ဆန်နီနေမင်း ဂျာနယ်မှာရေးသားထားတဲ့ အတုယူမမှားစေလို ဆောင်းပါးလေးပါ

ဆန်နီနေမင်းSeptember 7, 20111min1438
ယနေ့ခေတ်လူငယ်များဟာ အတတ်ပညာများကို သိမြင်ရုံဖြင့် တက်သိနားလည် သဘော ပေါက်လွယ်နေကြပါတယ်။ တိုင်းတစ်ပါးမှ အတက်ပညာဗဟုသုတပညာများကို သိမြင်ရုံဖြင့် တက်သိနားလည်နေတဲ့ခေတ်မှာ မကောင်းသောအတတ်ပညာ၊ အတွေးအခေါ်အယူအဆ၊ ဝတ်စားဆင်ယင်မှုများကို အတုယူမမှားအောင် ဆင်ခြင်စဉ်းစားကြဖို့ အရေးကြီးပါတယ်။ လူငယ် လေးများ အတုယူမမှားစေရန်မှာ ပတ်ဝန်းကျင်ရှိအနေနီးသူ လူကြီးများ၏ ပြောဆိုဆုံးမ နေထိုင်မှုပေါ်၌ မူတည်ပါတယ်။

ရှေးဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏ ဟူသော စကားကဲ့သို့ ရှေးဆောင်ဖြစ်တဲ့ လူကြီးများက ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုနေထိုင်ပြရပါ မယ်။ ဒါမှသာ နောက်တက်လူငယ်များက အတုယူမှန်ပြီး အနာဂတ်မြန်မာပြည်ကြီးသည် သာယာလှပလျက် ယဉ်ကျေးသောနိုင်ငံအဖြစ် ဆက်လက်တည်တံ့နိုင်မှာပါ။ ဒါ့ကြောင့် ရှေ့ဆောင်ဖြစ်တဲ့ လူကြီးများ သည် နောက်လာမဲ့ကလေးများ၏ အတုယူစရာဖြစ်သဖြင့် အထူးဂရုစိုက် ဆင်ခြင်နေထိုင်ဖို့ လိုပါတယ်။ မိမိကိုယ်ကိုယ် အသက်(၂၀)မကျော်သေးလို့ မိမိက လူကြီးမဟုတ်ဘူးလို့လည်း မထင်လိုက်ပါနဲ့။ မိမိအောက်က ကလေးတွေကို ကြည့်မယ်ဆိုရင် မိမိဟာလည်း လူကြီးဖြစ်ပြီး နောက်လူငယ်များ ၏ ရှေးဆောင်များ ဖြစ်ကြပါတယ်။

နောက်လူငယ်လေးများကို ဒီလိုမနေနဲ့ ဒီလိုနေဆိုပြီး အတုမြင် အတတ်သင်တတ်အောင် ရှေ့ဆောင်များက လူကြီးသူကောင်းပီသစွာ သူ့နေရာနှင့်သူ ပြောဆိုဆက်ဆံနေထိုင် ဝတ်စား ဆင်ယင်တတ်ရန် နည်းပေးလမ်းညွှန်လုပ်ပေးရပါမယ်။ ဒါမှလည်း နောက်ခေတ်လူငယ်များက သူတို့အထက်က လူကြီးများကိုကြည့်ပြီး ပြုမှုကျင့်သုံးမှသာ ယဉ်ကျေးသော မြန်မာနိုင်ငံဂုဏ် သိက္ခာသည် အဆက်မပြတ် တည်တံလျက် ရှိနေမှာပါ။

