကို ခလုတ်မထိဆူးမညိအောင်စောင့်ရှောက်ဘို့ သိသိသာသာရော မသိမသာရော ဆာသော်တာဝန်ဘဲလို့
မှာကြားပါတယ်။
သူနှပ်ချီးတွဲလောင်းပေါက်စနဲတဲက အတူနေလာတဲ့ ခလေးမဆိုတော့ တယ်သံယောဇဉ်ရှိဆိုဘဲ။
ဘောစချုပ်ကသာ ဘောစိကို အရေးမစို်က်တာ။
ဘောစခယ် ကတော့ ဘောစိရောက်တာနဲ့ ကော်ဖီတန် ကော်ဖီ အအေးတန်အအေး အဆင်သင့်ဖြစ်အောင်လုပ်ပေးရှာတာ။
ဘောစိရောက်ပြီဆိုတာနဲ့ တတွတ်တွတ်နဲ့ အစီရင်ခံစာတင်သလို စီကာပါတ်ကုန်းပြောရတာလဲအမော။
အိမ်တော့ သိပ်မရောက်လို့ ဘယ်လိုနေကြတယ်ဆိုတာ မသိဘူး။
ဘောစခယ်ကလဲ အသက်ကြီးပေမယ့်မပျက်စီးဘူးဆိုတာ ကိုသက်သေပြတဲ့အနေနဲ့ ဝန်ထမ်းကောင်လေးတွေနဲ့ဆို ရောရောနှောနှောနေ။
မိန်းကလေးချင်းဆိုရင်တာ့ ခပ်ပါးပါး။
အဲတော့ကွယ်ရာမှာဆိုရင်တော့ “ယောက်ချို မမ”လို့ကလေးမလေးတွေက ခေါ်ကြသပေါ့။
အဲလိုကောင်လေးတွေနဲ့ နေတာဘောစိမြင်ရင် ငါ့ကို ခေါ်ကျပ်ရော။
ငါကလဲ လူစုခွဲတဲ့အနေနဲ့ အလုပ်အကြောင်းပြပြီးခေါ်ခိုင်းတော့ တစ်ချို့ကောင်တွေကငါ့ကိုသိပ်မကြည်ဘူး။
ကွယ်ရာမှာ “သော်ကုန်းကုန်း “လို့ မကြားတကြားပြောတဲ့ကောင်လဲရှိရဲ့။
သဘောက ငါကကောက်ရိုးပုံစောင့်နေတဲ့ မစားရအညှော်ခံကောင်ပေါ့ကွာ။
တကယ်အရေးကြိးတာကတော့ ဘောစခယ်နဲ့ ဘယ်သူနဲ့မှ မငြိဘို့ဘဲ။
ငြိတာနဲ့မိုးမီးလောင်မှာကတော့ သေချာတယ်။
ဘောစချုပ်ကလဲ သူ့ညီမလေးတော့ ဝန်ထမ်းထဲကလူနဲ့ငြိမှာ စိုးပါတယ်။
အရိ်ပ်တကြည့်ကြည့်နဲ့။
ဆာသော်မှာစောင့်ရှောက်ဘို့ တာဝန်ရှိတယ်နော်လို့ ခဏခဏ သတိပေးခံရလေလေ
ငါကလဲ ဘောစချုပ် မြန်မြန်အိမ်ထောင်ကျပါစေသာဆုတောင်းပေးလေလေ၊
ဘောစခယ်ကလဲ “ဒို့က အပျိုကြီးလုပ်မှာ ………ဒို့ကအပျိုကြီးလုပ်မှာ…….” သီချင်း ကိုဆိုလေလေ ငါက စိတ်မောရလေလေဘဲ။

နောက်ပိုစိတ်ညစ်ရတာကတော့ ဝန်ထမ်းထဲကတို့ ကုန်သည်ထဲကတို့ ငွေရေးကြေးရေးပြဿနာပေါ်တဲ့အခါဘဲ။
သူတို့ တွေက သိပ်စိတ်မှန်တာတမျိုး ကြည်နေရင်တမျိုး မကြည်ရင်တမျုးိရယ်။

