ဗုဒ္ဓဘုရားကို ငိုစေခြင်း (သို့) ကျွန်တော် တမိတဲ့ ဗုဒ္ဓ

lionkingSeptember 7, 20111min946

ဗုဒ္ဓ မွေးတာ နေတာ သေတာ အိန္ဒိယ။ နေစဉ်ကာလမှာ ဟောကြားထားခဲ့တဲ့ ဓမ္မ ပြန့်နေတာက ပြည်မြန်မာ။ တိုင်းတပါးကိုရောက်လာတဲ့ ဗုဒ္ဓဘုရားရဲ့ ဓမ္မ ဟာ အခု“ကြက်မ” ဖြစ်နေရဲ့။ ဗန်းမော်ပြောဘူးတယ်။ “ဟေ့-ပါတိမောက်ကို တော့ မရဘူးကွ။ သတ္တိရှိရင် ရေငုံ့ပြိုင်မယ်” ။ ကြားဖူးသေးရဲ့ ပုစ္ဆကတွေရဲ့ မေး ခွန်းခက်ပုံကို ဘုရားလက်ဝါးမှာ စာကပ်တယ်။ “ဒီမေးခွန်း ငါဘုရား တောင် မဖြေတတ်ဘူးကွ”တဲ့။ ဒါတွေက သာမန်ပါ။

ယခု မြန်မာပြည်မှာ ဘုရားထက် တော်တဲ့ တတ်တဲ့ သူတွေပုံလို့။ ဥပမာ-အကြီးအကဲကိုယ်တော်ကြီးတို့လို အုပ်စုမျိုးနဲ့ အဓမ္မဝါဒ ဘာဝါဒ ညာဝါဒ ဆိုပြီး အဆုံးအဖြတ်ပေးမယ်ဆိုတဲ့ အုပ်စုမျိုးပေါ့။ ရှေးကလည်း ဒီလို တွေအုပ်စုဖွဲ့ပြီး ဟိုဘုန်းကြီး အဓမ္မလုပ် ဒီရိပ်သာတရားစွဲနဲ့ ဘုရားထက်တတ် တဲ့ လူကြီးတွေ ၊ ဘုန်းကြီးတွေ ၊ အဖွဲ့အစည်းတွေပေါ့။

သူတို့တွေက သူများဟာတွေကြတော့ အဓမ္မလုပ်ပြကြတယ်။ တ ကယ့် ဘုရားရဲ့ ဓမ္မကို ထုတ်ပြကြစမ်းဆိုတော့ ထုတ်ပြီးမပြတတ်ကြဘူး။ စာ အုပ်ကြီး ထိုးထိုးပြကြတယ်။ ကြားဖူးသေးရဲ့ တိပိဋကလောင်းလျာတွေကို စာ ချပေးနေ တဲ့ ဘုန်းတော်ကြီးတစ်ပါးကို အကြီးအကဲကိုယ်တော်ကြီးတို့ရဲ့ အဖွဲ့ မှာ မထည့်ချင်တော့ ဝိနည်းမတတ်ဘူး ဘာညာ ဆိုပြီးလုပ်တယ်။ ဟို ကိုယ် တော်ကလည်း ဝိနည်းကျမ်းစာအုပ်တွေကို ထမ်းပြီးတော့ အကြီးအကဲ ကိုယ် တော်ကြီးတို့ရဲ့ အစည်းအဝေးပွဲကို တက်လာပြီး “ဟောဒီ ဝိနည်းပိဋကတ် ကျမ်းတွေထက် မင်းတို့ ပိုပြီးတတ်တယ်ထင်ရင် သိတယ်ထင်ရင် မင်းတို့ ကြိုက်သလိုသာလုပ်တော့ (——-)ဆိုတဲ့ ငါက ဒီနေရာအတွက်မက်လို့ လုပ်နေတယ် မမှတ်နဲ့“ဝုန်း” ဆို စာအုပ်တွေ ပစ်ပြီး အခန်းထဲက ထွက်ခွာသွားလေရဲ့။

ရှေးကဆုံးဖြတ်ခဲ့တဲ့ အဓမ္မဝါဒနဲ့ နောက်ကပေါ်ပေါက်လာတဲ့ အဓမ္မ ဝါဒကိုချေပြပြီး ဓမ္မလုပ်ပြတယ်။ ဝါဒတစ်ခုကို အဓမ္မဝါဒဆိုပြီး နှိပ်ကွပ်ပြီးသား  အဓမ္မဝါဒရဲ့ ဝါဒနဲ့ နှိပ်ကွပ်လို နှိပ်ကွပ်။ တရားဌာနတိုင်းကို တရားစွဲရဲ့လား စွဲရဲ့ အဓမ္မလုပ်ရဲ့လားလုပ်ရဲ့။

ဘုရားဝါဒကို လိုက်နေကြတဲ့သူတွေက ဘယ်သူဟာ ဘုရားလဲ မေးရမည့်ပုံ။ နောက်လာနောက်သားတွေကို လှည့်မကြည့်ပဲ ကြွားချင် ဝါချင် ထင်ပေါ်ချင်တဲ့ စိတ်တွေကြောင့် ဗုဒ္ဓရဲ့ဝါဒဟာ ကြာနီကန်ဆရာတော်ဟောတဲ့ အာဠာဝကကြီးပြောသလို “ဘုရားသား(ဘုရား၏ အသား)အစိမ်းစားချင် တယ်” ဆိုတာမျိုးပေါ့။

ကျွန်တော်လဲ ဗုဒ္ဓဘာသာဝင်ပါပဲ။ ဘယ်တရားဟာ ဗုဒ္ဓတရား ဗုဒ္ဓဝါဒပါလို့ အပ်ဖျားနဲ့ထောက်ရင်တောင် ထောက်စရာ နေရာမရှိဘူး။ အကုန်လုံး အဓမ္မ အလုပ်ခံနေရတယ်။ တရားဌာန တခုသွားပြီး လေ့လာနေ တုန်း ရှိသေး အဓမ္မဝါဒ ဆိုတဲ့ ဝိနိစ္ဆယကထွက်လာပြီ။ ဘယ်လိုတုန်း ဟ အကြီးအကဲကိုယ်တော်ကြီးတို့ ။ ကိုယ်တော်ကြီးတို့ လုပ်ရပ်ကို အဟုတ်မှတ် လို့ နားစွင့်မိတယ်။ အကြီးအကဲကိုယ်တော်ကြီးတို့က ပါးဖြဲနံဖြဲစားပြီး အာဏာကို ဆုပ်ကိုင်လျက် လုပ်ချင်တိုင်းလုပ်နေကြတာကိုး။

ဘာသာဝင်ဖြစ်ကြတဲ့ ပြည်သူတွေကလည်း ကိုယ့်လုပ်ငန်းနဲ့ ကိုယ်မို့ လှည့်မကြည့်နိုင်ကြ။ ထိုသူတွေက်ို လျစ်လျူရှုပြီး ထင်တိုင်းကြဲနေကြတဲ့ အကြီးအကဲကိုယ်တော်ကြီးတို့ရဲ့ ဝိနိစ္ဆယအဖွဲ့တွေ။ ဘာသာဝင်တွေရဲ့ မျိုးဆက်တွေကို တိုးတက်တဲ့ အသိဉာဏ်တွေနဲ့ ရှင်သန်နေစေခဲ့ဖို့ မရည်ရွယ် ဲ ကိုယ်တော်ကြီးတို့ ဗိုက်ဝဖို့လောက်ပဲ ခွတုပ်နေကြတာကိုး။

စွပ်စွဲနေတာ ချောက်ချနေတာ မဟုတ်ပါဘူး။ ကိုယ်တော်ကြီးတို့ ကိုယ်တိုင်က တကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်တွေလုပ်နေကြတာကို တခြား သူတွေ မသိဘူး မထင်လေနဲ့။ ကိုယ်တော်ကြီးတို့ လက်ထဲမှာ အာဏာဆိုတဲ့ တပဲခြောက်ပြားတန် မိစ္ဆာစက်လက်နက်ကြီး ရှိနေလို့ မချစ်သော်လည်း အောင့်ကာနမ်း ။ မနမ်းသော်လည်း ပင့်သက်ရှု လုပ်နေရတာ။ မျောက်က ကဖို့ လက်ခုပ်တီးပေးတာကို အဟုတ်မှတ်မနေနဲ့။ ခါးတောင်းကျိုက်တခြား ဟိုဒင်း တခြား ဆိုတာလို တလွဲဆံပင်ကောင်းမနေ ကြနဲ့တော့။

ကိုယ်တော်ကြီတို့ရဲ့ လုပ်ရပ်တွေကို ပြန်လည်သုံးသပ်နိုင်အောင် လို့ပါ။ ဒီအချိန်သာ ဗုဒ္ဓဂေါတမကို CLONE  အဖြစ်ဖန်တီးပြီး တရားလာဟော ရင်တောင် ပါဠိတော် အဋ္ဌကထာ ဋီကာနဲ့ မညီဘူးဆိုပြီး အဓမ္မလုပ်မည့်သူ တွေ။ ဘုရားခမျာ ဝမ်းနည်းပက်လက်နဲ့ မျက်ရည်သုတ်ပြီး လှည့်ပြန်သွားရရဲ့။ ဒီလို ကမောက်ကမ နိုင်တဲ့ လုပ်ရပ်တွေကြောင့် ကျွန်တော် ဘုရားတမိတာ။

