ကန္တာရ၏ နံနက်ခင်းနေကား ပူလောင်လှပါဘိ။ ယနေ့မှ ကြို/ပို့ကားမရှိသဖြင့် နေပူကျဲကျဲတွင် ဆယ်မိနစ်ခန့်လမ်းလျှောက်ရုံမျှဖြင့် ရောက်ရှိနိုင်သော ကေအက်(ဖ်)စီ (ကန်တပ်ကီ ကြက်ကြော်ဆိုင်) သို့ ချွေးတစ်လုံးလုံးဖြင့် အဖော်မပါ တစ်ယောက်တည်းခြေလှမ်းများဖြင့် ခပ်သုတ်သုတ် လှမ်းခဲ့မိလေသည်။ ယနေ့နံနက်ပိုင်းတွင် VZO မှတစ်ဆင့် စကားဖောင်ဖွဲ့နေသည်မှာ အလုပ်ချိန်တိုင်မှကွန်ပျူတာရှေ့မှ ခွာမိသဖြင့် ၁၀ မိနစ်ခန့် အလိုအလျောက်ပင် နောက်ကျနေပြီဖြစ်သည်။ ကိစ္စမရှိပါ.. အမြဲတမ်းနောက်ကျနေတတ်သဖြင့် ထူးပြီး ဆန်းမလာတော့ပါ။

ဆိုင်သို့အရောက်တွင် India ဖွားအမျိုးသား Jeejish မှ မျှော်လင့်တစ်ကြီးဖြင့် စောင့်မျှော်နေသည်ကို တွေ့ရသည်။ ဆိုင်ကို စတင်ဖွင့်လှစ်ရသည်မှာ သူနှင့်ကျွန်တော် နှစ်ဦးသာဖြစ်သည့်အတွက် သူတစ်ယောက်တည်း ဆိုင်ထဲသို့ဝင်ရန် မဖြစ်နိုင်ပေ။ လုပ်ငန်းသဘာဝအရ ဆိုင်ရှိတံခါးများ ပွင့်နေ/မနေကို လိုက်လံ စစ်ဆေးရသည်။ ဆိုင်မှာ မှန်များဖြင့်သာ အများအားဖြင့်ကာရံထားသော်လည်း မည်သည့်အခါမျှ မှန်များကွဲနေခြင်းမရှိပေ။ အပြင်ဘက်တွင်ထားခဲ့သော စားပွဲ/ ကုလားထိုင်များမှာလည်း ပျောက်ဆုံး/ပျက်စီးခြင်းမရှိပေ။ မွေးဖွားရာ မိခင်နိုင်ငံသို့သာ ထိုနိုင်ငံသားများကို ခေါ်သွားမည်ဆိုလျှင် ရှက်ဖွယ်လိလိ ဖြစ်ပေလိမ့်မည်ဟု မဆီမဆိုင် တွေးမိလေသည်။ စီးပွားရေးမြို့တော်ကြီးတွင် ဆိုင်အများစုမှာ သံပန်းတစ်ထပ်၊ သံယင်းလိပ်တစ်ထပ်ဖြင့် အဆင့်ဆင့် ကာရံထားရသည်ပေမလား။ ထိုင်ခုံ/စားပွဲများကို အပြင်မှာ ထားခဲ့လျင်တော့ဖြင့်လျင် ဆိုဖွယ်ရာမရှိပြီဖြစ်သည်။ တွေးကြည့်ရုံဖြင့် သိမည်ထင်ပါ၏။

