ကျွန်တော့်မိတ်ဆွေတစ်ယောက်မှာ အငှားကားလေး တစ်စီးရှိပါတယ် နေ့စဉ်ဝင်ငွေလေး ရနေတော့ ဘေးကကြည့်ပြီး သဘောလဲကျ အားလဲကျပေါ့ ကိုယ့်လဲ ဒါမျိုးလေးတစ်စီး ရှိရင် ကောင်းမှာလို့ တွေးမိတယ် ဒါပေမဲ့ သူရှင်းပြလို့ ယာဉ်မောင်းကို ထိန်းရတဲ့ကိစ္စ၊ပြင်ဆင်ရေးကိစ္စ၊ဟိုကိစ္စ ၊ဒီကိစ္စတွေ အကြောင်း ကြားရတော့လဲ အငှားကားပိုင်ချင်တဲ့ စိတ်လေး ပျောက်သွားရတယ် မိတ်ဆွေက အခု ကြုံနေရတဲ့ အခက်အခဲလေး ထပ်ပြောပြတာက….

သူက ၀န်ထမ်းပါ ရှိတဲ့ငွေလေးရယ်၊ လိုတာကို အတိုးနဲ့ချေးပြီး အငှားကားလေး ၀ယ်လိုက်ပါတယ် အကြွေးမြန်မြန်ဆပ်ချင်တော့ နေ့စဉ်ရတဲ့ အုံနာခကို ရဲရဲတောင် မစားရဲပဲ စုနေရတဲ့ဘ၀ပါ သူကားလေးဝယ်ပြီး သိပ်မကြာဘူး အငှားကားတွေ မီတာတပ်  .. မတပ်ရင် ဖမ်းမယ်၊ဆီးမယ်၊နုတ်နုတ်လှီးမယ်ဆိုတော့ ကြောက်အားလန့်အားနဲ့ ခါတော်မီပေါ်လာတဲ့ ကုမ္မဏီတွေထဲက တစ်ခုမှာ မီတာ ပြေးတပ်လိုက်ရတယ် အဲဒီတုန်းက ပစ္စည်းဘိုး၊လက်ခ ၃ သိန်းကျတယ်  အစတော့ ဟုတ်သလိုလိုနဲ့ မြန်မာပြည်ထုံးစံ စီမံချက်ကာလတော့ စစ်ဆေး၊သတိပေး၊အရေးယူ ဘာညာနဲ့ ကျွန်တော်တို့တောင် ဂျာနယ်တွေ ၊သတင်းစာတွေမှာ ဖတ်လိုက်ရသေး ၊ စီမံချက်ကာလလဲ ပြီးရော ဒီအမိန့်သူတို့ပေးတာ မဟုတ်တဲ့အတိုင်း ဘယ်သူမှလဲ မစစ်၊ ဘယ်ကားသမားမှလဲ မီတာမဖွင့် ကြာတော့ မီတာတပ်ထားပါတယ် ဆိုတာတောင် မေ့တေ့တေ့ ဖြစ်ကုန် ကြရော သူ့မှာ  မီတာကိစ္စပြီးတော့ အင်ဂျင်ကဖောက်လာရော ဆေးခန်းပို့ ခွဲစိတ်လုပ်လိုက်တော့ သိန်းဂဏန်း ကုန် အဲဒီနောက်ပိုင်းတော့ ကုန်ကျစရိတ်လေး နဲလာပြီး စုဆောင်း အကြွေးဆပ်နိုင်လာလို့ ပျော်မယ်ကြံကာရှိသေး မီတာစီမံချက် က တစ်ရေးနိုးပြီး ပြန်စလာပြန်ရော မီတာတွေကိုစစ်မယ်  ပထမ အကြိမ် ဒဏ်ငွေ တစ်သောင်း တစ်ထောင့် ငါးရာကျပ် နဲ့ လိုင်စင် တစ်လ ပိတ်မယ်၊ ဒုတိယကြိမ် တွေ့ရင် ဒဏ်ငွေ သုံးသောင်း တစ်ထောင့် ငါးရာကျပ်နဲ့ လိုင်စင် သုံးလ ပိတ်၊ တတိယ အကြိမ် (CNG) ထုတ်ယူခွင့် ၁ လ ပိတ်သိမ်း အရေးယူမယ် ဆိုတော့ မှ ကားက မီးတာလေး ဖွင့်ကြည့်တော့ ဖွင့်လို့မရတော့ဘူး  မြန်မာ့နည်း မြန်မာ့ဟန် ထုရိုက်ကြည့်မရ နဲ့ ပထမတော့ ချက်ချင်းသွားမပြင်သေးပဲ စောင့်ကြည့်သေးတယ် ကြာလာတော့ ယာဉ်မောင်းက ကျွန်တော်တော့ မမောင်းရဲတော့ဘူးဆိုမှ သူတို့မီတာတပ်ခဲ့တဲ့ ကုမ္မဏီကို ပြေးရတယ် မီတာအထူးကုနဲ့တွေ့တော့ မှ အဖြေကရှင်းသွားတယ် မီတာကကောင်းတယ် မိုင်းလစ်ကြိုးမရှိလို့ မပြတာတဲ့ ( အင်ဂျင်ချတုန်းက ပျောက်သွားတာ ဖြစ်မှာပေါ့) အဲဒါဆို အစားထိုးလို့ရမလားဆိုတော့ မိုင်းလစ်ကြိုးတော့ အပိုမရှိဘူး နောက်တစ်လုံးအသစ်လဲမှ ရမယ် ဈေးတွေကျနေပါတယ် တစ်လုံးလုံးမှ နှစ်သိန်းထဲတဲ့ သေပြီဆရာလို့ အော်ရမဲ့ကိန်း……. တခြားကုမ္မဏီတွေမှာများ လဲလို့ရမလား စုံစမ်းကြည့်တော့ ကုမ္မဏီ တစ်ခုနဲ့ တစ်ခု သွင်းလာတဲ့ ပစ္စည်းက မတူဘူး ၊ ဒီပစ္စည်းက ဒီကုမ္မဏီ တစ်ခုထဲမှာပဲ ရှိတယ် ဒါ ခင်ဗျား ကံကောင်းတာတဲ့ တချို့ကုမ္မဏီဆို ဘဘကြီးတို့ရဲ့ ထောက်ခံအားပေးမှုနဲ့  ရက်ပိုင်းအတွင်း မီတာကုမ္မဏီထောင် သွင်း မြိုးမြိုးမြက်မြက်ကလေး ရောင်းပြီးတော့မှ စီမံချက်ကာလ ကလဲ မရှိတော့ ကားသမားတွေက ထပ်တပ်တာ၊လာပြင်တာလဲ မရှိတာနဲ့ ကုမ္မဏီတောင် ဖျက်လိုက်ပြီ မရှိတော့ဘူး ဆိုပဲ (ရိုက်ချက်ကတော့ ပြင်းတယ် သူများတွေလို ချည်တုတ်ရိုက်ရုံဆို သိနေမှာစိုးလို့ မေ့ဆေးပေးပြီးမှ ရိုက်တာနေမှာ J) အသစ်လဲ မလဲနိုင် မီတာမဖွင့်ရင်လဲ ရဲဖမ်းမှာ ကြောက်ရတော့ ကြုပ်ကျက်လိပါဦး ဆရာသမားတို့ရယ် ဆိုတော့မှ မြန်မာ့တီထွင်နိုင်စွမ်းကိုပြလိုက်တာ မီတာက ကားစမောင်းရင် ဖွင့်ထားလိုက် မသွားသေးဘူး မီပွိုင့်မှာ ရပ်နေတဲ့အချိန်မှ မီတာကတက်လာပြီး အလုပ်လုပ်မယ် မတော်တဆများ ကိုကိုရဲတွေနဲ့တွေ့ရင် သူတို့မစစ်ခင် နဲနဲခိုးေ၇ွှ့လိုက် သူတို့စစ်တဲ့အချိန် မီတာကလဲ အလုပ်လုပ်နေမယ်၊သွားခဲ့တဲ့ ခရီးအတွက်လဲ ကုန်ကျစရိတ်ပြနေပြီ ကဲ မပိုင်လား တစ်ခုတော့ ရှိတာပေါ့ ဓါတ်ပုံရိုက်ပြီး ဖွမဲ့မမမျိုး စီးနေတဲ့အချိန် မစစ်ပါစေနဲ့လို့တော့ ဆုတောင်းပေါ့ နောက် ကျွန်တော်ကိုလဲ ပြောသေးတယ် မေးလို့သာ ပြောရတာ ဟိုရေးဒီရေး ရှောက်ရေးမနေနဲ့ဦးတဲ့ တကယ်လို့ ရေးချင်လဲ နာမယ်တွေ နံပတ်တွေတော့ ထည့်မရေးပါနဲ့ကွာ မတော် ရွာထဲလာပုန်းနေတဲ့ ရဲတွေ့ပြီး လမ်းကစောင့်ဖမ်းရင် အကြွေးလေး ထပ်တင်သွားပါဦးမယ်တဲ့…