ဘောစချုပ်ကတော့မိန်းမသားဆိုတော့ နည်းနည်းသနားတတ်ပုံရပါတယ်။
“တော်ရုံတန်ရုံဆို ခွင့်လွှတ်လိုက်ပါ နွားကိုးကောင်အမွှေးတစ်ပင်ကျွတ်တာ ဘာမှမဖြစ်ဘူး”ဆိုပြီး မေ့မေ့ပျောက်ပျောက်လုပ်ခိုင်းတတ်ပါတယ်။

ဘောစိက မရိုးသားရင် စိတ်မချရဘူးဆိုရင် မုန်းတယ် ချက်ခြင်းအလုပ်ထုတ်ခို်င်းတာဘဲ။
ဒီလိုကိစ္စမျိုးမှာ ဘောစိအလိုကျဝင်ဝင်ပါတာက ဘောစဖ။
ဒါပေမယ့်လည်းတိတိကျကျဆိုတော့လဲမဟုတ်ပြန်ဘူး။
သူနဲ့အဆင်ပြေရင်တမျိုးအဆင်မပြေရင်တမျုးိ။
အဆင်မပြေတဲ့ကောင်သာ ဖြစ်ရင် ငွေနှစ်သောင်းလောက်ကိုလဲ တရားစွဲရဲတိုင် ဇွတ်လုပ်ခိုင်းပေမယ့်၊
ပြေလည်တဲ့ကောင် သူကြည်တဲ့ကောင်ဆိုရင်တော့ သိန်းနှစ်ဆယ်လောက်လဲ
“ခဏတော့စောင့်ကြည့်လိုက်ပါကွာ၊သူအရင်က ဒါမျိုးမဟုတ်ပါဘူး။အခက်အခဲတခုခုရှိလို့နေမှာပါ”ဆိုပြီး လုပ်ချင်လုပ်တာ။
တစ်ခါကတော့ကွာ ငါတို့ဆီက ညနေငွေလိုက်သိမ်းတဲ့ဝန်ထမ်းတစ်ယောက်က
သူလိုက်ကောက်တဲ့ငွေတွေကို ငွေစာရင်းဌာနကို အပ်တဲ့အချိန် တစ်သိန်း ကွာနေရော။.
အဲဒီလူကလဲ ပိုက်ဆံကွာတာကို ရုံးရောက်မှသိတာ ပြန်စဉ်းစားတော့ ဆိုင်တစ်ဆိုင်မှာ ငွေချပေးတဲ့အချိန်မှာ
အတွက်မှားပြီးယူခဲ့တာကို သတိရသွားပါတယ်။
အဲဒါနဲ့အဲဒီဆိုင်ကိုလှမ်းပြီးဖုန်းဆက်တော့ သူတို့ပေးတာ ငွေအပြည့်ပေးတာ။
သူ့ဆိုင်အပြင်ရောက်ရင် သူ့မှာဘာတာဝန်မှ မရှိတော့ဘူးဆိုပြီးပုတ်ထုတ်လိုက်ပါသတဲ့။
အဲတော့ ငွေခံလာတဲ့သူပျားတုပ်တာပေါ့။
ဒါကိုလဲဘောစဖသိရောသူမကြည်တဲ့လူဆိုတော့ ဘောစိနဲ့တိုင်မယ်
” ဒါမရိုးသားတာဒီကောင်ဖြောင်တာနေမှာ”တွေဘာတွေနဲ့ ဖွရော။
ခက်တာက သူနဲ့ပြေလည်တဲ့ကောင်တစ်ကောင်က မောင်းကျိုးထားတာ ခုနှစ်သိန်းနီးပါး။
ကုန်သည်တစ်ယောက်ကို ရုံးက ကြွေးသွားတောင်းမှ မောင်းကျိုးထားတဲ့ကောင်ကိုပေးပြီးသားဆိုတာနဲ့
စာရင်းတွေစစ်လိုက်တော့ ဘောစဖလူက သုံးထားတာပေါ်လာတာ။
အဲဒါကိုတော့ ဘောစဖ က ခဏစောင့်ကြည့်ပါဆိုဖုံးထားတာ။
အခု တစ်သိန်း ကွာတဲ့လူက လဲ ဒီကိစ္စသိထားတော့ “ရတယ် တိုင်လိုက်ပါ သူဖြစ်တာသူခံမယ်။
မတော်တဆနဲ့ မရိုးသားတာ အကွာကြီး။
ဘောစိဆီရောက်ရင် သူလဲ သူသိသလောက်ပြောမယ် “လို့ချိမ်းခြောက်သလိုပြောတော့မှ
ဘောစဖလဲဘာလုပ်ရမှန်းမသိဖြစ်ပြီး တွေသွားပါတယ်။
ပြီးမှ “ဆာသော်………………..”ဆိုပြီးလာလုပ်တော့တာပေါ့။
အဲတော့ မှ ငါကလဲ ဘောစဖ ကို
” မင်းလူကိစ္စ မင်းရှင်း။အခုဒီလူကိစ္စကိုတော့ မမဆီ တင်ပေးလိုက်မယ်”
ဆိုပြီး ဘောစချုပ်ကို ဖြစ်ကြောင်းကုန်စင် အစီရင်ခံစာတင်ပြီး ပြောပြလိုက်ရတော့တာပေါ့။
ဘောစချုပ်က တစ်သိန်းကွာလာတဲ့လူကို ခေါ်မေးပြီး တော့ ငါ့ကိုခေါ်လို့ ညွှန်ကြားချက်တွေပေးပါတယ်။
“ ဆာသော်…………..အဲဒီလူကို သူပေါ့လျော့လို့ ကွာတဲ့ပိုက်ဆံကို စိုက်ခိုင်းလိုက်ပါ။
သူ့ကိုမစိုက်ခိုင်းရင် နောက်လူတွေပါ အကျင့်ပါကုန်မယ်။
သူတို့ပေါ့လျော့လို့ကွာတိုင်းရုံးကစိုက်နေရလိမ့်မယ်။
သူ့နာမယ်နဲ့ ငွေတစ်သိန်း ချေးတယ်ဆိုပြီး စာရင်းဖော် သူ့ကိုလက်မှတ်ထိုးခိုင်းလိုက်။
လကုန်ရင်လခထဲက တရားဝင်ဖြတ်လိုက်။
လခထုတ်တဲ့နေ့ကျတော့ သူ့ကို မမဆီလွှတ်လိုက်။
မမက သူစိုက်လိုက်ရတဲ့ တစ်သိန်း ကို အကြောင်းတစ်ခုခု ပြပြီးသူ့ကို ပြန်ပေးလိုက်မယ်လေ”
သူ့အစီအစဉ်ကတော့ကောင်းမှကောင်းပါဘဲ။