ဆိုင်တွင်းသို့ ၀င်ရောက်သည်နှင့် ဦးစွာပထမ ကွန်ပျူတာတွင် Clock In လုပ်ရလေသည်။ ဘယ်သောအခါမှ Clock Out မလုပ်ရသည့် ထူးပေ့၊ ဆန်းပေ့ ကွန်ပျူတာကြီးဖြစ်၏။ ရောက်ကာစက မနေနိုင် မထိုင်နိုင် Clock Out လုပ်မိသော ကျွန်တော်မှာ ကွန်ပျုတာ Error သာ တွေ့ရသည်။ ထိုမျှ ကောင်းပါပေ၏။ ထို့နောက်တွင်မတော့ မန်နေဂျာရုံးခန်းအတွင်းရှိ မီးခံသေတ္တာ ပုံပျက်/ မပျက် စစ်ဆေးရသည်။ ထို့နောက်တွင်မှ မီးဖွင့်၊ စက်များအားဖွင့်၊ Tray များအားနေသားတကျစီစဉ်ရသည်။ ကြက်ကြော်များထားသိုရာ Cabinet များကို ဖွင့်ရသည်။ နှစ်မျိုးရှိသည် Dry Cabinet နှင့် Moist Cabinet တို့ဖြစ်သည်။ ထို့နောက် အာလူးချောင်းကြော်ရာ Fryer များကို ဖွင့်ရသည်။ ထို့နောက်တွင်မှ ကြက်ကြော်များ ပြသရာ Display ကို စတင်ဖွင့်ရသည်။ လုပ်စရာများကား များပြားလှပါဘိ။ သို့သော် အကြောင်းမရှိပါ။ လုပ်နေကျပေမလား။ ဆက်လက် လုပ်ရပေမည်။ ထို့နောက်တွင်မှ စက်များအား Filter Paper များလဲ၊ ဆီသန့်စင်သည့် ဓာတုပစ္စည်း Magnasoil ထည့်၊ ဆီများကို ၁၅ မိနစ်ခန့် လှည့်လည်စေရသည်။ ပြီးမှ ဆီများကို ကြော်စက်အတွင်းသို့ ပြန်လည်ဖြည့်တင်းရသည်။ ဆီများ လှည့်လည်နေစဉ်အတွင်း ကြက်များ ဂျုံနှင့်နယ်သည့်နေရာ(Breading Station) ကို နေသားတစ်ကျတပ်ဆင်၊ ဂျုံမှုန့်များကို သန့်စင်(Filtering) လုပ်ရသည်။ ပြီးသည့်အခါ Chiller အတွင်းမှ ကြက်သားများကို Freezer အတွင်းသို့ ပြောင်းရွှေ့နေရာချရသည်။ ထိုအခါတွင်မတော့ ဆိုင်သို့လာရောက်ပို့ဆောင်သည့် ပေါင်မုန့်(bread) များနှင့် ကြက်သားအစိမ်းများလည်း ရောက်လာပြီဖြစ်သည်။

ပေါင်မုန့်များမှာ Sandwich အမျိုးအစားအပေါ်မူတည်ပြီး အမျိုးကွဲပေါင်းများစွာဖြစ်သည်။ အလျားလိုက်၊ အ၀ိုင်းလိုက်၊ အရှည်လိုက်စသည်ဖြင့်ဖြစ်သည်။ စစ်ဆေးလက်ခံပြီးသောအခါ ကြက်သားအစိမ်းများလည်း ရောက်လာပြီဖြစ်သည်။ ဒီနေရာတွင် အလျဉ်းသင့်သဖြင့် ဖော်ပြရမည်ဆိုလျင် ကြက်တစ်ကောင်ကို ၉ ပိုင်းသာ သုံးပါသည်။ ရင်အုပ်(၂)ခြမ်း၊ ကျောရိုး၊ ပေါင်ရင်း(၂)ခြမ်း၊ တောင်ပံနှစ်ဖက်၊ ပေါင် နှစ်ဖက် တို့ဖြစ်သည်။ ကျန်သည့်အပိုင်းများကို မသုံးပါ။ ၄င်းအပိုင်းများကိုသာ ခုတ်ထစ်ဖြတ်တောက်ပြီး တစ်ထုပ်လျင် ၁၈ ခု (ကြက် ၂ ကောင်) နှုန်းဖြင့် ပို့ခြင်းဖြစ်သည်။ ထိုနေရာတွင် နှစ်မျိုးခွဲထားသည်။ မူလ (Original)နှင့် အစပ် ( Spicy ) တို့ဖြစ်သည်။ တစ်ခြားမျိုးကွဲများ (Sandwich)လုပ်ရာတွင် သုံးသည်များမှာ ကြက်သားမြောင်း၊ Zinger နှင့် Fillet တို့ဖြစ်သည်။ ပုံမှန်အားဖြင့်မူ ကြက်သား အစပ်မှာတစ်ရက်လျှင် (၆၀)ကောင်ခန့်နှင့် မူလ(အချို)များမှာမူ (၂၀)ကောင်ခန့်သာဖြစ်သည်။ စစ်ဆေးလက်ခံပြီးသောအခါ ကြက်ကြော်ခြင်းလုပ်ငန်းကို စတင်ရပြီဖြစ်သည်။ ဆိုင်ကို စတင်ဖွင့်လှစ်သည်မှာ နေ့စဉ်နံနက် (၁၀း၀၀) တွင်ဖြစ်သည့်အတွက် နံနက် ၉း၃၀ တွင် စတင် ကြော်ရသည်။

