အုံ့ပုန်းမေတ္တာ

koyinSeptember 3, 20112min24324

အုံ့ပုန်း မေတ္တာ

တိတ်တခိုးနဲ့

မြတ်နိုးသူမို့

မိုးမင်းကြီးက စွေပါတယ်…

ဟေမာန်ဆောင်းမှာ 

မြောက်ပြန်လေရူး

သိပ်ချစ်လွန်းလို့ မြူးပါတယ်…

ရင်မှ အပူ

မျှဝေယူလို့

ဂိမာန်နွေက ဆူရတယ်…

ရှက်အားတော်ပို 

အသားညိုဝင်း

မယ်မျက်နှာလေး လင်းရတယ်…

မယ့်ရင်ငွေ့လှုံ

နှလုံးခုန်မှ

မောင်က တိုးလို့ ချစ်ရတယ်…

မောင့် ရင်အစုံ

နှလုံးတုန်လျှက်

လက်နှစ်ဖက်နဲ့ ထွေးပိုက်မယ်…

မယ့်ဆံနွယ်ဝေ

ပါးပြင် လေ ကို

မောင်သာ နမ်းလို့ ရှိုက်ပါ့မယ်…

တစ်သက်စာ ရည်

ကမ္ဘာတည်လျှက်

မယ့်လက်ကိုတွဲ 

မခွဲတမ်းသာ

မယ့်နားမှာနေ

အကြင်နာတွေနဲ့ နွေးစေမယ်…..။ ။

တောက ကိုရင်

(ဒီကဗျာလေးက တိတ်တခိုးအချစ်ဆိုတဲ့ကဗျာလေးကို တုန့်ပြန်ရေးသားထားတဲ့ ကောင်လေးဘက်က အုံ့ပုန်းမေတ္တာပါ…
တိတ်တခိုးအချစ် ကဗျာပိုင်ရှုင်းလည်း ကျေနပ်မယ် ထင်ပါတယ်…)

24 comments

  • thit min

    September 3, 2011 at 4:28 pm

    ရင်မှ အပူ

    မျှဝေယူလို့

    ဂိမာန်နွေက ဆူရတယ်…

    ,………….ဆို ပဲ……….ဆို ပဲ…..
    ပို ပို ကောင်းလာပါတယ်ကိုရင်ရေ

    • koyin

      September 3, 2011 at 4:43 pm

      အဲ မောင်သစ်မင်းရေ
      ကျေးဇူးပါဗျာ
      လုပ်ပါအုံးဗျ လေးလုံးစပ်လေး
      ဒါလေးက သူများကဗျာတစ်ပုဒ်ကို ပြန်ပြီး ကွန်မန့်ပေးထားတဲ့ လက်တန်းကဗျာလေးပါ
      ကိုရင့်(မောင်သစ်မင်း) လက်တန်းကဗျာလေးလည်း ကောင်းတယ်
      လုပ်စမ်းပါဗျ…
      ပျော်ရွှင်ပါစေ…

  • thit min

    September 3, 2011 at 6:55 pm

    ((((((ကိုရင်ရေ…ခင်ဗျားရေးခိုင်းလို့နော်။ကိုရင်ကိုခင်လိုရေးတာနော်။ ဘာ အကန့်မှမရှိဘူးနော်။ဆရာလုပ်တာတို့ဘာတို့လဲမဟုတ်ပါဘူး….နော် ကိုရင်နော်))))
    ………………………………………………………………………………………………………………………….
    တိတ်တိတ်ကျိက်ပိုး
    ချစ်မြတ်နိုး လို့
    ချစ်မိုးဝေဖြာရွာစေမယ်
    မြောက်ပြန်လေအေး
    ဆောင်းလေသွေး တော့
    ချစ်မွှေးရ နံ့ပျံ့စေမယ်
    ချစ်သူအပူမျှဝေယူလို့
    မပူဂိမာန်
    ချိုးကူသံဆင့့်
    တင့်စေ မယ်
    ရှက်အားးပိုပိုု
    အသားညိုဝင်း
    မယ့် မျက်နှာလေးလင်းပါပေါ့
    မယ့်ရင်ခုန်သံ
    မောင့်နားလျှံ
    သစ်ဖန်အချစ်ဖြစ်ပြန်ပေါ့
    မောင့်ရင်အစုံနှလုံး ခုန် တော့
    ဖြော့ဖြော့ကလေးထွေးမှာပေါ့
    မယ့်ဆ ံ ယဉ်စ ပါးပြင်လှမှာ
    ရွရွနမ်းဖို့အားနာ ပေါ့
    မယ့်လက်ကိုဆွဲ
    မခွဲဘူးနော်
    ထာဝရရည်
    ကမ္ဘာတည်စေ
    မယ့်နားနေမယ်
    စို့စို့ချွေးလဲ
    မောင်သုတ်ပေးမယ်
    မို့မို့ပါးပြင်
    အလှဆင်မယ်
    မိုးရေတပေါက်
    နေတပြောက်မျှ
    မခ”ရဘူး
    အချစ်ရူး လို့
    ထင်ချင်ထင်။