“အတုမြင်အတက်သင်”ဟူသောစကားဟာမှန်ကန်သောအကြောင်းအရာ၊ ကောင်းမွန် သောအလေ့အထများကို လိုက်လုပ်ရန်အတွက် အသုံးဝင်တဲ့ စကားပုံဖြစ်သော်လည်း မကောင်း သောအမှုကိစ္စများကို အတုယူလျှင်တော့ အသုံးမကျသော စကားပုံဖြစ်သွားပါတယ်။ ဒါ့ကြောင့် မြင်သမျှသော အရာဝတ္ထုအားလုံးကို မိမိနှင့်သင့်တော်မှုရှိမရှိ၊ မိမိယဉ်ကျေးမှု လူမျိုးဘာသာနှင့် လိုက်ဖက်မှုရှိမရှိ၊ မိမိနိုင်ငံလူမျိုးအတွက် အသုံးဝင်မဝင်တို့ကို စဉ်းစားပြီးမှ လုပ်သင့်မလုပ်သင့်ကို ဆုံးဖြတ်ကျင့်သုံးရပါမယ်။ မိမိနိုင်ငံလူမျိုးများရဲ့ ယဉ်ကျေးမှုများကို မစဉ်းစားမတွေးတောဘဲ မိမိအတွက်ပဲကြည့်ပြီး လုပ်ချင်ရာကိုလုပ်မည်ဆိုပါက ထိုသူသည် နိုင်ငံလူမျိုးမျက်နှာကို မထောက်ထားတဲ့အတွက် နိုင်ငံလူမျိုးများရဲ့ ပြစ်ဒဏ်ကြီးမားသော ရန်သူဖြစ်သွားပါမယ်။

မိမိတို့ဟာ ဗွီဒီယိုဇာတ်ကားထဲကဖြစ်စေ၊ စာအုပ်ထဲကဖြစ်စေ၊ အင်တာနက်ကနေဖြစ်စေ ရယူနိုင်တဲ့အတတ်ပညာများဟာ အများသူငှါအကျိုးရှိစေမဲ့ အတတ်ပညာများဖြစ်အောင် အသုံးချရ ပါမယ်။ အဲဒီလိုမဟုတ်ဘဲ မိမိလူမျိုးနိုင်ငံယဉ်ကျေးမှုပျက်ပြားစေမဲ့ အကျင့်စရိုက်များကို အတုယူကျင့်သုံးပါက ထိုလူသည် လူမျိုးနှင့်နိုင်ငံယဉ်ကျေးမှု ဖျက်ဆီးသူပါ။ မိမိတို့ ဘိုးဘွားစဉ်ဆက် ထိန်းသိမ်းလာသော မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုကို မိမိလက်ထက်ကျမှ ပျက်စီးသွားမယ်ဆိုရင် ဘိုးဘွားများရဲ့မျက်နှာကို မထောက်ရာရောက်သလို ဘိုးဘွားများထိန်းသိမ်းခဲ့တဲ့ ယဉ်ကျေးမှုမျာကို လည်း ဖျက်ဆီးရာရောက်ပါတယ်။

ဇာတ်ကားတစ်ကားကိုကြည့်လျှင် ထိုဇာတ်ကားထဲ၌ပါသော စီးပွားရေးဈေးကွက်၊ ကောင်းမွန်သော ကိုယ်ကျင့်တရား၊ လူမှုဆက်ဆံရေးအတတ်ပညာ၊ အချိန်ကိုအသုံးပြုနည်း၊ အပေါင်းအသင်းကောင်းဆိုတာ ဘယ်လို မကောင်းတဲ့အပေါင်းအသင်းဆိုတာ ဘယ်လိုစတဲ့ အချက်များစွာထဲကနေ မိမိအတွက် အသုံးကျမဲ့ အတတ်ပညာဗဟုသုတများကို ထုတ်နုတ်ယူရပါမယ်။ အဲဒီလိုမဟုတ်ဘဲ မိမိက အပျင်းပြေလောက် ကြည့်မယ်ဆိုရင် အဲဒီလူဟာ အချိန်ကုန်ရကျိုး မနပ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင် နိုင်ငံလူမျိုးပျက်စီးစေမဲ့ မကောင်းတဲ့နည်းများကိုသာ အတုယူကျင့်သုံးပါက အသုံးမကျတဲ့လူတစ်ယောက်လည်း ဖြစ်ပါလိမ့်မယ်။ ယခုမြန်မာလူမျိုးများ ကြားတွင် ကိုးရီးယားဇာတ်ကားများ ရေပန်းစားနေပါတယ်။ မိမိတို့မြန်မာလူမျိုးများအတွက် အသုံးဝင်လို့များ ရေပန်းစားနေတာလားလို့ စဉ်းစားမိပါသေးတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ထိုရေပန်းစားသောဇာတ်ကားများကိုကြည့်ပြီး မြန်မာလူမျိုးများ တိုးတတ်မှုမရဘဲ ဆုတ်ယုတ်မှုတွေသာ ရရှိနေကြပါတယ်။

