“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း ” (ပထမပိုင်း- ကလေးဘဝနဲ့ဓါတ်ရှင်)

“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း ”
(ပထမပိုင်း- ကလေးဘဝနဲ့ဓါတ်ရှင်)

(၁) (ဓါတ်ရှင်=ဘိုင်စကုပ်=ပစ်ချာ……….ဘယ်လိုခေါ်ခေါ် တကယ်တော့ရုပ်ရှင်)

တစ်ရက် ကျနော်နန်းရှေ့ကပြန်လာတော့ မင်္ဂလာတံတားမီးပွိုင့်မှာ မီးနီမိလို့ ခဏရပ်စောင့်နေရပါတယ်။
အဲဒီအချိန်လမ်းဟိုဘက်ခြမ်း ဆိုင်ကယ်နောက်မှာထို်င်နေတဲ့ အမျုးိသမီးတစ်ယောက်က လှမ်းရီပြတာကိုတွေ့
လိုက်တော့ အလိုက်သင့်ပြန်ရီပြလိုက်ပါတယ်။
ခက်တာက သူ့ဘယ်သူဆိုတာ သေသေချာချာမမှတ်မိတာပါဘဲ။
အမြဲတွေ့နေမြင်နေကျ မဟုတ်တာလဲပါပါတယ်။
ဆိုင်ကယ်သာမောင်းနေတာ စိတ်ကတော့ သူဘယ်သူလဲဆိုတာ ပြန်စဥ်းစားနေမိပါတယ်။
အသားလေးက ဖြူဖြူ လူက ပိန်ပိန် မျက်နှာလေးကသွယ်သွယ်။
ပြုံးလိုက်ရင်သွားတက်ကလေးနဲ့။
သွားတက်ကလေးကိုမြင်မှ သူဘယ်သူလဲဆိုတာကိုပြန်သတိရပါတယ်။
ဝင်းလိုက်ရုပ်ရှင်ရုံနားက စက်ဘီးအပ်လက်ခံတဲ့အိမ်က ကောင်မလေးပေါ့။
အခုတော့သူလဲ လူလတ်ပိုင်းအသက်အရွယ်။
လွန်ခဲ့သော နှစ်သုံးဆယ်ကျော်ကျော် အဲဒီတုန်းကတော့ကျနော်တို့ကလူပျိုပေါက်စ သူက ကြီးကောင်ဝင်စအရွယ်
ကျနော်တို့တစ်တွေ “ဝင်းလိုက်ရုံ” မှာရုပ်ရှင်ကြည့်တိုင်း 32လမ်းမှာရှိတဲ့သူတို့အိမ်မှာစက်ဘီးအပ်နေကျ၊
သူ့ကိုလဲ မခံချင်အောင်စနေကျ။
အခုမှ အတိတ်ကို သတိရစရာတွေပေါ်လာပါတော့တယ်။
အရင်က ရုပ်ရှင်ကြည့်ရင် စောစောလာ 32လမ်းကမုတ်ဆိတ်လက်ဘက်ရည်ဆိုင်ထို်င်၊
မုတ်ဆိတ်မရှိတော့ တဲ့အချိန်ကျတော့ မန်းမြို့တော်ပေါ့။
ပျော်ရွှင်စရာကောင်းတဲ့ အတိတ်ဆိုတာ ပြန်တွေးကြည့်ရင်လွမ်းစရာ။

26ဘီလမ်းအတိုင်း အနောက်ဘက်ကို ဆိုင်ကယ်စီးလာရင်းကနေ ကျုံးဒေါင့်ရောက်တော့ တောင်ဘက်ကိုကွေ့လို့
လမ်း80အတိုင်းဆက်မောင်းလာလိုက်တော့ ပထမဆုံးတွေ့ရတာကတော့ နိုင်ငံခြားကားတွေဘဲပြပြီး အမြဲလိုလို
ဈေးသည်ရော ရုပ်ရှင်လာကြည့်သူရော မှောင်ခိုလက်မှတ်ရောင်းသူနဲ့ပါစည်ကားနေတဲ့ “မစိုးရိမ်ရုပ်ရှင်ရုံ”
နားကိုရောက်အလာအနာကြီးရောဂါသည်တစ်ယောက်ပေမယ့် တောင်းမစား ဘဲ
“အပျင်းပြေ အပျင်းပြေ”လို့အော်ပြီး စက်ဘီးအပ်တာလက်ခံတာကိုလုပ်တဲ့ ဦးသိန်းမောင်ကြီး ရဲ့အသံတောင်
နားထဲကြားယောင်မိသလိုလို။
ဒီရုံကလဲ အခုတော့ ရုပ်ရှင်မပြတော့ပါဘူး။
နည်းနည်းလေးဆက်သွားလိုက်တော့ အခုလက်ရှိအချိန်မှာ ကုမ္မဏီတစ်ခုကို ဂိုဒေါင်အဖြစ်ငှားထားတဲ့
မြန်မာကားအသစ်ဆိုအရင်ဆုံးပြတဲ့ မြို့လယ်က “ရွှေနဂါးရုပ်ရှင်ရုံ”။
28လမ်းရောက်လို့ အနောက်ဘက်ကွေ့လိုက်တော့ အရင်က ကုလားကားနဲ့မြန်မာကားဘဲပြတဲ့ “မြို့မရုပ်ရှင်ရုံ”
အခုတော့ အဆင့်မြင့်ရုပ်ရှင်ရုံပေါ့။
အခုတော့ ကုလားကားရော အင်္ဂလိပ်ကားပါ ဒီအဆင့်မြင့်ရုံမှာပြပါတယ်။

အဲဒီကနေအနောက်ဆက်ဆင်း 83လမ်းအတိုင်းတောင်ဘက်သွား 31လမ်းရောက်ရင်
တွေ့ရပါပြီ” မြို့ဂုဏ်ရောင်”သူလဲအခုတော့ အဆင့်မြင့်အအေးခန်းနဲ့ပေါ့။
31လမ်းအတိုင်းအနောက်ဆက်ဆင်း 84လမ်းရောက်ရင်တောင်ဘက်တစ်ပြသွားလိုက်တာနဲ့32လမ်းရောက်ပြီဆိုတာနဲ့
အရင်က အင်္ဂလိပ်ကားဘဲပြလေ့ရှိတဲ့“ဝင်းလိုက်ရုံ”
အခုတော့ “ဝင်းလို်က်ရုံ” မှာအမြဲဆိုင်းဘုတ်ချိတ်လို့ပြတာကတော့ မြန်မာကားအသစ်တွေဘဲဖြစ်နေပါတယ်။
84လမ်းအတိုင်းတောင်ဘက်ဆက်သွားတော့ မြန်မာကားသက်သက်ဘဲ ပြတဲ့”တော်ဝင်ရုံ”
အခုတော့ရုံတောင်မရှိတော့ဘူး ဖျက်လိုက်ပါပြီ။
အမြဲတမ်းလူစည်ကားနေဘူးခဲ့တဲ့ မန်းလေးအခေါ် ဓါတ်ရှင်ရုံတွေရှေ့မှာဖြတ်လာခဲ့တော့ ငယ် ငယ်တုန်းက မက်မက်မောမောကြည့်ခဲ့ရတဲ့ဓါတ်ရှင်တွေကို ရင်ထဲကပြန်သတိရ လွမ်းဆွတ်လို့လာပါတော့တယ်။
ကျနော့်တို့အဖွားတွေအဒေါ်တွေဒုတိယကမ္ဘာစစ်မဖြစ်မီနဲ့ စစ်ပြီးစ (1940ခုနှစ်ပါတ်ဝန်းကျင်)မှာလူဖြစ်ခဲ့ကြသူများကတော့
“ဓါတ်ရှင်ကြည့်မယ်”
ပညာတတ်တွေ ခေတ်မှီတယ်ဆိုတဲ့အသိုင်းအဝိုင်းကလူများကတော့
“ဘိုင်စကုပ်သွားကြည့်မယ်” ပစ်ချာသွားကြည့်မယ်”
ကျနော်တို့လက်ထက်မှာတော့ “ရုပ်ရှင်သွားကြည့်မယ်”လို့ပြောတတ်ကြပါတယ်။
အိမ်ရောက်လို့ခုံလေးမှာထိုင် မိတဲ့အခါ တွေးလက်စမပြတ်တဲ့ ငယ်ငယ်တုံးကကြည့်ခဲ့တဲ့ဓါတ်ရှင်တွေ
နဲ့ပါတ်သက်လို့ အမှတ်တရဖြစ်စရာတွေကို တသီတတန်းစိတ်ထဲမှာအမျှင်တန်းလို့လာပါတော့တယ်။

(၂) (ငယ်ဘဝနဲ့ရုပ်ရှင်)