အခုလို ကုမ္မဏီပုံစံလဲ မကျ၊မိသားစုလုပ်ငန်းရဲ့ဖွဲ့စည်းပုံလဲ မကတဲ့ လုပ်ငန်းတွေအများကြီးပါ။
နောက်တက်တဲ့လူငယ်တွေက ခေတ်နဲ့အညီ စာအုပ်ထဲကအတိုင်းလုပ်ချင်တယ်။
(ဒါပေမယ့် လုပ်ငန်းအတွေ့အကြုံရအောင်တော့ လက်တွေ့ မသင်ယူချင်ဘူး)။
ရှေးကတည်းက လုပ်လာတဲ့ လူကြီးတွေကတော့ အလုပ်ပိုလုပ်ရမှာ ရှုပ်ရှုပ်ထွေးထွေးလုပ်ရမှာကို မကြိုက်ဘူး။
(ဒါပေမယ့် ကလေးတွေက စနစ်တကျလုပ်ချင်တာ ကိုသဘောမပေါက်ဘူး ပြောလဲနားမထောင်ဘူး အပြောင်းအလဲကိုလဲ လက်မခံနိုင်ဘူး)
ခေတ်သစ်လူသားနဲ့ ခေတ်ဆွေးလူရဲ့ ပဋိပက္ခလို့ပြောရင်လဲရတယ်။
ဒါက မြန်မာပြည်ရဲ့ လုပ်ငန်းတိုင်း နေရာတိုင်းမှာရှိတယ်။

