မျက်ဝန်းတစ္ဆေ … ညနေ

သူရႆဝါSeptember 6, 201112min762

“မျက်ဝန်းတစ္ဆေ . . ညနေ”

( ၁ )

မျက်ဝန်းများ . . . အလွန်လှသည်။

မျက်ဝန်းများ . . . တခါတရံ အရိုင်းဆန်ဆန် . . . သို့သော် ထိုမျက်ဝန်းများကို ငြိမ်းချမ်းအေးမြစွာပင် ကျနော် . . . ချစ်ပါသည်။

အထင်ကြီးလေးစားမှုကို ဖုံးကွယ်မထားတတ်သော . . . ထိုမျက်ဝန်းတို့ကိုလည်း . . . . ချစ်သည်။

တစ်ခါက . . . . မျက်ဝန်းများထဲတွင် . . . . သနားကြင်နာမှုများ တပ်ဆင်၍ . . . ကျနော် မြတ်မြတ်နိုးနိုး ချစ်ပါသည်။

သရော်ရယ်မြူးရိပ်ကို နှုတ်ခမ်းလွှာများတွင် မထင်ဟပ်စေဘဲ အကြည့်ဖြင့် အစားထိုးခြင်းကိုလည်း . . . . မျက်ဝန်းများ ပိုင်နိုင်ကျွမ်းကျင်လှ၏။

အံ့ဩမင်သက်မှုတစ်ဝက်ဖြင့် ချစ်မက်ရပြန်ပါသည်။

မျက်ဝန်းများသည် ကျနော့်ကိုကြည့်သော ကျနော့် ဆန့်ကျင်ရာ အရပ်မှ ဖြစ်နိုင်သလို . . . . ကျနော့်ကို ကြည့်သော ကျနော့် မျက်ဝန်းများလည်း ဖြစ်နိုင်သည်။

သေချာတာကတော့ ထိုမျက်ဝန်းများ၏ အကြည့်ကို ကျနော် ရှောင်လွှဲနိုင်စွမ်းမရှိ . . . ကျနော်သည် အကြည့်ခံရသူ ဖြစ်ပါသည် . . . ကျနော်သည် အညှို့ခံနေရသူ ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်ဖြစ် . . . ထိုမျက်ဝန်းများကို ကျနော်ပိုင်သည်။

အဘယ်ကြောင့်ဆိုသော် . . . . ကျနော် သိမ်းဆည်းထားခြင်းကြောင့် ဖြစ်သည်။

ထိုမျက်ဝန်းများကို သံသယကင်းမဲ့စွာပင် ကျနော် . . . ချစ် မိ ပါ သည်။

( ၂ )

အချစ်ဆိုတာ ကြယ်ပွင့်ကလေးတွေကို ရေတွက်နေရသလို ခံစားမှုမျိုးဖြစ်လိမ့်မယ်။

ဆန်းပြားလှိုက်ဖို . . . ရင်ထဲမှာလည်း ကပိုကရိုနဲ့ . . .

မကုန်ဆုံးနိုင်အောင် ကျယ်ပြန့်များပြားလိုက်တာ . . . ဘယ်တော့မှ မကုန်ခမ်းနိုင်တော့တဲ့ ကန့်သတ်မှုမျိုး . . . နောက်ပြီး ထူးဆန်းတဲ့ အာကာသကြောက်ရွံ့စိတ်မျိုးလည်းပါဝင် . . .

ကိုယ်တိုင် . . . ကြယ်ပွင့်လေးတွေ ဖြစ်နေတာလား၊ ဒါမှမဟုတ် မော့ငေးမျှော်ရီ နေရတာလား၊ ဒါမှမဟုတ် . . . အဲဒီ နှစ်မျိုးလုံးရဲ့ ကြားထဲက လွတ်လပ်ပွင့်လင်းနေတဲ့ လေထုအလွှာလား . . .

အဲဒီလိုနဲ့ပဲ ကိုယ် . . . ဘယ်တော့မှ အိပ်လို့မပျော်ဘူး . . . ဘယ်တော့မှလည်း သေဆုံးမှာမဟုတ်ဘူး။

ခရေပန်းကုံးလေး သီရီပြီး ပန်ပေးချင်တာ . . . လက်ပတ်နာရီလေးအပေါ် မနာလို . . . လှမ်းပြီး သဝန်တိုမိတာ . . . ညီမလေးကြိုက်မယ့် သီချင်းတွေ ပို့ပေးချင်တာ . . . အိမ်အပြန်လမ်းကို ကြမ်းကြမ်းတမ်းတမ်း မုန်းမိတာ . . .

