ရတနာ့ဂုဏ်ရည် (အရဟံဂုဏ်တော်)

k T NSeptember 3, 20111min770

ရတနာဆိုတာ လူတိုင်းသဘောကျနှစ်သက်တဲ့အရာတစ်ခုပါ။ တန်ဘိုးကြီးမားတယ်၊ စွဲမက်စေတယ်။ သူ့ရဲဂုဏ်အင်တွေဟာ ချီးမွမ်း
ထိုက်တယ်။ ရွှေ၊ ငွေ ကျောက်သံ ပတ္တမြား စသဖြင့်ပေါ့ — ။ ဒါကတော့ အများသူငါ သိပြီးသားဖြစ်သဖြင့် အထူးပြောစရာလို့မယ်မထင်ပါ။
ခု ကျနော် ပြောမှာက ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအကြောင်းပါ။
ဗုဒ္ဒဘာသာဝင်တိုင်း (လူကြီး၊လူလတ်၊လူငယ်မရွေး)ဘုရားရှိခိုးကြပါတယ်၊ ပါးစပ်မှလဲ ဂုဏ်တော်တွေရွတ်ဆိုနေကြတယ်။ စာဆိုသလိုမျိုး အလွတ်ဆိုနေကြတာလားတော့ မသိဘူးဗျ။အနက်အဓိပါယ်ကိုလဲသိ၊ စိတ်ကလဲ အာရုံနောက်လိုက်နိုင်မယ်ဆိုရင် အရမ်းကြည်နူးစရာကောင်းတာပေါ့ဗျာ
ပါဠိကိုလဲ မှန်မှန်ကန်ကန်ရွတ်တတ်၊အနက်ကိုလဲ သိပြီဆိုရင် အလွန်ကျေးဇူးများပါတယ်။ ခု ကျနော် တင်တဲ့ပိုစ်လေးဟာ နားလည်သဘောပေါက်ပြီး သူများရှိရင်လဲ သည်းခံပေးပါ၊ မသိ နားမလည်သေးတဲ့သူတွေရှိရင်လဲ သိ၊နားလည်နိုင်ကြပါစေဆိုတဲ့ စေတနာနဲ့ ရေးတင်ပေးလိုက်တာပါ။

ဘုရားဂုဏ်တော်ကိုးပါး
1။ အရဟံဂုဏ်တော်
2။ သမ္မာသံဗုဓ္ဒဂုဏ်တော်
3။ ဝိဇ္ဖာစရဏသံပန္နဂုဏ်တော်
4။ သုဂတဂုဏ်တော်
5။ လောကဝိဒူဂုဏ်တော်
6။ အနုတ္တရောပုရိသဒံမသာရထိဂုဏ်တော်
7။ သတ္ထာဒေဝ မနုဿာနဂုဏ်တော်
8။ ဗုဒ္ဒဂုဏ်တော်
9။ ဘဂဝါဂုဏ်တော်

(1)အရဟံဂုဏ်တော်-အနက်
သော ဘဂဝါ -ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်၊ ဤိတိပိ ဤိမိနာစကာရဏေန-တစ်ထောင့်ငါးရာကိလေသာတို့ ဝါသနာ ဓလေ့ အထုံငွေ့မျှ မငွေ့မရိပ် ဝင်းဝင်းဖိတ်သို့ ရွှေစိတ်ပျံ့သင်းလွန်သန့်ရှင်း၍ မင်းမင်းပြည်သူကြည်ဖြူကော်ရော် အလှူတော်မှန် အပူဇော်ကို ခံယူ တော်မူထိုက်သော ဤအကြောင်းကြောင့်လည်း၊ အရဟံ-အရဟံ ဟူသောဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန်ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကြော် ကြား ထင်ရှားတော်မူပါပေသည်တကား။
အရဟံဂုဏ်တော်သည်
1။ ကိလေသာတို့မှ ဝေးကွာတော်မူ၏၊
2။ လှူဒါန်းပူဇော်သမျှကို ခံယူတော်မူထိုက်၏ ဟူသောအနက်ကို ပြပါသည်။

တစ်ထောင့်ငါးရာ ကိလေသာတို့။ ။ ပုထုဇဉ်တို့သန္တာန်မှာ ကိလေသာသည် အကျဉ်းအားဖြင့် ဆယ်ပါးရှိ၊ အကျယ်အားဖြင့် တစ်ထောင့်ငါးရာရှိ၏။
ဝါသနာဓလေ့အထုံငွေ့မျှ။ ။ သတ္တဝါတို့၏သန္တာန်မှာ အငွေ့အသက်ထုံလျက်ပါသော ကိလေသာတို့၏သတ္တိကို ဝါသနာ (အထုံ)ဟုခေါ်သည်။ ရဟန္တာများသန္တာန်မှာကား ကိလေသာကုန်သွားသော်လည်း ဘဝဆက်တိုင်းပါလာသော အထုံဝါသနာမှာ မကုန်တတ်ချေ၊ ဘုရားရှင်ကား ထိုကိလေသာတွေကို အငွေ့အသက် အထုံဝါသနာပါ ပျောက်ကင်းအောင် ပယ်တော်မူပြီးဖြစ်၍ စိတ်တော်အစဉ်သည် အမြအြားဖြင့် တဝင်းဝင်း တဖိတ်ဖိတ် အရောင်တောက်နေသလို ကြည်လင်သန့်ရှင်းတော်မူပေသည်။

ပူဇော်ခံထိုက်ပုံ။ ။ အမှိုက်သရိုက်ကင်း၍ သန့်ရှင်းသောလယ်ယာမြေတွင် စိုက်ပျိုးသောမျိုးစေ့သည် သန်မာ၊ကြီးမား၊ထွားကျိုင်း၊ဖွံ့ဖြိုး အကျိုးများသောကြောင့် ထိုမြေမျိုးတွင်သာ စိုက်ပျိုး ကြဲချသင့်သကဲ့သို့၊ ထို့အတူ ကိလေသာအနောက်အကျုမရှိသဖြင့် စိတ်တော်အစဉ်ကြည်လင်နေသောဘုရားရှင်တွင်သာ လှူဒါန်းပူဇော်ခြင်းဟူသော မျိုးစေ့များကို ကြဲချစိုက်ပျိုးလိုက်လျှင် ရည်ရွယ်သလောက် အကျိုး ရနိုင်သောကြောင့် ရှင်တော်ဘုရားသည် လှူဒါန်းပူဇော်သမျှကို ကောင်းစွာ ခံယူတော်မူထိုက်ပါပေသည်။

တိုက်တွန်းချက်။ ။ ဘုရားရှင်စိတ်တော်၏ ကိလေသာအနောက်အကျုတို့မှ ကင်းသဖြင့် သန့်ရှင်းကြည်လင်တော်မူပုံကို ထင်မြင်အောင်အာရုံပြုပါ၊ ထိုကြည်လင်သောစိတ်တော်ကို အတုယူကာ မိမိစိတ်လည်း လောဘစသော ကိလေသာအနောက်အကျုများကင်းစင်၍
အာရုံပြုဖန်များလာလျှင် ဓာတ်သဘောကူးစက်၍ မိမိမှာလည်း သန့်ရှင်းသောစိတ်များ ဖြစ်လာပါလိမ့်မည်။

ရည်ညွှန်း = အရှင်ဇနကာဘိဝံသ ၏ ရတနာ့ဂုဏ်ရည်စာအုပ်မှ