 

ဒီတပတ်ထုတ်တဲ့ weekly eleven ထဲမှာ မန္တလေးက ဆရာစိုးဘားဒိုင်ရဲ့ “ကောင်းကင်ပေါ်ကသွားတယ်..” ဆိုတဲ့ ဆောင်းပါလေး ပါလာတယ် ရန်ကုန်ကနေ မန္တလေးအပြန် လေယာဉ်စီးတုန်း ကြုံခဲ့ ရတဲ့ အတွေ့အကြုံလေး ရေးထားတာ ၀တ္ထုတို အရေးကောင်းတဲ့ဆရာ ရေးတဲ့ ဆောင်းပါးဆိုတော့ ဆောင်းပါးနဲ့ မတူပဲ ၀တ္ထုတို ဖတ်ရသလိုပဲ ကိုယ်ပါ လေယာဉ်ထဲပါသွားတယ် ဆရာစိုးက သြဂုတ် ၂၈ ရက်နေ့ ရန်ကုန်ကိုလာ ၃၀ ရက်နေ့ လေယာဉ်နဲ့ မန္တလေးကို ပြန်တယ် လေယာဉ်က မနက် ၈ နာရီ မင်္ဂလာဒုံကွင်းက တက်တယ် အလာတုန်းက ခရီးထက် ရာသီဥတုကကောင်းတော့ ခရီးစဉ်က အေးအေးဆေးဆေးပေါ့ နာရီဝက်လောက်နေတော့ လေယာဉ်မယ်ချောချောလေးတွေက မုန့်၊လက်ဖက်ရည်၊အအေးတွေ လိုက်တိုက်တယ် မုန့်ဗန်းလေးထဲက မုန့်ကိုယူပြီး စားမယ်လုပ်တုန်း မုန့်ဗန်းကအောက်ကိုလျှောကြ၊ လေယာဉ်ကြီးကလဲ ရုတ်တရက် အောက်ကိုစိုက်ဆင်းသွားတယ် ၀ုန်း ဆိုတဲ့ အသံကြားရပြီးတော့  ခေါင်းပေါ်က အောက်ဆီဂျင်ပိုက်တွေ ပြုတ်ကျလာတယ် အပေါ်ကလေထွက်ပေါက်တွေက လေမထွက်တော့ဘူး လေယာဉ်မှူးက လေယာဉ်ထဲမှာ လေဖိအားပြသနာပေါ်တဲ့အတွက် မင်္ဂလာဒုံကွင်းကိုပြန်လှည့်မယ် ဘာမှ စိတ်မပူကြပါနဲ့ လို့ကြေငြာပေးတယ် လေယာဉ်မယ်လေးတွေကလဲ “ မပူကြပါနဲ့ရှင်”  ပေါ့ ဒါပေမဲ့ သူတို့ကိုယ်တိုင် စိတ်ပူနေတဲ့မျက်နှာက ဖုံးလို့မရဘူး ခဏကြာတော့ အထဲမှာ လေကပူလာတယ် အသက်ရှုလို့ မ၀တော့ဘူး အဲဒါနဲ့ အောက်ဆီဂျင်ပိုက်ကို ယူတပ်ကြည့်တော့ အောက်ဆီဂျင်ကမထွက်ဘူး တချို့ဟာတွေက မကောင်းလို့ပါ ကောင်းတဲ့ဘက်က ဟာကိုယူတပ်ပေးပါ လို့ လေယာဉ်မယ်လေးတွေက လိုက်ပြောပေးတယ် လေယာဉ်ထဲက အပူချိန်က ကြာလေပိုပူလာလေဖြစ်လာတယ် ဘာကြောင့်ဖြစ်တာလဲ ဆိုတာမေးတော့ သူတို့ဖြေတဲ့အဖြေက ဟိုလိုလို ဒီလိုလို ကျွန်တော့်မှာ ဖတ်ရင်းနဲ့ မျက်စေ့ထဲ ကွက်ကွက်ကွင်းကွင်း မြင်ရင်း အသက်ရှုကြပ်လာတယ် ရေးထားတာလေး က ပေါ်လွင်လွန်းလို့ ဆရာ ရေးထားတာလေး ဖတ်ကြည့်ပါဦး “လေယာဉ်မယ်ကလေးက ကိစ္စတွေကို ရှင်းပြနေသည် ။ အောက်ဆီဂျင်ပိုက်တွေက အလုပ်မလုပ်တာကိုလည်း ပိုက်တွေကို ဆွဲဆွဲဆောင့်နေသည်။ ဒီလိုမျိုးအောက်ဆီဂျင်ပိုက်တွေ အောက်ကိုပြုတ်ကျလာတာကို သူတို့လည်း မကြုံဖူးသေးကြောင်း ပြောနေသည်။ အလုပ်မလုပ်သည့် အောက်ဆီဂျင်ပိုက်တွေကို ဆွဲဆွဲဆောင့်နေတာက ပိုက်သာပြုတ်ပြတ်ကုန်မည်၊ အောက်ဆီဂျင်ကထွက်မလာပေ။

