မြန်မာပြည်အတွက် တကယ်ပဲ အုပ်ချုပ်နေတာလား

Poe MaySeptember 7, 20111min641

ဒီမိုကရေစီလား.. စစ်အာဏာရှင်လား.. ကျမ ဘာမှ မဝေဖန်လိုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီနိုင်ငံတိုင်း လူ့အခွင့်အရေးအပေါ် အပြည့်အဝ အာမခံချက် မရှိသေးလို့ပါပဲ။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို လူသားဆန်တဲ့ နိုင်ငံကြီးဖြစ်စေချင်ပါတယ်။ ခွဲခြားဆက်ဆံမှုတွေ၊ ဖိနှိပ်အုပ်ချုပ်မှုတွေ၊ မတရားမှုတွေ ပပျောက်စေချင်ပါတယ်။ အတွေးအခေါ် ရင့်ကျက်ကြပြီး အမြင်ကျယ်တဲ့ နိုင်ငံသားတွေ၊ အစိုးရတွေ ဖြစ်စေချင်ပါတယ်။

မြန်မာနိုင်ငံကို ၂၀၁ဝ နောက်ပိုင်းကတည်းက စပြီး ပြောင်းလဲနေပါပြီလို့ မြင်ကြတဲ့ နိုင်ငံတကာအစိုးရတွေရှိသလို မြန်မာနိုင်ငံသားတွေလည်း ရှိပါတယ်။

တကယ်ပြောင်းနေပြီလား???

ကချင်ပြည်နယ်မှာ အစိုးရစစ်တပ် ထိုးစစ်ဆင်ရာကနေ စဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရာနီးပါး အမျိုးသမီး အသက်အရွယ်မျိုးစုံ မုဒိမ်းကျင့် အသတ်ခံနေကြရတယ်။ သောင်းနဲ့ချီတဲ့ ကချင်ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဒုက္ခသည်တွေဖြစ်နေတာ လက်ရှိအစိုးရက မသိတာလား၊ မသိချင်ယောင်ဆောင်ထားတာလား။

ရှမ်းပြည်ဘက်မှာ အစိုးရတပ်က ဘာမှန်းမသိပဲ လက်နက်ကြီးတွေ ရွာတွင်းကို ပစ်ခဲ့လို့ ထောင်နဲ့ချီတဲ့ ရှမ်းပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သလို စာသင်ကျောင်းကိုလည်း ထိခဲ့တဲ့အတွက် ၆ နှစ်အရွယ် ကျောင်းသူ၊ကျောင်းသား အချို့ သေခဲ့ရတယ်။

ကရင်ပြည်နယ်မှာ တိုက်ပွဲကြီးမဖြစ်ပေမယ့် စစ်တပ်တွေ မွေနှောက်ရမ်းကားလို့ ကရင်နယ်စပ်ရွာတွေမှာ နေ့စဉ်နဲ့အမျှ ကျီးလန့်စာစားနေကြတာ ဘယ်သူမှ မသိကြဘူး။

ထားဝယ်မှာ ဆိပ်ကမ်းမြို့ဆောက်ဖို့ဆိုပြီး ဘာထောက်ပံ့မှုမှမပေးပဲ (သောင်းကဏန်းလောက်ပဲ လျောကြေးအမည်တပ်ပေးပြီး)ကျေးရွာပေါင်းများစွာက အိမ်တွေ မြေတွေကနေ အတင်းပြောင်းခိုင်းတော့မယ်။ ဒါရော အစိုးရက တိုးတက်မှုအတွက်လုပ်တာလို့ ဆင်ခြေပေးဦးမလား။

နောက်ဆုံး.. နေရာတခုချင်းစီမှာ ရမ်းကားလို့မဝသေး.. မြန်မတနိုင်ငံလုံးကို အလုပ်အကျွေးပြုနေတဲ့ မြစ်တွေမှာ.. (ဧရာဝတီ၊ သံလွင်) နိုင်ငံခြားဖက်စပ် ရေကာတာတွေ ဆောက်နေတာ၊ ရေကာတာတွေကြောင့် ဒေသခံတွေ သောင်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်တာ.. သဘာဝပတ်ဝန်းကျင်ပြောင်းလဲလို့ မရေတွက်နိုင်တဲ့ ပြည်သူတွေ စားဝတ်နေရေး ဘဝနေထိုင်မှုပုံစံတွေ အခက်အခဲဖြစ်လာတာကို အစိုးရက မျက်ကွယ်ပြုနေတာလား။ ပိုဆိုးတာက.. ရန်ကုန်မြို့ထက် ကြီးတဲ့ မြစ်ဆုံရေကာတာကို ဧရာဝတီ မြစ်ထိပ်ပိုင်းမှာ လုပ်ကြတော့မယ်။ လုပ်လည်း လုပ်နေကြပြီ။ စကိုင်း ငလျင်ကြောဘေးမှာဆောက်တဲ့ ဧရာမ ရေကာတာကြီးက အကျိုးအမြတ်တခုကိုပဲကြည့်ပြီး နောက်ဆက်တွဲဖြစ်လာမယ့် မြန်မာနိုင်င်ငံဆန်အိုးကြီးဖြစ်တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကလူတွေ ရေမြုပ်တော့မှာ.. နွေရာသီဆို မြစ်ရေခမ်းတော့မှာ၊ ရေကာတာဆောက်တဲ့နေရာက ကျေးရွာပေါင်းများစွာက ပြည်သူတွေ အတင်းပြောင်းရွှေ့ခံရတာ.. ဒါတွေကို ဘယ်လို စိတ်ဓာတ်နှလုံးသားနဲ့ လုပ်နေကြတာလဲ။

တကယ်ပဲ မြန်မာနိုင်ငံ အပြောင်းအလဲကာလကို ရောက်နေပြီလို့ သတ်မှတ်ရင်.. အဲဒီအပြောင်းအလဲဟာ မြန်မာနိုင်ငံကြီး ပျက်စီးတော့မယ့်.. ပျက်သုဉ်းတော့မယ့် အပြောင်းအလဲပဲဖြစ်တော့မယ်။

တောင်းပန်ပါတယ်။ ဒီမိုကရေစီအတွက် မပြောရင်နေပါ.. နိုင်ငံချစ်စိတ်နဲ့ နိုင်ငံရဲ့ ပြည်သူတွေရဲ့ အကျိုး၊ ပြည်သူတွေရဲ့ တရားမျှတမှု.. နိုင်ငံမပျက်စီးမယ့်အရေးအတွက်ပဲ လုပ်ကြပါတော့။

One comment

  • cum min

    June 25, 2012 at 2:48 pm

    အော်…အဲလို့တောလဲ….တဘက်သတ်အမြင်နဲကြည်လိုမရပါဘူး..
    နိုင်ငံရေး..စစ်ရေးဆိုတာအပြောလွယ်သလောက်…အလုပ်ခက်ပါတယ်ဗျာ…
    အချိန်ပေးပြီးစောင့်ကြည်ပေးပါ
    ဝေဖန်မဲ့အစား..ကိုယ်တာဝန်ကိုကျေအောင်လုပ်လိုက်ရင်…ကော…

Leave a Reply