    • koyin

      September 3, 2011 at 8:05 pm

      အယ်ကွယ်
      မောင်သစ်မင်းရယ်
      ကြည့်တော့ ရိုးပုံရိုးပါး
      ထုတ်ပြလိုက်တဲ့ စာသားတွေက
      ကောင်မလေးဆို တခါတည်းကြွေကျသွားလောက်ရဲ့
      ခေါင်းစဉ်ကော ဘယ်လိုတပ်မှာတုန်းဗျ
      မူရင်း ကောင်မလေးရေးထားတာက
      တိတ်တခိုးအချစ်…
      ကိုရင် ပြန်လည်ဆန်းသစ်ထားတာက
      အုံ့ပုန်းမေတ္တာ…
      မောင်သစ်မင်းရဲ့ စာကဗျာကတော့…
      ကာရန်လှလှ မူပိုင်ရှင်လေး ကြွေကျသွားအောင်
      ကိုရင်ကူးယူပြီး အရောက်ဆောင်ကြဉ်းပေးပါရစေဗျာ…
      နော…. တိတ်တခိုးအချစ်မှာ သွားမန့်ပါရစေ…
      ဒါမှမဟုတ် ဒီမှာ http://www.edinooyin.com/group/poem/forum/topics/4347155:Topic:1629573 ကိုယ်တိုင် သွားမန့်ပေးစေလိုပါတယ်
      ကိုရင် တကယ် စံယူရတဲ့ ကဗျာလေးမို့
      မောင်သစ်မင်းကိုလည်း ကျေးဇူးပါဗျားးး
      နောက်ထပ်အသစ်တွေလည်း မျှော်နေပါရစေ

      • thit min

        September 3, 2011 at 8:27 pm

        “တိုးတိုးတိတ်တိတ်”
        …….အစား။………
        “နေ့နေ့ညည”
        …………….လို့ပြောင်းလိုက်ပီး
        သစ်မင်းရဲ့ချစ်ချစ်ကိုလတ်ဆောင်ပေးလိုက်ပါတယ်။ကဗျာရေးဖြစ်အောင်မြောက်ပေးတဲ့ကိုရင်ကိုကျေးဇူးပါ။

        • koyin

          September 3, 2011 at 8:40 pm

          အဲ..
          ချစ်ချစ်ကိုပေးပြီး
          တိတ်တခိုးအချစ် ကိုကျတော့ သွားမပေးဘူးလားဗျ
          ကိုရင် သွားပေးလိုက်တော့မယ်နော
          ဘယ်လိုလဲ
          ရေးဖြစ်အောင် မြောက်ပေးတာတော့ မဟုတ်ဘူးဗျ
          ဒီလက်စက ခုမှ ရေးသူမဟုတ်တန်ရာပေဘူးပဲ
          ကိုယ်တိုင်က ဇ ရှိလို့ ဒီလောက်ထွက်လာတာပါ
          ကိုရင်ကြောင့် မဟုတ်ပါဘူးဗျ..

  • yetazar

    September 4, 2011 at 12:35 pm

    ကိုရင်တို့ကတော့ ပညာရှင်မဟုတ်ဘူးပြောပြီး ပညာတွေပြပြန်ပြီဗျာ ။

    • koyin

      September 4, 2011 at 5:00 pm

      အဲဗျာ..
      ဘယ်လိုပညာတွေများ ပြနေလို့တုန်းဗျ…
      ဘာမှတတ်ပါဘူးလို့ဆိုနေ
      တူး သရီး ဖိုး တောင် မသိတာကြီးကို
      ဘယ်လိုလုပ် ပညာရှင်ဖြစ်မတုန်း….
      လင်းစမ်းပါအုံးဗျာ ရဲတေဇာ
      အသည်းလေးက သွေခွာသွားလို့
      ကရေကရာတွေများ စားနေရော့သလား…
      ပျော်ရွှင်ပါစေ…

  • manawphyulay

    September 4, 2011 at 1:29 pm

    မနောကတော့ တိတ်တခိုးအချစ်၊ အုံ့ပုန်းမေတ္တာ၊ ကျိတ်ပိုးနေတဲ့သူထက် နည်းနည်းလေး သာအောင် မျက်ဝန်းနဲ့တော့ ပြောကြည့်မယ်နော်….