တချို့ခရီးသည်တွေ လေတဖျပ်ဖျပ်ယပ်ခပ်နေရသည်။ တချို့က ရင်ဘတ်ကိုဖိနေပြီး၊ တချို့က နားပေါက်တွေကို လက်ဖြင့်ပိတ်နေကြသည်။ ကျွန်တော်တို့ ချွေးတွေပြန်လာသည်။ မွန်းကြပ်လာသည်။ အသက်ရှုမ၀သလိုဖြစ်သည့် ခရီးသည်တွေက အနီးဆုံးလေဆိပ်ကိုမဆင်းဘဲ ရန်ကုန်ပြန်နေတာကို ပြောနေကြသည်။

အပေါ်က လေအေးထွက်နေသည့် အပေါက်တွေက လေလုံးဝမ၀င်တော့ပေ။ လေယာဉ်ထဲတွင် လေနည်းနေပြီး အသက်ကိုလုရှူနေရသည်။ လူတွေက မျက်လုံးစုံမှိတ်ပြီး ပါးစပ်ကတတွတ်တွတ်ရွတ်နေကြသည်။ မင်္ဂလာဒုံလေဆိပ်ကိုဆင်းခါနီးကျတော့မှ လေပေါက်တွေက ခန လေထွက်လာပြီး အသက်ရှူရတာပြန်ပြီး အဆင်ပြေလာသည်။ လေယာဉ်ပြေးလမ်းပေါ် လေယာဉ်ဆင်းလိုက်တော့မှ ခရီးသည်တွေလည်း ဟင်းချနိုင်ရတော့သည် ” တဲ့

 