ကျနော်ဘဝမှာ ပထမဆုံးသတိရမိတဲ့ရုပ်ရှင်အကြောင်းပြောရင်တော့ မန်းလေးသင်္ကြန်အကြောင်းကို ရိုက်ထားတဲ့
“မောင်တို့ချယ်ရီမြေ”ကိုဘဲပြောရမယ်ထင်ပါတယ်။
အဲဒီအချိန်မှာကျနော်က သူငယ်တန်းကျောင်းအပျော်လိုက်တဲ့အချိန်၊
ကျနော်တို့ရဲ့ဆရာမက “ရုပ်ရှင်ထဲမှာတီချာပါတယ် သားတို့သွားကြည့်ကြနော်”
လို့မှာလို်က်တော့ ရုပ်ရှင်လိုက်ပြဘို့ အိမ်ကိုပူဆာတာပေါ့။
အိမ်ကလဲလိုက်ပြပါတယ်။
မင်းသားကတော့ “ကြက်တောကြီး”လို့ချစ်စနိုးခေါ်ကြတဲ့ဝင်းဦး။
ဒါပေမယ့် ရုပ်ရှင်သာပြီးသွားတယ်
ရေပက်တာ သင်္ကြန်လည်တာ သင်္ကြန်ကတာတွေဘဲတွေ့လိုက်တယ်။
ကျနော့်ဆရာမကိုလုံးဝမမြင်လိုက်ရဘူး။
ဒါနဲ့နောက်နေ့ကျောင်းရောက်တော့ ဆရာမကိုမေးတာပေါ့ “တီချယ်ဘယ်နားမှာ ပါတာလဲ”ဆိုတော့မှ
“………….ရေသဘင်အဖွဲ့ ကထဲမှာ ရှေ့ဆုံးတန်း ဘယ်ဘက်အစွန်ဆုံးကတီချယ်လေ”တဲ့။
အဲတော့အိမ်လဲပြန်ရောက်ရော အဲဒီကားကို ထပ်ကြည့်ချင်ပါတယ်ပူဆာတော့ ကျောင်းပိတ်ရက်မှာ
အကိုတစ်ယောက်နဲ့ထပ်ပြီးသွားကြည့်၊
တီချယ်ပါတဲ့အခန်းကိုသေချာကြည့်ပြီးမှတ်၊
နောက်ကျောင်းဖွင့်တဲ့ရက် ရောက်တော့ရုပ်ရှင်ထဲမှာ ဆရာမကိုတွေ့တဲ့အကြောင်း အပြေးအလွားသွားပြော ၊
ဒါလေးကတော့ ရုပ်ရှင်နဲ့ပါတ်သက်ရင်ဘဝအစမှာ အမှတ်မိဆုံးဖြစ်ရပ်လေးပါ။

ကျနော်တို့ 25လမ်းအိမ် အဖေ့ဘက်က အမျုးိတွေအားလုံးကရုပ်ရှင်ကြိုက်ပါတယ်။
အဒေါ်တွေက မြန်မာကားအချစ်အလွမ်းကားတွေ ဦးလေးတွေကတော့ စစ်ကား နဲ့ အင်္ဂလိပ်ကား။
အဒေါ်တွေကတော့ သွားတိုင်းခေါ်ပါတယ်။
ဦးလေးတွေကတော့ ဇွတ်လိုက်ချင်တယ် ပူဆာမှခေါ်တတ်ပါတယ်။
ခပ်ငယ်ငယ်အရွယ်က (26-27)နဲ့(80-81)လမ်းကြားက ရွှေတိုက်ဝင်းထဲမှာရှိတဲ့ ရွှေတိုက်ရုံမှာ
ရုပ်ရှင်သွားကြည့်တယ်ဆိုရင် ရုပ်ရှင်မပြခင်မှာ နာမယ်ကြီးမင်းသားမင်းသမီးတို့ အဆိုတော်တို့ရဲ့
အသံတုတွေလုပ်ပြလို့ ဧည့်ခံခဲ့ကြတာလဲမှတ်မိပါသေးတယ်။ (အများအားဖြင့် ဦးသိန်းမောင် ဦးကျောက်လုံး ထွန်းဝေ ဝင်းဦး မြတ်လေး ဒေါ်မြလေး တို့အသံတွေကိုတုပြတတ်ပါတယ်။ထူးခြားတဲ့အသံပိုင်ရှင်တွေဖြစ်လို့ပါဘဲ။)

ရုပ်ရှင်ရုံထဲမဝင်ရသေးခင် မပြသေးခင်မှာ ရုပ်ရှင်ရုံက သီချင်းတွေဖွင့်ထားတတ်ပါတယ်။
အဲဒီသီချင်းတွေကတော့ ဝင်းဦးရဲ့ “အို့………..မေဘရဏီလို ငွေပန်းချီတောင် လက်မိူင်ချရသကိုး မမမိုး…………….”
နဲ့ “ ညွန့်ဝင်း”ရဲ့ “ပါးကလေးနီ တအားထွေးမည် ချစ်ရတဲ့သိင်္ဂီမောင့်သိင်္ဂီ………..” နှစ်ပုဒ်ကတော့ အခုထိရင်ထဲမှာညိနေတုန်းပေါ့။
ရုပ်ရှင်ရုံထဲ ရောက်တဲ့အခါမတော့ ပြခါနီးဆိုရင် လွှင့်ပေးနေကြ
“ တစ်သောင်းဇမ္ဗူပေါ် တောင်းဆုချွေကာရည်မျှော် စည်းစိမ်ဥစ္စာများကြွယ်ဝတိုးတက်စေသား………………. ………..“ဆိုတဲ့ဝင်းဦးရဲ့မင်္ဂလာဆုတောင်းသီချင်းနဲ့အတူ
“ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ” ဆိုတဲ့စာတမ်းလေးက ပိတ်ကားပေါ်မှာ မြင်လာရပါတယ်။
ခဏနေရင်တော့ “ ကမ္ဘာမကြေ……………………..”တီးလုံးနဲ့အတူ နိုင်ငံတော်အလံလေး လွင့်နေတဲ့ပုံပေါ်လာရင် အားလုံးမတ်တပ်ရပ်
လို့ အလေးပြု ပြီးရင် ကျနော်တို့ခေါ်နေကျ ထွေလာထိုးပါတော့တယ်။
နောက်ပြမယ့်ကားထဲက စိတ်ဝင်စားလောက်တာလေးတွေကိုရွေးပြတာပါ။
တစ်ခါတစ်လေတော့လဲ ဗဟိုသတင်းစဉ်၊
တစ်ခါတစ်လေတော့လဲ နိုင်ငံခြားက စိုက်ပျုးိရေးလုပ်ငန်းအကြောင်းတွေပြ။
ပန်းသီး တို့ စပျစ်သီးတို့ လိမ္မော်သီးတို့ကို ခူးတာတွေများပြရင်အားပါးတရ အပြင်က ကြည့်နေတဲ့ ကျနော်တို့မှာသွားရည်များတောင်ကျလို့။
ကျဆို ဒီအသီးအနှံတွေက အခုခေတ်မှာသာပေါတာ အရင်ခေတ်က ရှားပါးပစ္စည်းသူဌေးစာကိုးဗျ။

အခုထိတောင်မှတ်မိနေသေးတဲ့ ဗဟိုသတင်းစဉ်(နိုင်ငံတော်က စီစဉ်ပြီးပညာပေးတွေရိုက်ပြတဲ့ကားတွေထုတ်တဲ့ဌာန)ကရိုက်ပြတဲ့
“နမော်နမဲ့” ဆိုတဲ့ ပညာပေးဟာသဇာတ်လမ်းတိုလေးပါ။
လူတစ်ယောက်ဘာလုပ်လုပ်နမော်နမဲ့ လုပ်ချင်သလိုလုပ်။
အပေါ်က အံဆွဲကိုဖွင့် ပြန်မပိတ်ဘဲထား။
အောက်ဆုံးက အံဆွဲကို ဖွင့် ကြမ်းပြင်ပေါ်ဖင်ချထိုင်ပြီးရှာ။
အမှတ်တမဲ့ပြန်ထတော့ မပိတ်ဘဲထားခဲ့တဲ့ အံဆွဲနဲ့ခေါင်းနဲ့ဆောင့်။
အိမ်ရှေ့ကပြင်မှာလက်ဆေး ဆပ်ပြာကို အဝင်ဝလှေခါးနားချထား၊
အိပ်ပေါ်ကဆင်းလာတဲ့သူက ဆပ်ပြာခဲပေါ်တက်နင်းပြီးချော်ကြ၊
အိမ်လှေကားတက် သံပြုတ်နေတာကို မပြင်၊
နောက်ဈေးကပြန်လာတဲ့သူက တက်နင်းတော့ ကျိုးကျ။
လူတစ်ယောက်နမော်နမဲ့ဖြစ်ကတတ်ဆန်းလုပ်သမျှသူကိုယ်တိုင်ရော သူများပါ ဒုက္ခရောက်ကြရတာကို ရိုက်ပြထားတာ။
ရီစရာတွေနဲ့ ပညာပေးကားလေးကတော့ အမှတ်ရစရာ သတိပြုစရာ။

ကလေးဘဝကတော့ လူကြီးတွေရုပ်ရှင်သွားရင်လိုက်ချင်တာဘဲရှိတယ်။
ဘယ်သူပါတယ် ဘယ်ဝါပါတယ်လဲမသိ ဇာတ်လမ်းအကြောင်းလဲမသိ။
ဘာကားမှန်းလဲမသိ။
သီချင်းတွေကို အော်လံနဲ့ဖွင့်လို့ ရုပ်ရှင်ကြော်ငြာလာဝေတဲ့ မြင်းလှည်းနောက် မော်တော်ကားနောက်
အပြေးအလွားလိုက်ပြီး ကြော်ငြာစာရွက်ကို မရ ရအောင်လုကောက်၊
မတတ်တတတ်နဲ့စာလုံးပေါင်းဖတ် ၊
အဖွားတွေအဒေါ်တွေကို ကြော်ငြာစာရွက်လိုက်ပြ၊
“သွားကြည့်ရင်လိုက်မှာနော်”ဆိုတာကို “အေးပါ”လို့မဖြေမခြင်း တတွတ်တွတ်နားပူတာ
ကျနော့်ငယ်ကျင့်ပေါ့။
အများအားဖြင့်အိမ်ကရုပ်ရှင်ကြည့်ကြတာ ညပွဲများပါတယ်။
ညပွဲဆိုတာ ညကိုးနာရီမှပြ သန်းခေါင်နားကပ်မှ အိပ်ပြန်ရောက်ပါတယ်။
အဲတော့လဲ အိပ်ရေးပျက်မှာစိုးတော့လူကြီးတွေက မခေါ်ချင်။
ကျနော်က ဇွတ်လိုက်။
အဲဒီကတည်းက စလိုက်တဲ့ ညဆို ညဉ့်နက်မှာအိပ်တဲ့ အကျင့်က အခုထက်ထိအောင်ပါဘဲ။