    ဒီမျက်ဝန်း
    တွေ့မြင်ခါစ၊ ခဏမှသာ
    ဘယ်ခါမမေ့၊ နေ့နေ့ညည
    တမ်းတနေဆဲ….
    အိပ်မက်ထဲထိ၊ စွဲငြိပြီမို့
    မင်းသိအောင်လည်း
    ဖွင့်ဟချင်ပေမဲ့
    ရင်မှစကား၊ ရင်မှာထားလျက်
    `မျက်ဝန်း´ မှသာ
    ပြောပါမည်…………….

    • Moe Z

      September 4, 2011 at 2:58 pm

      on line ပေါ်ရောက်နေလို့ အဲဒီမျက်ဝန်းကိုမမြင်ရဘူး မမမနောရေ..

      • koyin

        September 4, 2011 at 5:15 pm

        ရော.. ကိုမိုးဇက်ရေ
        နှလုံးသားဖြင့် မြင်အောင်ကြည့်မှ
        အရာရာ လှပမယ်လေ..
        ကိုရင်တောင် မြင်တယ်ဟွန်း
        အော်…ယူနိုက်တက်ဗွီးရှင်း ရှိတယ်လေး

    • koyin

      September 4, 2011 at 5:10 pm

      မနောဖြူရေ…
      မျက်ဝန်းလေးနဲ့ ပြောတဲ့စကား
      ကိုရင်လည်း ကြားနေရပါတယ်ဗျာ
      အကျင့်ပါနေလို့ နည်းနည်းလေး ပြင်ကြည့်ပါရစေ…

      ဒီမျက်ဝန်းဖြင့်
      မြင်ခွင့်ရစ ခဏမှာသာ
      ဘယ်ခါမမေ့ နေ့နေ့ညည
      တမ်းတနေဆဲ အိပ်မက်ထဲထိ
      စွဲငြိပြီမို့ သိအောင်လို့လေ
      မြွက်ချင်ပေမယ့် ရှက်ပိုခဲ့ရ
      ရင်မှစကား ရင်မှာထားလျှက်
      မျက်ဝန်းနဲ့သာ ပြောပါမည်…
      ကိုရင် မြင်ပါစေ…
      အဲလေ…ဘွာတေး

      ကောင်းပါတယ် မနောဖြူ
      လေးလုံးစပ်လေးက ကာရန်လေးတွေ နည်းနည်းဟနေလို့
      ကိုရင်တတ်သလောက်မှတ်သလောက် ထပ်ပွားကြည့်တာပါ..

      မနောဖြူ ပျော်ရွှင်ပါစေ
      အဲ.. မနောဖြူနာမည်ကို သိသလိုပဲဗျ..
      ဘယ်ဆိုဒ်ထဲမှာလည်း မသိတော့ဘူး

  • ရွှေအိမ်စည်

    September 4, 2011 at 3:03 pm

    အော်…ရအောင်ကိုရေးတာဘဲ…တားမရဘူး..အုံပုန်းမလို ့ဘဲနော်..ဆိုးတယ်.
    .ငါသူငယ်ချင်းလေးကတော့…..

    ညကချောစုလည်းစကားဝိုင်းထဲ မှာရှိတယ်လေ…ဖေ့ဘုတ်မှာ

    • koyin

      September 4, 2011 at 5:21 pm

      အဲ..အဲ..
      ထိပ်ထားလေး ကျွဲမြီးတွေတို
      အလို.. ဟုတ်ပါဘူး
      အုံ့ပုန်းမို့ ရူးသွပ်တာ
      ခွင့်လွှတ်သင့်ပါတယ်ကွယ်
      အပြစ်ရှိရင်လည်း ချေပါလေ
      ဝဋ်ရှိရင်လည်း ကျေပါစေ
      နွေခါလေ မီးမုန်တိုင်း
      ကိုရင့်ရင်မှ လှိုင်းတွေကိုမမြင်လို့သာပ
      အုံ့ပုန်းမို့သာ အော်ဟစ်နေရတာလေ…
      ဟေ..ဟေ..
      မကြားစေနဲ့နော်…ကိုရင်အော်တာ တိုးတိုးလေး
      ထိပ်ထားလေးပျော်ရွှင်ပါစေ

  • pyinlepyaw

    September 4, 2011 at 7:37 pm

    ဟောဗျာ………. ကဗျာ ဥယျာဉ်ကြီးကို မှားဝင်မိပြီ….ဝင်မိတဲ့နောက်မထူးပါဘူး.. ကဗျာသီးတစ်လုံး လောက်
    တော့ စားကြည့် သွားရရင်ကောင်းမလား….
    ကဗျာ ဥယျာဉ်မှုးများ အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ…..။

    • koyin

      September 7, 2011 at 8:02 pm

      အဲဗျာ…
      ခိုးစားတဲ့ သစ်သီး
      အဟီး မှားလို့
      ခူးစားတဲ့သစ်သီးက
      ဘဝင်လေဟပ်
      ရင်နွေထက်က အိုအေစစ်
      အစ်..အစ်..
      ပြင်လယ်ပြော်
      အဲ…လေ
      ပင်လယ်ပျော်လည်း ပျော်ရွှင်ပါစေ..