ဒီကြားထဲ ဒီနေ့ခေတ် သံဃာတွေရဲ့ ဂုဏ်ရည်အသစ်တခု တိုးပြီဆိုပြီး ဒကာတစ်ယောက်က ကဗျာရေးပြီး ကပ်လေရဲ့။ အဲဒီ ကဗျာကို ကျွန်တော့် မိတ်ဆွေ ဘုန်းကြီးတပါးဆီကရလို့ စိတ်အချဉ်ပေါက်တာနဲ့ ဆန့်ကျင်ပြီး ကဗျာရေးမိရဲ့။ တပည့်ဖြစ်တဲ့ သံဃာတော်တွေကို အပြစ်မတင်ကြပါနဲ့။ ရှေ့ကဆရာတော်တွေ အသုံးမကျလို့ ဖြစ်ကြရတာပဲ။ မြန်မာပြည်မှာ ရှိတဲ့ ဗုဒ္ဓသာသနာဟာ အဓမ္မတွေနဲ့ ဗွက်ပေါက်နေပြီ။ ဓမ္မကို ဘယ်မှာရှာရမယ် တောင် မသိသလောက်ဖြစ်နေပြီ။ ဗုဒ္ဓရဲ့ အဆုံးအမကို လိုက်နာကြသူတွေက လည်း ခပ်အအ ခပ်ချာချာ ဘုန်းကြီးတွေ ဆရာတော်တွေ မဟုတ်ကြပါဘူး။ သူတို့လည်း ဗုဒ္ဓပိဋကတ်ကို သူတို့သင်ကြားတတ်မြောက်ခဲ့တဲ့ အသိအမြင် တွေနဲ့ပဲ ရှုမြင်သုံးသပ်ပြီး ကျင့်ကြံကြလို့ ရရှိလာတဲ့ တရားကို လူတွေငြိမ်းပါ စေဆိုတဲ့ စေတနာနဲ့ ဟောကြ ပြောကြ ရေးသားကြတာပါပဲ။

ဒါတွေကိုလိုက်ပြီး ကိုယ်နဲ့မတူ ကိုယ့်ရန်သူလုပ်ပြီး အဓမ္မလုပ်ကြ တော့ ရိပ်သာချင်း မတူညီတဲ့ ယောဂီတွေ လမ်းတွေ့ရင်တောင် မင်း(ညည်း) တို့တရားက အဓမ္မလို့ အပြောခံထားရတာ တို့တရားကမှ ဘာညာဘာညာ ဆိုပြီး ကွဲပြဲ စကားများကြရော။ ဒါနဲ့ပဲ သားသမီး ရန်ဖြစ်တော့ မိဘဝင်ပါရတဲ့ သဘောမျိုးဖြစ်ပြီး တရားပြဘုန်းကြီးတွေပါ ဝင်ရှင်းရတော့ ရိပ်သာဘုန်းကြီး တွေချင်း ခိုက်ရန်ဖြစ် အငြင်းပွားပြီး အချင်းများရတဲ့ အခြေအနေ ရောက်ခဲ့ကြ ပြီ။

ဒါတွေကလည်း မပြေမလည်နဲ့ အခုထက်ထိ ရှိနေတုန်း။ တရားပလ္လင် ပေါ်မှာ ပြောလိုက်ရင်တော့ မိတ်ကြီးဆွေကြီးပဲ။ (သားအဖလားမှတ်ရမတတ်)။ အပြင်လဲရောက်ရောပါးစပ်သနတယ်ဖြစ်ရော။(ထွီ)။အဓမ္မလို့ ဆုံးဖြတ် သူတွေကို တကယ်တော့ သံဃာသင်း ခွဲကြသူတွေလို့ ဝိုင်းပြီး သမုတ်သင့်နေပြီ။ ဒါကြောင့် ကဗျာတစ်ပုဒ်နဲ့ ညည်းပါ ရစေတော့။

