ခပ်ကျဲကျဲ အလင်းစက်တစ်ချို့ မိန်းရှေ့  သစ်ပင်ကို ပွတ်သပ်ကျီစယ်နေတာကို ကျွန်တော်အဓိပ္ပာယ်မဲ့ ငေးကြည့် နေမိတယ် ။
ကျောင်းဖွင့်စ,ရက်ကတော့ လန်းဆန်း တက်ကြွပြီး ပျိုမျစ်နုနယ်နေလိုက်ပုံများ  အဲဒီအချိန်မှာ ကျွန်တော့်မျက်လုံးထဲကို မြင်ကွင်းတစ်ခုဝင်လာပါတယ်…။ အဲဒါကတော့ မိန်းကလေးတစ်ယောက်ပါ တကယ့်ကို မိန်းကလေး တစ်ယောက်ပါပဲ လမ်းလျှောက်လာတဲ့ သူ့ပုံစံက ဘယ်သူမှဂရုမစိုက်ဘူးဆိုတဲ့ပုံစံနဲ့ မော့လို့ လက်ထဲမှာလည်း ဘယ်သူမှ တက္ကသိုလ်မှာ ဆောင်းဖို့ ( အထူးသဖြင့် သူမလို လှတပတ မိန်းကလေးတွေပေါ့ ) စိတ်မကူးတဲ့ ထီးကောက်ကြီးတစ်လက်ကို မြေကြီးပေါ် လမ်းလျှောက်တုတ်ကောက်ကြီးတစ်လက်လို ထောက်ပြီးတော့လေ..
ကျွန်တော်ကြည့်နေတုန်းမှာပဲ သူ့သူငယ်ချင်းတွေကိုတွေ့သွားတယ်ထင်ပါရဲ့  မျက်နှာက ပြုံးလာပြီး ထီးကောက်ကြီးကိုမြှောက်လို့
”ဟေ့ ….  နင်တို့ဘယ်တုန်းကရောက်နေတာလဲ” ဆိုတဲ့အသံစာစာလေးနဲ့  အော်ပြီး ပြေးသွားတယ် ဒီတော့မှ သူ့သူငယ်ချင်းတွေက မြင်သွားပြီး တစ်ယောက်နဲ့တစ်ယောက် အော်ကြ ပြောကြနဲ့ အလုပ်နည်းနည်းရှုပ်သွားတယ်.။
ကျွန်တော်လဲ ကြည့်ကောင်းကောင်းနဲ့ လှမ်းကြည့်နေလိုက်တာ ပတ်ဝန်းကျင်ကိုမေ့သွားတယ် နောက်က ”ဟေ့ရောင် ငေးလှချည်လား” ဆိုတဲ့အသံပြဲကြီးနဲ့ အော်လိုက်တဲ့ မင်းဇင်ရဲ့ အသံကိုကြားမှ နောက်ကို လှည့်ကြည့်မိတော့တယ် ဘယ်တုန်းကရောက်နေမှန်းတောင်မသိလိုက်ဘူး
ကျွန်တော်လဲ ရှက်ကိုးရှက်ကန်းနဲ့ ”ဘာမှမဟုတ်ပါဘူးကွာ ” ဆိုတဲ့စကားနဲ့ပဲ ဖြတ်လိုက်ရတယ် ငမ်းကြောကတော်တော်များသွားတာကိုး  ပြီးတော့ချက်ချင်းပဲ သွားမယ်သွားမယ်ဆိုပြီး သူကတော့ ဘုမသိဘမသိနဲ့ ကျွန်တော့်ကို ကန်တင်းတွေရှိတဲ့ ကျောင်းအရှေ့ကို ဆွဲခေါ်သွားတော့တယ် ကျွန်တော်လဲ သူ့ရဲ့ဆွဲခေါ်မှုနောက်မှာ ဒယဥ့်တိုက်ပြီး ပါသွားတော့တာပေါ့ ဒီလိုနဲ့ကျောင်းဖွင့်စနေ့လေးကို စတင်ခဲ့တော့တယ်
ရင်ခုန်မှအချစ်ဆိုရင်တော့ ကျွန်တော်သူမကိုရင်မခုန်ခဲ့ပါဘူး ဒါပေမယ့် ဘာကြောင့်များ မစဉ်းစားပဲ သူမကိုပြန်ပြီးမြင်မြင်နေရတာလဲ ဘာလို့များကျောင်းရှေ့မှာ တစ်ခါပဲမြင်ဖူးတဲ့ ဘယ်မေဂျာက မှန်းတောင်မသိတဲ့ ကောင်မလေးတစ်ယောက်ကို အမြဲသတိရမိတာလဲ ကျောင်းဖွင့်စနေ့ကတွေ့တဲ့ သူမကို ကျွန်တော် နောက်ထပ်မတွေ့တော့ပါဘူး ရှာကြည့်မယ်လို့စိတ်ကူးမိပေမယ့် ဒီလောက်ကျယ်ပြီး ဒီလောက်များတဲ့ကျောင်းသားတွေကြားထဲမှာ နာမည်မသိ ဘာမေဂျာမှန်းမသိ ဘယ်နှစ်မှန်းမသိတဲ့သူမကို ကျွန်တော်ဘယ်လိုရှာရမလဲဆိုတာ စဉ်းစားလို့မရပါဘူး