တကယ်ပါပဲ . . . အချစ်ဆိုတာ နွေဦးဖြစ်တယ် . . . လေရူးဖြစ်တယ် . . . ကြယ်ပွင့်ကြယ်ခက် ဖြစ်သလို . . . လက်သန်းလေးတစ်ဖက်လည်း . . . . ဖြစ်တယ်။

ကွယ် . . . လွမ်း လိုက် ရ တာ . . . .

( ၃ )

“ငါက နင်ပြောတာပဲ နားထောင်ချင်တာပါဟာ . . .”

မျက်ဝန်းမှ စကားသံတို့ကို ကျနော်ကိုယ်တိုင်လည်း နားထောင်ချင်လှသည်။

“နာကလည်း နင့်ကိုပဲ ယုံချင်ပါတယ်ဟာ . . . ဂယ်ကျောတာပါ”

မပီကလာ ပီကလာ . . . စီးကျလာ . . . ထိုမျက်ဝန်းစကားတို့ကိုပင် ကျနော် ယုံကြည်လိုက်သည်။

ကျနော် ဆောင်းပေးသော ထီးအရိပ်အောက်တွင် မျက်ဝန်းတစ်စုံ ငြိမ်သက်နွေးထွေးခဲ့သလို ကျနော်လည်း မျက်ဝန်းရိပ်များ အောက်မှာ မျှော်လင့်နွေးထွေး . . . မျက်ဝန်းကိုပင် . . . ငေး . . . ကြည့်နေချင်ပါသည်။

မျက်ဝန်းလေးတွေကို ကျနော်ချစ်သည်။

မျက်ဝန်းချစ်သော သီချင်းတွေကိုချစ်သည်။

မျက်ဝန်းမှ အရိပ်အယောင်မှန်သမျှကိုချစ်သည်။

ဝမ်းနည်းကြေကွဲ . . . မျက်ဝန်းကို မြင်ရလျှင် ကျနော်ပါ နာကျင်ဆွံ့အ . . . သိမ်ငယ်ရသည်။

တဖြည်းဖြည်း . . . ကျနော့်ကိုယ်ကျနော် မုန်းလောက်အောင် ချစ်လာမိခြင်းအတွက် ကျနော် . . . နောင်တမရပါ။

သို့သော် . . . ကျနော့်ကို ညှို့ယူသော မျက်ဝန်းများသည် ကျနော့်မျက်ဝန်းများ မဟုတ်ကြောင်း သေချာသလို ရှိလာသည်။

အဘယ်ကြောင့်ဆိုသော် . . .

ကျနော့်မျက်ဝန်းများက ညှို့သောစက်ကွင်း . . . ထိုမျက်ဝန်းများကို မရမက လိုက်ရှာနေမိသောကြောင့်ဖြစ်၏။

ကျနော်သည် မျက်ဝန်းများအောက်တွင် စိတ်လိုလက်ရ . . . အချည်နှောင်ခံချင်နေသော လူငယ်လူရွယ်တစ်ဦး ဖြစ်ပါသည်။

( ၄ )

လရောင်အလင်းလေ . . . ဝင်းဖြာစီးပျိုနေလိုက်ပုံ . . .

မှိုင်းညို့ပြာလွင်မှုဟာ ကိုယ့်အသွေးအသားထဲအနှံ့။

ဒီလိုညမျိုးမှာပေါ့ . . . မျက်ဝန်းကို ကဗျာတစ်ပုဒ်ထဲ ထည့်ပျိုးနေမိတယ်။

“ညီမလေး မရှက်ပါနဲ့ကွယ်” လို့ တွေးရင်းက ကိုယ်ပဲရှက်သွားရပြန်တယ်။

ဝဲလွင့်ဖြောင့်စင်းတဲ့ ဆံနွယ်တွေကြား . . . ကိုယ်ပါ ပါသွားသလိုမျိုး . . . အဲဒီနောက် . . . အလင်းနှစ် တစ်သန်းလောက် ညီမလေး လက်ကိုတွဲပြီး လမ်းလျှောက်ချင်မိတယ်။

နတ်ဖုရားမလေးရယ် . . .

