အခုဆို မြန်မာနိုင်ငံမှာ အစိုးရသစ်အုပ်ချုပ်မှုနဲ့ အရင်တုန်းက လျှောက်လှမ်းပုံနဲ့ မတူတဲ့ လမ်းကြောင်းသစ်တစ်ခုကို သွားနေပါတယ် ဒီအပေါ်မှာ အကောင်းမြင်တဲ့သူတွေရှိသလို မယုံကြည်သေးတဲ့လူတွေလဲ ရှိပါတယ် ဒါကပုံမှန်ဖြစ်စဉ် တစ်ခုပါ ကမ္ဘာပေါ်မှာ ပြည်သူလူထုရဲ့ ၁၀၀ ရာခိုင်နှုန်း ထောက်ခံမှုရတဲ့ နိုင်ငံ၊ ခေါင်းဆောင် ဆိုတာ မရှိနိုင်ပါဘူး ထောက်ခံမှုများခြင်း နဲခြင်းပဲရှိပါမယ် ရေရှည်မှာတော့ လူထုထောက်ခံမှု အများဆုံး ရတဲ့ အစိုးရတွေပဲ အာဏာကို ဆုပ်ကိုင်ထားနိုင်မှာပါ ၊ မြန်မာပြည်မှာလဲ လက်ရှိအစိုးရက လမ်းကြောင်းမှန်ပေါ်လျှောက်ပြတယ် ပြည်သူတွေလိုချင်တဲ့ အခြေအနေကို ဆောင်ကြဉ်းပေးနိုင်တယ်လို့ မြင်လာပြီး လူထုရဲ့ တခဲနက် ထောက်ခံမှုကို ရလာတာမျိုး ဖြစ်နိုင်သလို ဒီဖြစ်စဉ်ရဲ့ ပြောင်းပြန် လူထုထောက်ခံတဲ့ အစိုးသစ်တက်လာတာမျိုးလဲ ဖြစ်နိုင်ပါတယ် ။

 

အခု လက်ရှိအချိန်မှာ မြန်မာနိုင်ငံထဲ နိုင်ငံရေးကိစ္စလို့ ပြောရင် မစားကောင်းတဲ့သစ်သီးလို ထိကိုင်ဘို့ လက်တွန့်နေကြပါသေးတယ် (ကျွန်တော်လဲ အပါပေါ့ :D) ဒါပေမဲ့ အရင်ထက် လွတ်လပ်ပွင့်လင်းမှုတွေ မီဒီယာမှာ မြင်တွေ့လာရတာတော့ ကောင်းတဲ့ကိစ္စလို့ မြင်ပါတယ် အခုခေတ်တချို့လူငယ်တွေ ကိုမေးကြည့်ရင် အစိုးရအဖွဲ့ထဲ ဘယ်သူတွေပါလဲ ၊ ဘယ်သူကဘာတာဝန်ယူထားလဲ၊ လွှတ်တော်ဘယ်နှစ်ရပ်ရှိသလဲ ဆိုတဲ့ မေးခွန်းတွေမေးရင် မသိဘူး၊စိတ်မ၀င်စားဘူးလို့ ဖြေမဲ့သူက အများစုပါ ကျွန်တော့် အမြင် ကတော့ ကိုယ်နေတဲ့ နိုင်ငံနဲ့ပတ်သက်တဲ့ ဒီလိုကိစ္စရပ်တွေဟာ မဖြစ်မနေ သိသင့်တယ် စိတ်ဝင်စားသင့်တယ် လို့ ထင်ပါတယ် ဒီလိုကိစ္စတွေမှ မသိပဲ စိတ်မ၀င်စားပဲ တက်လာတဲ့ အစိုးရကို မျက်စေ့မှိတ်ပြီး ကြိုက်တယ် ဒါမှမဟုတ် မကြိုက်ဘူး ဆန့်ကျင်တယ် လို့ အော်နေရင် သဘာဝ မကျဘူးလို့ ထင်ပါတယ် ကျွန်တော်ပြောတာက အစိုးရတစ်ခုကို ကြိုက်ပါ၊ မကြိုက်နဲ့ လို့ တိုက်တွန်းနေတာ မဟုတ်ပါဘူး ကြိုက်ရင် ဘာကြောင့်ကြိုက်တယ် မကြိုက်ရင်လဲ ဘာကြောင့် မကြိုက်ဘူးဆိုတဲ့ အချက် ကို ကိုယ်တိုင်နားလည်လက်ခံပြီး ဆုံးဖြတ်ကြစေချင်တာပါ …