ကြက်ကြော်ရာတွင် အစပ်ကြော်ရန်အတွက် Open Fryer ဖြင့်လည်းကောင်း၊ အချိုကြော်ရန်အတွက် ရေနွေးငွေ့ဖြင့်ပေါင်းခံပေးသည့် စက်ဖြင့်လည်းကောင်း ကြော်ရသည်။ ကြက်ကြော်ရာတွင် ကြက်ကြော်သည့် ဇကာတစ်ခုလျှင် ကြက်နှစ်ကောင်နှူန်း(၁၈ ခု)ဖြင့် ကြော်ရသည်။ စက်များကိုလည်း ကြက်ခေါင်းအရေအတွက် (per head)ဖြင့် တွက်ထားသည်။ ၄ ခေါင်း၊ ၆ ခေါင်း၊ ၈ ခေါင်း ကြော်စက်စသည်ဖြင့် ဖြစ်သည်။ အပူချိန်မှာ ၁၃၅ံF တွင် ၁၄ မိနစ် ကြော်ရခြင်းဖြစ်သည်။ ဆီအတွင်း မြုပ်သည်အထိ နှစ်ထားပြီးမှ မိမိ ကြော်သည့် အရေအတွက်အတိုင်း နံပါတ်ကိုနှိပ်ပြီး ကြော်ရခြင်းဖြစ်သည်။(ဒီနေရာတွင် ကြက်နယ်ပုံ၊ ပြင်ဆင်ပုံကို မဖော်ပြတော့ပါ။ အကြောင်းမှာ ဥပဒေနှင့် မလွတ်သောကြောင့် ဖြစ်ပါသည်။) ထို့နောက်တွင်မတော့ ကြက်များကို ပြသရာ Display တွင်ထားပြီး အချိန်ရေးသားရပါသည်။ ကြော်ပြီးကြက်များ၏ သက်တမ်းမှာ မိနစ် ၉၀ သာဖြစ်ပါသည်။ ထိုကြက်များကို အပူချိန် ၁၃၅ ပေးထားသည့်နေရာတွင်ထားရသည်။ အစပ်များကို ရေနွေးငွေ့မပါသည့် Dry Display တွင်လည်းကောင်း၊ အချိုများကို ရေနွေးငွေ့ပေးထားသည့် Moist Display တွင်လည်းကောင်း ထားသိုရပါသည်။ သက်တမ်းကုန်လွန်လျင်တော့မူ လွှင့်ပစ်ရုံသာရှိပါတော့သည်။ ထို့ကြောင့် အကြော်ဆရာများမှာ ပြင်ပမှ လိုအပ်ချက်ကို ပြည့်မှီအောင် ဖြည့်စွမ်းပေးရရုံမျှမက ပိုလျှံခြင်းမရှိစေရန်လည်း ဂရုပြုရသည်။ ကြက် နှစ်ကောင် ကြော်စာတန်ဖိုးမှာကား မြန်မာငွေအားဖြင့် ၂၀၀၀၀ ကျော် တန်ပေသည်။ မြန်မာပြည်တွင်မူကား ကြက်တစ်ကောင်တည်းပင် ၅၀၀၀ ကျော်တန်သည့်အတွက် ယခုနိုင်ငံတွင် အတော်လေးပင် ဈေးကြီးသည်ဟု တွက်မိသည်။ တစ်ချိန်က ကြံစည်ခဲ့ဖူးသည့် မြန်မာပြည်ပြန်ကာ ကြက်ကြော်ဆိုင်ဖွင့်လျင် ကောင်းလေမလားဟူသည့်အတွေးကား ဝေးလွန်းလှပေစွ။ ကြက်ခေါင်းလုပ်စားသည်မှ ကောင်းလေစွ (၏ကား စကားချပ်)။