ကျနော်ငယ်စဉ်တုံးက ကြည့်ခဲ့ရတဲ့ ရုပ်ရှင်တွေထဲက မှတ်မိနေတဲ့သူတွေကတော့
မင်းသား မင်းသမီးထဲကဆိုရင်
မောင်သင် မောင်မောင်တာ ဇေယျ ကျော်ဆွေ ထွန်းဝေ ကြည်ကြည်ဌေး ကောလိပ်ဂျင်နေဝင်း မြတ်လေး ဝင်းဦး စံရှားတင် မြင့်မြင့်ခင်
ခင်ယုမေ ခင်သန်းနု သီသီ ဝါဝါဝင်းရွှေ တို့ပါဘဲ။
နာမယ်ကြီးဟာသ သရုပ်ဆောင်တွေကတော့ ကြယ်နီ သန်းနွဲ့ ဒေါ်စိန်ခင် ဦးသာဂေါင် ဖိုးပါကြီး သာဆန်း ကြာဇံအုန်းမောင် ဂျော်လီဆွေ
အနုအကြမ်းဆိုရင် ဦးသိန်းမောင် ဦးကျောက်လုံး ဗိုလ်ဗကို ဒေါ်မြလေး မေသစ် သီတာခင်ထွေး ဒေါ်ဂျမ်းစိန် ဘေဘီနွဲ့
ဒါတွေက ကျနော်မှတ်မိသလောက်တွေပေါ့။

ငယ်ငယ်ကကြည့်ခဲ့ရတဲ့ရုပ်ရှင်တွေကို ဇာတ်လမ်းဇာတ်ကွက်တွေ၊
ဘယ်သူတွေပါတယ် ဘယ်သူကဒါရိုက်တာ ဘယ်တုန်းက ပြခဲ့တာတွေကတော့ စာအုပ်တွေပြန်ရှာဖတ်ရင်
အလွယ်တကူတွေ့နိုင်ပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့အနှစ်သုံးလေးဆယ်က ကြည့်ခဲ့ရတဲ့ရုပ်ရှင်တွေထဲက
ဇာတ်ကွက်တစ်ချို့က စာအုပ်လှန်စရာမလိုဘဲ အခုချိန်ထိ ရင်ထဲမှာခိုအောင်းဆဲ မှတ်မိနေဆဲ ရှိနေတာကတော့ အံ့ဩစရာ။
“နှစ်တွေဒီလောက်ကြာတာတောင် ဘာကြောင့်များမှတ်မိနေသလဲ” လို့မေးရင်” ကြိုက်လို့ပေါ့”
ဆိုတာကလွဲလို့ ဖြေစရာမရှိပါဘူး။
(တကယ်တော့ သရုပ်ဆောင်သူရဲ့အနုပညာမျှားချက်စူးဝင်သွားတာလို့တင်စားချင်ပါတယ်)

(၃) (ရင်ထဲမှာ မသိဘဲ သိမ်းထားမိတဲ့ ………………)

ကျနော်တို့မှတ်မိတာလေးတွေကို ပြန်စားမြုံ့ ပြန်ရမယ်ဆိုရင်တော့ တစ်နှစ်ကျနော်တို့မိသားစုရန်ကုန်ရောက်နေတာကနေစရမယ်ထင်ပါရဲ့။
အဲဒီအချိန်ရန်ကုန်မှာ ရုပ်ရှင်ရွှေရတုကျင်းပတဲ့အချိန်နဲ့ဆုံနေတော့ ရှေးဟောင်းကားတွေပြန်ပြနေပါတယ်။
တစ်ရက်တော့ကျနော်တို့မိသားစုလိုက်ရုပ်ရှင်သွားကြည့်ကြပါတယ်။
“မြဂနိုင်”ဆိုတဲ့မြန်မာတာဇံကားပါ။
မှတ်မိတာကတော့ မင်းသမီးဖြစ်တဲ့ဒေါ်ဂျမ်းစိန်က သစ်ပင်ပေါ်မှာတက်ပြီး သစ်ကို်င်းတစ်ခုပေါ်မှာခြေထောက်နှစ်ချောင်းကိုလွှဲ လွှဲပြီးသီချင်းဆိုတဲ့အခန်းတစ်ခန်းပါ ပါတယ်။
အဲဒါကိုမြင်တော့ ကျနော်က ဟိုမှာ ထမိန်ကြီးလန်တော့မယ်လို့အော်လဲပြောရော အဒေါ်ကခေါင်းကို ဂေါက်ကနဲနေအောင်ဆော်ထဲ့လိုက်တာခံလိုက်ရတာပေါ့။
အဲဒီကားထဲမှာ သဘောအကျဆုံးကတော့ မီးပုံပျံ စီးခါနီးမှာ ခေါင်းပေါင်းတွေဘာတွေနဲ့ဂိုက်ပေးနေတဲ့ သူကိုတွန်းဖယ်ပြီး
မီးပုံပျံပေါ်တက်စီးသွားတဲ့မင်းသားကိုပါ။
လက်ခုပ်တွေတီးရတာ လက်တွေတောင်နာလို့ပေါ့။
(နောက်မှသိရတာက ခေါင်းပေါင်းနဲ့လူက မြန်မာ့သူရဲကောင်း မီးပုံပျံဦးကျော်ရင်နဲ့ မင်းသားက လွတ်လပ်ရေးတိုက်ပွဲမှာတောင်
တစ်တပ်တစ်အားနဲ့ပါခဲ့တဲ့ ရဲခေါင်ချစ်ဆွေဆိုတာကိုပါ။)
တကယ်ပြောရင်တော့ ဒီကားက အသံတိတ်ခေတ်က ကားတွေပါ။
ကြုံကြိုက်လို့ပြန်ကြည့်ခွင့်ရတယ်လို့ဆိုနိင်ပါတယ်။
မြန်မာရုပ်ရှင်ပထမခေတ်က နာမည်ကြီးလူကြိုက်များခဲ့တဲ့
လူအပြောများတဲ့ မင်းသားကြီးခင်မောင်ရင်ရဲ့ ဗိုလ်အောင်ဒင်တို့ ၊ဆရာကြီးဦးသုခရဲ့ဘဝသံသရာတို့ မေသစ်ရဲ့ နာမယ်ကျော်ပေါက်စီမယ်သုံလို့အမည်တွင်ခဲ့တဲ့ ဂုဏ်ရည်မတူတို့ မင်းသားကြီးခင်မောင်ရဲ့ဖာတလုံးခေါင်းကျားဆိုတဲ့ကားတွေကို
ပြည်လှဖေရဲ့စောင်းတော်ရှင်တို့ ကျနော်တို့မန်းလေးဂုဏ်ဆောင် အဆိုတော်မင်းသမီးကြီးဒေါ်မေရှင်တို့ အေဝမ်းတင်မောင်တို့ရဲ့နာမယ်
ကျော်ရုပ်ရှင်တွေကို စာအုပ်တွေထဲမှာဖတ်ဘူး လူကြီးတွေက တသသနဲ့ပြန်ပြောတာလို့သာသိနေတယ် ငယ်ဘဝက မကြည့်ခဲ့ရပါဘူး။
(နောက်ပိုင်း အသက်အရွယ်ရတဲ့အချိန်မှာ မြန်မာ့ရုပ်မြင်သံကြားကနေပြန်ပြတာကို ကြည့်ရတဲ့အခါ ခေတ်အဟပ်ကွာသွားလို့၊
စကားပြောတဲ့လေယူလေသိမ်းတွေက လေးလေးကြီုးဖြစ်နေပေမယ့် သူတို့ရဲ့သရုပ်ဆောင်ပုံတွေက တကယ့်ကိုအသက်ပါလှ သဘာဝကျလှပါတယ်။ဒါကြောင့်လဲ လူတွေက သူတို့ရဲ့ ရုပ်ရှင်တွေအကြောင်းကို တသသပြောနေကြတာလို့ထင်ပါတယ်။ ကျနော့်ရဲ့တစ်ကိုယ်တော်ခံစားချက်ပါ)
ကျနော့်ငယ်ဘဝမှာကြည့်ခဲ့ရတဲ့ရုပ်ရှင်တွေထဲက မှတ်မိနေတဲ့အကွက်ကလေးတွေကိုတော့ စားမြုံ့ပြန်ချင်ပါသေးတယ်။
နိုင်ငံခြားဘောလုံးပြိုင်ပွဲတွေထဲက ဟိုင်းလိုက်အစီအစဉ်အတိုင်းပြောရရင်တော့…………………..။
“ကြက်ညီနောင်ရေဝယ်မျှောစေ မြကြောရယ်တဲ့ ရွှေမင်းဝံတောင်လွဲတော့မရှောင်အာကာဘောင်………………”
ဆိုတဲ့သီချင်းလေးကို ဝင်းဦးက ဆိုပါတယ်။
ဒီသီချင်းလေးကို ဆိုတဲ့နေရာကတော့ ခပ်ဆန်းဆန်း။
အိမ်အပေါ်ထပ်ပြူတင်းပေါက်နားမှာ အဖီလေးချထားတဲ့ခေါင်မိုးပေါ်မှာ လသာသာညလေးမှာ “ကြက်ညီနောင်”သီချင်းလေးကိုဆို
ပြီး ချစ်သူကိုလွမ်းပြတာပေါ့။
အဲဒီရုပ်ရှင်ကားလဲပြပြီးရော ကျနော်တို့ ဦးလေးတွေအကိုကြီးတွေကလဲ သူတို့အိမ်အပေါ်ထပ်မှာ အစက အဖီမရှိတဲ့သူတွေကလဲ
အဖီတွေထိုးလို့ အဲဒီပေါ်တက်ပြီး ဝင်းဦးစတိုင်ဖမ်းကြပါတယ်။
ရီစရာပြောရရင်တစ်ယောက်ကတော့ ချော်ပြီး ပြုတ်ကျတာ ခြေထောက်ကျုးိသွားခဲ့ဘူးပါတယ်။
သူကမြန်မာမင်းသားတွေထဲမှာထူးထူးဆန်းဆန်းလေးတွေလုပ်ပြတတ်တဲ့သူ ခေတ်ရှေ့ပြေးသူလို့ထင်ပါတယ်။
နောက်သူနာမယ်ကြီး ဗိမ္မိသာရ ဇာတ်ကားထဲမှာတော့ ဒေဝဒတ်က သူ့ကို ပညာပြတဲ့အခန်းမှာတော့ စပါးကြီးမြွေတွေကို
ကိုယ်ပေါ်မှာတင်ပြီး ရိုက်တဲ့အခန်းပါ ပါတယ်။
ကြည့်ရတာအတော်အူယားစရာကောင်းပါတယ်။
နောက်အဲဒီကားထဲမှာ အဇာတသတ်မင်းသားရဲ့အဖေက အေဝမ်းဦးတင်မောင်ပါ။
ကလေးတုန်းကတော့ ရွှေမန်းတင်မောင်ကိုဘဲသိတာကိုး။
ရုပ်ရှင်ကြည့်နေရင်း အဒေါ်တွေကို ရွှေမန်းတင်မောင်က ရုပ်ပြောင်းသွားတယ်လို့ ပြောတော့ ဝိုင်းအဟားခံရတာကိုတော့မှတ်မိလို့နေပါတယ်။
ဝင်းဦးကားထဲကဆိုရင် ခပ်ငယ်ငယ်က ကြည့်တဲ့ကားထဲမှာ မှတ်မိနေတာကတော့
“လှေကြီးတစ်စင်းကမ်းသို့ဆိုက်ခါဝင် ………..လှေဦးတွင်သဏ္ဍန်ထူးတစ်ခုမြင် အစုံသောနှလုံးသားအချစ်မျှားစူးသည့်အသွင်…………..”
ဆိုတဲ့ “မပြီးသေးသောပန်းချီကား”သီချင်းပါတဲ့” ဆောင်းအိပ်မက်”ဇာတ်ကားပါဘဲ။
လူတစ်ယောက်ထဲက နေ စိတ်နှစ်ခွဖြစ်နေတဲ့ စိတ္တဇကားပေါ့။
လူငယ်လေးတစ်ယောက်ကို နောက်ထပ်တစ်ယောက်က အမိန့်ပေးပြီး ခိုင်းတာကို လိုက်လုပ်တဲ့ကားပါ။
တစ်ရက်မှာ သူကစိတ်ဖောက်ပြန်ပြီး မင်းသမီးကိုသတ်လိုက်ပါတယ်။
လူသတ်ပြီး သေတ္တာထဲ ထည့်ထား တော့ တာပေါ့။
အဲဒီသေတ္တာကြီးကိုလဲဖွင့်လိုက်ရော အဲဒီထဲကလက်ကြီးတစ်ဖက်ထွက်လာတာကို မြင်တဲ့အခါ
အရမ်းကိုကြောက်ခဲ့ရတာလေ။
ကြောက်တာမှ ညပြန်တွေးမိရင်တောင်အိပ်လို့မပျော်တဲ့ထိအောင်ပါဘဲ။