ကိုးရီယားဇာတ်ကားများကို နေ့စဉ်အချိန်ပေးလျက်ကြည့်နေကြပြီး ထိုဇာတ်ကားထဲကနေ မိမိအတွက် အမှန်တကယ် နည်းယူသင်တဲ့အချက်များကို နည်းမယူဘဲ မိမိမြန်မာလူမျိုးများ သိက္ခာကျပြီး ကိုယ့်ကျင့်တရားပျက်စီးစေတဲ့ အချက်အလက်များကို မှားယွင်းစွာ လေ့လာ လိုက်စားနေကြပါတယ်။ တကယ်ဆို ကိုးရီးယားဇာတ်ကားများတွင် သူတို့လူမျိုးများ စီးပွားရေးနှင့် ပတ်သတ်လျှင် မည်မျှလောက် အချိန်ကိုတန်ဖိုးထားပုံ၊ စီးပွားရေးလုပ်ရာ၌ မခိုးမကပ်ဘဲ ကြိုးစားနေကြပုံတို့ကို အတုယူကျင့်သုံးရမှာပါ။ အဲဒီလိုသာ အတုယူကျင့်သုံးမယ်ဆိုရင် မိမိတို့ မြန်မာလူမျိုးများအတွက် မည်မျှလောက် တန်ဖိုးရှိလိုက်မလဲနော်။

ကိုးရီးယားလူမျိုးများရဲ့ ဝတ်စားဆင်ယင်မှုသည် သူတို့နိုင်ငံမှာ သူတို့ထုံတမ်းစဉ်လာ ဖြစ်နေ၍ မည်သူကမျှ ရှက်စရာဟု မထင်ပေ။ နောက်ပြီး သူတို့နိုင်ငံရဲ့ အစဉ်အလာလိုဖြစ်နေတဲ့ အိမ်ထောင်ရေးဖောက်ပြန် မတည်မြဲမှုများကလည်း ရိုးရာဖြစ်နေခြင်းကြောင့် မထူးဆန်းပါ။ မိမိက တစ်စုံတစ်ခုကို အတုယူတော့မယ်ဆိုရင် မိမိတို့နိုင်ငံယဉ်ကျေးမှုနှင့် ကိုက်ညီမှုရှိမရှိဆိုတာ စဉ်းစားရပါမယ်။ မိမိတို့နှင့်ဆန့်ကျင်ဘက်ဖြစ်တဲ့အရာတွေကို သာ သွားအတုယူမိဆိုရင် ထိုလူဟာ လူအများ၏အထင်သေးခြင်းကိုပါခံရပြီး မိမိတို့ မြန်မာရိုးရာ ထုံတမ်းစဉ်လာယဉ်ကျေးမှုကိုလည်း ဖျက်ဆီးသူဟု သတ်မှတ်ခံ ကဲ့ရဲ့ခံရပါမယ်။

