နင့်ရဲ့လက်ထပ်ပွဲမှာ ငါကသတို့သား(အရံ)

koyinSeptember 7, 20116min1124

နင့်ရဲ့လက်ထပ်ပွဲမှာ ငါကသတို့သား 

(အရံ)


ပြောင်းပြန်စီးဆင်းနေတဲ့ မြစ်တစ်စင်းက

ငါ့ရင်တွင်းက မျက်ရည်…


နင်သတ်ဖြတ်ခဲ့တဲ့ နှလုံးသားက

အဲဒီအလွမ်းများရဲ့ သက်သေ…


နင့်အမျက်တွေ ပြေစေဖို့အတွက်

ငါ့ရင်ဘတ်ကို ဟက်တက်ခွဲ

လမ်းလွှဲထားတဲ့ သွေးအေးစီးကြောင်းမှာ

နင့်အနာဂါတ် လင်းထိန်နေစေဖို့

စနစ်တကျ ထုတ်လွှတ်လိုက်တဲ ့ရေအားလျှပ်စစ်

နင့်ရဲ့မနက်ဖန်တွေ ပိုပိုပြီး သစ်လွင်စေ…


အခုထိအဖြေရှာမရခဲ့တဲ့ နင့်ရဲ့ မေးခွန်းအိုတွေကိုလည်း

(…အချစ်အမုန်းအတွက်…)

နှလုံးသားခုံရုံးကတရားသေလွှတ်လိုက်တဲ့

ခံစားချက်မဲ့ ဝေဒနာအဖြစ်… … …


နင်… နေရစ်ခဲ့ပါ

ငါပြေးထွက်ရာ စည်းအပြင်ဘက်

ရွှံ့နွံ ဆူးကြမ်းတွေ ထူထပ်လွန်းတယ်…


နောက်ဆုံး… 

ငါကပဲ လမ်းခွဲရက်စက်သူအဖြစ်

နင်ကပဲ ကျန်ရစ်ခဲ့တာလား…

ငါကပဲ ချစ်ရစ်ခဲ့တာများ…

(ငါ့ကိုယ်ငါ မုသားနည်းနည်း သုံးပါရစေ…)


ရေစီးမသာတဲ့ စမ်းမှာ

ပန်းကြွေတွေ မျောပါမလာတဲ့အတွက်

ငါ့ကိုနင် စီရင်ချက်ချလိုက်ပါ…


နေအဝင်မှာ ရွှေဓါးမဆွဲပါနဲ့

တောင်စွယ်မှာ ငါစပ်ခဲ့တဲ့ ကဗျာတစ်ပုဒ်

အဲဒီလင်းတအုပ်ကို သနားလိုက်မိတာ…


တစ်ချိန်မှာ နင့်ခေါင်းပေါ်က ပုဝါစလေးကိုလှပ်လို့

နင့်နဖူးပြင်လေးကို ညင်ညင်သာသာနမ်းရှိုက်

အဲဒီ တစ်မနက်က မိုးတွေ ထစ်ချုန်းနေလိမ့်မယ်လို့

နင်တကယ်ကို မထင်ခဲ့ဘူးမဟုတ်လား…


ငါမမြင်ဖူးခဲ့တာ တစ်ဘဝလုံး

နင့်တစ်သက်မှာ တစ်ခါပဲ ပြုံးမယ်ဆို

ငါ… ကြည်နူးခဲ့တာ ညလုံးပေါက်

အဲဒီနေ့က နေရောင်ပျောက်သွားတယ်…


ကန့်ကွက်စာ…ငါမတင်ဖြစ်ခဲ့ပေမယ့်

နင်ဟာ…ငါ့အချစ်နဲ့ထိုက်တန်လွန်းတယ်

ကဗ္ဗည်းတွင်ပြီး…မကျန်ခဲ့ပေမယ့်

တစ်ဘဝလုံးစာ…နင့်ကို ချန်ခဲ့ပေးတာ

ကျန်နေရစ်ခဲ့ပါ…ပျော်ရွှင်စွာ

(…နင့်ရဲ့ သတို့သားနေရာမှာ…)

ငါ့မျက်နှာကို မြင်မနေပါနဲ့…။ ။


တောက ကိုရင်

၀၇.၀၉.၂၀၁၁

4 comments

  • killer

    September 7, 2011 at 9:34 pm

    ကောင်းလိုက်တာ ဘာပြန်ရေးရမယ် မသိတော့ဘူး ။ လွမ်းရတော့မလိုလို ဆွေးရတော့မလိုလို မသေချာ
    မရေ ရာ ခံစားမိတယ် ။ ဘယ်ဂလို ကဗျာ လေးတုန်း ။ 🙄

  • မီးမီး သော်

    September 7, 2011 at 11:21 pm

    ကိုရင် ရယ် ခံစားတတ်လွန်းတာကိုနားလည်ပေမယ့် သိပ်ချစ်လွန်းရင် ပိုခံစားရတာကိုနားလည်ပေးနိုင်ပါတယ်နော်။
    ကိုရင် ပျော်ရွှင်ပါစေ။

  • ကြောင်ကြီး

    September 8, 2011 at 7:45 am

    သတို့သားအရံ
    မြို့သားဟန်နဲ့
    တို့စားပြန်ရ
    တယ် မဝဘူး..
    တောမှာဆို
    ပကာသနမလို
    တခါမကပိုဆွဲ
    အဟာရမျိုပွဲ..။

    မငိုပါနဲ့ ကိုရင်ရယ်။ အခု သတို့သားအရံဆို နောင်ဘဝကြရင် သတို့သား အမှန်ဖြစ်ဖို့ နီးစပ်လာပါပြီ။ စိတ်ကောင်းလေးမွေးပြီး သူတို့ဟန်းနီးမွန်းထွက်တိုင်း မွေးထားတဲ့ ခလေးတွေကို ကိုယ်စားထိန်းကျောင်းပေးပါ။ 🙁

  • ရွှေဘိုသား

    September 8, 2011 at 9:10 am

    ကိုရင်အဲလောက်ခံစားမနေနဲ. ကျနော်ရေးပြလိုက်မယ်နော်

    မိန်းကလေး
    ငါ.ရဲ.နှလုံးသား နှစ်ချပ်ကို
    မင်းတုုံး တွေတက် သော.ခက်လိုက်ပြီ
    ငါ.တံခါး(ဝါ)ငါ.အိပ်ယာကို
    သစ္စာမဲ.သူ မလာရ

    ကြိုက်လို.ရေးပေးလိုက်တာနော်

Leave a Reply