ကိုယ်က . . . ဆိုးပါတယ်၊ မင့်ဓါတ်ပုံလေး ခိုး . . . ထားမိ

“အဲဒီမျက်ဝန်းလေး ခဏ . . . ပေးပါ” လို့လည်း တောင်းမယူရဲ . . . လက်တွေ့နဲ့ လွဲ ချင် တိုင်း . . . . လွဲ လို့ . . .

မျက်ဝန်းနဲ့ . . . လက်သန်းကလေးနဲ့ . . . ကိုယ့်မှာ မတော်တဆ ထိခိုက်မိကြရင်တောင် အိပ်မက်မက်ဟန် ဆောင်ရတယ်။

နှင်းပွင့်မိန်းမပျိုလေးရယ် . . . မင်းကို ကိုယ် . . . သိပ် . . .

( ၅ )

ညနေသည် သာယာလှပမည်ဟု ကျနော်ထင်သည်။

မျက်ဝန်း . . . နှင့် ညနေကို ယှဉ်တွဲထားသော လှပညက်ညောမှုသည် ဘာမှထပ်၍ မလိုအပ်တော့ဘူးဆိုလျှင် . . . ထိုမြင်ကွင်းကို ကျနော် ငေးကြည့်နေချင်သည်။

ချစ်သည်မှလွဲ၍ . . . မည်သည့် ဆန္ဒတစ်စုံတစ်ရာကိုမဆို ကျနော် မလိုအပ်ပါ။

မျက်ဝန်း . . . ညနေ . . . မျက်ဝန်းတောက်ပမှုနှင့် ညိုရီဖျိုးဖျညနေကို တွဲဖက်ကြည့်ရုံနှင့်ပင် ကျနော် ပျော်ပါသည်။

ညနေမရောက်ခင် . . .

ကျနော် ပျော်ရွှင်ခဲ့ပါသည်။

( ၆ )

အချိန်အခါမဟုတ်ဘဲ . . . ပန်းတို့ပွင့်လာ . . . မုန်တိုင်းဟာ ပွင့်ဖတ်ပွင့်ချပ်တွေလို . . .

ကျိန်စာသင့်တာ မဟုတ်ဘူးဆိုရင် ကိုယ့်ညီမလေးဆီ . . . သူ့မျက်ဝန်းတွေထဲ . . . ဘယ်လို နတ်ဆိုးစစ်သည်တို့ ချင်းနင်း ကြပြီလဲ . . . .

ခေါင်းမှာ . . . ငရဲပန်းမကိုဋ် ဆင်ယင်လို့ . . . မျက်ဝန်းတွေ . . . မျက်ဝန်းတွေမှာ . . . တစ်လွှာပြီးတစ်လွှာ . . . ရီဝေရူးသွပ်စွာ . . .

အို . . . လှလိုက်တာ . . . လှလိုက်တာ ညီမလေးရယ် . . . . ကိုယ့်နှလုံးသွေးနဲ့မှ ခြေဆေးချင်တဲ့ စိမ်းစိမ်းရိုင်းရိုင်း အကြည့်မျိုး တွေနဲ့ ညီမလေးဟာ . . . ရက်ရက်စက်စက်လှနေလိုက်တာ . . . .

ဝိဉာဉ်နှုတ်မယ့်တေးသီ . . . မ ထီ တ ရီ နဲ့ . . . .

ပြုံးနေ . . . ညီမလေး ခက်ထန်လွန့်လူး . . . ပြုံး . . . လို့ . . . နေ . . .

တဖြည်းဖြည်း နူးညံ့ရင်ခုန် . . . ပန်းကလေးတစ်ပွင့်ဖြစ်သွား . . . . ကိုယ့်အနားမှာ . . . . နှင်းပွင့်ဖြူစို ပန်းပွင့်ပျိုလေး ဖြစ်သွား . . . .

ကိုယ်သိမ်းထားလိုက်မယ် . . . ဆိုုတော့မှ . . .

ပွင့်ဖတ်ပွင့်ချပ်တွေဟာ . . . မုန်တိုင်းဖြစ်လာ . . . နတ်ဘီလူးခြေသံဖြစ်လာ . . . အိုး . . . . .