ကံတရားဆိုတာကတော့ ဆန်းကြယ်လွန်းပါတယ် နောက်ထပ်မတွေ့တော့ဘူးထင်တဲ့သူမကို မထင်မှတ်ပဲနဲ့ ရှမ်း welcome မှာ တွေ့လိုက်တာပါပဲ သူမက မော်ဒယ်ရှိုးလျှောက်တယ်တဲ့ သူ့ပုံစံနဲ့များ ဒေါက်ဖိနပ်စီးပြီးမှောက်လဲနေမှာ မြင်ယောင်မိသေး …. ဒါပေမယ့် သူမ,မလဲပါဘူး ကောင်းကောင်းလျှောက်နိုင်ခဲ့ပါတယ် ပွဲပြီးသွားတော့ သူမကို ကျွန်တော်လိုက်ရှာမိတယ် တွေ့ပါပြီ အခန်းထဲကနေ ထွက်လာတာ သူမ သူငယ်ချင်းနှစ်ယောက်နဲ့  စကားတွေပြောနေလိုက်တာများ ကျွန်တော် သူမကိုငေးကြည့်နေတာကိုတောင်မမြင်ဘူး စကားပြောပုံကလဲ လက်တွေရောခြေထောက်တွေရော လှုပ်ပြီး သူတစ်ယောက်တည်းကို ရှုပ်နေတာပဲ ချစ်စရာကောင်းလိုက်ပုံများ ကျွန်တော့်အတွက်တော့ ဒဏ်ရာသစ်တွေရလို့ပေါ့ သူမကျော်သွားတဲ့အထိ ကျွန်တော်ငေးကြည့်နေမိတယ် သွားပြန်ပြီနောက်တစ်ခေါက် ဘယ်တော့များမှပြန်တွေ့ရမလဲ ကောင်မလေးရယ် ………။
အဲဒီလိုနဲ့ ဒုတိယအကြိမ်တွေ့ပြီး မတွေ့တော့ တာ နှစ်လလောက်ကြာပါတယ် သူငယ်ချင်း တွေကလည်း အားကိုးရတယ် တစ်ယောက်မှ သူမကိုမသိကြပါဘူး ရုပ်ရှင်တွေထဲကလိုလဲ တစ်ယောက်မှ လိုက်ပြီး ဒုက္ခခံ စုံစမ်း ပြီးတော့ အောင်သွယ်မယ်လို့တစ်ယောက်မှ မရှိဘူး အားရင် ဂိမ်းဆိုင်သွားမယ် ချက်တင်ထိုင်ပြီး ကြူမယ်ဆိုတာကြီးပဲ ကျွန်တော့်မှာတော့ တစ်ယောက်တည်း အသည်း ဘတ်လတ်နဲ့  ဒုက္ခခံနေရတာပေါ့ဗျာ……
ကျွန်တော့်မှာလဲ နောက်ဆုံးနှစ်ကျောင်းသားဖြစ်ပြီး ကျောင်းသူတွေအကြောင်းသိပ်မသိပါဘူး အရင်ကတော့ ရည်းစားတစ်ယောက်ရှိခဲ့ဖူးပေမယ့် တစ်လမပြည့်ခင်ပြတ်ခဲ့ကြတယ်လေ ကောင်မလေးက သူမနဲ့ဆေးလိပ် ဘာကိုရွေးမလဲမေးတော့ ဆေးလိပ်ကိုရွေးခဲ့လို့ ကျွန်တော်က တခြားသိပ်မဆိုးပေမယ့် ဆေးလိပ်ကတော့ မီးရထားတစ်စင်းလောက်သောက်တယ် မတတ်နိုင်ဘူး ဒါတော့ ကျွန်တော်လဲ မကောင်းမှန်းသိပေမယ့် သူမထက်တော့ စွဲလန်းမိတာကိုး ဒီလိုနဲ့ ရည်းစားတစ်ခုလပ်နဲ့ ကျွန်တော် နေခဲ့ပေမယ့် တစ်ခါမှတော့ အဲဒီကောင်မလေးကို သတိမရမိပါဘူး အခုမှ ကျွန်တော့်မှာ ဒီကောင်မလေးနဲ့မှ ရူးချင်ချင်ကိုဖြစ်ရော

သူမကိုဘယ်လိုလိုက်ရှာရမလဲ ဆိုတာလဲမသိ မိန်းကလေးသူငယ်ချင်းတွေ ကတော့ အားပေးပါတယ် ”အရူး ဘယ်မေဂျာကလဲ ဘယ်နှစ်ကလဲဆိုတာမှ မသိပဲနဲ့  ဘယ်လိုရှာမလဲ” တဲ့ တစ်ယောက်ကတော့ သူကရှမ်း welcome မှာ မော်ဒယ်လျှောက်တဲ့သူတွေထဲက စာရင်းကိုတောင်းပေးမယ် ရရင်လဲကံ မရလဲကံပေါ့တဲ့ ငါတို့လဲ ဒီထက်ပိုပြီးမတတ်နိုင်ဘူး တဲ့ ကျေးဇူးရှင်တွေပေါ့

ကျန်းမာပါစေ ချမ်းသာပါစေ ယောကျာင်္းနဲ့ငွေ ဖောဖောသီသီဝင်ပါစေဗျာ …..

About တစ္ဆေ

phantom alther has written 15 post in this Website..

ဘုကလန့်နိုင်တယ်၊ လူတိုင်းနဲ့အဆင်မပြေတတ်ဘူး၊ နည်းပညာပိုင်းအသစ်အဆန်းတွေကို စိတ်ဝင်စားပြီး၊ လျှောက်သွားရတာ သဘောကျတယ်