ဒို့ဘာသာ (၁၉) မနှောင်းသေးပါဘူး

ashinindakaSeptember 9, 20111min994

သီရိလင်္ကာလို့ခေါ်တဲ့ သီဟိုဠ်နိုင်ငံမှာ ယနေ့ဗုဒ္ဓဘာသာအခြေအနေဘယ်လိုရှိလဲ။

သီဟိုဠ်နိုင်ငံမှာ ဘာသာရေးပွဲတွေ အထူးသဖြင့် Vesak Festival လို့ခေါ်တဲ့
ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်အခန်းအနားတွေမှာ
လူကြီး၊ လူငယ်၊ လူရွယ်၊ လူလတ် အကုန်လုံးပါဝင်ဆင်နွှဲကြတာကို
တွေ့ခဲ့ဘူးပါတယ်။

သီဟိုဠ်ဘုန်းကြီးကျောင်းတွေမှာ
၁၀-နှစ်၊ ၁၂-နှစ်အရွယ်ကလေးငယ်လေတွေရဲ့ ဗုဒ္ဓဝင်ပန်းချီပြိုင်ပွဲ၊
ပြပွဲလေးတွေကို တခုတ်တရ ကျင်းပပေးပါတယ်။

ဘုန်းကြီးများက ပြိုင်ပွဲဝင်ကလေးတွေကို
အမှတ်တရပစ္စည်းလေးတွေ လက်ဆောင်ပေးပါတယ်။
မြန်မာပြည်က အောင်ခြင်းရှစ်ပါးလို ဗုဒ္ဓဘာသာဇာတ်လမ်းနဲ့သက်ဆိုင်တဲ့
ကလေးတွေရေးဆွဲထားတဲ့ ပန်းချီကားလေးတွေကို
မိဘတွေ မိဘသူငယ်ချင်းတွေ ရပ်ကွက်လူကြီးလူငယ်တွေ
တငေးတမောလာရောက်ကြည့်ရှုခံစားအားပေးကြပါတယ်။
အတော်ကြည်နူးစရာပါ။

ဒီလို ၁၀-နှစ်၊ ၁၂-နှစ်အရွယ်ကလေးငယ်က ဘာလို့ ဗုဒ္ဓဝင်တွေကို
သိပြီး ပန်းချီရေးဆွဲနိုင်ရတာလဲ။

နောက်အံ့ဩဖွယ်တစ်ခု ကြုံခဲ့ရပါသေးတယ်။

အင်္ဂလိပ်စာတိုးတက်ဖို့အတွက် သီဟိုဠ်၊ ကိုလံဘိုမြို့မှာရှိတဲ့
အင်္ဂလိပ်စာအလေးပေးသင်ပေးတဲ့ကောလိပ်တစ်ခုတက်ဖြစ်ပါတယ်။
အသက်၁၈ နှစ်ဝန်းကျင်လူငယ်လေးတွေနဲ့အတူတက်ရပါတယ်။
အဲ့ကောလိပ်မှာ နိုင်ငံခြားသားဦးဇင်းတွေလဲ တက်ကြပါတယ်။
အဲ့တုန်းက ကမ္ဗောဒီးယားနိုင်ငံက ဦးဇင်းလေးတစ်ပါးနဲ့ စာသင်ခန်း တစ်ခန်းထဲမှာ
အတူသင်ရတယ်။ အဲ့ဒီဦးဇင်းလေးက အတော်အနောက်သန်တာပဲ။

တစ်နေ့
အတန်းဖော်ကောင်လေးတစ်ယောက်ကို သူပြောတယ်။
မင်းတို့နိုင်ငံက ကလေးမတွေ အသားမဲလို့ မလှဘူးထင်နေတာ။
အင်း၊ တချို့ကလေးမတွေက လှသားပဲ။ ချစ်ဖွယ်ကောင်းသားပဲတဲ့။

သူသုံးနှုန်းတဲ့အင်္ဂလိပ်စကားကကတော့
I thought the girls in your country are not pretty as their complexion is dark;
But some are pretty and lovely လို့ထင်တယ်။
ကောင်းကောင်းတော့ မမှတ်မိတော့ပါဘူး။