                 ပိန်ချုံးသာသနာ ကွယ်ပါစေ

ရဟန်းဖြစ်ကြ ၊ ဒီလောကမယ် —–

စားသောက်အိပ်နေ ၊ အလုပ်တွေနဲ့

အနေလည်းဆိုး ၊ အသေဆိုး၏ ။

အမျိုးဘာသာ ၊ သာသနာအတွက် ၊

ဘာအတွက်မျှ ၊ အချက်ကျကျ ၊ မလုပ်ကြဘူး ။

ဒုက္ခဆိပ်သီး ၊ အိတ်ကြီးကြီးနဲ့

အပြီးဝေငှ ၊ စားစေကြ၏ ။

ကိုယ်ကရှုပ်ပွေ ၊ ဒုက္ခတွေနဲ့

ပြည့်နေလျက်က ၊ သိကြလေဟန်

ပလ္လင်ပျံ၌ ၊ သင်, အံ, ကျက်ရ

စာဓမ္မဟော ၊ ရဟန်းပေါကို

အသောမသတ် ၊ ဦးညွတ်လတ်သော်

အတတ်ဗလာ ၊ ဉာဏ်ဗလာကြောင့်

ဒကာ လည်းရှုံး ၊ ရဟန်းရှုံး၏ ။

ပိန်ချုံးသာသနာ ၊ ပြည်မြန်မာ၌ ၊ မြန်စွာကွယ်ပျောက်ပါစေသော်။

6 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 9, 2011 at 8:41 am

    သံဃမဟာနာယက အဖွဲ့က မိုးပြာဆရာတော်ကို အနိုင်ကျင့် ထောင်ချသလား
    Saturday, 03 September 2011 12:39 ဝင့်ထန်း
    ဗုဒ္ဓဝါဒသည် အစဉ်အလာ ထုံးစံအားဖြင့် အကြမ်း ဖက်မှုကို ဆန့်ကျင်ပြီး၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရား လက်ကိုင်ပြုကာ ငြိမ်းချမ်းရေးကို လျှောက်လှမ်းသော ဘာသာတရား ဖြစ်သည်။
    ဘာသာမတူသူ၊ အယူဝါဒ မတူသူနဲ့ အမြင်မတူသူများအပေါ် သည်းခံမှု (tolerance) ပေးစွမ်းနိုင်တဲ့ ဘာသာတရား တစ်ခုအဖြစ်လည်း ကမ္ဘာ့အလယ်မှာ ကျော်ကြားနေဆဲ ဖြစ်သည်။
    အယူအဆ မတူသူများအပေါ် ဗုဒ္ဓဝါဒရဲ့ ခန္တီတရားနဲ့ပတ်သက်ပြီး၊ ဘီစီ ၂၆၈ မှာ ရေးထိုးခဲ့တဲ့ အိန္ဒိယပြည့်ရှင် အသောကမင်းရဲ့ ကျောက်စာတိုင်ကလည်း ထပ်မံသက်သေခံနေသည်။ အသောကမင်းက သူ့ကျောက်စာတိုင်မှာ အောက်ပါအတိုင်း ရေးထားသည်။
    “အခြားဘာသာများအပေါ် ဝေဖန်ရှုတ်ချပြီး မိမိဘာသာကိုသာ ချီးမွမ်းမနေသင့်။ မိမိဘာသာ သာသနာကို တိုးတက်ကြီးပွားအောင်လုပ်ရင်းပင်၊ အခြားဘာသာ အယူဝါဒများကိုလည်း အားပေးချီးမြှောက်မှု ပြုကြရမည်။ ဒီလိုမဆောင်ရွက်ရင်၊ အခြားဘာသာ အယူဝါဒများအတွက် ဘေးအန္တရာယ်ဖြစ်စေသလို၊ မိမိဘာသာကိုလည်း မြေမြှုပ်သဂြိုင်္ဟ်ပြီးသား ဖြစ်သွားလိမ့်မည်….”
    အနောက်တိုင်း အတွေးအခေါ်မှာ ပြင်သစ်စာရေးဆရာကြီး ဗောလ်တဲယား ရဲ့ အဆိုအမိန့်တစ်ခုကလည်း ဘာသာအယူဝါဒနဲ့ အမြင် အယူအဆ မတူသူတို့အပေါ် သည်းခံမှုနဲ့ ပတ်သက်ပြီး နာမည်ကြီးသည်။
    “ခင်ဗျား ပြောတဲ့ဟာကိုတော့ ကျုပ်သဘောမတူဘူး၊ ဒါပေမဲ့ ခင်ဗျား အဲဒါ ပြောဆိုခွင့် ရဖို့တော့ ကျုပ် အသေခံပြီး ကာကွယ်ပေးသွားမယ်” ဆိုတဲ့ စကားဖြစ်သည်။
    အသောကမင်းကြီးရဲ့ ကျောက်စာတိုင်ရော၊ ဗောလ်တဲယား ရဲ့ စကားကပါ နှစ်ခုစလုံးက လူသားထုအတွက် လွတ်လပ်စွာ သဘောကွဲလွဲခွင့်နဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်တို့ကို အကြီးအကျယ် အားပေးရာ ရောက်ခဲ့သည်။
    ————————-
    မကြာခင်က မြန်မာအင်ဂျင်နီယာဖိုရမ် အဖွဲ့က သူတို့ ဝဘ်ဆိုဒ်မှာ အငြင်းပွားဖွယ် ဗုဒ္ဓဘာသာ အယူအဆ တစ်ခုအကြောင်း ဆွေးနွေးထားသည်။ အင်ဂျင်နီယာတွေက ဘာသာရေးကို ဆွေးနွေးထားတဲ့အတွက် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ရဲ့ ဘာသာရပ်နယ်ပယ်များ ပေါင်းစည်းထိစပ်မှု သက်သေပြယုဂ်တစ်ခုဟုပင် ဆိုရမည်။
    မြန်မာအင်ဂျင်နီယာတွေ ဆွေးနွေးတဲ့ အကြောင်းရာက ပစ္စုပ္ပန် ကမ္မဝါဒ ဗုဒ္ဓဘာသာ အကြောင်း ဖြစ်သည်။ ပစ္စုပ္ပန် ကမ္မဝါဒ အယူအဆကို တင်ပြတဲ့ မိုးပြာဆရာတော် (ခေါ်) ဆရာတော် ဓမ္မဝိဟာရီ ရှင်ဉာဏ အကြောင်း ဖြစ်သည်။