ငါတို့အလုပ်က ပုဂ္ဂလိက လုပ်ငန်း ပွဲရုံလုပ်ငန်းနဲ့စတာကနေ သွင်းကုန်ထုတ်ကုန်တွေဘာတွေကို
တိုးတိုးပြီး သူ့အဆက်အသွယ်နဲ့သူလုပ်သွားတာကိုး။
အစကတော့ ဝန်ထမ်းသုံးလေးယောက် နောက်လုပ်ငန်းကြီးလာတော့ အရင်ရှိတဲ့ဝန်ထမ်းရဲ့
နီးစပ်ရာ ဆွေတွေမျိုး တွေ၊ ကိုယ့်လူထဲက လူတွေကို ပြန်ခန့်ထားတာလေ။
အဲတော့ အစက စည်းကမ်းတွေဘာတွေသိပ်မထားသလို၊
အလုပ်ချိန်တွေဘာတွေသိပ်တိတိကျကျကြီး တွက်မနေပါဘူး။
အလုပ်ပြီးတဲ့အချိန်က ရုံးဆင်းချိန်ပေါ့။
ပုံမှန်တော့ ည7း30 8နာရီလောက်တော့ ရောက်သွားသပေါ့။
အဲလို မိုးချုပ်တဲ့အတွက်ဘောစိကလည်း ညနေစာ မုန့်ဝယ်ကြွေးတာတို့ လကုန်ရင် မုန့်ဘုးိသဘောမျုးိအပိုပေးတာတိုု့လုပ်ပေးပါတယ်။
ငါတို့ ဝန်ထမ်းတွေကလည်း ဒီကိစ္စသိပ်အရေးတယူလုပ်မနေပါဘူး။
သူ့ဟာနဲ့သူ အိုကေပါဘဲ။
တစ်ခုတော့ရှိတာပေါ့ ညမိုးချုပ်တဲ့အခါ ငါတို့ကလဲ မနက်အရောက်နောက်ကျတာမျိုးတော့ ရှိသပေါ့။

ဘောစမီးလေးလဲရောက်လာရော ဒါတွေကနည်းလမ်းမကျဘူးဆိုပြီး ဇာတ်လမ်းတွေစလာပါတယ်။
ညမိုးချုပ်လို့ မနက်အရောက်နောက်ကျတာလက်သင့်မခံဘူးပေါ့။
ငါတို့ကလဲစောရောက်လဲ အလုပ် လုပ်စရာမှမရှိတာလို့ပြောလဲမရဘူး။
ရုံးဆင်းရုံးတက်လက်မှတ်ထိုး အလုပ်လာတာနောက်ကျရင် ဖိုင်းချ
အလုပ်ဆင်းတာ နောက်ကျရင် အိုဗာတိုင်ပေးမယ်။
အလုပ်နောက်ကျလို့ မုန့်ကြွေးတာတွေ မုန့်ဘိုးပေးတာတွေမလုပ်ရဘူး။
လကုန်မှ အိုဗာတိုင်တွက်ပေးမယ်ဆို တစ်ချက်လွတ်အမိန့်ချရော။
ခက်တာက သူမုန့်ဘိုးမပေးတော့ ညနေအချိန်ပိုဆင်းရင် မုန့်ဝယ်စားတဲ့ပိုက်ဆံက လောလောဆယ် ကိုယ့်အိတ်ထဲက ထွက်တာပေ့ါ။
နောက် ကိုယ့်ပိုက်ဆံနဲ့ကိုယ်စားတော့ ဟိုဟာစားမယ် ဒီဟာစားမယ်လုပ်တော့ ဝယ်ပေးရတဲ့သူက တစ်နေရာစီပြေးရရော။
အရင်က ဆို ဝယ်ထားတာ အားလုံးစား မစားချင်ရင် ငတ ်ရှင်းတယ်လေ။