နောက်ငယ်ငယ်က ကြည့်ရတဲ့အထဲမှာ သန်းနွဲ့ရယ် ကြာဇံအုန်းမောင်ရယ် သာဆန်းရယ်ပါတဲ့ စုံထောက်ကြီးဦးစံရှားနဲ့ ဦးဒိန်းဒေါင်
ကားတွေက တော့ ကာတွန်းအောင်ရှိန်ရဲ့ကာတွန်းကနေ ဟာသရုပ်ရှင်ဖြစ်လာတော့ကျနော်တို့ကလေးများအကြိုက်ပေါ့။
အဲဒီကားတွေကထဲက လူရိုင်းတွေစကားပြောခန်းမှာ စကားလုံးတွေကို ပြောင်းပြန်လှန်ပြောကြတာကိုလည်း ကလေးဘဝဆိုတော့
အဟုတ်ကြီးမှတ်လို့ပါ။
ရုပ်ရှင်ထဲကအတိုင်းလိုက် လိုက်ပြောကြတာ လူကြီးတွေဆူမှ ငေါက်မှဘဲ ပုံမှန်အတို်င်းပြောကြတာပါ။
သန်းနွဲ့ ကအဓိက သရုပ်ဆောင်အဖြစ်ပါတဲ့ “ ကဲ မယုံချင်နေ “တို့ ့ “ဘာလိုလို “ဆိုတဲ့ကားတွေဆိုရင်လဲ သဘာဝကျတာ မကျတာ
အပထား သန်းနွဲ့လုပ်လို့ ကမောက်ကမဖြစ်ကုန်တာတွေကိုကြည့်ရတဲ့အခါ တဝါးဝါး ဟားဟား၊
ကလေးဘဝဆိုတော့ အတော်လေးရီရ နှစ်သက်ရပါတယ်။
သာဓုနဲ့မြတ်မွန်ရဲ့ ကကြီးရေက ကိုကြည့်ဘူးပေမယ့် သိပ်မခံစားတတ်သေးတဲ့အရွယ်ဖြစ်နေတော့သိပ်မမှတ်မိပေမယ့်
ထွန်းဝေတို့ စာရေးဆရာသော်တာဆွေ၊တို့ မြတ်မွန်တို့ပါတဲ့ ဖတ်စ်ကလပ်ဆိုတဲ့ကားကတော့ ငှားဝတ်တဲ့အင်္ကျီပြဲသွားတာတို့ ၊လူမမြင်အောင်သိမ်းထားတဲ့ဖိနပ်အဟောင်းပျောက်သွားတာတို့၊
သော်တာဆွေအရက်သောက်ခါနီး စိတ်တိုပြီး ဝက်အူချောင်းအစိမ်းကိုစားတာတွေ၊ရေခဲသေတ္တာကြီးကို ကန်ပစ်တာ
တွေကိုုုုတော့ ခုထိသတိရနေဆဲပါဘဲ။

“ သွေးနဲ့ချွေးနဲ့ရင်းသည့်မြေ “ဆိုတဲ့ကားက လယ်ယာမြေစနစ်နဲ့လူတန်းစားတိုက်ပွဲအကြောင်းကို ရိုက်ပြခဲ့တဲ့
ကောလိပ်ဂျင်နေဝင်းနဲ့ မြတ်လေးရဲ့ နာမယ်ကျော်ကားပါ။
ဒါပေမယ့်ထူးထူးခြားခြားမှတ်မိနေတာလေးကတော့ ဇာတ်သိမ်းခါနီးလေးမှာ ကောလိပ်ဂျင်နေဝင်းသေနတ်မှန်တော့
ခြံစည်းရိုးပေါ်မှာ ပဲ တွေများပြီး တအိအိနဲ့လဲကျသွားတာလေးရယ် “ နေဝန်းနီနီ ညနေစောင်းတော့ ………………… “
ဆိုတဲ့သီချင်းလေးပါဘဲ။

ကျနော်တို့မန္တလေးက ဆိုင်ကယ်သမားအများအမှတ်ရစရာ “မောင်မောင်နဲ့သိင်္ဂီ”ဆိုတဲ့ဇာတ်ကားထဲမှာ ဝင်းဦးစံရှားတင်
တို့နဲ့အတူ ဘီအက်စ်အေဆိုင်ကယ် အစီးရေ အများကြီး နဲ့ပြင်ဦးလွင်ကို တက်ကြဆင်းကြတာတွေရိုက်ပြတာလဲ
အဲဒီခေတ်အနေနဲ့တော့ အထူးအဆန်းပေါ့။
အခုခေတ်မှာ ပြင်ဦးလွင်ကိုသွားတဲ့လမ်းက အတက်တစ်လမ်းအဆင်းတစ်လမ်းဆိုတော့ တက်ရတာလွယ်ပါတယ်။
ရှေးခေတ်ကတော့ တောင်ကမ္ဘားယံကို ပါတ်ဖောက်ထားတဲ့လမ်းကျဉ်းကျဥ်းလေးမှာ ဆင်းတာရော တက်တာရော တစ်လမ်းထဲအသုံးပြုကြတော့ ကားမောင်းတာ ဆိုင်ကယ်စီးတာ တော်ရုံတန်ရုံကျွမ်းကျင်ရုံလောက်နဲ့ ပြင်ဦးလွင်ကို မတက်ရဲကြပါဘူး။
အဲဒီကားလဲပြပြီးရော မိန်းမပျိုတော်တော်များများက ခရီးသွားမယ်ဆိုရင် စံရှားတင်စတိုင် မာဖလာလေးနဲ့ပေါ့။