ကြော်နေရသည်မှာ တစ်ချိန်လုံးမဟုတ်ပေ။ တစ်ခါကြော်လျင် အစပ် ၆ ခေါင်းခန့်၊ အချို ၄ ခေါင်းခန့် ကြော်လျှင် လုံလောက်ပြီဖြစ်သည်။ ထို့နောက်တွင်မတော့ ကြက်နယ်သည့် ဂျုံမှုန့်များအား သန့်စင်စေရန်အတွက် (filtering) လုပ်ရသည်။ ထို့နောက်တွင် စက်များတွင် ပေကြံနေသည့် ဂျုံမှုန့်များ၊ ကြက်နယ်သည့် စားပွဲအား သန့်ရှင်းရေးလုပ်ပြီးသည့်နောက် ကြက်ကြော်နှင့် တွဲဖက်စားသုံးရသည့် အသီးအရွက်များအား ဖြတ်တောက်ထားသည့် (coleslaw) များအား သက်ဆိုင်ရာခွက်(Container) အသီးသီးသို့ ထုပ်ပိုးခြင်း၊ မီးဖိုချောင်အား ရေဆေးကြောခြင်း အစရှိသည်တို့ကိုလုပ်ရသည်။ ထိုသို့လုပ်ပြီးနောက် ရေများကို ခြောက်သွေ့စေရန်အတွက် Tissue များဖြင့် လိုက်လံသုတ်ရသည်။ မြန်မာပြည်တွင်တုန်းက ဆိုင်များတွင် လက်နှီးစုပ်များဖြင့် လိုက်လံသုတ်ပေးသည်ကို မြိန်ရေလျက်ရေ စားသောက်ခဲ့မိသည်များကို ယခုမှ ရွံမိသလိုလိုဖြစ်သည်။ ထိုစဉ်ကတော့ ဘာမှ မတွေးမိခဲ့ပေ။ မျက်စိအမြင်တွင် သန့်စင်လျင်ပင် လုံလောက်ပေပြီဖြစ်သည်။

ထိုသို့ဖြင့်ပင် တစ်နေကုန် ကြက်ကြော်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းများ ပြီးဆုံးသည့်အခါ အိမ်ပြန်ချိန်ပင် ရောက်ပေပြီဖြစ်သည်။ မပြန်ခင် ၁၅ မိနစ်ခန့်အလိုတွင်မှ တစ်နေ့စာ အစားအစာများကို စားသောက်ခြင်းပြုရသည်။ နံနက်ခင်းတွင်မတော့ Sandwich တစ်ခုဖြင့် တင်းတိမ်ခဲ့ရပေသည်။ ညနေတွင်မှ ၀၀လင်လင်စားသုံးရတော့သည်။ ကြက်ပေါင်ရင်းနှစ်ခု၊ ကြက်ပေါင်တစ်ချောင်း၊ အာလူးချောင်းကြော်၊ Mash Potato၊ ကြက်သွန်ဖြူအနှစ်၊ Coleslaw တစ်ခွက်၊ Pepsi တစ်ခွက်ဖြင့် ဖြစ်သလိုသာ စားသုံးရသည်။ တစ်ရက်စာအတွက် ထိုမျှဖြင့်ပင် လုံလောက်ပေသည်။ တစ်ချိန်က ဘီယာစက်ရုံတွင် ဗိုက်ဆာတိုင်း ဘီယာသောက်ခဲ့သည်ကို အမှတ်ရမိပေသေးပြန်တော့သည်။

မီးဖိုချောင်အတွင်းမှ နာရီလက်တံ ၅ နာရီတိတိသို့ ညွှန်ပြသည့်အခါ ကျွန်တော်သည်လည်း အိမ်ပြန်ရန်အသင့် ဖြစ်နေလေပြီဖြစ်သည်။ အိမ်တွင် ချစ်စရာအပြုံးလေးဖြင့် ဆီးကြိုနေမည့် ကြင်သူသက်ထား မရှိသော်ငြား စိတ်မပါတစ်ပါ၊ မရေးတတ်ရေးတတ်ဖြင့် Gmail မှတစ်ဆင့် ပေးပို့ထားမည့် စာကို ဖတ်လွန်းလိုလှပေပြီ၊ Facebook တွင် အဘယ်မျှသော Notification များတက်နေပြီ၊ ရွာထဲတွင် မည်သည့်တိုက်ပွဲများ ဖြစ်နေလေပြီ အစရှိသည်တို့ကို ဖတ်လွန်းလိုလှပေပြီ။

အိမ်ပြန်ချိန်ခြေလှမ်းများကား သွက်လက်၊ လန်းဆန်းလွန်းလှပေစွ။ ရောက်ရောက်ခြင်း ကွန်ပျူတာကို ဖွင့်လိုက်သည်နှင့် ဦးစွာ ပထမ စာ၊ ထို့နောက်တွင်မှ Facebook၊ ထို့နောက်တွင်မှ ရွာထဲသို့ စိတ်လိုလက်ရ ၀င်ရောက် ဖတ်ရှုရလေတော့သည်။ နွေးထွေးလွန်းလှပေစွ။ ရေမြေရပ်ခြားတွင် မိသားစုလေးကို နေ့စဉ်ပြန်ဆုံတွေ့ရသည်မှာ ကြည်နူးဖွယ် ကောင်းလွန်းလှပေ၏။ လွမ်းဆွတ်ခြင်းများ ဘေးဖယ်ထားခဲ့လျင်ပေါ့……….။

(စိုင်း ကွမ်းခေး)

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..