ဒို့ဘာသာ (၁၈) မဲပေးခွင့်

ashinindakaSeptember 7, 20111min804

ကိုးတိုင်းကိုးဌာနသာသနာပြုစေလွှတ်တဲ့အထဲမှာပါဝင်တဲ့
သီရိလင်္ကာနိုင်ငံလို့ခေါ်တဲ့ သီဟိုဠ်ကျွန်းမှာ
ဗုဒ္ဓဘာသာအခြေကျပြီး ပြန့်ပွါးလာခဲ့တာ ယနေ့တိုင်အောင်ဘဲ။

သီဟိုဠ်ကျွန်းမှာ ပညာရေးကိစ္စနဲ့
၁၉၉၉-၂၀၀ဝ နှစ်တွေတုန်းက နေခဲ့ဘူးတယ်။
သီဟိုဠ်ကျွန်း၊ ကိုလံဘိုမြို့က တက္ကသိုလ်တစ်ခုမှာ
ပညာသင်ကြားရင်း အဲ့နိုင်ငံမှာရှိတဲ့ သီဟိုဠ်ရဟန်းတော်တွေရဲ့အခန်းကဏ္ဍ၊
ဘာသာရေး သာသနာရေးအခြေအနေတွေကို လေ့လာဖြစ်ခဲ့တယ်။

သီဟိုဠ်နိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ
မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာရဟန်းတော်တွေထက်
လူမှုရေးမှာ တက်တက်ကြွကြွပါဝင်ကြတယ်။

၂၀၀၄ – ခုနစ်တုန်းက သီဟိုဠ်နိုင်ငံ ဆူနာမီဒဏ် အတော်ခံရတယ်။
အိုးအိမ်တွေပျက်စီး၊ အသက်တွေဆုံးရှုံးတယ်ပေါ့။

ဒီလိုအခြေအနေမျိုးမှာ နိုင်ငံခြားကို ရောက်နေတဲ့ သီဟိုဠ်ရဟန်းတော်တွေ
ကိုယ်နဲ့နီးစပ်တဲ့ဒကာ ဒကာမတွေထံက အလှူခံပြီး
သီဟိုဠ်နိုင်ငံပြန်ထောက်ပံ့ကြတယ်။

အဲ့ဒီအချိန်တုန်းက မြန်မာပြည်က ရဟန်းတော်သံဃာတော်တွေ
ကိုယ့်ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံဖြစ်တဲ့သီဟိုဠ်နိုင်ငံ ဆူနာမီဒဏ်ထိတာ
ကိုယ်နဲ့မဆိုင်သလိုပဲ နေခဲ့ကြတယ်။

၂၀၀၈ – ခုနစ် မြန်မာပြည်၊ ဧရာဝတီတိုင်းဘက်မှာ နာဂစ်မုန်တိုင်းတိုက်ခိုက်ခံရတယ်။
သီဟိုဠ်ရဟန်းသံဃာတော်တွေက နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့နေရာဒေသကို သွားပြီး
အိမ်တွေ တည်ဆောက်ပေးတယ်။ တကယ်လိုအပ်တဲ့နေရာတွေမှာ
လိုအပ်တဲ့အရာတွေကို ထဲထဲဝင်ဝင်ဆောက်ရွက်ပေးတယ်လို့ သိရတယ်။
မေတ္တာတရား ကရုဏာတရားစတဲ့ဗြဟ္မစိုရ်တရားတွေကို
အလုပ်နဲ့သက်သေပြလိုက်တာပဲ။

မြန်မာဆရာတော်သံဃာတော်အများစုကတော့
မေတ္တာအကြောင်း၊ ကရုဏာအကြောင်း ရွှန်းရွှန်းဝေအောင်
ဟောလွန်း ပြောလွန်းလို့ သူတို့ဟောပြီး ပြောပြီးရင်
မိုက်ကိုတောင် နေပူပူမှာ နှစ်ရက်လောက် နေလှန်းလိုက်ရတယ်။

အပြောနောက်မှာ Action လိုက် မလာပါဘူး။
Action လိုက်ပါတယ်ဆိုရင်လဲ အတော်နည်းပါးတာကို တွေ့ရပါတယ်။

သီဟိုဠ်နိုင်ငံမှာရှိတဲ့ရဟန်းသံဃာတော်တွေ
နိုင်ငံရေးမှာကော ဘယ်လိုပတ်သက်မှုရှိလဲ။

သီဟိုဠ်နိုင်ငံမှာ နေစဉ်အတောအတွင်း
ပါတီစုံရွေးကောက်ပွဲကျင်းပတာနဲ့ ကြုံဘူးတယ်။
အဲ့တုန်းက သီဟိုဠ်ဘုန်းကြီးကျောင်းတစ်ကျောင်းမှာနေတယ်။
ရပ်ကွက်မဲရုံကို ဘုန်းကြီးကျောင်းထဲက အဆောင်တစ်ဆောင်ရဲ့ အောက်ထပ်မှာ လုပ်ကြတယ်။
မဲပေးချိန်မှာ သီဟိုဠ်ဘုန်းကြီးက ထွက်လာပြီး မဲရုံကို သွားဘို့ ပြင်ဆင်တယ်။
ဒီတော့ အဲ့ဘုန်းကြီးကို စပ်စုဖြစ်တယ်။

“အရှင်ဘုရား၊ ဘယ်သွားမလို့ပါလဲဘုရား”

“မဲရုံကို”

“မဲရုံကို ဘာသွားလုပ်မှာလဲဘုရား”

“မဲသွားပေးမလို့ပေါ့ဟ”