ရုပ်ရှင်တကားလုံးကိုမမှတ်မိပေမယ့် သရုပ်ဆောင်တဲ့အခန်းလေးတွေက ရင်ထဲမှာအခုထိတင်ကျန်တဲ့
ရုပ်ရှင်ကားတွေကလဲ ကျနော့်စိတ်ထဲမှာအများကြီးရှိပါရဲ့။
အဲဒီကားတွေထဲက အခုထိမှတ်မိနေတဲ့ သရုပ်ဆောင်တဲ့အခန်းမှာ
မင်းသားကတော့ ဝင်းဦးရဲ့အကိုဝင်းညွန့်ပါ။
သူ့ဇနီးနဲ့သူကွဲတဲ့အချိန်မှာ ဇနီးနဲ့အတူ သားတစ်ယောက်ပါသွားပါတယ်။
သူ့သားနဲ့ပြန်တွေ့ချိန်မှာတော့ သူက ခြေတစ်ဖက်ပြတ်နေတဲ့ဒုက္ခိတ တစ်ယောက်ဖြစ်နေပါတယ်။
သူ့သားကတော့ သူ့ကိုအဖေမှန်းမသိတော့ပါဘူး။
သူကလဲအဖေဖြစ်တာကို အသိပေးလို့ မဖြစ်နိုင်တဲ့ဘဝပေါ့။
သူ့ဇနီးကလဲ နောက်အိမ်ထောင်နဲ့ အခြေတကျဖြစ်နေပါပြီ။
နောက်ဆုံးဇာတ်သိမ်းခန်းမှာတော့ ပန်းခြံထဲက ခုံတန်းလျားလေးမှာသူကထိုင်နေချိန်။
သူသားရယ် ဇနီးရယ် နောက်အိမ်ထောင်ရယ်က ပန်းခြံထဲအရောက်။
ကလေးလေး ကစားနေတဲ့ဘောလုံးလေးက သူ့ဆီလိမ့်အလာ သူက ကလေးကိုဘောလုံးကောက်ပေးမယ်အလုပ်၊
သူမတ်တပ်အရပ် မှာ ခြေထောက်မသန်တဲ့သူ ဆိုတော့ မြေပေါ်လဲအကျ၊
သူ့သားကလေးက သူ့ဆီကိုလာ ပြေးထူပြီးစကားတွေအပြော၊
သူ့ဇနီးကလဲ ပူပန်တဲ့မျက်ဝန်းတွေနဲ့သူ့ကိုလှမ်းအကြည့်
အဲဒီမှာ ဝင်းညွန့်က သူတို့ကိုကျောခိုင်းပြီးထွက်သွားချိန်……………….
ကိုမင်းနောင်ရဲ့ “ရွက်ဝါကြွေ နွေဦး လေရူးပွေစ ညနေဆည်းဆာ………………
လွမ်းမေ့မူးမူးနဲ့သာ မုန်းရစ်လေဦး …………မုန်းရစ်လေဦး………..ဖုန်းချစ်တဲ့သူရာ………”
ဆိုတဲ့သီချင်းနဲ့အတူ ချိုင်းထောက်ကိုအားပြုလို့ တရွေ့ရွေ့ထွက်သွားတာနဲ့ “ပြီးပါပြီ”
စာတန်းကပေါ်လာပါတယ်။
ဘာမှရေရေရာရာ နားမလည်ပေမယ့် ကြည့်ပြီးအရမ်းသနားခဲ့ ခံစားခဲ့ရပါတယ်။
အဲဒီပြကွက်လေးကို မှတ်မိပေမယ့် အဲဒီကား နံမယ်တော့ ကျနော်ပြန်ဖော်လို့မရပါဘူး။

နောက်မှတ်မိနေတဲ့အခန်းလေးတစ်ခုကတော့” အတွေ့”ဇာတ်ကားထဲမှာထင်ပါတယ်။
ဦးကျောက်လုံးက အငြိမ့်ထောင်အိမ်လိုက်လာတဲ့အခန်းမှာ စက်ဘီးစီးလာရင်း
လမ်း80 36-37လမ်းကြားက လင်းယုန်ဆပ်ပြာစက်အရှေ့အရောက်
စက်ဘီးပေါ်က ဆင်းတဲ့အခါစက်ဘီးပေါ်က ခုန်ဆင်းပြီး စက်ဘီးနောက်ကိုပြေးလိုက်ပြီး အရှိန်သေခါနီးမှ
စက်ဘီးကိုရပ်လိုက်တာလေးပေါ့။
ကျနော့်စိတ်ထဲမှာရီစရာကြီးလေ။
ကျနော်တို့မန်းလေးသားတွေစက်ဘီးရပ်တာနဲ့မတူလို့ပါ။
ကျနော်တို့မန်းလေးသားတွေက စက်ဘီးရပ်မယ်ဆိုရင် စက်ဘီးအရင်ရပ်ပြီးမှစက်ဘီးပေါ်ကဆင်းတာကိုးဗျ။

နောက် မောင်မောင်တာနဲ့ ဝါဝါဝင်းရွှေရဲ့ကားတစ်ကား “စိတ်”လို့ထင်ပါတယ်။
နောက်ဆုံးဇာတ်သိမ်းခါနီး နှင်းတွေကဝေနေတယ်(အမှန်က သစ်ရွက်ခြောက်တွေမီးရှို့ထားတာပါ)
အဲဒီအချိန် မောင်မောင်တာက ဝါဝါဝင်းရွှေဆီလိုက်အလာ ဝါဝါဝင်းရွှေက ခရစ်ယန်မယ်သီလရှင်ဝတ်လိုက်ပြီ၊
ကျောင်းဝင်းထဲမှာ တံမျက်စီးနဲ့သစ်ရွက်ခြောက်တွေကို လှဲနေတဲ့အခန်းပေါ့။
မင်းသားကလဲကျောခိုင်းပြီးထွက်သွားတာ။
အဲဒီအခန်းလေးကိုလဲ ဘာလို့မှန်းမသိကျနော်စိတ်ထဲစွဲနေဘူးပါတယ်။
ပြီးတော့ မောင်မောင်တာဝတ်တဲ့ အိပ်ထောင်နှစ်ဖက်ပါတဲ့
ကာကီအင်္ကျီလက်တိုကို ကျနော်တို့ သိပ်သဘောကျခဲ့တာပေါ့။

နောက်ကျနော်တို့ ငယ်ငယ်က ဝါဝါဝင်းရွှေကို အငိုမင်းသမီးလို့ ခေါ်ပါတယ်။
(အခုခေတ်မှာ မို့မို့မြင့်အောင်ငိုနိုင်တာကို ဝါဝါဝင်းရွှေက ပျင်းတယ်လို့ပြောပါလိ်မ့်မယ်နော်)
သူကလဲ တကယ့်ဇာတ်နာတဲ့ တစ်ဘက်သတ်အနှိမ်ခံရတဲ့ ဇာတ်ရုပ်တွေဆိုရင်အပီဘဲ။
ကျနော်မှတ်မိလို့ သနားနေတဲ့ အခန်းတစ်ခုကတော့ မိန်းမဗီလိန်(ဘေဘီနွဲ့ထင်ပါတယ်)က ဝါဝါဝင်းရွှေရဲ့
ဆံပင်အရှည်ကြီးကိုဖြတ်ပစ်ပြီး နှိပ်စက်တဲ့အခန်းတွေတော့ မှတ်မိနေပါတယ်။
ဝါဝါဝင်းရွှေကားကတော့ ကြည့်ရတဲ့သူငိုရတာများပါတယ်။
ဝါဝါဝင်းရွှေရဲ့” ဘယ်ရပ်ဌာနီတို့ “ ဤစံအိမ်ဝယ်”ဇာတ်ကားတွေကပရိ်တ်သတ်ရဲ့မျက်ရည်ချုတဲ့ကားလို့ပြောရင်မမှားပါဘူး။
သရုပ်ဆောင်တာပီပြင်တဲ့အတွက်လည်း စိတ်ထဲမှာစွဲနေတာဖြစ်မယ်ထင်ပါတယ်။

သူနဲ့ဝင်းဦးရဲ့ “သိကြားစေသက်သေညွှန်း”ကတော့ အကောင်းဆုံးဇာတ်ကားဖြစ်မယ်ထင်ပါတယ်။
မှတ်မိနေတာလေးကတော့ ဝင်းဦးကနေ ဝါဝါဝင်းရွှေကို
“ဒီမယ်ဒေါ် မမနိုင်…………………………” လို့ခေါ်ပြီးအထေ့အငေ့ါတွေနဲ့အချီအချပြောကြတဲ့အခန်းပါဘဲ။
နောက်ဝင်းဦး ကြိမ်ဒဏ်အပေးခံရတော့ ကြည်တဲ့သူတွေမှာသနားကြလို့မျက်ရည်စတွေနဲ့ပေါ့။