    ရှင်ဉာဏ က သံဃမဟာနာယအဖွဲ့ကို ရှေ့ဘဝ၊ နောက်ဘဝ အယူမှားတွေနဲ့ ပတ်သက်ပြီး ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့အခါ၊ သံဃာဂိုဏ်းခွဲဖို့ ကြံတယ်ဆိုပြီး၊ သံဃာမဟာနာယက ဆရာတော်ကြီးများက ရှင်ဉာဏ ကို (၃) နှစ် ထောင်ချလိုက်တဲ့ အကြောင်း ဖြစ်သည်။ နောက်မှ နာယက ဆရာတော်ကြီးများက တရားနိုင် ပြန်ပေးပြီး မှားယွင်းမှုလို့ဟု ပြောဆိုဝန်ခဲ့သည်။
    ကျမ်းစာအုပ် တစ်ဒါဇင်ကျော် ရေးသားသူ ဆရာတော် ဓမ္မဝိဟာရီ ရှင်ဉာဏ ထောင်ကပြန်ထွက်လာတော့လည်း ပစ္စုပ္ပန် ကမ္မဝါဒ ဗုဒ္ဓဘာသာ ဆိုပြီး ရန်ကုန်တွင် သီးခြားရပ်တည် သီတင်းသုံးသည်။ ဝါနီရောင် သင်္ကန်း မဝတ်ဆင်စေဘဲ၊ သင်္ကန်းအပြာရောင်သာ ဝတ်ခွင့်ပြုသည်။
    အမြင်မကြည်လင်တဲ့ သံဃာမဟာနာယကအဖွဲ့က ရှင်ဉာဏကို စစ်အစိုးရနဲ့ပေါင်းပြီး ထောင်ထဲ ပြန်ထည့်လိုက်ပြန်သည်။ ဆရာတော် ရှင်ဉာဏ မှာ သူ့အယူအဆအတွက် အဓမ္မဝါဒီအဖြစ် အစွပ်စွဲခံရပြီး၊ လက်ရှိအချိန်ထိ ထောင်ထဲမှာပင် ရှိနေသေးသည်။
    ဆရာတော် ရှင်ဉာဏရဲ့ ပစ္စုပ္ပန် ကမ္မဝါဒ အယူအဆမှာ မြန်မာထေရဝါဒဗုဒ္ဓဘာသာဝင်များကြားတွင် ယခုချိန်ထိ ရေပန်းစားမှု မရှိပါ။ သို့သော် သံဃနာယက အဖွဲ့အတွက်တော့ ပြိုင်ဘက် အဓမ္မအယူအဆအဖြစ် သဘောထားကာ အမျိုးမျိုး ပိတ်ပင်တားမြစ်ထားရုံမက၊ မိမိအမြင်ရှုထောင့်တစ်ခု တင်ပြသူကို ထောင်ချထားသည်။ ထိုကဲ့သို့ အတွေးသစ်အမြင်သစ် တင်ပြသူကို နိုင်ငံတကာ တက္ကသိုလ်များတွင်တော့ မိစ္ဆာဒိဌိ ဟု မသတ်မှတ်ဘဲ စာတမ်းတစ်ခု(thesis) အဖြစ် လက်ခံထားကြမည်သာ ဖြစ်သည်။
    အခုတော့ အခြားဘာသာကွဲများကိုတောင် ရပ်တည်ခွင့် ပေးထားတဲ့ မြန်မာနိုင်ငံမှာ၊၊ ဗုဒ္ဓဘာသာကို အမြင်တစ်ခုဖြင့် တင်ပြသူကို ထောင်ချထားသည်မှာ ခန္တီတရား လက်ကိုင်ထားတဲ့ ထေရဝါဒ သမိုင်းအတွက် အမည်းစက် စွန်းထင်းဖွယ်ရာ ဖြစ်သည်။
    သံဃမဟာနာယက ဆရာတော်များရဲ့ လုပ်ရပ်က မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် အားနည်းမှုကို ထင်ဟပ်ဖော်လျက် ရှိသည်။ သံဃာမဟာနာယက အဖွဲ့ဟာ လွတ်လပ်သော ဘာသာရေးအဖွဲ့ မဟုတ်ဘဲ၊ အာဏာပိုင် ယန္တရားသဖွယ် အမြင်ကွဲလွဲသူများအပေါ် ရက်ရက်စက်စက်ပြုမူရာ ရောက်နေသည်။
    နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ ဆရာတော် ဦးဇဝနကတော့၊ ရှင်ဉာဏ ရဲ့ ပစ္စုပ္ပန် ကမ္မဝါဒ အပေါ် အမှားအမှန် ဝေဖန်မှုမပေးလိုကြောင်း၊ အားလုံးလွတ်လပ်စွာ ဆွေးနွေးရမည့် အကြောင်းအရာဖြစ်ကြောင်း ပြောသည်။
    သို့သော် ရှင်ဉာဏရဲ့ အယူအဆကို လက်ခံတာ မခံတာ အပထား၊ သူ့အယူအဆကို တင်ပြခွင့်ရဖို့အတွက် ထောင်အကြိမ်ကြိမ်ကျခံ နေရသူမို့ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ သံဃာနာယကအဖွဲ့အနေနဲ့ အာဏာရှိသူနဲ့ ပေါင်းပြီး ရှင်ဉာဏကို အနိုင်ကျင့်ရာရောက်ကြောင်း ဦးဇဝန ကမိန့်ကြားသည်။
    မြန်မာနိုင်ငံသည် အမြင်အယူအဆ ပေါင်းစုံ ရှင်သန်ခွင့်ရှိဖို့၊ ဘာသာရေး လွတ်လပ်ခွင့်ရရှိဖို့၊ ဒီမိုကရေစီပန်းတိုင် ရောက်ရှိဖို့ လျှောက်လှမ်းနေကြချိန် ဖြစ်သည်။ လက်ရှိ သံဃမဟာနာယကအဖွဲ့ရဲ့ ရှင်ဉာဏ အပေါ် ပြုမူပုံမှာ မြန်မာလူထုရဲ့ အတွေးအခေါ် လွတ်လပ်ခွင့်အတွက် အန္တရာယ်ရှိစေရုံသာမက၊ အနာဂတ် ထေရဝါဒ သာသနာရေး အတွက်ပါ စိုးရိမ်ဖွယ် ရှိမှုကို ထင်ဟပ်ပြသနေသည်။
    ဝင့်ထန်း
    http://www.maukkha.org/index.php?option=com_content&view=article&id=1781:2011-09-03-12-45-24&catid=119:2010-10-11-07-36-06&Itemid=373