ကိုယ့်နိုင်ငံက ရိုးရာယဉ်ကျေးမှုဖြစ်နေတဲ့ ထမင်းစားလျှင် ခရင်းနှင့်မစားဘဲ လက်နှင့်စားတာကို ကိုးရီယား လူမျိုးများ အတုယူပြီး လက်နှင့်အစားအစာစားမယ်ဆိုရင် ထိုလူသည်လည်း သူတို့ကိုးရီးယားယဉ်ကျေးမှု ထုံတမ်းစဉ်လာနှင့်မကိုက်ညီသောကြောင့် လူအများ၏ ကဲ့ရဲ့ခြင်းကို ခံရမည်အပြင် ကိုးရီးယားယဉ်ကျေးမှုကို လည်း ဖျက်ဆီးသူဟု သတ်မှတ်ခံရမှာပါ။ မိမိတို့ မြန်မာလူမျိုးမိန်းကလေးများရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက စပြီး သူများနိုင်ငံက လူမျိုးများနှင့် မတူသောကြောင့် ဘောင်ဘီဝတ်ခြင်းများကလည်း လိုက်ဖက်ညီထွေမှု မရှိလှပါ။ ထို့ပြင် ယောက်ျားလေးများကလည်း ရိုးရိုးအကောင်းဘောင်ဘီကို သူများနိုင်ငံက ဇာတ်ကားထဲမှာ မင်းသားက တောထဲမှာဝတ်စရာမရှိလို့ ဘောင်ဘီဖာတာကိုကြည့်ပြီး မြန်မာလူငယ်များက အကောင်ချည်းကို ဖာဝတ်ကြပါသေးတယ်။ နောက်ပြီး မိမိတို့ မြန်မာလူမျိုးများရဲ့ ဆံပင်ဟာ မွေးကတည်းက အနက်ရောင်ပါ။ ဒါကို တိုင်းတစ်ပါးက လူမျိုးများရဲ့ ဆံပင်ကို အတုယူပြီး အရောင်ပြောင်းကြတာဟာ မိမိတို့ရဲ့ မွေးသမိခင်ကိုလည်း စော်ကားရာ ရောက်ပါတယ်။ အမေ မွေးတုန်းက အကောင်လေးဖြစ်လျက်နဲ့ ကိုယ်ဘာသာလူကြည့်မကောင်းအောင် လိုက်လုပ် ကြခြင်းသည် သင့်လျော်မှုရှိမရှိဆိုတာကို စဉ်းစားကြပါလေ။

မိမိတို့နိုင်ငံလူမျိုးယဉ်ကျေးမှုနှင့် ဆန့်ကျင်ဘက်ဖြစ်တဲ့ အဝတ်အစားမလုံခြုံမှု၊ အိမ်ထောင် ရေးမတည်ငြိမ်အောင် တစ်ယောက်နှင့်တစ်ယောက် ဖောက်ပြန်မှုများကိုသာ အတုယူကျင့်သုံး နေကြတာတွေဟာ မိမိအတွက်ရော တစ်ပါးသူအတွက်ရော နိုင်ငံယဉ်ကျေးမှုအတွက်ပါ ထိခိုက်စေတဲ့ အတုယူမှားတွေပါ။ မိမိတို့ မြန်မာနိုင်ငံ မြန်မာလူမျိုးများသည် တစ်လင် တစ်မယားစနစ် ကျင့်သုံးခဲ့သော နိုင်ငံဖြစ်သလို ယဉ်ကျေးသိမ်မွေ့ဣန္ဒြေရှိသော နိုင်ငံအဖြစ်လည်း ကမ္ဘာပေါ်မှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီလိုဖြစ်နေတဲ့နိုင်ငံကြီးကို ယဉ်ကျေးမှုရိုးရာများ ပျက်စီးမသွားရအောင် အတုယူမမှားဖို့ အရေးကြီးပါတယ်။

တစ်ချို့ဆို ကိုးရီးဇာတ်ကားများကြောင့် အိမ်ထောင်ရေးတောင် ပြိုကွဲကြသေးတယ် တဲ့။ အော်-တော်တော်အံ့ဩစရာ ကောင်းလှပါလားနော်။ ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုကြောင့် မိမိတို့ ချစ်ခင်နှစ်သက်လို့ယူထားကြတဲ့ ဇနီးမောင်နှံတွေ ကွဲကွာကြတယ်ဆိုတာ အသိဉာဏ်မရှိသူများရဲ့ လုပ်ရပ်များသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့အသိဉာဏ်များကို သူ့နေရာနှင့်သူ အသုံးချတတ်အောင် စဉ်းစားဆင်ခြင်သုံးသပ်ပေးဖို့ လို်ပါတယ်။ လူတိုင်းမှာ အသိဉာဏ်ပညာရှိကြသော်လည်း ဆင်ခြင်စဉ်းစားဉာဏ်နည်းမှုများမှုတော့ ကွာပါတယ်။ အဲဒီလို ကွာဟမှုကြောင့်လည်း လူတစ်ဦးနှင့် တစ်ဦး ဉာဏ်ရှိတာခြင်း မတူတာပါ။ အဲဒီတော့ မိမိတို့ရဲ့ ဉာဏ်ပညာများကို သူ့နေရာနှင့်သူ အသုံးကျတတ်အောင် လေ့ကျင့်စဉ်းစားပေးရပါမယ်။