လေဆိပ်ရောက်တော့ လေယာဉ်ထွက်ခွာဆောင်မှာ ပြန်စောင့်ရတယ် အဲဒီလေယာဉ် ပြန်ပြင်နေပါတယ် နောက်ထပ်တစ်နာရီခွဲလောက်ဆို ပြီးမယ်ထင်ပါတယ်တဲ့ ခရီးသည်တွေက အဲဒီလေယာဉ်နဲ့ ပြန်လိုက်ရမှာ ကြောက်နေကြပြီ တခြားလေယာဉ်နဲ့ ပြန်လိုက်ဖို့ စုံစမ်းတဲ့သူက စုံစမ်း ကားနဲ့ ပြန်ဘို့ စီစဉ်တဲ့သူက စီစဉ် ၊ သူတို့ ၀န်ထမ်းတွေကို အခြေအနေ မေးကြည့်တော့လဲ အဖြေကအတိအကျ မသိရ သူတို့အထင်ပဲကြားရတယ် ၊ လေယာဉ်ကို စောင့်နေရင်းနဲ့ ကော်ဖီလေး မုန့်လေးတော့ ကျွေးဖော်ရတယ် ဆိုလို့ တော်သေးရဲ့ လို့တွေးမိတယ် နောက် နေ့လည် တစ်နာရီလောက်မှ ခရီသည်တွေကို နှစ်သုတ်ခွဲပြီး တခြားလေယာဉ်နဲ့ ပြန်ပို့ပေးတယ် ၊ အင်း ဆရာစိုးဘားဒိုင် နောက်တစ်ခါ လေယာဉ်လက်မှတ် အခမဲ့ဆိုရင်တောင် စီးရဲပါတော့မလား ….

 

ဒီရက်ထဲ သတင်းစာတွေမှာ ရပိုင်ခွင့် နဲ့ တာဝန် ဆိုတဲ့ စကားလုံးလေး ခဏခဏ တွေ့မိတယ် အခုကိစ္စတွေနဲ့ ဆက်စပ်စဉ်းစားကြည့်မိတာ လူတစ်ယောက် အဖွဲ့အစည်းတစ်ခုက ထိုက်သင့်တဲ့ ရပိုင်ခွင့်ဆိုတာ ယူပြီး၊ရပြီးရင် သူကျေကိုကျေရမဲ့ တာဝန်ဆိုတာက ကပ်ရပ်ပါလာမှာပဲ ရသင့်တာလဲယူ ကျေသင့်တာလဲ ကျေဘို့လိုမယ် နိုင်ငံတကာမှာ တက်စီတွေ မီတာသုံးနေတာ ကြာပြီ မြန်မာပြည်မှာလဲ ကျင့်သုံးမယ်ဆိုတာ ကောင်းတဲ့ကိစ္စပါ အဲဒီကောင်းတဲ့ကိစ္စကြီးက အခုမှပဲ အားလုံး ဒုက္ခရောက်ပြီး မကောင်းတဲ့ကိစ္စ ဖြစ်နေရတယ် စကတဲက မြန်မာပြည်မှာ မီတာသုံးတော့မယ်ဆို ဆာဗေးလုပ် အစီအစဉ်ရေးဆွဲ တစိုက်မတ်မတ် အကောင်အထည်ဖော် ဒါမျိုးဖြစ်ရမယ် အခုတော့ တစ်ယောက်ယောက် က မင်းတို့တက်စီတွေ မီတာသုံးကြလေကွာ ဆိုတာနဲ့ တူ၊သားတွေ ကို ကုမ္မဏီအားချင်းထောင် အမြတ်များများနဲ့ရောင်း ယူချင်တာတော့ယူတယ်  ပြီးတော့ ဘာတာဝန်မှ မယူတော့ဘူး တချို့ကုမ္မဏီတောင် မရှိတော့ဘူး အကောင်အထည်ဖော်တာလဲ ကောက်ရိုးမီး ဒီမှာက စီမံချက်ဆိုတဲ့ စကားလုံးက မကောင်းတဲ့ဘက်မှာ တော်တော်တွင်ကျယ်နေပြီ လုပ်သင့်လုပ်ထိုက်တာဆို မှန်မှန်လေးအကောင်အထည်ဖော်ရမှာ အခုတော့ စီမံချက်ရှိမှပဲ လုပ်တတ်တော့တယ် ပွဲပြီးမီးသေပဲ တက်စီမီတာ တစ်ခုမှာတင် အလဟသာဖြစ်သွားရတဲ့  အချိန်၊ငွေကြေး နဲတာမဟုတ်ဘူး…