ကိုယ့်ရင်တည့်တည့် . . . လက်သန်းကလေးနဲ့ . . . ကိုယ်ချစ်ရတဲ့ လက်သန်းလေးနဲ့ . . . မျက်ဝန်းမီးလျှံတွေနဲ့ . .

ကိုယ့်တစ်ယောက်တည်းအပေါ် မိုးပြိုပြီထင်ရဲ့ . . . မှောင် နေ လိုက် တာ . . . မိုးကြိုးလျှပ်ပန်းတွေ ဝန်းဝင်းဝုန်းဝုန်းနဲ့ . . . မွန်း . . . ကြပ် . . . ခြောက် . . . သွေ့ . . . ညီမလေး . . . မေ့ပြီ . . .

ကြောက်လန့်စရာ မျက်ဝန်းတွေ . . . မျက်ဝန်းတွေနဲ့ . . . အထိုးစိုက်ခံနေရချိန် . . . ကိုယ့်အမြင်တွေ မှိန်ဖျော့တိုးလျလာ . . . နောက်ဆုံးမှာ . . . ဟိုး . . . . မှာ . . . ညီမလေး . . . ဟင့်အင်း . . . မဟုတ်ဘူး . . . စေတန် နတ်ဆိုးမရဲ့ သမီးတော်ဖြစ်မယ် . . . သူ့ရဲ့ လက်သည်းချွန်ချွန်တွေ . . . ဝေဝေဝါး . . . ညီမလေးပဲ ဖြစ်မှာပါ . . . ဆူ ဝေ အိုင် ပွက် . . . သွေးတွေ . . . မှောင်အတိကျ . . . . . . . . . . . . . . . . . ကိုယ် . . . . . . . . . . . . . . . . . .

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

. . . . . . . . . . . . . . . . .

. . . . . . . . . . .

( ရ )

ညနေမရောက်ခင်က ကျနော် အိပ်မက်ဆိုးတွေ မက်ခဲ့သည်။

ညနေသည် ထိုအိပ်မက်နိမိတ် ဖြစ်လာမည်ဆိုလျှင် . . .

ဟင့်အင်း . . . ကျနော် မတွေးချင်ပါ . . . ကျနော် ရှင်သန်ရမည် . . . မဖြစ်ဖြစ်သည့်နည်းနှင့် . . . .

“ညနေသည် . . . မျက်ဝန်းသည် . . .” ဟု တွေး၍ . . . .

ညနေ . . . မရောက်ခင် . . . ကျနော်

ပျော် ရွှင် နေ ခဲ့ ပါ သည်။

ညနေမရောက်ခင် . . . . . . . . .

ညနေ . . . . မရောက်ခင် . . . . .

. . . . . . . . . . . . . . . .

. . . . . . . . . . . .

ညနေ . . . . မရောက်တော့ပါ။

မျက်ဝန်းသည် ညနေကို ကျနော့်အနားမှ . . . အစိမ်းလိုက် ခွဲထုတ်သွားသည်။

ကျနော့်စကားကို နားထောင်ချင်သည်ဆိုသော . . . ယုံချင်သည်ဆိုသော မျက်ဝန်း၏ စကားတို့ကို ယုံကြည် နားထောင်မိခဲ့ . . . . ကျနော်ပဲ မှားပါသည်။

ညနေနှင့်၊ မျက်ဝန်းနှင့် . . . . အတူတူ ယှဉ်တွဲ၍ ကျနော် လမ်းလျှောက်ခွင့်ရမည်ဟူ၍ . . . . မျက်ဝန်း ပြောခဲ့ . . .

ကျနော်မှားသည် . . . မျက်ဝန်း မမှားပါ။

ညနေကို မျက်ဝန်း . . . နှင်ထုတ်လိုက်သောကြောင့်ဖြစ်သည်။

ညနေမရောက်သောကြောင့် . . . မျက်ဝန်းအနား၊ ညနေရီအနား ကျနော် သွား၍မရပါ . . . ထို့ကြောင့် မျက်ဝန်း မမှားပါ။

ညနေမရောက်ခင် . . . မျက်ဝန်း . . . . အိမ်အပြန်လမ်းဆီ . . . လှမ်းသည်။

နွေနေ့ခင်း၏ ပူလောင်မှုကိုသာမက . . . . တစ်စုံတစ်ဦးကိုပါ မျက်ဝန်း . . . ခေါ်ယူခဲ့သည်။

ကျနော့်အား . . . . ညနေအား . . . . .