ဖြစ်ချင်တော့လကုန်တော့ အိုဗာတိုင်တွေတွက်တာက တစ်ရက်လဲမပြီး။
နှစ်ရက်လဲမပြီး ဆယ်ရက်သာကျော်သွားတယ် အိုဗာတိုင်ဆင်းတဲ့ပိုက်ဆံက အရိပ်တောင်မမြင်ရ။
အဲတော့လဲ လူ့ထုံးစံအတိုင်း ရမယ်ဆိုတာ မရတော့ ပွစိပွစိပေါ့။
ဒါကိုဘောစိလဲသိရော ဘောစမီး ကို ဆဲတော့တာပေါ့။
“ခါတိုင်းသူ့ဟာနဲ့သူ အဆင်ပြေနေတာကို လာရှည်တယ်။
ကိုယ့်ပိုက်ဆံနဲ့ကိုယ် အလုပ်ရှုပ်ခံနေတယ်။
ဘာအိုဗာတိုင်မှ မပေးနဲ့ ။
အရင်အတိုင်းဘဲလုပ်”
နောက်ဆုံးအချုပ်ကတော့ ငါတို့ တစ်လလုံးလုံး ကိုယ့်ပိုက်ဆံနဲ့ကိုယ်မုန့်စားလိုက်ရတာပဲအဖတ်တင်တယ်။

ဆာသော်က ပြောကောင်းနေတုံး ကျနော်တို့နားကို ကောင်လေးတွေခဏခဏလာလာရပ်ပြီး ကြည့်ကွက်ကြည့်ကွက် လုပ်နေတာနဲ့ပါတ်ဝန်းကျင်ကိုကြည့်မိတော့
ကျနော်တို့စားပွဲကလွဲရင် အားလုံးသိမ်းဆည်းပြီးနေပါပြီ။
အဲဒါနဲ့ နှစ်ယောက်သားမတ်တပ်ရပ်လို့ အလှူ့အိမ်ကနေထွက်ခဲ့ကြပါတယ်။
ကဲ ………………………….မိတ်ဆွေများရော ဒီလို ဘောစမျိုး များဆီမှာအလုပ်များရမယ်ဆိုရင် အလုပ်လုပ်ချင်ပါသေးသလား?
တစ်လလေးပုံးဆိုတဲ့ ကြေးကတော့ သိပ်မနည်းဘူးနော်……………………………………………

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(2-9-2011)

14 comments

  • nozomi

    September 2, 2011 at 6:07 pm

    ဦးပေါက် ပို့စ်ကတော့ တကယ်လန်းတယ်ဗျာ

    အရင်ပို့စ် ပြီးကတဲက နောက်ထပ်လာဘို့ စောင့်နေတာ နောက်ထပ် ဆာသော် အကြောင်းလေးတွေ လုပ်ပါဦး

    ဆာသော်ကိုလဲ ချီးကျူးပါတယ် ကျွန်တော်ဆိုရင်တော့ တစ်ရက်တောင်ခံမှာ မဟုတ်ဘူး

  • windtalker

    September 2, 2011 at 8:12 pm

    အမှန်က ဆာသော် မဟုတ်ဘူး
    ဆာပေါက်
    ကိုပေါက် က သူ ့ကိုယ်သူ ဆာသော် လို ့ သုံးရေးထားတာ
    ဟုတ်တယ်ဟုတ်

    • ပေါက်ဖော်

      September 2, 2011 at 9:39 pm

      ဘောစပေ..
      “ မမလေးက သူ့အခန်းထဲ အားလုံးလာပါ” တဲ့ 😀

      တော်ဘီချရာ..လေးပုံးနဲ ့ ဆို တတ်တာပြပါတယ်

      ကြေးနည်းနည်းတက်မယ်..

