ချမ်းသာကြပါစေ

tunkhannSeptember 5, 20111min700

ခေါင်တိုင်းမှာ အိမ်ရှိတယ် အိမ်တိုင်မှာ ခေါင်မရှိဘူးတဲ့။တော်ရာနေ စေရာသွားရတဲ့ ဘဝခါးခါးတွေနဲ့ ရင်ကော့ ခေါင်းမော့နေပေမယ့် မျက်ရည်စက်တို့ ပင်လယ်ဝေနေတဲ့ မျက်ဝန်အိမ်နဲ့တစ်ဆက်တည်းသော နှလုံးသားမှာ ဘယ်လိုခံစားနေရလည်းဆိုတာ မသိနိုင်ကြဘူး။လူသားတိုင်းလိုချင်ကြတာ မျှတညီတူခြင်းပါ။နောက်ပြီး လူဆိုတာ အရမ်းနိမ့်ပါးလာရင် မကောင်းမှုတွေဆက်တိုက် ပြုတတ်ပါတယ်။ဒါဟာ ဆင်းရဲချမ်းသာ မညီမျှခြင်းပါပဲ။ခိုးတယ်၊အလစ်သုတ်တယ်၊လုယက်တယ်၊ဒီထက်ပိုဆိုးလို့ စိတ်ဓာတ်အောက်တန်းကျရင် ကိုယ့်ထက်သာတယ်ထင်တဲ့နေရာကို မီးရှို့တယ်။ဆိုကြပါစို့ ရာဇဝင်လေးတစ်ခုပေါ့။သူခိုးတစ်ယောက်အကြောင်းပေါ့။ငတက်ပြားလည်းမဟုတ်ပါဘူး၊မိုးမောင်လည်း မဟုတ်ပါဘူး။သူတို့ကတော့ ကောင်းမှုပြုတဲ့သူခိုးတွေလို့ ပြောလို့ရပါတယ်။အဆိုးထဲက အကောင်းပေါ့။ဒီလိုဗျ ရှေးတုန်းက သူခိုးတစ်ယောက်က ဘုရင့်ရွှေတွေကို ခိုးတယ် ခဏတိုင်းပေါ့။ခဏခဏဆိုတော့ တစ်ခါမဟုတ်တော့ မိတာပေါ့။ဘုရင်ကြီးကလည်း ဒေါသကြီးကလား။သူ့ဥစ္စာတွေခိုးရပါ့မလား ဒီလောက်လောဘကြီးရပါ့မလားဆိုပြီး သူ့ကိုအာခံတွင်း ရွှေရည်တစ်ပိဿာနဲ့လောင်းသတ်စေဆိုပြီး ဝန်ကြီးတစ်ပါးကို တာဝန်ပေးသတဲ့။နှမြောစရာပဲဗျ။အဲကျနော်မှ မဟုတ်ဘူး ဝန်ကြီးကလည်းနှမြောတတ်သား။သူခိုးနဲ့ ရွှေရည်နဲ့မတန်ဘူးတဲ့ ဒါကြောင့် သူ့အောက်က မှုးမတ်တစ်ယောက်ကို ကြေးရည်နဲ့လောင်းသတ်စေလို့ အမိန့်ပေးလိုက်တယ်။မှုးမတ်ကလည်း ဝန်ကြီးတပည့်ရင်းထင်ပါ့။သူ့လိုပဲ တွန့်တိုတတ်လိုက်တာ ပါးကွက်သားကို သံရည်နဲ့ လောင်းသတ်ခိုင်းတယ်တဲ့။ပါးကွက်သားကလည်း ဆင်းရဲတော့ ဒီသံတွေကိုများရောင်းစားလိုက်ရင် အတော်ရမှာပဲဆိုပြီး ဓားနဲ့ခုတ်သတ်လိုက်သတဲ့။ကျနော်ပြောချင်တာက လောက်ကိုင်နဲ့မြန်မာစစ်တပ်နဲ့ဖြစ်တဲ့ တိုက်ပွဲမှာ ပြည်သူပိုင်းသိမ်းတဲ့ ပစ္စည်းတွေဟာ နေရာမှန်ကို မရောက်ခဲ့ပါဘူး။အဲဒီမှာပတ်သက်တဲ့ ဗိုလ်မှူးတွေ ဗိုလ်တွေရဲ့ပိုင်ဆိုင်မှုကို စီစစ်သင့်ပါတယ်။သူတစ်ပါးပိုင်ဆိုင်မှုကို ဖျတ်ဆီးလိုသူမဟုတ်ပါဘူး ဖြစ်သင့်တာကို ပြောတာပါ။မလုပ်ဘူး လုပ်တယ်ဆိုတာတော့ ဆိုင်ရာတာဝန်ရှိသူတွေရဲ့အပိုင်းပါ။