အကောင်းမြင်အတွေး

etoneMay 14, 20101min490
အကောင်းမြင်အတွေး
ကျနော် မေးခွန်းတစ်ခု မေးပါ့မယ်။ ကျနော် ပြောရဲတယ်။ အဲဒီ မေးခွန်းကို ဘယ်သူမှ မှန်အောင် ဖြေနိုင်မှာ မဟုတ်ဘူးလို့ အာမခံရဲတယ်။ အောက်က စာပိုဒ်လေး ဖတ်ကြည့်ပြီး မေးခွန်းကို ကြိုးစား ဖြေကြည့်ပါဦး။
အင်မတန် ချစ်ကြတဲ့ လင်မယားနှစ်ယောက်ဟာ ခရီးအတူထွက်ခဲ့ကြတယ်။ သူတို့ စီးလာတဲ့ လိုင်းကားဟာ တောင်ကုန်းတောင်မြင့် ထူပြောတဲ့ နေရာ အတော်များများကို ဖြတ်သန်းရတယ်။ တောင်ကြားလမ်း မရောက်ခင် တစ်နေရာမှာ သူတို့ ဇနီးမောင်နှံက ကားပေါ်က ဆင်းနေခဲ့ပြီး ဆုံးဖြတ်လိုက်ပြီး ကားကို ရပ်ခိုင်းလိုက်တယ်။ သူတို့ တောင်းဆိုတဲ့ နေရာ အရောက်မှာ ကားဆရာက ကားကို ရပ်ပေးလိုက်တော့ သူတို့ ကားပေါ်က ဆင်းလိုက်ကြတယ်။ သူတို့ ဆင်းပြီး ခဏအကြာမှာပဲ ကားက မောင်းထွက်သွားလိုက်တယ်။ အရှေ့ တောင်ကြား အရောက်မှာ တောင်ပေါ်က ကျောက်တုံးတွေ လှိမ့်ကြလာပြီး ကားကြီး တစ်စင်းလုံး ရစရာ မရှိအောင်ကို ပြားချပ်သွားပြီး ကားပေါ်မှာ ပါသမျှသူ အကုန် သေကြတယ်။ အဲဒီ အဖြစ်အပျက်တွေ အားလုံးကို မြင်နေရတဲ့ ဇနီးမောင်နှံခမျာ အတော်လေး စိတ်မကောင်း ဖြစ်ကြရှာတယ်။ အဲဒီ စိတ်မကောင်းစရာ အဖြစ်အပျက်ကို မြင်ရတော့ နှစ်ယောက်စလုံးရဲ့ နှုတ်ကနေ ရေရွတ်တဲ့ စကားတစ်ခွန်း တပြိုင်တည်း ထွက်လာတယ်။
“ငါတို့ အဲဒီကားပေါ် ပါသွားရင် သိပ်ကောင်းမှာပဲ”
အဲဒီလိုစကား ဘာကြောင့် ပြောတာလို့ သင်ထင်ပါသလဲ။
အဲဒီမေးခွန်းရဲ့ အဖြေက အူကြောင်ကြောင် အဖြေမျိုး မဟုတ်ပါဘူး။ တကယ်ကို ယုတ္တိတန်တဲ့ အဖြေမျိုးပါ။ စဉ်းစားကြည့်ပါဦး။ သေသေချာချာ စဉ်းစားကြည့်စေချင်တယ်။ ကိုယ်စီက ထွက်တဲ့ အဖြေက ကိုယ်ရဲ့ အမူအကျင့်ကို ကိုယ်စားပြုပါလိမ့်မယ်။ ပြဿနာတွေ ဖြေရှင်းတဲ့အခါမှာ အဆိုးကနေ စ စဉ်းစားတတ်လား။ အကောင်းဘက်ကနေ စ တွေးကြမလား။ တစ်ခါတလေမှာ အကောင်းဘက်က တွေးချင်ပေမယ့် ဘယ်လိုမှ အကောင်းမမြင်နိုင်တဲ့ အခြေအနေတွေလည်း ရှိတတ်တယ်။ အကောင်းမမြင်တာ အကောင်းမရှိဘူးလို့ မဆိုလိုပါဘူး။ ကြည့်တဲ့သူက မြင်အောင် မကြည့်လို့ပါ။ ကဲ အထက်က မေးခွန်းလေးကို တွေးကြည့်ပါဦး။ တွေးလို့ရပြီဆိုရင် အောက်က လင့်ခ်လေးကို နှိပ်ပြီး အဖြေ ကြည့်ကြည့်ပါ။ ဖြစ်နိုင်လို့ရှိရင် အဖြေမရမချင်း စဉ်းစားစေချင်ပါတယ်။
သူတို့ ကားပေါ်က ဆင်းဖို့ မဆုံးဖြတ်ခဲ့ဘူး ဆိုရင် သူတို့ ကားပေါ်မှာ ရှိနေခဲ့မှာပါ။ အဲဒီလို မဆင်းခဲ့ရင် စောနက တောင်ကြားကို ဖြတ်မယ့် အချိန်က ပိုစောသွားပါ့မယ်။ ဆင်းဖို့ အချိန်သာ မပေးခဲ့ရဘူးဆိုရင် တောင်ကြားကို ခပ်စောစော ဖြတ်နိုင်မှာပေါ့။ ဒါကြောင့် အချိန် နည်းနည်း စောသွားတာကြောင့် ကျောက်ခဲတွေ ပြုတ်ကျမယ်ဆိုလည်း အဲဒီကား ဖြတ်ပြီး နည်းနည်းကြာမှ ပြုတ်ကျမှာပါ။ ဒါဆို ကားပေါ်က လူတွေလည်း သေစရာ အကြောင်း မရှိတော့ဘူးလေ။
ကျနော်တို့ကော ပြဿနာ တစ်ခု ဖြစ်လာရင် ဒီလိုဆိုရင် ဒီလိုတော့ ဖြစ်ကောင်းရဲ့ ဆိုပြီး အတွေးမျိုးတွေ တွေးတတ်ရဲ့လား။ တွေးခဲ့ရဲ့လား။
အောင်မြင်မှုရဲ့ ဆက်ကျင်ဘက်က ဆုံးရှုံးခြင်း မဟုတ်ပါဘူး။ နှုတ်ထွက်ခြင်းပါ။
(သူငယ်ချင်းတယောက်ပို့တဲ့ fwd msg ကရတာပါ)