 

ကျွန်တော်တို့ကို အုပ်ချုပ်နေတဲ့ ကျွန်တော်တို့ ရွေးကောက် တင်မြှောက်လိုက်တဲ့ အစိုးရအဖွဲ့ အဆင့်ဆင့်မှာ တာဝန်ယူထားသူတွေရဲ့ ရာထူးအင်္ဂါစဉ်ကို စိတ်ဝင်စားလို့ လိုက်ရှာကြည့်ပေမဲ့ အတိအကျတော့ မတွေ့မိပါဘူး သတင်းစာမှာဖော်ပြထားတာကို လေ့လာကြည့်ရင်တော့ မှန်းဆလို့ရပါတယ် အခုအစိုးရအဖွဲ့အစည်းတစ်ခုက ထုတ်ဝေတဲ့ စာအုပ်ထဲမှာ တွေ့မိတော့ ကန့်သတ်တာ တားမြစ်တာလဲ လုပ်မထားဘူး လူတိုင်းလဲသိသင့်တယ်  သိခွင့်ရှိတဲ့အချက်အလက်တွေမို့ တင်ပေးလိုက်ပါတယ် ….

 

၁။    နိုင်ငံတော်သမ္မတ

၂။    ဒုတိယသမ္မတ (၁)

၃။    ဒုတိယသမ္မတ (၂)

၎။    ပြည်သူ့လွှတ်တော်ဥက္ကဌ

၅။    အမျိုးသားလွှတ်တော်ဥက္ကဌ

၆။    ပြည်ထောင်စုတရားသူကြီးချုပ်

၇။    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

၈။    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌ

၉။    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ

၁၀။  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်

၁၁။  ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ

၁၂။  အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌ

၁၃။  ပြည်ထောင်စုဝန်ကြီးများ

၁၄။  ပြည်ထောင်စုရှေ့နေချုပ်

၁၅။  ပြည်ထောင်စုစာရင်းစစ်ချုပ်

၁၆။  ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ

၁၇။  ၀န်ကြီးချုပ်များ

၁၈။  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)

၁၉။  တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများ

၂၀။  ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ

၂၁။  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များ

၂၂။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ

၂၃။  ဥပဒေကြမ်းကော်မတီ

၂၄။  ပြည်သူ့ငွေစာရင်းကော်မတီ

၂၅။  လွှတ်တော်အခွင့်အရေးကော်မတီ

၂၆။  အစိုးရအာမခံချက်များ၊ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ

၂၇။  တိုင်းမှူးများ

၂၈။  ဒုတိယ၀န်ကြီးများ

၂၉။  ဒုတိယရှေ့နေချုပ်

၃၀။  ဒုတိယစာရင်းစစ်ချုပ်

၃၁။  ပြည်ထောင်စုရာထူးဝန်အဖွဲ့၊အဖွဲ့ဝင်များ

၃၂။  နေပြည်တော်ကောင်စီဝင်များ

၃၃။  တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ

၃၄။  ကာကွယ်ရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှူးများ

 

ကျွန်တော် လက်ခံထားတဲ့ နိုင်ငံရေးဆိုတာလေးလဲ ပြောချင်ပါတယ် နိုင်ငံ့အရေးအရာတွေကိုလုပ်တာ နိုင်ငံရေးပါ ကျောင်းသားက စာတတ်အောင်သင်မယ် ဆရာဝန်ကလူနာတွေကိုဆေးကုပေးမယ် စာရေးဆရာက အသိပညာဗဟုသုတတွေ တွေ ဖြန့်ဝေမယ် ဒါနိုင်ငံရေး လုပ်တာပါပဲ အခု ဒီပို့စ်လေးတင်လိုက်တာလဲ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတွင်းကလူတွေ သိသင့်သိထိုက်တာ ဖြန့်ဝေပေးတာဖြစ်လို့ ဒါလဲ နိုင်ငံရေးပါပဲ…….

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