မဆုံးတဲ့….သီချင်း–၂၈
ဒီနေ့တော့ ကိုမြင့်ဇော်နဲ့ ကိုမျိုးနှစ်ယောက်အပြင် ကိုမောင်မောင်ပါရောက်နေတယ်.။ စောင့်နေရတာကြာပြီတဲ့…။ ကိုမောင်မောင်က ပြောတယ်..။ ကိုမြင့်ဇော်က —
“ ဘယ်လိုလဲ ကောင်မလေးနဲ့ တော်တော် အဆင်ပြေနေပြီလား?”
တဲ့…။ စာမေးပွဲဖြေနိုင်သလားက စပြီးမမေးဘူး..။ ကိုမျိုးက အရက်တစ်ခွက် ငှဲ့ပေးပြီး နေ၀န်းနီဘက်ကို တိုးပေးတယ်…။
“ ရော့ …… အဆင်ပြေလည်း သောက် …။အဆင်မပြေလည်း သောက်”
တဲ့…။ ကိုမောင်မောင်က သောက်တော် ဗူးရယ်နဲ့ အိုမကွာလို့ ဆိုညည်းနေတယ်…။
“ ကိုအောင်ဂျမ်းနဲ့ နေလည်က တွေ့တယ် ။ သူလည်း သန်ဘက်ခါမှ စာမေးပွဲပြီးမှာ…။ အဲဒိနေ့ စင်းရှင်းမှာ ထိုင်မယ်…။ တို့လေးယောက်ရယ် သူရယ်.. ငါးယောက် ဒါပဲ ချိန်းလိုက်ပြီ…။ သိလား။ ဒီမှာ ဒီနေ့နဲ့ မနက်ဖြန်ပဲထိုင်မှာ..။”
ကိုမြင့်ဇော်က ဆုံးဖြတ်ချက်ချတယ်…။ ဒီလိုနဲ့ ဟိုအကြောင်းရောက် ဒီအကြောင်းရောက်……။ ကျောင်းအကြောင်း စာအကြောင်း စာမေးပွဲအကြောင်း ကောင်မလေးတွေ အကြောင်း ………..။ပြောရင်းနားထောင်ရင်းနဲ့ နေ၀န်းနီ ငြီးစီစီ ဖြစ်လာတယ်…။ ဟုတ်တယ်..။ နေ၀န်းနီက သူတို့ စာမေးပွဲပြီးမဲ့ရက် နောက်ဆုံးနှုတ်ဆက်ပွဲ ကိုစောင့်နေတာ…။ ဒီနေ့ စာမေးပွဲက ပြီးခဲ့ပြီ..။ နေ၀န်းနီအတွက် တစ်နှစ်စာ တာဝန်က ပြီးသွားပြီ…။ သူတို့က အရက်သောက်ပြီး အဆောင်ပြန်ရောက်ရင် စာကျက်ကြဦးမှာ …။ ဒီအချိန်က စပြီး သူတို့ စာမေးပွဲ မပြီးခင် အထိ ယောင်လည်လည်နေရဦးမှာ…။ အရက်ဝိုင်းထဲ အတူတူ အရက်ဝင်သောက်လို့ရပေမဲ့ သူတို့ စာကျက်နေတဲ့ အချိန် စာဝင်ကျက်ပေးလို့မှမရတာ…။ အဲဒိလိုနဲ့ နောက်တစ်နေ့ ယောင်ချာချာ နဲ့ မိမာတို့ အဆောင်ဘက်ပြန်ရောက်သွားတယ်..။
“ နေ၀န်း နင်မပြန်သေးဘူးလား …။ ငါ ဒီနေ့ နေလည် ရထားနဲ့ပြန်မှာ..။ မပြန်သေးရင် ငါ့ကို ဘူတာလိုက်ပို့လေဟာ…….”
“ နင်က မတ္တရာကို ကားနဲ့မပြန်ဘူးလား …။ မြန်တာပေါ့”
နေ၀န်းနီက အဲဒိလိုပြန်မေးလိုက်တော့
“ ဟဲ့ ….နေ၀န်း ။နင်ဘာမှလည်းမသိဘဲနဲ့ လာပြောမနေနဲ့…။ ကားက ဆွဲခြင်းကအစ ပိုက်ဆံပေးရတာ…။ ရထားက လက်မှတ် တစ်စောင် ပါရင် အကုန်တင်သွားလို့ရတယ် ဟဲ့…။”
အော်……..ဟုတ်သားပဲ..။ ရထားက ကျောင်းသားကဒ် ပြရင် လက်မှတ်တောင် သိပ်စစ်တာမဟုတ်ဘူး..။
“ အေးပါ..။ ရထားက သုံးနာရီပဲ မဟုတ်လား ..။ ငါဘာသိမ်းကူရဦးမှာလဲ”
စကားမပြောတတ်တဲ့သူအတွက် ပြောစရာ စကားက ခဏလေးနဲ့ ကုန်သွားတယ်..။ ဒီအချိန်ထိ မိမာနဲ့ စကားကြာကြာ ပြောဖူးတာပဲ..။
“ ဟဲ့ ငါ့ အဆောင်ပေါ် နင်တက်လို့ရမလား…. နေ့လည်ကျမှ သေတ္တာတွေ သယ်ကူ….. အဆောင်ရှေ့က ဆိုက္ကားနဲ့ သွားမှာ ဘူတာကြီးကို……….”