  • lionking

    September 9, 2011 at 8:32 pm

    ကျေးဇူးတင်ပါတယ်။ မိုက်ကယ်ဂျော်နီအောင်ပု မြန်မာပြည်မှာရှိတဲ့ ဗုဒ်ဓဘာသာဝင်တွေ သဘောထားကြီး ပြီးအမြင်ကျယ်စွာနဲ့ သုံးသပ်နိုင်ဖို့ အထောက်အကူဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်တို့မြန်ပြည်ရဲ့ ဗုဒ်ဓဘာသာဟာ နည်းပညာရဲ့ တိုက်စားမှုဒဏ်ကို ခံနိုင်ရည်ရှိဘို့ အပြေးအလွှား ကြိုးစားရတော့မည့် အချိန်ရောက်လာပါပြီ ။ ဒါကို ပစ်ပယ်ထားလို့ မရတော့ဘူး။ ကျွန်တော်တို့လက်ထဲကို သာသနာတော်ဟာ ရောက်လာခဲ့ပြီ ဒါကို ငြင်းဆန်းလို့မရတော့ဘူးဆိုတာကို လက်ခံဖို့လိုလာပြီ။ လက်ခံပြီး မသုံးသပ်ကြရင် သာသနာဟာ အလိုအလျှောက် ကိုယ့်လက်ထဲကနေ လျှောကျပျောက်ကွယ်သွားမှာပဲ။ ဘုန်းကြီး ရဟန်းတွေဟာ ဘုန်းကြီးပြီး ရတာလေးတွေနဲ့ ဟန်ကျနေဘို့ မတော်တော့ဘူး။ အသိအမြင်တွေ ချဲ့ပြီးမြင်ကြဘို့ အရေတကြီးကို လိုအပ်လာပြီဆိုတာ အချိန်ကာလကြာလာသည်နှင့်အမျှ မြင်ကြရလိမ့်မယ်။