ယခုခေတ် မြန်မာမိန်းကလေးများဟာ ကိုးရီးယားဇာတ်ကားများကြည့်ပြီး ခေတ်မီတဲ့ပုံစံ မပေါ်တပေါ်လေးဝတ်မှ ယောက်ျားများက ကြိုက်မယ်လို့ ထင်နေကြပါတယ်။ ဒါဟာလည်း အထင်မှား အတုယူမှားတွေပါ။ မိမိက ခေတ်မီတဲ့ပုံစံဝတ်မှသာ ယောက်ျားများ၏ ကြည့်ရှု့ခြင်း ကြိုက်နှစ်သက်ခြင်းများကို ခံရမယ်မထင်ပါနဲ့။ အဲဒီလို မလုံတလုံဝတ်ခြင်းများဟာ တခဏတာပဲ ယောက်ျားလေးများရဲ့စိတ်ကို ဆွဲဆောင်နိုင်ပါတယ်။ ဒါဟာလည်း ကိလေသာစိတ်နိုးဆွပေးတဲ့ သဘောလေးလောက်ပဲ အကြည့်ခံတာပါ။ တကယ်တမ်းကျတော့ မြန်မာလိုယဉ်ယဉ်ကျေးကျေး ပုံစံလေးကသာ ယောက်ျားလေးများ၏ ရင်ထဲကို တစိမ့်စိမ့်ကြည့်နေချင်လောက်အောင် ဆွဲဆောင်နိုင်ပါတယ်။ တချို့သော မိန်းကလေးများဟာ မိမိက ခေတ်မီတဲ့ပုံစံမဝတ်ခြင်းကြောင့် ယောက်ျားမရမှာ ပူနေကြတယ် ထင်ပါတယ်။ တကယ်တမ်းကျတော့ ဒါဟာလည်း ပူစရာမလိုပေ။ မိမိတို့ မွေးကတည်းက သူအိုးနှင့်သူ့ဆန် တန်ရာတန်ရာ ဖူးစာဖတ်ပါလာပြီးသားပါ။ မိမိက တကယ်အိမ်ထောင်ကျမဲ့သူဆိုရင် ဘယ်လိုကန်းနေ ကျိုးနေ ရုပ်ဆိုးနေပါစေ အချိန်တန်ရင်တော့ နပိန်ကန်လာပါလိမ့်မယ်။

မိမိရဲ့ အဝတ်အစားကြောင့် တစ်ပါးသောယောက်ျားလေးများအား ကိလေသာထကြွမှု ကြောင့် အပြစ်ဖြစ်သလို မိမိသည်လည်း လုံ့ဆော်ပေးခြင်းကြောင့် အပြစ်ဖြစ်ပါတယ်။ ဒါ့ပြင် မိမိကြောင့် စိတ်မထိန်းနိုင်ကြမ်းတမ်းသော ယောက်ျားလေးများနှင့်တွေ့ရင် ကာမေသုမိစ္ဆာစာရ ကျုးလွန်ခြင်းများလည်း ဖြစ်နိုင်ပါတယ်။ မိန်းကလေးများဟာ ယဉ်ကျေးသိမ်မွေ့စွာ ဝတ်စားဆင်ယင် ပြုမှုနေထိုင်မယ်ဆိုရင် ထိုမိန်းကလေးကို မြင်ရသူမှာလည်း စိတ်ကြည်နှုးမှုဖြစ်ရသလို တခြားနိုင်ငံလူမျိုးများရဲ့ အမြင်မှာလည်း မြန်မာလူမျိုးများ၏ သိက္ခာရှိမှုကို အထူးတန်ဖိုးထားခြင်း ခံရပါမယ်။

