ကူညီရိုင်းပင်းခြင်းဆိုရာဝယ်

k T NSeptember 7, 20111min490

သူမအသက်ကား 30ပတ်ဝန်းကျင်၊ အိမ်ထောင်ရှိ သားသမီး2ယောက်ရှိသည်၊ သူတို့အိမ်မှာပင် အိမ်ဆိုင်လေးဖွင့်ထားတယ်၊
ကွမ်းယာပါ ရောင်းတယ်ဗျ၊ (စီးပွားရေးကတော့ သောင်းကျန်းတယ်နော်)။ သူမအကြောင်းကို ရပ်ကွက်(လမ်း)ထဲမှာ မေးကြည့်၊ မသိသူမရှိလောက်ဘူး။
ဘာလို့ပါလိမ့်လို့ ကျနော်တွေးကြည့်မိတော့ကား
ရပ်ကွက်(လမ်း)ထဲမှာ သာရေး။နာရေးကအစ သူမ မပါရင် ပွဲမစည်ကားသလိုပင်၊ လမ်းမိသားစုများစတုဒိသာကျွေးပြီဆိုရင်လဲ သူမပဲဦးဆောင်ပြီး
လုပ်နေတာကိုး၊ ပူးပေါင်းပါဝင်ဆောင်ရွက်သူတွေကိုလဲ သူမက လက်ဆောင်အနေနဲ့ အကျင်္ီတို့၊လုံခြည်တို့ကိုလဲ ပေးလိုက်သေးတယ်ဗျ၊ ရတဲ့သူတွေကလဲ ပျော်တာပေါ့နော်၊ နောက်တစ်ခါ လုပ်ချင်စိတ်ရှိတာပေါ့။
နာရေးကိစ္စပေါ်လာပြန်ရင်လဲ မြန်မာဓလေ့ထုံးစံအရ 7နှစ်ရက်လုပ်ကြတာပေါ့။ အိမ်သူကာယကံရှင်အတွက် ဝမ်းနည်းပူဆွေးမှု နည်းပါးအောင် ပပျောက်အောင် အိမ်ဘေးပတ်ဝန်းကျင်ရှိလူတွေက လာရောက်အားပေးကြတာကိုး၊ စကားနဲ့နှစ်သိမ့်သူကလဲ နှစ်သိမ့်၊ တချို့ကလဲ အပျော်တမ်းဖဲရိုက်နေတာကြတာပေါ့။ နာရေးရှင်မှ ဧည့်သည်တွေကို ရေနွေးကြမ်းတိုက်ခြင်း၊ ပဲကြည်းလှော် လဘက်နဲ့ဧည့်ခံခြင်းစတာတွေကို ပြန်ပြီး ဧည့်ခံတာပေါ့။ ဒါကတော့ မြန်မာ့ဓလေ့ပါ။
ပြီးခဲတဲ့အပတ်က ကျနော်တို့လမ်းထဲမှာ နာရေးပေါ်တယ်ဗျာ၊ သားအမိသားအဖ3ယောက်ပဲရှိတာ၊ ဆုံးသွားအဘိုးကြီးက အသက်60 လောက်ရှိမယ်ထင်တယ်၊ ဇနီးနဲ့သားပဲကျန်တယ်။ ဇနီးက 55နှစ်လာက်နဲ့ သားကတော့ 23လောက်ပေါ့။ ညကျတော့ ကျနော်လဲ
ခဏတစ်ဖြုတ် အဲ့ဒီကိုရောက်သွားတယ်၊ မျက်စိဝှေ့ကြည့်လိုက်တော့ အာရုံမှာပေါ်လာတာက ကျနော်ပြောတဲ့ အမကြီးဗျ၊ ကျနော့်စိတ်ထဲမှာလည်း သိချင်တာနဲ့ အချိန်ကိုက်ဆိုပြီး အဲဒီဖဲဝိုင်းအနီးမှာပဲ 3နာရီလောက် အချိန်အကုန်ခံလိုက်တယ်၊ လေ့လာချင်လို့ပါ။
ကျနော် ဖဲအကြောင်း သိပ်နားမလည်ပါ၊ (ကြော်ငြာတာမဟုတ်ဘူးနော်)သူတို့ပြောဆိုသံကြားတာက တွမ်တီဝမ်း(21)ဆိုလား၊ ရှမ်းကွန်းမီးဆိုလားပဲ။ အလှည့်ကျစနစ်နဲ့ ဒိုင်လုပ်နေကြတာ၊ သူမ ဒိုင်အလှည့်ရောက်တော့ အလည်တည်ပုဂံပြားပေါ်လဲ ပိုက်ဆံတွေပုံနေ၊ ဝမ်တိန်ခေါ်နေပြီ၊2ကြိမ်မြောက် ၊နောက်ဆုံး သူ စားသွားတယ်၊ အကောက်ကိုပေးတယ် ရော့ ငါးထောင်တဲ့။ အဲလိုပေးလိုက်တာဟာ ကျနော့်မျက်စိရှေ့မှောက်မှာပင် လေးငါးသောင်းလောက်ရှိမယ်ထင်တယ်။ ည 11 နာရီလောက် ကျနော်လဲ အိမ်ပြန်ပြီး အနားယူအိပ်စက်ခဲ့လေပြီ(အနားယူရလောက်အောင် ပင်ပင်ပန်းပန်းလုပ်ငန်းမရှိပါ၊) နောက်နေ့ မနက် ၊
လမ်းထဲကမိတ်ဆွေထံမှ တဆင့် သိရသည်ကား၊
သူမဟာ လောင်းကစားဝါသနာပါ၍မဟုတ်ပါ၊ သူမ ဒီလိုလုပ်ခြင်းဟာ နာရေးရှင်အတွက် ရက်လည်စရိတ်လုံလောက်စွာ ရရှိပါစေရန်ပါတဲ့၊
သူက ဦးဆောင်လိုက်သည့်အတွက် နာရေးရှင်မိသားစုမှာ လူအများစည်ကားစွာနဲ့ ဝမ်းနည်းနေဖို့အချိန်နဲသွားပြီ၊အထီးကျန်ဆန်မှု လျော့ပါးသွားတာပေါ့ နော်– တဲ့။ ဪ သူမရဲ့ စကားကိုကြားရတာဟာ လူတစ်ယောက်ကို
အပြင်ပန်းမြင်ရုံနဲ့ ဆုံးဖြတ်လို့မရပါလား၊ လေးစားလောက်သောစိတ်ဓာတ်ပါပေတကား။

အားငယ်သူကို အားပေးဖို့ ဝိုင်းဝန်းကူညီကြပါစို့ —-။