  • lionking

    September 11, 2011 at 7:48 pm

    မြန်မာပြည်မှာရှိနေကြတဲ့ ရဟန်းသံဃာတွေဟာ အဘက်ဘက်မှ သတိထားဆင်ခြင်မိကြဖို့လိုလာပြီ။ ဟိုတနေ့ကပဲ နိုင်ငံခြားအသံလွှင့်ဌာနတခုက သီတဂူ ဆရာတော် ၊ ဒယ်အိုးဆရာတော် နဲ့ ဒကာတစ်ယောက်(ခရစ်ယာန်ထင်ပါတယ်)တို့ကို မေးမြန်းနေတာတွေကြားလိုက်ရတယ်။ ငွေနဲ့ တရားကို လဲစားနေကြတာလားလို့မေးတော့ ဟုတ်ပါတယ်လို့ ဘယ်သူဖြေလိမ့်မလဲ။ လိမ်မနေကြနဲ့တော့ သန်းထွန်းလေးရဲ့ မွေးဌာနေသီချင်းခေတ်စားတုန်းကလိုပဲ ခွေးကတောင်မှ အော်ရင်“ မွေးဌာနေ မွေးဌာနေ”ဆို ပြီးအော်သလိုမျိုးပဲ ဒင်းတို့လိမ်နေတာတွေကို သိနေကြပါတယ်။ သူတို့ကတော့ ရွှေဟင်္သာရဲ့ ဆောင်ပုဒ်ကြီး ကိုင်ပြီး မိုက်နေကြတုန်းပဲ။ ဘာတဲ့ ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း ၊ မဖဲ့မစောင်း ၊ ကိုယ့်လမ်းကြောင်းကို ၊ ဆိတ်ခေါင်းနဲ့ယှဉ် ၊ ရှေ့ရှုနှင်လော့ ဆိုလား ဘာဆိုလားပါပဲ။ ဒါတွေကိုစီစစ်ကြပါဦး ရေးသူကိုယ်တိုင် သူ့ဘဝ လမ်းကြောင်းကို ဘယ်လောက် စိတ်ကောင်းနှင့် ယှဉ်နိုင်လို့လဲပေါ့။ ဗုဒ္ဓဘုရားရဲ့ တရားဟာ ပစ္စတ္တံ ဝေဒိတဗ္ဗ တဲ့။ သူတို့လုပ်ပုံက သူတို့အတွက်ပဲ ပစ္စတ္တံ ဝေဒိတဗ္ဗ လုပ်နိုင်တယ်ထင်ပါတယ်။ ယခုလက်ရှိ အကြီးအကဲ သံဃာတွေဟာလည်း သူတို့ရဲ့ လက်ဆင့်ကမ်းတွေဆိုတော့ အတူတူနဲ့ အနူနူပါပဲ။ အားလုံးသောဗုဒ္ဓဘာသာဝင်တွေဟာ အသိအမြင်တွေ မြင့်မားကြဖို့ အရေးတကြီးပြင်ဆင်သင့်လှပြီ။

  • lionking

    September 12, 2011 at 6:34 pm

    စာဖတ်သူတွေသိစေဖို့ နိုင်ငံတော်အကြီးအကဲကိုယ်တော်ကြီးတပါးကို ဒကာတစ်ယောက်က ဆပ်ကပ်တဲ့ ဂုဏ်ရည်အသစ်ဆိုတဲ့ ခေတ်ကာလရဟန်းငယ်တွေရဲ့ အဖြစ်အပျက်အနေအထားကို ရေးသားထားတဲ့ ကဗျာ တစ်ပုဒ်နဲ့ သူ့ကဗျာကို သရော်တဲ့ ကဗျာတပုဒ် လက်ဆောင်ပါးလိုက်ပါရစေ။ခေါင်းစဉ်ကဂုဏ်ရည်သစ်တဲ့ ။
    စာလည်းမအံ ၊ ဆွမ်းမခံဘဲ
    ဘောကန်ဇယ်တောက် ၊ အရက်သောက်၍
    လမ်းလျှောက်သီချင်းဆို ၊ မဒီပျိုနား
    ကွမ်းယာဝါးလျှက် ၊ စကားလက်ဆုံ
    ပြောမကုန်သည် ၊ ဂုဏ်ရည်အသစ် ၊ မှတ်လေလော့ တဲ့။
    ဒါကိုပြန်ပြီး ချေပပြလိုက်တဲ့ကဗျာက ဒီလို
    စာလည်းမအံ ၊ ဆွမ်းမခံဘဲ
    ဘောကန်ဇယ်တောက် ၊ အရက်သောက်၍
    လမ်းလျှောက်သီချင်းဆို ၊ မဒီပျိုနား
    ကွမ်းယာဝါးလျှက် ၊ စကားလက်ဆုံ
    ပြောမကုန်လစ် ၊ ဂုဏ်ရည်သစ်ဟု ၊
    ထုဆစ်ရေးသား ၊ အိုလူသား …..
    တို့ကားထိုထို ၊ မလုပ်လိုလည်း
    စိတ်လိုလက်ရ ၊ လုပ်ရသည်မှာ
    အကြောင်းရှာသော် ၊ ဆရာသမား
    ထေရ်ကြီးများ၏ ၊ ဝေဝါးမြင်သိ
    ကျမ်းပိဋကတ် ၊ ခဲခဲကတ်ကို
    စွဲမှတ်ကိုယ်မှာ ၊ မကျင့်ပါပဲ
    မနာလိုကာ ၊ ဝန်တိုစွာနှင့်
    ဟိုဟာအမှား ၊ ဒီဟာမှားဟု
    ပေါင်းစုဆုံးဖြတ် ၊ ထိုလုပ်ရပ်ကြောင့်
    ဟုတ်ဟုတ်ဟတ်ဟတ် ၊ ပိဋကတ်လာ
    အမြတ်ဓမ္မာ ၊ ကျင့်စရာကား ၊ တို့များဘယ်မှာ ရှာမတုံး။ ဆိုပြီး ဆန့်ကျင်ဘက် ကဗျာပုဒ်ကိုရေးကာ အကြီး အကဲ ဆရာတော်ကြီးတပါးကို အကပ်ခိုင်းခဲ့ဘူးပါတယ်။ သံဃာငယ်တွေ မိုက်ချင်လွန်းလှလို့ မိုက်နေကြ တာမဟုတ်ဘူးလို့ထင်ပါတယ်။ ရှေးကကိုယ်တော်ကြီးတွေက သူတို့စရိုက်တွေကိုပြကြတယ်လေ။ ဘယ်လို ပြသလဲဆိုတော့ မိန်းမတွေနဲ့ ရှုပ်လားရှုပ်ရဲ့ ။ ကျောင်းတွေလုသလား လုရဲ့ ။ ဒါတင်မကပဲ တရားဌာနဟူသမျှ တရားစွဲလား စွဲရဲ့ ဆိုတော့ နောက်ကရဟန်းငယ်တွေက အဲဒီအတုတွေ လိုက်ပြီးခိုးကြရမှာလား။ မိုက်လိုက်တဲ့ ဖြစ်ခြင်းပေါ့။ ဘုရားသာရှိရင် မောဃပုရိသလို့ ရိုးရိုးမပြောပဲ ။ အတိတို့ မဟာတို့တပ်ပြီး ပြောရမည့်ပုံ ရှိတယ်။ ဒါကြောင့် အဲဒီဘုန်းကြီးမိုက်တွေနဲ့ စာရင် ကွမ်းစားဆေး သောက်နေတာကမှ တော်ဦးမယ်။