“ဘုန်းကြီးတွေ မဲပေးလို့ ရလို့လား”

“အော်၊ ဒို့ဘုန်းကြီးတွေလဲ ဒီနိုင်ငံသားတွေပဲဟ၊ ဒီနိုင်ငံသားဆိုတော့ နိုင်ငံသား တစ်ယောက်အနေနဲ့ သူကြိုက်တဲ့သူကို ရွေးချယ်ပိုင်ခွင့်ရှိရမှာပေါ့။ ဒို့ဘုန်းကြီးတွေလဲ တက်လာတဲ့အစိုးရနဲ့ ပတ်သက် နေရတာ၊ ဆက်ဆံနေရတာ၊ တိုင်းလူကြီးနဲ့ပတ်သက်နေရတာ၊ ဆက်ဆံနေရတာ၊ မြို့နယ်လူကြီးနဲ့ ပတ်သက်နေရတာ၊ ဆက်ဆံနေရတာ၊ နောက်ဆုံး ရပ်ကွက်လူကြီးနဲ့ ပတ်သက်နေရတာ၊ ဆက်ဆံနေရတာ။ ဆိုတော့ ဒို့ပတ်သက် ဆက်ဆံနေရတဲ့လူကြီးတွေဟာ ဒို့ကြိုက်နှစ်သက်တဲ့ ဒို့ရွေးချယ်လိုက်တဲ့ ဒို့မဲပေးလိုက်တဲ့ လူကြီးတွေပဲဖြစ်ရမှာပေါ့။ ဒီလိုမှ ရွေချယ်ခွင့်မရရင် မဲပေးခွင့်မရရင် တက်လာတဲ့အစိုးရ၊  တိုင်းလူကြီး၊ မြို့နယ်လူကြီး၊ ရပ်ကွက်လူကြီး ဒို့နဲ့ပတ်သက်စရာ အကြောင်း မရှိဘူး။ ဒို့နဲ့မဆိုင်ဘူး။ သူတို့ထုတ်တဲ့ဥပဒေလဲ ဒို့လိုက်နာစရာမလိုဘူး။”

ဒါသီဟိုဠ်ဘုန်းကြီးမဲပေးခါနီး ပြောပြသွားခဲ့တဲ့စကားလေးတွေပါ။
စဉ်းစားစရာတွေ အများကြီးပဲ။

ဒီနေ့ဒီအချိန်အခါမှာ သီဟိုဠ်ဘုန်းကြီးတွေ ရွေးကောက်ပွဲမှာတောင်
ဝင်ရောက်ယှဉ်ပြိုင်လို့ အနိုင်ရဘုန်းကြီးတွေ ပါလီမန်ထဲအထိ
ရောက်ကုန်ကြပြီတဲ့။

4 comments

  • zawmaung

    September 7, 2011 at 5:19 pm

    သီဟိုဠ်နိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ
    မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာရဟန်းတော်တွေထက်
    လူမှုရေးမှာ တက်တက်ကြွကြွပါဝင်ကြတယ်။
    Absolute right. When we been there , the monks want us to marry their “dagama” daughters.

  • zawwin

    September 8, 2011 at 1:54 am

    monks who lost their human rights and citizen rights.Military government like them apart from the people.Because they afraid the power of monks who can lead the people since ancient time at the every sector of culture,education and politic.They sent monks to the narrow corner .They want the people to do their major jobs for their lifetime profits.

  • kai

    September 8, 2011 at 3:27 am

    မြတ်စွာဘုရားကိုယ်တော်တိုင်.. လူမှုရေး(လောကီရေး)တွေကို.. တစိုက်မတ်မတ်.. ကူညီပြောဟောလုပ်ကိုင်ပေးခဲ့ရက်နဲ့.. မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာလက်ထဲကျတော့.. အခုလိုဖြစ်နေတော့တာပါပဲဘုရား…။

    ကြားထဲက.. ဆိတ်ငြိမ်ရာသွား.. တရားထိုင်.. ကိုယ့်အတွက်လုပ်ဆိုတာကြီးကိုပါ.. မြန်မာဘုန်းကြီးတွေက.. လူတွေကိုသင်ပေးနေတော့ကာ… တိုင်းပြည်ထူထောင်လုပ်ကိုင်နိုင်တဲ့.. လူလုပ်အားတွေ.. ငွေအရင်းအမြစ်တွေလည်း အင်မတန်ဆုံးရှုံးရပါတယ်..။

    ဒါတွေနဲ့..အဲဒီအကျိုးဆက်တွေဟာ..” မြန်မာ”ဆိုတာကို… ကမ္ဘာ့အလယ်က..”ဆွဲချ”သွားစေတယ်လို့.. နိုင်ငံရေးအမြင်နဲ့…သုံးသတ်မိကြောင်းပါ…။

    • မိုက်ကယ်ဂျော်နီအောင်ပု

      September 8, 2011 at 9:02 am

      ဘုရားစူး မိုးဂျိုးပွတ်
      ဒါ
      ဒီပို့စ်တင်ကတည်းက
      ရေးလိုက်တဲ့ကော်မန့်
      မရေးတော့ပါဘူးလေလို့
      ရေးပြီးမှ
      ကော်မန့် မှတ်စုဆိုပြီး မှတ်ထားတာရှိတယ်
      အဲ့သည်မှ ပြန်မှတ်ထားတာ
      …………………….
      ရဟန်းတွေ မဲပေးလို့ရတယ်ဆိုတာကိုဖတ်ပြီး
      သဂျီးမင်းကတော့ သဘောတွေကိုကျ
      နေမှာဘဲဘုရား

Leave a Reply