      ဒီအဆင်ဆိုရင်တော့ အနည်းဆုံး ၆ ပုံး တောင်းပါတယ်ခင်ည
      😀

  • moegyothwar

    September 3, 2011 at 12:14 am

    အဲလိုမျိုးဘောစိက ၁ဝ ပုံးပေးတာ … မနေနိုင်လို့ထွက်ပြေးပြီးချေရာဖျောက်နေတာ ၃ နှစ်ရှိပြီ။ အခုမှ ဝဝဖြိုးဖြိုးဖြစ်လာတာ.. ရတာနဲ့ ညစ်တာ ၁ဝဆလောက်ကွာတယ်…. ကြောက်လှပါပြီ ကွယ်

  • မောင်ပေရေ
    မဟုတ်ရပါဘူးဗျာ။
    ဆာသော်က ဆာသော်။
    ကိုပေါက်က ကိုပေါက်။.
    ကိုပေါက်က ဒီလိုအဆင်တွေ မတတ်ပါဘူးဗျာ။
    သူများပြောပြတာကို တဆင့်ပြန်ပြီး ပါးစပ်အငှားနဲ့ပြောတဲ့သူပါကွာ။
    မန်းလေးက တောသားပါ။

  • ကြောင်ကြီး

    September 3, 2011 at 7:35 pm

    ဂေဇက်ရွာ စာဆိုတော် ဦးပေါက်ရဲ ဘောလယ် ဖြစ်ပါတယ်။ အားပေးတော်မူကြပါခင်များ။ ဘယ်သူပေးပေးမပေးပေး ငါကတော့ လက်ခုပ်တီးတယ်ဟေ့။ ဖြောင်းဖြောင်းဖြောင်း….။

  • MaMa

    September 3, 2011 at 8:00 pm

    ဈေးတွက်တွက်ပြီး ပြောရမယ်ဆိုရင် ဘောစိဘက်ကလည်း အထွေထွေသော ပြသနာတွေကို ပြေလည်အောင်လုပ်နိုင်သူမို့ ပေးရတာ တန်တယ်။ ဆာသော်ဘက်ကလည်း သူ့ပညာနဲ့သူမို့ ရယူထိုက်ပါပေတယ်။

  • nature

    September 4, 2011 at 10:25 pm

    တလ ၄သိန်းဆို တရက်ကို ၁၃၃၀ဝကျပ်၊ ၁နာရီဆို ၁၆၆ဝကျပ် ။မနဲဘူး။ အရည်အချင်းနဲ့ လစာက လိုက်လျှောညီထွေရှိတယ်လို့ထင်ပါတယ်။
    moegyothwar က ၁ဝသိန်းပေးတဲ့ ဘောစိဆီက ထွက်ပြေးလာတယ်ပြောတော့ အံ့ဩမိတယ်။ ရိုးရိုးသားသားနဲ့ လစာ ၁ဝသိန်း ဆို ရွာသားတွေလဲ စိတ်ဝင်စားကြမယ်ထင်တယ်။

  • padonmar

    September 4, 2011 at 10:28 pm

    ကျမက human resource စိတ်ဝင်စားမိတော့ ကိုပေါက်ရဲ့ ဘောစမီးလိုများ ဖြစ်နေမိလားမသိဘူး၊ကိုယ့်ကိုကိုယ် ဆင်ခြင်ဖို့ သတိရလိုက်ပါတယ်။

  • အဲလိုလဲမဟုတ်ပါဘူး မပဒုမ္မာရေ
    လက်တွေ့ဖြစ်နေတာနဲ့ တကယ့်ကိုဖြစ်သင့်တာ အချိုးညီညီ ဖြစ်အောင်
    ညှိနိုင်းဘို့လိုအပ်တယ်လို့ ဆိုလိုချင်တာပါ။

Leave a Reply