  • ရွှေဘိုသား

    September 5, 2011 at 8:50 am

    ဝါသနာရှင် ကို.ရင်စာသား
    ခိုက်သွားပြီမို.
    နောက်နောင် မျှော်သူအပြစ်မရှိ
    တင်သူ မသိ ရင်ထဲမှာတော.
    မမြင်တော. မျှော်
    မြင်တော. ပျော်သည်
    မတွေ.တော. ဆွေး
    တွေ့တော. ငေး၍
    အမောင်. ကဗျာမျှော်နေပြီ

    • koyin

      September 7, 2011 at 8:07 pm

      အိုကွယ်…
      ကဗျာမျှော်တဲ့ ရွှေဘိုသား
      စာဥလေးနဲ့ ညား…
      လက်ထပ်ပွဲမှာ ရွှေပွဲလာ
      စာဥလေးကို နတ်ဖွက်မှာ…
      မင်္ဂလာပါ သတို့သား
      လက်ဖွဲ့ပစ္စူည်း ရွေးနေလား…
      ပြီးရင်…အဲ
      ကိုရင့်ရဲ့ မင်္ဂလာဦးည
      အဲလေ
      သတို့သမီး၏ရင်ခုန်သံကိုပဲ
      ပြန်လည်းရှုစားပေတော့ ရွှေဘိုသားရယ်…

  • Shwe Ei

    September 5, 2011 at 10:42 am

    အိုက်ရှ်၊ အရေးအသားတွေကတော့ ရှယ်ဘဲ(ကွန်မန့် ကဗျာများအပါအဝင်)။ မက်ဂဇင်းထဲက ကဗျာတွေထက်တောင် ကောင်းသေးတယ်မှတ်တယ်။ တိုတိုလေးနဲ့ ဖတ်လို့ကောင်းတာမျိုးလည်း တင်ပါအုံး။

    • koyin

      September 7, 2011 at 8:13 pm

      ဟိုက်ရှ်..အာဂျီနိုမိုတို ကိုစိုင်း လျှက်
      အဲ…
      မရွှေအိရေ…ကျေးဇူးပါ အားပေးတာ
      ငယ်ငယ်တုန်းက ဖတ်ခဲ့တာ
      မရွှေမိတဲ့ဗျာ…
      တိုတိုလေးလည်း ဖတ်ချင်လား
      အဲ..
      ရှိတယ်ဗျ…
      အဲကဗျာတင်ရင် အဆဲခံရမှာ
      ဟီး .. တင်တော့ဘူး…

  • pan pan

    September 5, 2011 at 2:18 pm

    ကဗျာရေးတဲ့ ကိုရင်
    ကောင်မလေးတစ်ယောက် လိုချင်
    အုံ့ပုန်းချစ်လည်း မငြိုငြင်
    မေတ္တာတွေက တပုံတပင်
    သူလေးကတော့ တခြားလူနှင့်ကြင်
    ကိုရင် အသည်းတွေ ကျင်ကျင်……….
    (အဟဲ စတာနော် ကိုရင်) :mrgreen:

    • koyin

      September 7, 2011 at 8:18 pm

      အဲ..ပန်ပန်..ပန်ပန့်ပန်
      ရွှေစင် အနု အရွ အလှတို့စုံလင်
      ဟီ…
      ပြောကြပေ့ါဗျာ…
      လက်က မနေနိုင်တော့ဘူးနော်
      သူလေးကတော့ တခြားလူနှင့်ကြာင်
      ကိုရင်အသည်းတွေ ကျင်
      ပန်ပန်လေးက မမြင်ရက်
      အနားတိုးလို့ ဖက်…
      ကိုရင့်ကဗျာတွေကို ပြောတာပါ..
      ရွှေစင်လေး ပျော်ရွှင်ပါစေ
      အဲလေ..

  • Thint Aye Yeik

    January 24, 2017 at 9:39 am

    ဒီရွာထဲမှာ
    ဒီလို ကဗျာခေတ်လည်း ရှိခဲ့သကိုးးးးး
    အဲ့ခေတ်တုန်းက အပြောအဆို အရေးအဖွဲ့ အပြန်အလှန်လေးတွေကို ဖတ်ရတာ ကြည်နူးစရာာာာ
    အခုတော့လည်း ကဗျာတစ်ခေတ် ပျောက်ကွယ်ရစ်ပြီထင့်

Leave a Reply