ယောက်ျားများဟာ မိန်းကလေးများကို အလွယ်တကူတွဲပြီး တန်ဖိုးမထားတတ်ကြသလို မိန်းကလေးများကလည်း မိမိတို့ရဲ့ဣန္ဒြေကို သိက္ခာကင်းမဲ့စွာနေထိုင်ပြီး ယောက်ျားများရဲ့အလိုကို ရှေ့နောက်မစဉ်းစားဘဲ ယုံကြည်လွယ်ကာ ပုံအပ်လေ့ရှိကြပါတယ်။ ယောက်ျားဖြစ်သူများဟာ သူတို့လိုချင်တဲ့အချိန်ရပြီးလျှင် နောက်နောင်ကို စိတ်မပါသောအခါ မိန်းကလေးများအား ပစ်ထားတတ်ကြပါတယ်။ မိန်းကလေးများကလည်း သူတို့ပစ်သွားလျှင် မမုသလို နေတတ်ကြပြီး မိမိဗိုက်တွင် သန္ဓေခလာသောအခါမှသာ သူများအသတ်ကို အလွယ်တကူသတ်ဖြစ်ကာ အပြစ်များစွာ ကျူးလွန်ကြပါတော့တယ်။ ဒါဟာလည်း ကောင်းသော လက္ခဏာလားဆိုတော့ မဟုတ်ပါဘူး။ မိမိတို့ စဉ်းစားဆင်ခြင်မဲ့မှုကြောင့် မိမိဒုက္ခရောက်ရသလို ရခဲလှတဲ့လူ့ဘဝလေး ဖြစ်လာမဲ့ကလေးလည်း ပျက်စီးသွားရပါတယ်။ ယောက်ျားလေးများသည် မည်သို့ပင် သူတို့က ပွေနေစေကာမှု သူတို့တစ်သက်လုံး ရာသက်ပန်ပေါင်းချင်သည့် မိန်းကလေးကိုတော့ ရိုသားဖြူစင်တဲ့ အိမ်ထောင်ရှင်မကောင်း ပီသတဲ့သူ ဖြစ်စေချင်ပါတယ်။ ယောက်ျားတွေဟာ အဲဒီလို မိန်းကလေးကိုသာ ရအောင်ယူလေ့ရှိပြီး ထိုမိန်းကလေးမျိုးမှလည်း တစ်သက်လုံး ပေါင်းသင်းနိုင်ကြပါတယ်။ မိန်းကလေးကလည်း မိန်းမကောင်း မပီသ၊ ယောက်ျားလေးကလည်း အိမ်ထောင်ဦးစီးမပီသသူများဖြစ်ပါက ထိုစုံတွဲသည် ဘယ်လိုမှ ရာသက်ပန်ချစ်ခင်ပြီး ပေါင်းသင်း နိုင်လိမ့်မည် မဟုတ်ပေ။

ဒါ့ကြောင့် လူသားအားလုံး အတုယူမမှားစေရန် အထူးဂရုစိုက် ဆင်ခြင်စဉ်းစားနေပြီး မိမိစိတ်ကို နေ့စဉ် Control ဖြင့် ထိန်းချုပ်ဆင်ခြင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ် လိုက်ပါတော့တယ်။

ယခုဆောင်းပါးကို Shade journal မှာ ရေးသားပေးခဲ့တာပါ။ အဲဒီဂျာနယ်ကို ဖတ်ချင်လို့ ဒေါင်းလော့လုပ်ချင်တယ်ဆိုရင်တော့ ဒီမှာ ယူလိုက်ပါ။ http://www.mediafire.com/?2yb512g1kvnx459