ကျနော်ခပ်ငယ်ငယ်က ဝင်းဦးကားတွေကို ကြည့်ရတာများပါတယ်။
ဘာလို့လဲဆိုတော့ ကျနော့်အဒေါ်တွေ အမတွေက ဝင်းဦးကို အသေအလဲကြိုက်ကြတာကိုး။
“မုန်းမေ့ပါနိုင်”ဆိုတဲ့ကားမှာထင်ပါရဲ့၊
မင်းသမီး သီသီကနေ ဝင်းဦးကို တုတ်ကောက်ကြီးနဲ့ရိုက်လိုက်တဲ့အခန်းမှာ ဝင်းဦးကျောမှာ
အစင်းရာကြီးထင်သွားတာကိုပြတော့ ဒေါသတွေတောင်ဖြစ်လိုက်ရပါသေးတယ်။
ဝင်းဦးကားတွေထဲမှာ မှတ်မှတ်ရရ ဖြစ်ရတဲ့ကားကတော့ “ကျောက်မဲအကျဥ်းသား”
ဆိုတဲ့ကားပါဘဲ။
ဝင်းဦး တံတားပေါ်ကနေခုန်ချတာတွေ၊တောင်စောင်းကနေပြေးဆင်းပြီးလိုက်တာတွေ
စိတ်ထဲမှာ တကယ့်သူရဲကောင်းလိုသတ်မှတ်ခဲ့တာပေါ့။
“ဒုဌဝတီမြစ်ရေကို သောက်မိရင် ဒီနေရာကိုပြန်လာရတယ်ဗျ”ဆိုတဲ့စကားလေးက အစမှတ်မိနေခဲ့ပါတယ်။
နောက်ဝင်းဦးရယ် တင်တင်မူရယ် ဖျာပုံမယ်တင်တင်အေးတို့ ရဲ့သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း
အလွမ်းဇာတ်ကလဲ နာမယ်ကြီးပေါ့။
(နှင်းပျောက်တဲ့နွေ)ဇာတ်ကားပါ။
အဲဒီကားမှာ နှင်းပျောက်တဲ့နွေသီချင်းရယ် ပျို့မောင်ဖုန်းသီချင်းရယ်၊ရွှေလည်တိုင်သီချင်းရယ်က နာမယ်ကြီးပါဘဲ။
အဲဒီကား ထဲမှာ တင်တင်မူစီးကရက်ခဲထားတဲ့စတိုင်ကတော့ “ရွှေလည်တိုင်”သီချင်းနဲ့အတူ နာမည်ကျော်ခဲ့ပါတယ်။
နောက်တော့ ဦးလေးတွေ အကိုတွေနောက်လိုက်ရင်း ကျော်ဆွေတို့ရဲ့စစ်ကားတွေကို
ကြိုက်မိပြန်ရော။
“တပ်စခန်းတစ်နေရာ”တို့ “ပုလဲမျက်ရည်” ဆိုတဲ့စစ်ကားတွေပေါ့။
တပ်စခန်းတစ်နေရာမှာ နောက်ဆုံးဇာတ်သိမ်းခန်း တံတားရဲ့ဟိုဘက်ကို ရန်သူကရောက်ခါနီးနေပြီ
ကျော်ဆွေက တံတားတစ်ဖက်မှာနေပြီး အားလုံးကို အကာအကွယ်ပေးဘို့ နေခဲ့တဲ့ အခန်းရောက်တော့
မင်းသားကို အရမ်းသနားတာပေါ့။
မင်းသားကသေနတ်နဲ့ပစ်လိုက်လို့ ရန်သူကျသွားရင်လက်ခုပ်တွေအားရပါးရတီးလို့ပေါ့။
အဲဒီစစ်ကား ထဲက တစ်ကားထဲမှာဘဲထင်ပါတယ်။
မင်းသားအမေဒေါ်ဂျမ်းစိမ်က မျက်စေ့ မမြင်ရှာဘူး။
ရွာထဲမှ စစ်တိုက်ကြတော့ မမြင်မကမ်းနဲ့ထွက်ပြေးရင်း ရေတွင်းထဲကကျသေသွားတဲ့အခန်းမှတ်မိနေပါသေးတယ်။
နောက်အဲဒီစစ်ကားတွေထဲမှာပါတဲ့ တင့်ကားရဲ့ဘေးမှာစစ်သားတွေပြေးတက်လာတဲ့အခန်းမျိုးဆိုရင် အရမ်းကိုသဘောကျခဲ့တာပါ။

စစ်ကားအကြည့်ကောင်းလို့ အရိုက်ခံရတာလေးပြောပြချင်ပါသေးရဲ့။
“ကျည်ဆံငါးတောင့်”ဆိုတဲ့စစ်ကားထဲမှာ ဒိုင်ဗင်တင်လှတောင်ပေါ်ကနေ ဒိုင်ဗင်ထိုးချတဲ့အခန်းပါပါတယ်။
ကြည့်ပြီးသားကောင်က မကြည့်ရသေးတဲ့သူကို လာလာကြွားတာကိုးဗျ။
အဲတော့ကျောင်းဖွင့်တဲ့တစ်ရက်မှာ ကျောင်းဆင်းဆင်းခြင်းအိမ်မပြန်ဘဲ မြို့မရုပ်ရှင်ကို သွားပြီး အဲဒီကားကိုသွားကြည့်တာ။
တောင်အောက်မှာ ရန်သူ့စခန်းချထားတယ်။
မင်းသားနဲ့အဖွဲ့က တောင်ပေါ်မှာ အဲဒီအချိန်ဒိုင်ဗင်တင်လှက (ဒိုင်ဗင်အထိုးကောင်းလို့ရထားတဲ့နာမယ်ပါ)
လက်ပစ်ဗုံးတွေနဲ့အတူ ရန်သူ့စခန်းထဲဒိုင်ဗင်ထိုးဆင်း တဲ့အခန်း ကြည့်ရတာ အသက်တောင်မရှူနိုင်ဘူး။
ပြီးမှလက်ခုပ်တွေ ဝိုင်းတီးကြတာပေါ့။
ရုပ်ရှင်ပြီးလို့ အိမ်လဲပြန်ရောက်ရော အိမ်ကိုမပြောဘဲရုပ်ရှင်သွားကြည့်လို့ဆိုပြီး ခြေသလုံးကို ကြိမ်လုံးနဲ့ဆော်ခံရတာပေါ့။
နောက်ငယ်ဘဝက ကြိုက်ခဲ့ရတာတွေထဲမှာ တစ်ရွာလုံးနဲ့တစ်ယောက်ခံချခဲ့တဲ့ အဖိနှိပ်ခံ အနှိပ်ခံရသူများရဲ့ အားထားရာ မင်းသားရွှေဘရဲ့
ကားတွေလဲ အပါအဝင်ပေါ့။
ငယ်ငယ်တုံးက ရွှေဘ ကတော့ လက်သီးအထိုးကောင်း လူဘယ်လောက်များများနဲ့ ချ ချ နောက်ဆုံးတော့ သူဘဲနိုင်။
ဒီတော့ ရွှေဘက ကျနော်တို့ကလေးများရဲ့ သူရဲကောင်းအစစ်ပါဘဲ။
အဲဒီတုံးက ရွှေဘနဲ့ အတွဲဆုံးမင်းသမီးက တော့ သင်းသင်းလဲ့ လို့ထင်ပါတယ်။
အဲဒီခေတ်အဲဒီအခါက အနှိမ်ခံ တောသူတောင်သားများက သူတို့ရဲ့ ကယ်တင်ရှင်လိုသဘောထားခဲ့ကြတာလဲအမှန်ပါဘဲ။
တောမှာသူကြီးဆိုးဆိုးနဲ့သူကြီးသား လူမိုက်အပေါင်းပါတွေက လူပါးဝတာကိုတကယ်ခံကြရတာကိုးဗျ။
အဲတော့ အပြင်လောကမှာ သူတို့ ငုံ့ခံရသမျှကို သတ္တိရှိရှိ ပြန်ပြီး ချတဲ့ သူဆိုတော့ အားလုံးအတွက်သူရဲကောင်းပေါ့။
မြန်မာပြည်ရဲ့အခြေခံလူတန်းစားတွေဖြစ်တဲ့ လယ်ယာလုပ်ကိုင်သူတွေတောသူတောင်သားတွေရဲ့ ရင်ထဲကို အဆုံးထိဝင်နိုင်သူ
နှစ်ယောက်ကတော့ ကျေးလက်အဆိုတော် တွွံတေးသိန်းတန်ရယ် ကျေးလက်ဘက်တော်သား ရွှေဘ ဆိုတာကတော့
ဘယ်သူမှမငြင်းနိုင်ပါဘူး။
ငယ်ငယ်ကများရုပ်ရှင်ကြည့်ရင် ရွှေဘတို့ ချန်ပီယံတင်ညွန့်ကို ချစ်သလောက်အားကျသလောက် ချီးဗူးတို့ ဦးကျော်ဇောတို့
ဆိုရင် အရမ်းကို မုန်းတီးခဲ့တာပေါ့။
ကျနော်လဲ ငယ်ငယ်က ရွှေဘကို အရမ်းကြိုက်ခဲ့တာပါဘဲ။
ဒီအကြောင်းလေးတွေကတော့ ရင်ထဲမှာ သတိမထားမိဘဲ ရောက်နေတာလေးတွေပေါ့။
အကြောင်းတိုက်ဆိုင်လို့ ပြန်စဉ်းစားမှ အလိုလို အစီအရီပေါ်လာတာလေးတွေပါ။