 

လေယာဉ်ကိစ္စကျတော့ ဒီဖြစ်စဉ်မျိုးဖြစ်တာ အဲဒီလေကြောင်းလိုင်းမှာရော မြန်မာပြည်မှာပါ အခုအကြိမ်က ပထမဆုံး အကြိမ်တော့ မဖြစ်နိုင်ဘူး ဒါပေမဲ့ အခုလို ကလောင်မထက်တော့ လူမသိသူမသိနဲ့ ပြီးသွားကြတယ် ခရီးသည်တွေက မြန်မြန်၊သက်တောင့်သက်သာ၊အန္တရာယ်ကင်းကင်း သွားချင်လို့ ပိုက်ဆံအများကြီးပေးပြီး လေယာဉ်စီးကြတာ ခရီးသည်ဘက် က ပေးလိုက်တာနဲ့ တန်တဲ့ဟာမျိုးတော့ ရသင့်ပါတယ် လေကြောင်းလိုင်းဘက်လဲ ရသင့်ရထိုက်တာ ယူပြီး သွားပြီ၊ ကျေသင့်တဲ့တာဝန်ကျေဘို့တော့လိုပါမယ် ၊ စက်ဆိုတာ ပျက်တတ်တဲ့ သဘာဝရှိတော့ အချိန်မေ၇ွး ပျက်နိုင်ပါတယ် (နဂိုကတဲက မကောင်းလို့၊ ထိန်းသိမ်းမှုညံ့ဖျင်းလို့ဆိုရင်တော့ ပိုဆိုးနိုင်ပါတယ်) ဒါပေမဲ့ အရင်ကတဲက အောက်ဆီဂျင်ပိုက်တွေ ကောင်း၊မကောင်း ကြိုစစ်ထားဘို့မလိုဘူးလား ၊ လေယာဉ်ဝန်ထမ်းတွေက ကိုယ့်လေယာဉ်အကြောင်းကို သေသေချာချာ သိပြီး ခရီးသည်တွေ ကျေနပ်လောက်အောင် ရှင်းပြနိုင်တဲ့ အခြေအနေ မရှိသင့်ဘူးလား ၊ ကိုယ့်ဘက်က အမှားဖြစ်ပြီးတဲ့နောက် ခရီးသည်တွေ စိတ်ကျေနပ်မှုရအောင် ကျွေးမွေး၊ဧည့်ခံ ၀န်ဆောင်မှု ပိုမပေးသင့်ဘူးလား ဆက်ပြောရင် အများကြီးရှိဦးမယ်..

 

အခုလိုပြောဖြစ်တာ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေ ၊ကုမ္မဏီတွေ၊ လေကြောင်းလိုင်းတွေ ကို အပြစ်တင်တဲ့သဘောမဟုတ်ပါဘူး ၊ ဖြစ်ပြီးခဲ့တာတွေက  ပြန်ပြင်လို့တော့ မရနိုင်ဘူး ၊ သက်ဆိုင်တဲ့ လူတွေရော ၊အလားတူလူတွေရော ဒီအဖြစ်အပျက်တွေကနေ  သင်ခန်းစာတွေ ကောင်းကောင်းယူနိုင်မှ နောက်ထပ် ဒါမျိုးအမှားတွေ ဖြစ်မလာမှာပါ မယူတတ်ရင်တော့ ဆရာသန်းထွန်း စကားနဲ့ပြောရရင် ငတုံး၊ငအတွေ ဖြစ်နေဦးမှာပဲ ..

အားလုံး ရသင့်တာလဲယူ ကျေသင့်တဲ့တာဝန်လဲ ကျေစေချင်ပါတယ်…

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