ကမ္ဗောဒီယားဦးဇင်းကဒီလိုပြောတော့
အပြောခံရတဲ့ အတန်းဖော်သီဟိုဠ်ကုလားလေးက
တဏှာယ ဇာယတီ သောကော၊ တဏှာယ ဇာယတီ ဘယံ
တဏှာယ ဝိပ္ပမုတ္တဿ၊ နတ္တိ သောကော ကုတော ဘယံ
ဆိုတဲ့ ဓမ္မပဒပါဠိတော်မှာလာတဲ့ ဂါထာလေးတစ်ပုဒ်ကို ရွတ်ဆိုပြတယ်ဗျာ။
ကမ္ဗောဒီးယားဦးဇင်းတောင် မျက်လုံးပြူးသွားတယ်။

ဂါထာရဲ့အဓိပ္ပါယ်က
From craving springs grief, from craving springs fear;
For him who is wholly free from craving
There is no grief, much less fear. တဲ့။

မြန်မာလိုတော့
လိုချင်တတ်မက်တတ်တဲ့တဏှာကြောင့် စိုးရိမ် ကြောက်ရွံ့စိတ်တွေဖြစ်ပေါ်လာတတ်ပြီး
လိုချင်တတ်မက်တတ်တဲ့တဏှာက လွတ်ကင်းအောင် နေထိုင်နိုင်မှသာ
စိုးရိမ်ကြောက်ရွံ့စိတ်တွေ ကင်းဝေးမှာ။

ဒီနေရာမှာ ပြောချင်တာက
သီဟိုဠ်နိုင်ငံက ဆယ်ကျော်သက်တွေ ဘာလို့များ ဘယ်လိုကြောင့်
ဒီလိုပါဠိဂါထာတွေကို သိနေပြီး လိုရင်လိုသလို အသုံးချနိုင်ရတာလဲ။

စုံစမ်းကြည့်တော့ သီဟိုဠ်နိုင်ငံမှာရှိတဲ့
Sunday Dhamma School
(တနင်္ဂနွေနေ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း)ကြောင့်
ဆိုတာ သိလာရတယ်။

သီဟိုဠ်နိုင်ငံမှာ ဗုဒ္ဓဘာသာကျောင်းသူကျောင်းသားတိုင်း
တနင်္ဂနွေနေ့မှာ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို တက်ရတယ်။
ဒီလိုမျိုးသင်တန်းကို ၁၈၈၁ ခုနစ်ကတည်းက စတင်သင်ကြားပို့ချခဲ့တာတဲ့။
ဆိုတော့ အခု နှစ်ပေါင်း ရာကျော်သွားပြီ။

ဒါ့ကြောင့် အခုသီဟိုဠ်နိုင်ငံကို အုပ်ချုပ်နေတဲ့ သမ္မတ၊ ဝန်ကြီး၊ ဗိုလ်ချုပ်ကြီးများဟာ
Sunday Dhamma School ကျောင်းဆင်းတွေချည်းပါဘဲတဲ့။

Sunday Dhamma School ကို စတင်တည်ထောင်သူကတော့
အမေရိကန်နိုင်ငံသား သာသနာ့အလံကို တည်ထွင်သူ
Henry Olcott ဆိုသူဖြစ်ပါတယ်တဲ့။

ဗုဒ္ဓဝင်၊ ရာဇဝင်၊ ယဉ်ကျေးမှုစတာတွေကို သင်ပေးတာပါ။
နိုင်ငံတော်အစိုးရကိုယ်တိုင်က ပညာရေးစနစ်ကို စနစ်တကျ သတ်မှတ်ပေးပြီး
စည်းမျဉ်းဥပဒေနဲ့အညီ ဖွင့်လစ်ပေးထားတာပါ။
သင်တန်းနေရာက ဘုန်းကြီးကျောင်းမှာပဲ။