ကျနော်ဘာမှသိပ်မသိသေးတဲ့အရွယ်မှာ တပြည်လုံးအတိုင်းအတာနဲ့နှစ်သက်ခဲ့ကြတဲ့ကားတွေက အများကြီးပါဘဲ။
“မမထားနဲ့အပါ “၊“ နှစ်ယောက်ထဲနေချင်တယ်“၊“အရိုင်းစံပယ် “၊“ ပန်းပန်လျက်ပါ“၊“သခွတ်ပန်း “၊“ ရီးစားဓမြ“
“ဂုဏ်”၊“ ကကြီးရေ က“၊“ဆောင်း “၊“ရှမ်းပြည်ရောက်ဧည့်သည် “၊“ ဖိုးပြုံးချို “
ဒီကားတွေကိုတော့ ကျနော်ကြည့်ဘူးပါတယ်။
ဒါပေမယ့် ငယ်စဉ်က ကြည့်ခဲ့ရတဲ့ကားတွေ ဖြစ်တာရယ် နောက်တစ်ခါပြန်ကြည့်ခွင့်မကြုံတာရယ်ကြောင့်
စိတ်ထဲမှာ မှတ်မိသလို မမှတ်မိသလိုပါဘဲ။
ကျနော်တကယ်ကို သိတတ်တဲ့အရွယ် ရွေးချယ်ခံစားတတ်တဲ့ ခေတ်ကတော့ ညွန့်ဝင်းရဲ့ “ဗန်ဒိုလူလေးနဲ့သူဇာ”၊ဝင်းဦးရဲ့ “မူံရွှေရည်” ဇော်ဝမ်းရဲ့ “စေလိုရာစေ”နဲ့ ကျော်ဟိန်းရဲ့”တစ်ဦးကစေတနာ တစ်ဦးကမေတ္တာ”ကားတွေပြသတဲ့ကာလပါဘဲ။
နောက်မြန်မာ့ရုပ်ရှင်များနဲ့ခွဲမတာကတော့ ဇာတ်ဝင်သီချင်းများတွေပါဘဲ။
ရုပ်ရှင်တစ်ကားမှာဆိုရင် ဇာတ်အဖွင့်တေးရယ် ဇာတ်သိမ်းသီချင်းရယ်က ပါနေကြ။
ဒီသီချင်းတွေက ကြုံရာကျပန်းဆွဲသုံးတဲ့သီချင်းမဟုတ်ပါဘူး။
သီးသန့်ရေးခိုင်းပြီး အသုံးပြုခဲ့ကြတာပါ။
အရင်ကရုပ်ရှင်ထဲမှာ သီချင်းအများကြီးလဲမထည့်ပါဘူး။
ဒါပေမယ့် နိုင်ငံခြားမှာ ပရက်စလေတို့ ပက်ဘွန်းတို့ လို့ ရောခ်အင်ရိုးလ်ခေတ်စားတဲ့အချိန်မှာ
တေးသံစုံဇာတ်မြူးဆိုတာတွေခေတ်စားချိန်မှာ မြန်မာပြည်မှာလဲ ခေတ်ရှေ့ပြေးသူ ဝင်းဦးရဲ့ ရုပ်ရှင်တွေမှာ
သီချင်းတွေအများကြီးထည့်တာ ခေတ်စားလာပါတယ်။
အဲဒီအချိန်ကစလို့ ရုပ်ရှင်သီချင်းဆိုတာကလဲ လူတွေကြားမှာ အရင်ကထက်ပိုပြီးတော့ ခေတ်စားပျံ့နှံ့လို့လာပါတယ်။
ရုပ်ရှင်ထဲက သီချင်းတွေ အပြင်လောက မှာ ဘယ်လိုပျံ့နှံ့သလဲဆိုတာကို ပြောပြရမယ်ဆိုရင်တော့…………………….
.(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(7-9-2011)
(မျက်ရူ့အွန်လိုင်းဂျာနယ်တွင်ဖော်ပြပြီးဖြစ်ပါသည်)

16 comments

  • nozomi

    September 9, 2011 at 9:36 am

    ဦးပေါက် ပို့စ်ကနှောင်းလူတွေအတွက် မန္တလေးက ရုပ်ရှင်ရုံတွေရဲ့ သမိုင်းမှတ်တမ်း၊ရုပ်ရှင်ကားတွေအတွက် မှတ်တမ်းတစ်ခုပါပဲ ကျေးဇူးတင်စရာပါ

    ဦးပေါက်ပို့စ် ဖတ်မိပြီးမှ ငယ်ငယ်ကရုပ်ရှင်ကြည့်မိတာလေးတွေ ပေါ်လာတယ် အဲဒီတုန်းက သံကွင်းစွတ်မင်းသား တို့ ရှင်ဥပဂုတ်တ ကားတွေ ၊ ကြည့်တော့ ရှေ့ဆုံးကတစ်မတ်တန်း စားတော့ ရုပ်ရှင်ရုံရှေ့က မုန့်ပစ်သလက်ထဲကြက်ဥထည့်ခိုင်းပြီးစားတယ် ကျွန်တော်တို့ ကြည့်ခဲ့ရတဲ့ တစ်မြို့လုံးမှာ တစ်ခုထဲရှိတဲ့ ရုပ်ရှင်ရုံလဲ အခုရှိမှ ရှိပါတော့မလား မသိ

  • ကြောင်ကြီး

    September 9, 2011 at 11:02 am

    ဦးပေါက်ကို မရေးဘူးပြောလို့ ရွဲ့ပြီးများ ပို့စ်အရှည်ကြီး တင်လိုက်တာများလား….။ ဦးပေါက် ရည်းစားနဲ့ ရုပ်ရှင်သွားကြည့်တုန်းက ရင်ခုန်စရာအကြောင်းလေးများလည်း ရေးပါအုံး။
    ကဲလည်းကဲ
    သဲလည်းသဲ
    အမှောင်ထဲက
    နောက်ဆုံးအတွဲ
    ဦးပေါက်ခမျာ
    မချိတင်ကဲ…။

    • windtalker

      September 9, 2011 at 2:03 pm

      “မချိ တထိ နဲ ့
      ဟိုဒီ လျှောက် စမ်း
      အမှောင်အခန်း
      ကိုကြောင်သရမ်း ”
      အရင် ဝင်းလိုက်ရုံ
      ကျွန်တော် ငယ်ငယ်တုန်းကတော့
      ကျွန်တော့် အဖေ က တစ်လ တစ်ခါ ရုပ်ရှင်လိုက်ပြတယ် ဗျ
      အဲ့တုန်းက မှတ်မိသေးတာ ဆိုလို ့
      ဂျပန်နင်ဂျာ ကား တွေ ပဲ

  • Shwe Ei

    September 9, 2011 at 11:23 am

    ကျွန်မမှတ်မိတာတော့ တီဗီမှာ နေ့လည်ဘက်လာတဲ့ ကားတွေ ပျဉ်းမငုတ်တို ၊ ပယင်းရောင်၊ မှုံရွွှှေရည်။ ဒီ့ပြင်နာမည်မမှတ်မိပေမဲ့ ကြိုက်တဲ့ကားတွေရှိသေးတယ်။ ဦးလေးပေါက် ရေးပြတဲ့ကားတွေကတော့ ဗဟုသုတရရုံလောက်ပဲသိတော့တယ်။ ပြန်ကြည့်လို့ရရင်တော့ ကြည့်ချင်သေးတယ်။

  • chitlay

    September 9, 2011 at 1:04 pm

    ကျွန်မမေမေငယ်ငယ်တုန်းကဆို မော်တော်ကားထဲမှာ ဝင်ကြည့်ရတယ်ပြောတယ် … အဲဒီ့ကားလာပြီဆိုရင် ကလေးတွေတပြုံကြီး မော်တော်ကားနောက်ကို လိုက်ကြတာတဲ့ …:D ကြည့်မယ့်သူတွေက ကားထဲကိုအကုန်ဝင် ဟိုဘက်ဒီဘက်ဘေးလေးတွေကပ်ရပ် ပြီးရင်တံခါးပိတ်ပြီး ပြတာတဲ့ … အသံတိတ်ဆိုတော့ ပြတဲ့သူက အော်ပေးတယ်တဲ့ … တုံချမ် တုံချမ်နဲ့ တီးပြီးအော်တာတဲ့ မေမေတို့ငယ်ငယ်က လက်သီးထိုးတဲ့ ကားတွေဆိုကြိုက်ကြတယ်တဲ့ …. အော်တဲ့သူကလဲ အာပေါင်အာရင်းသန်သန်နဲ့ ရွှေဘကွ တင်ညွန့်ကွဆိုပြီးအော်လိုက် တုံချမ်လေးလဲ တီးလိုက်နဲ့ ကလေးတွေအကြိုက်ပဲတဲ့လေ။ 😛