မျက်ဝန်းက တစ်စုံတစ်ဦးနှင့် အလဲအထပ်ပြုသည်။

ကျနော့်အား . . . ညနေအား . . . . . . မျက်ဝန်းနှင့် တစ်စုံတစ်ဦးက သတ်ပါသည်။

ကျနော်ချစ်သော လက်သန်းလေးသည် . . . အခြားလက်သန်းအား . . . လှမ်းချိတ်တွယ်၍ . . . ကျနော်ချစ်သော မျက်ဝန်းသည် . . . . အခြားမျက်ဝန်းတွင် ပျော်ဝင်၍ . . .

ကျနော် . . . . ဘယ်နေရာ ရောက်နေခဲ့သည်လဲ . . . . ဘယ်အချိန်ဖြစ်နေသလဲ . . . .

“ကျနော်ချစ်တဲ့သူက သူ့ချစ်သူလောက် ဘယ်သူ့မှ မချစ်ဘူး”

“ကျနော်ချစ်တဲ့သူက သူ့ . . . . ချစ်သူလောက် ဘယ်သူ့မှ . . . . မချစ်ဘူး”

မည်သူရေးခဲ့မှန်းမသိသော စာသားတစ်ပိုင်းတစ်စကို . . . . ရွတ်၍ ကျနော် . . . . ရောက်တတ်ရာရာ . . . . လေလွင့် . . . လေလိုလွင့်သည်။

ခြေပစ်လက်ပစ် ထိုင်ချမိသည် . . . ကျနော့်မျက်လုံးများကို မြေမြှုပ်ပစ်လိုက်သည် . . . . ကျနော့်ကိုယ်ကျနော် . .

စိတ်က ရောက်ချင်ရာရောက်ခဲ့သော်လည်း . . . ကျနော် . . . မျက်ဝန်းနှင့် မျက်ဝန်း၏ တစ်စုံတစ်ဦးနောက်သို့ . . နာမ်စိတ်မဲ့စွာ . . . လိုက်ပါ . . . . သွား . . . .

နွေသည် ကျနော်တစ်ဦးတည်းကို ခုန်အုပ်လိုက်ပြီး ကျနော်တစ်ဦးတည်းက ပူလောင်မှုကို ကိုယ်စားပြုရသော အခါ . . . ကျနော်သည် အိမ်အိုဟောင်းတစ်လုံးဖြစ်နေ . . . မည်သူမှ မလိုအပ်သော စွန့်ပစ်ပစ္စည်းဖြစ်နေ . . . အရိပ်ကလေးသည် ကျနော့်ဆီ တိုးဝင်လာခဲ့ပြီး . . . ကျနော့်ကို တိုးတိုက်ဖောက်ထွက်သွား . . . ကျနော်သည် . . . မျက်ဝန်းသည် . . . အရာအားလုံးသည် . . . အချိန်တန်လျှင် ထ၍ပေါက်ကွဲကြမည့် ချိန်ကိုက်ဗုံးများသာ ဖြစ်ပါသည်။

လမ်းမအကျယ်ကြီးကိုမုန်းသည်။ လမ်းမတစ်ဖက်ခြမ်းမှ မြင်မြင်သမျှကိုမုန်းသည်။ တစ်စုံတစ်ဦးကိုမုန်းသည်။ လက်သန်းလေးတွေကိုမုန်းသည်။ မျက်ဝန်းကို . . . . မုန်းသည်။ ကျနော့်ဆီ ရောက်မလာတော့သောညနေကို မုန်းသည်။ အိမ်အပြန်ခြေလှမ်းမှစ၍ ယခုလက်ရှိအချိန်အထိ ဖြစ်ပျက်နေသမျှ အရာအားလုံးအဆုံး . . . . ကျနော် . . . မုန်းသည်။

မျက်ဝန်း . . . . ကျနော့်ကို မြင်သွား . . . တဒင်္ဂ . . . ရပ်တန့် . . . . .

ခဏလေး . . . ချစ်သော . . . ကျနော်ချစ်သော မျက်ဝန်းကို ခဏလေးရလိုက်၏။

ကျနော် . . . မျက်ဝန်းအနား . . . တရွေ့ရွေ့ . . . တိုးကပ် . . .

ကျနော့်ကိုရည်ရွယ်သော . . . “………….” . . . . တီးတိုးစကား . . . .