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com

M.A (သီရိလင်္ကာ)၊ ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

8 comments

  • pan pan

    September 9, 2011 at 10:45 am

    မြန်မာနိုင်ငံကလူတွေများ မကောင်းတာဆို အင်မတန်အတတ်မြန်ပါတယ်ဘုရား
    ဆံပင်အရောင် ကြောင်ကြောင်ကြားကြားနဲ့ လှမယ်ထင်မိပါတယ်
    မှန်တာလျှောက်ရရင် တပြည့်တော်လည်း တစ်ခေါင်းလုံး ဆံပင်အရောင်ဆိုးထာပါတယ်ဘုရား
    ကိုယ်တိုင်လည်း ဒီဆံပင်ကိစ္စကို မပြုပြင်နိုင်ပါဘူး
    ပြင်လည်း ခဏပဲရပါတယ်
    ပြုပြင်နိုင်တဲ့ စိတ်ခွန်အား မရှိသေးပါဘူးဘုရား
    ရန်ကုန်မှာ အပြင်ထွက်ကြည့်လိုက်ရင် တပြည့်တော်တို့ မိန်းကလေးချင်းတောင် မကြည့်ရဲအောင် ဝတ်စားဆင်ယင်သူတွေ၊ လူမြင်ကွင်းမှာ အမြင်မတင့်တယ် စုံတွဲများအနေအထိုင်ပက်စက်တာတွေလည်း တွေ့နေရပါတယ်
    လူတစ်ယောက်ချင်းစီရဲ့ စိတ်ဓါတ်တွေပျက်ပြားလာတာနဲ့အမျှ ခေတ်ပါပျက်တယ်ထင်ပါတယ်
    တပြည့်တော်လည်း ကိုယ့်စိတ်ကိုယ်မနိုင်သေးပါဘူး
    ကိုယ့်ကိုကိုယ် ဆံပင်လေးအရောင်လေးဆိုးလိုက်ရမှ လှတယ်ထင်နေပါတယ်ဘုရား

  • မီးမီး သော်

    September 9, 2011 at 12:02 pm

    “”မိမိတို့ ဘိုးဘွားစဉ်ဆက် ထိန်းသိမ်းလာသော မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုကို မိမိလက်ထက်ကျမှ ပျက်စီးသွားမယ်ဆိုရင် ဘိုးဘွားများရဲ့မျက်နှာကို မထောက်ရာရောက်သလို ဘိုးဘွားများထိန်းသိမ်းခဲ့တဲ့ ယဉ်ကျေးမှုမျာကို လည်း ဖျက်ဆီးရာရောက်ပါတယ်။””

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 9, 2011 at 12:41 pm

    ဟုတ်ပါတယ် ဘုရား
    ဒါ့ကြောင့် အရှင်ဘုရားလည်း
    ကလောင်နာမည်ကို အရှင်ကောမလ လို့ဘဲပေးသင့်ပါတယ် အရှင်ဘုရား
    ဆန်နီနေမင်းဆိုတော့ ရဟန်းစာရေးသူအနှေင့် တော်တော်ခေတ်ဆန်တယ်လို့
    ထင်မိပါတယ်ဘုရား ( အထင်ပါဘုရား )

  • Moe Z

    September 9, 2011 at 1:12 pm

    တစ်ချို့မိန်းကလေးတွေမြန်မာဆန်ဆန်နဲ့ ရိုးသားအေးချမ်းသလိုထင်ရပေမယ့် အကျင့်စာရိတ္တမကောင်းတာတွေကို တွေ့ဖူးလို့ လူတစ်ယောက်ကိုအပေါ်ယံကြည့်ပြီး ဆုံးဖြတ်ဖို့ခက်ပါတယ်ဘုရား..သူကြီးကမတူတဲ့အမြင်နဲ့ဝေဖန်ပါဆိုလို့ 😛