  • lionking

    September 21, 2011 at 1:32 pm

    ကျွန်တော်က ဘုရားကို အငိုခိုင်းပြီး ဘုရားတရုံရှိသေးတယ်။ အဓမ္မဝါဒ ဖော်ထုတ်ရေးဆိုတဲ့ post ကရွာထဲ ဝင်လာတာတွေ့လိုက်ရတယ်။ လုပ်ကြပြန်ပြီလားလို့လည်း အောက်မေ့မိ ဝင်ရေးမိပါသေးတယ်။ peacespeaker က ယခုလက်ရှိဘုန်းတော်ကြီးတွေဖြစ်တဲ့ နိုင်ငံတော်သံဃာ့မဟာနာယကနှင့် အဓမ္မဝါဒ ဖော်ထုတ်ရေးအဖွဲ့တွေကို အဓမ္မဝါဒ စာမူပြိုင်ပွဲနဲ့ ပတ်သက်ပြီး ယခုလက်ရှိ သံဃနာယကတွေနဲ့ အဓမ္မဝါဒဖော်ထုတ်ရေး အဖွဲ့တွေကို အပြစ်တင် ဆဲဆိုရှုပ်ချပြီး လွန်ခဲ့သောနှစ်(2500) ကျော်က ဘုရားရဲ့ တရားတွေကို တနေလေရဲ့။ ဟုတ်မှာပါလေ ။ တကိုတမိရမှာပဲလို့လဲ မြင်မိပါတယ်။ ဘာကြောင့်လဲဆို ဘုရားရဲ့တရားက ငြိမ်းချမ်းလွတ်မြောက်ရေးတရား မဟုတ်လား။ အခုတော့ မငြိမ်းချမ်း မလွတ်မြောက်ရုံ မဟုတ်ဘူး စာမူပါဖိတ်ခေါ်ပြီး အခကြေးငွေတွေပေးပြီး ရေးခိုင်းသလိုဖြစ်နေတာကို မခံမရပ်နိုင်ဖြစ်နေပုံပေါ် ပါတယ်။ မတော်တဲ့အဖြစ်ကတော့ တကယ်ကို မတော်ဘူးလို့လည်း ထင်မိပါတယ်။ ဘာသာခြားတွေသာ သိရင် အင်္ဂလိပ်အခက် ဗမာ့အချက် လို့လုပ်သွားရင်ပြဿနာ။ အေးချမ်းစွာဖြေရှင်း ညှိနှိုင်းကြမယ်ဆိုရင် အတိုင်းထက်အလွန်ကောင်းမယ်လို့ ထင်မိတာပါပဲ။

Leave a Reply