“မျက်ဝန်းရယ် . . . . ညီမလေးရယ် . . . .”

ကျနော် . . . . စိတ်ထဲမှလွဲ၍ . . . . မတုံ့ပြန်တော့ပါ . . . ဖြတ်လျှောက်လာခဲ့သည် . . . ဆွံ့အတိုးတိတ် . . . ခေါင်းငုံ့၍ လျှောက်လာခဲ့သည်။

“ချစ်တဲ့သူက . . . ရှုံးတယ်လေ . . . ဒါကြောင့် . . . ငါက . . . ငါအရှုံးပေးဖို့ ထိုက်တန်တဲ့သူကိုမှ . . . .”

မျက်ဝန်းပြောဖူးသော စကားအချို့ . . . .

မျက်ဝန်း အရှုံးပေးချင်သောသူသည် ကျနော်မဟုတ်သော်လည်း ကျနော်ကတော့ မျက်ဝန်းကိုပင် အရှုံးပေးချင်ပါသည်။

ရီဝေနူးညံ့စွာပဲဖြစ်ဖြစ် . . . . နာကျင်ကြေကွဲစွာပဲဖြစ်ဖြစ် . . . . ဘယ်လိုနည်းနဲ့မဆို . . . ငါ . . . အရှုံးပေးပါတယ် . . . ညီမလေးရယ် . . . နင့်ကို . . . ငါ . . . သိပ်ချစ်ပါတယ် . . .

. . . . . . . . . . . . . . . . . . . . . . . . . . . .

. . . . .

ကျနော် . . . မျက်ရည်ကျမိသည်။

( ၈ )

နေဝင်တာကိုလှမ်းကြည့်မိတယ်

ကမ္ဘာတစ်ဖက်ခြမ်းမှာတော့

အမှောင်ကိုလွမ်းရဦးရော့မယ်

ငါက …. အလင်းတစ်စက်ပဲဖြစ်ချင်ခဲ့

မော … လျ …. တိုး …. ဖျော့

ကြွေပါစေတော့ကွယ်

( ၉ )

မျက် ဝန်း များ . . . .

အရိုင်းဆန်ဆန် မျက်ဝန်းများကို ကျနော်ချစ်သည်။

သနားကြင်နာမျက်ဝန်းများကို ကျနော်ချစ်သည်။

ထိုမျက်ဝန်းများသည် ကျနော့်မျက်ဝန်းများမဟုတ်သလို ကျနော်ပိုင်ဆိုင်သော အခြားတစ်ပါး မျက်ဝန်းများ မဟုတ်တာလည်း သေချာလှပါသည်။

အဘယ်ကြောင့်ဆိုသော် . . . ထိုမျက်ဝန်းများကို ကျနော် . . . သိမ်းဆည်းထားခွင့် မရှိသောကြောင့်ဖြစ်သည်။

. . . . . . . . . . . . . . . . . . . . . .

. . . . . ယခုအခါ . . . မျက်ဝန်းများကို ကျနော် မမြင်ရတော့ပါ။

(၂၀၁ဝ ခုနှစ်က ရေးသားခဲ့ဖူးတဲ့ ခံစားမှုဝတ္ထုတိုလေးတစ်ပုဒ်ပါ ၊ ပြန်တင်လိုက်ပါတယ်)

သူရဿဝါ

ဧပရယ်လ် ၂၂ ရက် ၊ ၂၀၁ဝ ခုနှစ်

www.thurathawah.net

www.facebook.com/ThuraThawah

www.twitter.com/Thurathawah

www.facebook.com/LiteraryArtBlog

www.moba4all.org

2 comments

  • Shwe Ei

    September 7, 2011 at 10:11 am

    ချစ်ကြတယ် ကွဲကြတယ် နောက်တယောက်နဲ့ ပါသွားတယ် ဆိုတဲ့ သဘောကို ဒီလောက်ရှည်ရှည်ရေးနိုင်တာ အားကျတယ်။ နံပါတ်၈ ကဗျာလေးကူးသွားတယ်နော်။ :p

  • manawphyulay

    September 7, 2011 at 11:30 am

    ဒါကတော့ ဝါဝါ့ကိုယ်တွေ့ဆိုတော့ ရေးနိုင်တာပေါ့နော်…. အဟိ

Leave a Reply