အချို့စွမ်းနိုင်တဲ့ဘုန်းကြီးများက
Sunday Dhamma School မှာ ကျောင်းအုပ်အဖြစ်တာဝန်ယူပြီး
ဆရာ ဆရာမများနဲ့ ဝိုင်းဝန်းသင်ကြားပေးပါတယ်။
အချို့ဘုန်းကြီးများကတော့ အကူလောက်ပါဘဲ။
ဆရာ၊ ဆရာမတွေက စေတနာ့ဝန်ထမ်းတွေပါ။
ဆရာ၊ ဆရာမဖြစ်ဖို့ သင်တန်းတက်ရပါတယ်။

ဆရာဖြစ်သင်တန်းမှာ
၁၊ ကုသိုလ်ကံ အကုသိုလ်ကံ၊ ကံ၏အကျိုးတရားများ
၂။ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ
၃။ ပဋိစ္စသမုပ္ပါဒ်။ သမထ ဝိပဿနာတို့ဖြစ်ပါတယ်။

Sunday Dhamma School ကျောင်းသူ ကျောင်းသားများလည်း
အစိုးရကျောင်းများမှာ ၅ နှစ်သားအရွယ်က စတင်ပြီး ပညာသင်ယူရသလို
၅ နှစ်သားအရွယ်က စတင်ပညာသင်ယူရပါတယ်။
အစိုးရကျောင်းမှာရှိတဲ့အတန်းလိုပဲ အတန်းများကို ခွဲခြားသတ်မှတ်ထားပါတယ်။

၁။ သူငယ်တန်း
၂။ ၁ တန်းမှ ၁ဝ တန်း (Grade 1 to Grade 10)
၃။ နောက်ဆုံးအဆင့် ၁၊ အဆင့် ၂ (Final 1, 2)ဆိုပြီး
အတန်းပေါင်း ၁၃ တန်း (၁၃-နှစ်) သင်ကြားပေးပါတယ်။

ပြဋ္ဌာန်းစာတွေကတော့
ငါးရာ့ငါးဆယ်လာဇာတ်တော်များ၊ ဓမ္မပဒကျမ်းလာ ဘုရားလက်ထက်က အဖြစ်အပျက်များ၊
ဗုဒ္ဓဝင်ကဗျာများ၊ ပါရမီ ၁ဝပါး၊ ဒါန သီလ စတဲ့ ပုညကိရိယဝတ္ထု ၁ဝ ပါးအကြောင်း၊
ဘုရားဖြစ်တော်စဉ်ဗုဒ္ဓဝင်၊ ပရိတ်ကြီးပါဠိ အဓိပ္ပါယ်၊ အဘိဓမ္မာသဘောသဘာဝ၊
သုတ္တနိပါတလာ မှတ်သားဖွယ်ရာများ၊ သီဟိုဠ်ဗုဒ္ဓဘာသာသမိုင်း၊
ရှေးဟောင်းယဉ်ကျေးမှုဗိသုကာများအကြောင်း၊
ရှေးဘုရင်တို့၏အောင်ပွဲနှင့် စစ်သူကြီးများ၏အစွမ်းသတ္တိတို့ကို ဖော်ပြထားတဲ့ ရာဇဝင်များ၊
ထေရဝါဒဗုဒ္ဓဘာသာနဲ့ မဟာယာနဗုဒ္ဓဘာသာအကြောင်းတို့ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ နံနက် ရ – နာရီလောက်ကစပြီး ရိုးရာဝတ်စုံဖြစ်တဲ့
အထက်အောက် အဖြူရောင်ဝတ်စုံကိုသာ ဝတ်ဆင်ပြီး
ကျောင်းကို လာကြရပါတယ်။

ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်စသည်တို့ကို ယူလာပြီး
ကျောင်းဝင်းရှိ ဗောဓိပင်အနီး ပန်းတင်ခုံပေါ်မှာ တင်ထားရပါတယ်။