“ ရထားလက်မှတ်ကကော…..”
စကားမရှိ စကားရှာပြီး ပြန်မေးတော့
“ ဟယ်……။ ရန်ကုန် အမြန်ရထားမဟုတ်ဘူး…။ ခုဟာက လော်ကယ်ရထား…။ ရထားထွက်ခါနီးမှရောင်းတာ နင်ကတော့ အရက်သောက်ဖို့က လွဲပြီး ဘာမှလည်း မသိဘူး…။”
သေဟဲ့ နန္ဒိယ…။ မှတ်ကရော…။
“ ဒါဆိုလည်း ပြီးရော…။ ငါတစ်နာရီ ခွဲလောက်ပြန်လာမယ် ။ ဟိုနှစ်ယောက်စာကျက်နေလို့ ငါ ပျင်းတာနဲ့ အဆောင်ကထွက်လာတာ..။ ပန်းသခင် ရောက်မှ နင့်ကို သတိရလို့ ပြန်သွားပြီလားလာကြည့်တာ….”
အဲဒိလိုပြောပြီး ပြန်ထွက်ဖို့ပြင်လိုက်တော့ မိမာက
“ အံမလေးးး အပြောကတော့ လွမ်းလောက်တယ်..။ ငါပြန်သွားပြီဆို နင်က ငိုနေဦးမလို့လား ဟင်း….မသိတာကျလို့ ဟို 84 လမ်းထောင့်က အရက်ဆိုင်ပဲ သွားထိုင်နေမှာ…။ လူမြင်မှ သတိရမနေနဲ့ အေးပါ… နေ့လည် ငါစောင့်နေမယ်..။ အဆောင်က သူငယ်ချင်းတွေ ပါလာဦးမှာ… နင့်ဆီက အရက်နံ့ သိပ်မထွက်စေနဲ့ဟ သိလား….။”
အဲဒိလိုပြောတော့
“ အေးပါ…။ ငါအနံ့ မထွက်အောင် သောက်လာပါ့မယ်”
လို့ပြောပြီး အဆောင်ကပြန်ထွက်လာခဲ့တယ်..။ အင်း.. ဒီကောင်မလေး ငါ့ကို တစ်ကယ်ခင်နေတာလား တွေးမိတယ်…။ ကျောင်းမှာ တစ်နှစ်သာ ကုန်သွားတာ အရက်သောက်တာနဲ့ ကဗျာရေးတာနဲ့ ပဲ အချိန်ကုန်သွားတာ ။ဒီလို ကောင်မလေးတွေနဲ့ သိပ်ရောဖြစ်တာမဟုတ်ဘူး..။ ဒါနဲ့ အဆောင်ပြန် ရေချိုး ထမင်းစား ပြီးတော့ မိမာကို ရထားလိုက်တင်ဖို့ သူ့အဆောင်ကို ပြန်လာခဲ့တယ်..။ သူ့အဆောင်ရောက်တော့ မင်းသမီးက ရေချိုးနေတုန်းတဲ့..။ အဲဒါနဲ့ တစ်ယောက်ထဲ စင်းရှင်း ဘက်ကို ထွက်လာခဲ့တယ်..။ အချိန်က စောနေသေးတာကို …။ ဆိုင်က နာရီ ကိုကြည့်လိုက်တော့ နေလည် 12: 30 ပဲရှိသေးတယ်..။ ဂျင် အရက် တစ်ပိုင်းမှာလိုက်ပြီ… ဝက်ခေါင်းသုတ် တစ်ပွဲနဲ့ တစ်ယောက်ထဲ သောက်နေလိုက်တယ်လေ… ။ ဂျင် အရက်ဆိုတော့ သိပ်အနံ့ မထွက်လောက်ပါဘူး..။ မိမာက သူ့ သူငယ်ချင်းတွေ အထင်သေး နှာခေါင်းရှုံ မှာစိုးလို့ မှာလိုက်တာနေမှာပေါ့…။ ငါ့ကို ခင်လို့နေမှာပေါ့…။ အရက်သောက်ပြီး မလာနဲ့လို့တောင် မမှာဘူး…။ အနံ့ သိပ်မထွက်စေနဲ့လို့ ပဲ ပြောလိုက်တာက …။ ဂျင်တစ်ပိုင်းနဲ့ ၀က်ခေါင်းသုတ်တစ်ပွဲ အချိန်ဆွဲသောက်နေရင်းနဲ့ တစ်ရာရီ ခွဲပြီးမှ ပိုက်ဆံရှင်းပြီး မိမာတို့ အဆောင်ဘက်ကို ပြန်လာခဲ့တယ်..။ နေ၀န်းနီ ထိုင်နေတဲ့ ဆိုင်က 35 လမ်းမှာလေ…။ မိမာတို့ အဆောင်က 36 လမ်းမှာ တစ်လမ်းပဲ လမ်းလျှောက်ရတာ…..။

နေဝန်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010