  • hmee

    September 9, 2011 at 2:19 pm

    လေးပေါက်ရေ စာတွေဖတ်ရင်း ရုပ်ရှင်တွေပါ မျက်စေ့ထဲ မြင်ယောင်လာတယ်။ ဆရာဦးအောင်သင်း ပြောတဲ့ စာရေးကောင်းသူ အစွမ်းတွေပေါ့နော့်။ မြဂနိုင်ဆိုရင် ဇတ်ကွက်တကွက်ပြလိုက် စာကြောင်းထိုးလိုက် မျက်လုံးထဲမှာ မြင်လာတယ်။ ငယ်ငယ်တုန်းက ရွာဘုရားပွဲမှာ ပိတ်ကားထောင်ပြီး ၃ရက်ပြရင် တရက်မှ အလွတ်မပေးပဲ ကြည့်ခဲ့တာ။ နောက် TV တွေ ပေါ်လာတော့ တနင်္ဂနွေနေ့ နေ့လည်ဆို ဇတ်လမ်းနဲ့ အပြိုင်ငိုခဲ့တာတွေ သတိရမိသား။

  • pooch

    September 9, 2011 at 5:38 pm

    လေးပေါက်ရေ အနော်ကတော့ ရှေးကားဆိုရင် အောင်ထွန်းလေးပါတဲ့ အဖေတခု သားတခုဆိုတဲ့ ကားပဲ ကောင်းကောင်းမှတ်မိတယ် ။အဲ့ဒီ ဇာတ်လမ်းကို ကြည့်ပြီး ကြူကြူပါအောင် ငိုခဲ့ဖူးတယ်။ ဖိုးပါကြီးတို့ ဗိုလ်အောင်ဒင်တို့လို ကားတွေလည်း ကြည့်ဖူးတယ်။ ဒါတောင် TV က လွှင့်လို့ အခုတော့ သိပ်မမှတ်မိတော့ပါဘူး။ လေးပေါက် ပြောတဲ့ ကားတွေက ကြားတော့ ကြားဖူးတယ် ။ ကြည့်တဲ့ ဟာလည်း ကြည့်ဖူးတယ် ထင်တယ် ။ TV က လွှင့်သလောက်ပေါ့လေ။

  • ကျနော်လဲ ငယ်ငယ် ကတမတ်တန်းလက်မှတ်ဝယ်။
    လူလစ်ရင်နောက်တန်းကျော်ဝင်ပြီးကြည့်တာလေ။
    ဒါမှ မုန့်ဘိုးထွက်လာတာကိုး။

  • naywoonni

    September 9, 2011 at 5:59 pm

    ကျွန်တော်တို့ငယ်ငယ်ကတော့ ဇတ်ကားမပြခင် ဘောလုံးပွဲပြတယ်ဗျ…။ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်း ကန်တဲ့ ပွဲလေ……. ။ ပေါက်စီ တို့ …။
    ပေါက်စီ ဂိုးသွင်းပြီးရင် ပြီးပြီ…။ အဲဒါပြီးမှ ဇတ်ကားပြတယ်…။ အဲဒါကို ပျဉ်းမနား မြို့မရုံရောက်တော့ ဘောလုံးပွဲမပြပဲ ကိုပေါက်ပြောတဲ့ ထွေလာပဲ ပြပြီး ဇာတ်ကားစပြတော့ ကြည့်ရတာခိုးလို့ ခုလုကြီး…။ ရုပ်ရှင်ရုံက အထွက် ဦးလေးကို ဘောလုံးပွဲလည်းမပြဘူးလို့ ပြောတော့ တောသားတဲ့ တောရုံက ပြတဲ့အတိုင်းမြို့ ရုံကပြမလားတဲ့ အပြောခံလိုက်ရတယ်…။ ဒီကပေါက်စီ ဂိုးသွင်းရင် လက်ခုပ်တီးမလို့ စောင့်နေတာလေ……… 😛

  • မီးမီး သော်

    September 9, 2011 at 6:07 pm

    ကိုပေါက်က သမိုင်းအကြောင်းလေးပြန်တွေးနေတဲ့ အတိုင်းပါဘဲ။နည်းနည်းတော့ရှည်တယ်နော်။

  • MaMa

    September 9, 2011 at 8:20 pm

    ကိုပေါက်ရဲ့ အတွေ့အကြုံတွေကို အရေးအသားကောင်းနဲ့ တွဲဖက်ပြီး မှတ်တမ်းတင်ထားတာ အားကျတယ်။ ကြုံတုန်း ပိုစ့်အတွက် သီချင်းစာသား ရှာပေးတာကို ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောသွားလိုက်တယ်နော်။

  • ဒီပိုစ်လေးကိုရေးဘို့ တိုက်တွန်းသူတွေကတော့ မျက်ရှု့အွန်လိုင်းမဂ္ဂဇင်းက အယ်ဒီတာအဖွဲ့ပါ။
    သူတို့က မြန်မာ့ရုပ်ရှင်အကြောင်းတပုဒ်လောက်ရေးပေးဖို့ပြောပါတယ်။
    ကျနော်က ဇူလိုင်လမှာရေးပေးမယ်ပြောပြီး စက်တင်ဘာလထိမရေးဖြစ်တော့ အကြွေးတင်ရော။
    နောက်ကျနော်ကစာအုပ်တွေပြန်လှန်တာကိုလဲ မလုပ်ချင်ဘူး။
    အဲတော့ကျနော်စိတ်တွေကိုနောက်ပြန်ရောက်အောင် ပို့ရတာပေါ့။
    ဘယ်လိုစရေးမယ်ဆိုတာကို အတွေးလဲရရော စရေးလဲရေးရော။
    ကျနော့်ရေးရင်းလက်တွေ့သွားတော့ အရှည်ကြီးဖြစ်ကုန်ရော။
    ကျနော်မိတ်ဆွေတစ်ယောက်ပြောသလို ကိုပေါက် လက်ဆောင် အတွေးပါးပါးလေးမို့ဘဲဗျာ။
    ထူများထူရင်ခက်မယ်ဆိုသလိုပါဘဲ။
    အဲဒါနဲ့မထူးဘူးဆိုပြီးစိတ်ထဲရှိသလောက်ရေးဖြစ်သွားပါတော့တယ်။
    ရုပ်ရှင်သမိုင်းလို့တော့ပြောလို့မရပါဘူး။
    ကျနော်သိသလောက်ကလေးတွေမိတာလေးကိုပြန်ဖော်ပြတာပါ။
    နောက်ဟိုးလွန်ခဲ့သောနှစ်ပေါင်းများစွာက အတွေ့တွေကို ပြန်ဖော်တယ်ဆိုတော့ အချက်အလက်တွေလွဲချင်လဲလွဲနို်င်ပါတယ်။
    ဒါပေမယ့် သိပ်တော့မလွဲဘူးလို့လဲယုံကြည်ပါတယ်။
    ရင်ထဲမှာ တကယ်ရှိနေ ခိုအောင်းနေခဲ့တာတွေကို ပြန်ရေးတာဖြစ်လို့ပါဘဲ။
    မှားများမှားနေရင်တော့ ပြောပြစေချင်ပါတယ်။
    အမှန်ဖြစ်သွားအောင်လို့ပါ။

    ကျနော်က အချက်အလက်ထက် စိတ်ခံစားမှု့ကိုဦးစားပေးထားရေးတာကြောင့်ပါ။

    • maythakhin

      September 9, 2011 at 10:51 pm

      ထူးအိမ်သင်အကြောင်းရေးတုန်းကလည်း ထူးအိမ်သင်ကိုလွမ်းရသလို အခုမြန်မာရုပ်ရှင်တွေ အကြောင်းရေးတော့လည်း အရင်တုန်းကမြန်မာရုပ်ရှင်တွေကို ပြန်လွမ်းရပါသကော…….

  • unclegyi1974

    September 9, 2011 at 10:23 pm

    ကိုပေါက်မန်းလေးကရုပ်ရှင်ရုံတွေရာဇဝင်ရေးသွားတယ်
    ဘယ်ကားတွေဘယ်လိုရေးသွားတယ်
    ဒါပေသိတခုလိုနေတယ်မှတ်ပါတယ်
    ဟိုတုန်းကရုပ်ရှင်ရုံတွေရုပ်ရှင်မပြခင်နိုင်ငံတော်အလံနဲသီချင်းလာရင်
    ရုပ်ရှင်ကြည့်သူအားလုံးတယောက်မကျန်နိုင်ငံတော်အလံကိုအလေးပြုကြတယ်
    သီချင်းဆုံးမှထိုင်ကြတယ်အခုခေတ်ကလေးတွေဒါမျိုးမတွေ့ဖူးလောက်လို့ပြောပြပါတယ်

  • ခဏနေရင်တော့ “ ကမ္ဘာမကြေ……………………..”တီးလုံးနဲ့အတူ နိုင်ငံတော်အလံလေး လွင့်နေတဲ့ပုံပေါ်လာရင် အားလုံးမတ်တပ်ရပ်
    လို့ အလေးပြု ပြီးရင် ကျနော်တို့ခေါ်နေကျ ထွေလာထိုးပါတော့တယ်။

    ပါပါတယ်အီးကယ်ဂျန်ရေ အိပ်ချင်မူးတူးနဲ့ဖတ်လိုက်တယ်ထင်ပါရဲ့.။

  • MaMa

    September 9, 2011 at 10:48 pm

    ကျမတို့ဇာတိမှာတော့ ရုပ်ရှင်ရုံ တစ်ရုံပဲရှိတယ်။ နေ့တိုင်းလည်း မပြဘူး။ ရုပ်ရှင်ကားအသစ်ရောက်ပြီဆိုရင် မြို့ထဲကို မောင်းထုပြီး စာရွက်လေးတွေ ဝေပြီး ကြော်ငြာတယ်။ ခုတော့ ရုပ်ရှင်တောင် ရုံမသွင်းနိုင်တော့တာ ကြာပေ့ါ။ 🙁

Leave a Reply