၈ နာရီခွဲမှာ ကျောင်းသူ ကျောင်းသားများ သူ့နေရာနှင့်သူ တန်စီပြီး
ပန်း၊ ရေချမ်းစသည်တို့ကို ဘုရားကို ကပ်လှူပါတယ်။
ပြီးတော့ သီလယူပါတယ်။ ကျောင်းတိုက်မှာရှိတဲ့ဆရာတော်က ဩဝါဒဆက်ပေးပါတယ်။
ပြီးမှ စာသင်ခန်းထဲဝင်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုစာများကို စတင်သင်ရပါတယ်။

၁၂ နာရီခွဲမှာ သင်တန်းအားလုံးပြီးပါတယ်။
သင်တန်းပြီးချိန်မှာ ကျောင်းသူကျောင်းသားများဟာ
စာသင်ခန်းထဲကနေပြီး ဗောဓိပင်ရှိရာမျက်နှာမူကာ မေတ္တာပို့ ဆုတောင်းပြီး
စာသင်ခန်းထဲမှ ထွက်ခွါကြရပါတယ်။

ဒီလိုအလေ့အကျင့်ဟာ တစ်ရက်မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ်မဟုတ်၊
၁၃-နှစ်ကြာ တက်ရကြောင်းသိရပါတယ်။

နောက်တစ်ခုထပ်သိရတာက
ဘွဲ့ရလို့ အလုပ်လျှောက်တဲ့အခါမှာလည်း
Sunday Dhamma School အောင်လက်မှတ်က အရေးပါပြန်တယ်တဲ့။
ဒီအောင်လက်မှတ်ပြနိုင်တဲ့သူ၊
Sunday Dhamma School မှာ အမှတ်ကောင်းကောင်းနဲ့
အောင်မြင်ခဲ့တဲ့သူဟာ အလုပ်လျှောက်ရာမှာ များစွာ အထောအကူဖြစ်တယ်တဲ့။
ဦးစားပေးခံရတယ်တဲ့။

သီဟိုဠ်နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ပတ်သက်ပြီး
သီဟိုဠ်နိုင်ငံမှာနှစ်အတန်ကြာနေဘူးတဲ့ မြန်မာဘုန်းကြီးတစ်ပါးက
အခုလိုပြောဘူးတယ်။

“သီဟိုဠ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်ကလေးသူငယ်များဟာ
ဘာသာပြောင်းတယ်ဆိုတာ မရှိဘူး၊
ဘာ့ကြောင့်လဲဆိုရင် ကလေးဘဝက စတင်ပြီး
အခြေခံဗုဒ္ဓစာပေများကို  စနစ်တကျ သင်ယူခဲ့ရသည့်အတွက်
ဗုဒ္ဓဘာသာရဲ့တန်ဘိုးကို ကိုယ်ကိုယ်တိုင်သိရှိနေကြပြီလေ၊
ဒီတော့ ကိုယ့်ဗုဒ္ဓဘာသာကို ဘယ်သောအခါမှ ကျောမခိုင်းတော့ဘူး”

ဟုတ်တယ်။ သီဟိုဠ်သားတွေက ဗုဒ္ဓဘာသာကို အသက်နဲ့လဲပြီးချစ်ကြတာ။
ဗုဒ္ဓဘာသာကိုတော့ လာမစော်ကားနဲ့။ နည်းနည်းလေးမှ သည်းမခံဘူး။
ဒါ့ကြောင့် ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ကမ္ဘာကို တင်ပြစရာရှိရင်
သီဟိုဠ်သားတွေပဲ တင်ပြနေတာ။

ဒို့နိုင်ငံလည်း ဒီလိုသင်တန်းတွေ ဖွင့်ချိန်တန်ပြီ။
ဒီတစ်နှစ် နှစ်နှစ်အတွင်း ဒီလိုမျိုးသင်တန်းတွေစနိုင်ရင်
အချိန်မနှောင်းသေးဘူးလို့ ယူဆပါတယ်။
ဒီထက်နောက်ကျသွားရင်တော့…။