  • ဆန်နီနေမင်း

    September 9, 2011 at 1:23 pm

    ဟုတ် ဒကာမိုက်ကယ်။ အရှင်ကောမလဆိုတာကိုတော့ ဦးဇင်းဆိုဒ် http://www.sanninaymin.com/ မှာရော။ ဖေ့ဘုတ်မှာပါ နာမည်အကုန်ထည့်ထားပါတယ်။ နောက်ပြီး ဘလော့ပို့စ်တင်တိုင်း၊ ဂျာနယ်မှာရေးတိုင်းလည်း အရှင်ကောမလဆိုတာ ပါပါတယ်။ အင်း ဆန်နီနေမင်းဆိုတဲ့ ဦးဇင်းရဲ့လူနာမည်ဟာ စာရေးတဲ့ကလောင်နာမည်ဖြစ်ရခြင်းရဲ့အကြောင်းရင်းက ဦးဇင်းအင်တာနက်မှာ စာစရေးတဲ့အချိန်က ဘုန်းကြီးနှင့်အင်တာနက်မသုံးကောင်းဘူးဆိုတဲ့ အတိုက်အခံတွေနဲ့ စတင်ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကြောင့် ဘုန်းကြီးလို့လူမသိတာလည်း အရေးမကြီးဘူး။ အဓိကက ငါ လူငယ်တွေကို ပညာပေးရေးပေးနေရရင် ပြီးတာပဲဆိုပြီး လူနာမည်ဖြစ်တဲ့ ဆန်နီနေမင်းကို ဆိုဒ်တိုင်းမန်ဘာဝင်တဲ့အခါ သုံးပြီး စာတွေရေးခဲ့ပါတယ်။ အင်း နောက်ပိုင်း နာမည်လည်း လူသိများလာတော့ ဆန်နီနေမင်းဆိုတာ ဦးဇင်းဆိုတာ သိလာကြပါတယ်။ ခုနောက်ပိုင်းတော့ ဘွဲ့ရောနာမည်ရော နှစ်ခုလုံးသုံးပါတယ်။ ဓာတ်ပုံကတော့ ဦးဇင်းပုံကိုပဲ တင်ထားတာပါ။ အဲဒီအကြောင်းတွေကြောင့် ဆန်နီနေမင်းဆိုတဲ့ လူတုန်းကနာမည်ကို သုံးလိုက်ရခြင်းပါ ဒကာ မိုက်ကယ်အောင်ပုရေ။ ဒကာက ဦးဇင်းဆိုဒ်ကို ဝင်မဖတ်ဘူးတော့ ခု ရှင်းပြချက်ကို မသိသေးတာလည်း ပါပါတယ်လေ။

  • windtalker

    September 9, 2011 at 2:07 pm

    ဘုန်းကြီး က အင်တာနက် မသုံးရဘူးဆိုတာ ကို
    လုံးဝ လက်မခံပါဘူး ဘုရား
    သာသနာတော် ပျံ ့ပွားရေး
    တရားဓမ္မဖြန် ့ချီရေး အတွက် မို ့
    လက်ခံပါတယ် ဘုရား

    • pan pan

      September 9, 2011 at 2:16 pm

      ဟုတ်ပါတယ်ဘုရား
      ခုဆို ရွာထဲမှာပဲ ဦးဇင်းရဲ့ပိုစ့်တွေဖတ်ပြီး မသိတာတွေသိရပါတယ်
      ရှောင်ရန်ဆောင်ရန်တွေလည်း သိရပါတယ်
      ဘာသာရေးနဲ့ပတ်သက်ပြီး ဗဟုသုတရပါတယ်
      ကျေးဇူးများပါတယ်ဘုရား

  • blackchaw

    September 9, 2011 at 2:17 pm

    တရားခံအစစ်က မြန်မာ့ ရုပ်မြင်သံကြား နဲ့ မြဝတီရုပ်သံတို့က တာဝန်ရှိသူတွေပါဘုရား။
    သူတို့ကလည်း အထက်လူကြီးဆိုသူများကိုတင်ပြပြီး ခွင့်ပြုချက်ရမှ ပြရဲတာပါဘုရား။
    သူတို့ဆတ်ဆော့ လို့ မြန်မာပြည်သူတွေ ကိုးရီးယား အရသာ တွေ့သွားကြတာပါ ဘုရား။
    တပည့်တော် ကြည့်မိသမျှတော့ အိမ်ထောင်ရှိယောင်္ကျားနဲ့ အိမ်ထောင်ရှိမိန်းမ တွေ သံယောဇဉ်
    တွယ်တဲ့ ဇာတ်လမ်းတွေများတယ်ဘုရား။ ဒီဇာတ်လမ်းတွေက ဆင်ဆာခွင့်ပြုချက်ရမှ ပြရတာဖြစ်ပါသော
    ကြောင့် ဘယ်လိုမူတွေနဲ့ ဆင်ဆာကြည့်သလဲဆိုတာ အရေးကြီးကြောင်းပါ ဘုရား။

Leave a Reply