4 comments

  • parlayar46

    September 9, 2011 at 8:40 am

    အရှင်ဘုရားရဲ့ အမြှော်အမြင် နဲ့ အကြံဉာဏ်ကိုတော့ လေးစားလှပါတယ်ဘုရား ……

    သို့ပေမယ့် –
    ယနေ့ မြန်မာနိုင်ငံက ကလေးတွေမှာ လက်ရှိ ပညာရေးစံနစ် အညံ့စားကြီးကြောင့် ကျောင်းရယ်၊ ဝိုင်းရယ်၊ တကယ့်ကျူရှင်ရယ်၊ ဆရာမကျူရှင်ရယ်နဲ့ –
    ထမင်းတောင် ဖြောင့်ဖြောင့်မစားနိုင်တဲ့ အခြအနေမှာ ရှိနေပါတယ်။

    ဗုဒ္ဓဘာသာသင်တန်းသာ ထပ်တက်ရရင် …..??

    ရှေးယခင်ကတော့ ဘုန်းကြီးကျောင်းထွက်ကလေးများ လူကြီးဖြစ်လာတဲ့အခါ အသိအလိမ္မာ ပညာ စာရိတ္တ အစအစအရာရာ ပြည်ဝတာ ကြားဘူးပါတယ်ဘုရား …။

  • Moe Z

    September 11, 2011 at 11:56 am

    အရှင်ဘုရားမျှော်လင့်သလိုဖြစ်ဖို့ အရှင်ဘုုရားတို့မှာလည်းတာဝန်ရှိပါတယ်ဘုရား.. 🙂
    ဆရာဒကာညီရင် ဖြစ်နိုင်ပါတယ်..

  • မီးမီး သော်

    September 11, 2011 at 12:27 pm

    အရှင်ဘုရား တပည့်တော်တို ့နိုင်ငံမှာ တော်တော်လေးယိုယွင်း ယိုင်နဲ ့နေတဲ့ အတွက်စိတ်ပျက်ရပါတယ်။အရှင်ဘုရားတို ့အပါအဝင် သာသနာ့အာဇာနည်တွေ ကြိ ုးစားပေးဖို ့ရာလျှောက်ထားပါတယ်။ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ခေတ်ဖြစ်နေပီမို ့အချိန်ရှိတုန်းပြ ုပြင်ပေးစေလိုပါတယ် ဘုရား။

  • koyo

    September 20, 2011 at 4:24 pm

    လျှောက်ထားပါရစေပါဘုရား။ ခွင့်လွှတ်တော်မူပါ့ဘုရား။ ပထဦးဆုံးပြင်ရမှာက အရှင်ဘုရားတို့ ဘုန်းတော်ကြီးတွေလို့ထင်ပါတယ်။ ရှေ့ဆောင်နွားလားတွေ ဖြောင့်ဖြောင့်သွားရင်…….အခု မြန်မာပြည်သာသနာက ဘုန်းတော်ကြီးလက်တစ်ဆုပ်စာရဲ့လက်ထဲမှာ ဖြစ်ချင်သလိုဖြစ်နေတဲ့ သာသနာဖြစ်နေတာကို မပြောပလောက်တဲ့ ဘုန်းတော်ကြီးတစ်ချို့ပဲသိကြတာပါ။ သူတို့လည်း ပြင်ချင်ကြမှာပါ။ ဘာသာမဲ့က ဘာတွေလာပြောနေတာလည်းလို့လည်း အပြစ်တင်မစောလိုက်ပါနဲ့။ ဝင်္ကဘာထဲကလူက ဝင်္ကဘာရဲ့ထွက်ပေါက်ကို အပြင်ကသူလို မြင်လို့မရနိုင်ဘူးမဟုတ်လား။ မြန်မာပြည်ကြီး အမှန်တကယ်တိုးတက် ဖြစ်ထွန်းဖို့ဆန္ဒရှိကြရင် အယူအဆတူတူ မတူတူ ဝိုင်းဝန်းဆောင်ရွက်လိုတဲ့မြင့်မြတ်တဲ့စိတ်ထားတွေ မွေးမြူဖို့အကြံပြုလိုက်ပါရစေ။

Leave a Reply