အောင်ဘုရှုပ်တဲ့ဇာတ်

“ ဘုံး၊ ခွပ်၊ အင့်၊ အွတ်၊ အမလေးဗျ။” နေ့ခင်းကြောင်တောင် လူအများ ဥဒဟို သွားလာနေရာ မြို့ထဲ လမ်းတခှအတွင်းရှိ တိုက်ပထမထပ်မှ အသံများကို စာမူကိစ္စ လမ်းကြုံရောက်ရှိစဉ် ကြားလိုက်ရခြင်း ဖြစ်သည်။ တိုက်လှေခါးခြေရင်းတွင် လွယ်အိတ်ကိုယ်စီနှင့် ချာတိတ်အချို့ကို ရုံးစုရုံးစု တွေ့နေရပြီး အသံ လာရာဆီသို့ လှမ်းကြည့်လိုက်ရာ ကျနော့်အသိ ဂျော်လကီဘု ကျူရှင်ခန်းဖြစ်နေသဖြင့် စိုးရိမ်စိတ်ကြီးစွာဖြင့် အလောတကြီး တက်သွားမိသည်။ မြင်ကွင်းကားမလှပ၊ လွန်စွာအရုပ်ဆိုး အကျည်းတန်လှပေသည်။ ဂျော်နီအောင်ဘုခင်မျာ မျက်နှာတခုလုံး ဖူးယောင်လျက် လူရုပ်ပင်မပေါ်၊ သူ့၏ထိုးထိုးထောင်ထောင်ဆံပင်နှင့် မျက်ခွက်ကြီးမှာ အခွံ မချွတ်ရသေးသော နာနတ်သီးမှည့်တလုံးနှင့်ပင် တူနေပေတော့သည်။

ကျနော်ရောက်သွားစဉ် မှာပင် ဂျော်လကီဘုက သူ့အား နောက်ထပ် နှစ်ချက်မျှဆင့်၍ ဂမူကျွေးလိုက် ပြီးဖြစ်သည်။ “ဘုံး…ဒိုင်း.. အင့်၊ ကျွတ်..ကျွတ်၊ တော်ပါတော့ဘုရယ်၊ ငါ့ကိုခွင့်လွှတ်ပါ၊ ဆက်မထိုးပါနဲ့တော့” သူဘယ်လောက်ပင် တောင်းပန်နေသော်လည်း ဟိုကကျေသေးပုံမရ၊ ခါးတွင်ပတ်ထားသော ခါးပတ်ကို ချွတ်၍ စိတ်ရှိလက်ရှိ ကျာပွတ်ဖြင့် ဆွဲသကဲသို့ ရိုက်နှက်လိုက်ပြန်သည်။ “လောက်ရွှမ်း…အင့်၊ လောက်ရွှမ်း.. အမလေး  ကယ်ကြပါအုံးဗျ” လက်တကာကာဖြင့် အောင်ဘုခင်မျာ ငြီးတွားအော်ဟစ်နေရသည်။ “ဟိတ်ကောင် အောင်ဘု တိတ်စမ်း၊ ကျက်သရေ မင်္ဂလာမရှိ အသံဗြဲကြီးနဲ့ အော်မနေနဲ့၊ မင်းလက်ကာနေရင် ဒီထက်ပိုဆိုးသွားမယ်” ပြောပြောဆိုဆိုနှင့် ဆင့်ကာဆင့်ကာ ရိုက်လိုက်ပြန်သည်။ ထူးဆန်းပေစွ၊ ခါတိုင်း ကေသရာဇာ ခြင်္သေ့မင်းလို ဂျော်ဘုရှေ့တွင် ဟိန်းဟောက်နေသူက ဒီတချီတွင်တော့ သိုးငယ်လေးပမာ ကြောက်ရွံ့တုန်လှုပ် နေရှာသည်။

ကျနော်လည်း အောင်ဘုတယောက် ပယ်ပယ်နှယ်နှယ် အတွယ်ခံရအောင် အချိန်အနည်းငယ် ထပ်မံ စောင့်ပြီးသကာလ ဝင်ရောက်တားဆီးရလေသည်။ “နေကြပါအုံးကွာ၊ ဘယ်လိုဖြစ်ကြတာလည်း၊ ခါတိုင်းတော့ တယောက်နဲ့တယောက် ပလူးနေကြတာ၊ နင်ဆို သူ့ကိုကြိုက်လွန်းလို့ နာမည်ကိုတောင် သူနဲ့တူအောင် ပြောင်းယူထားတယ် မဟုတ်လား။”

ဂျော်လကီဘု – ဘုကို သစ္စာဖောက်တယ်၊ သူမိန်းမ ယူတော့မယ်၊ ဘုကို ပစ်သွားတော့မယ်တဲ့၊ အီး ဟီး ဟီး။

ကြောင်ကြီး – ဟေ.. ဘယ်လိုဖြစ်တာတုန်း၊ ရုတ်ချည်းကြီး။ ဟေ့ ဂျော်နီ၊ သူပြောတာ ဟုတ်လား။

ဂျော်နီအောင်ဘု – ဟုတ်..ဟုတ်ပါတယ် ကိုကြောင်ကြီး၊ ကျနော့် ချစ်သူနဲ့ မကြာခင် လက်ထပ်တော့မှာပါ။

ဂျော်လကီဘု – ဘာချစ်သူလည်း သေနာရဲ့၊ နင်ပဲ ငါကို ချစ်လှ၊ကြိုက်လှချည်ရဲဆိုပြီး…အီးဟီးဟီး..ပြောပြော ဆိုဆိုဖြင့် ထခုန်ပြီး ဒူးဖြင့်ပစ်တိုက်လိုက်သည်။ ဘုံး…အင့်၊ ဂျော်နီအောင်ဘုတယောက် နံရံထောင့်တွင် ခွေခွေလေးလဲသွားသည်။

ကြောင်ကြီး – ဟေ့ ဟေ့ တော်စမ်း၊ လွန်ကုန်မယ်။ စိတ်အေးအေးထားစမ်းပါဘုရယ်။ ငါမေးစမ်းပါရစေအုံး။

ဂျော်နီအောင်ဘုဆီ ကပ်သွားတော့ “ ကယ်ပါအုံး ဆရာရယ်၊ ဆရာ မကယ်ရင် သေဖွယ်ရာသာ ရှိပါတယ်။ ဆက်မရိုက်အောင်လုပ်ပေးရင် ဆရာ့ကို နောက်ဆုံးပေါ် နိုကီရာလက်ကိုင်ဖုန်း ဟန်းဆက်တလုံး ကန်တော့ပါမယ်” လေသံပျော့လေးနှင့် တောင်းပန်တိုးရှိုးနေရှာသည်။ အံမာ ဒင်းက အခုတော့ ဆရာခေါ်ရ ကောင်းမှန်း သိပြီပေါ့၊ ကျနော်လည်း သောက်မြင်ကတ်ပေမဲ့ “အေး ဒါဆိုလည်းပြီးရော၊ ကတိ တည်ပစေနော်။ အခုတလော မိုဘိုင်းလ်ဖုန်း အပျက် reject တွေ ဈေးကွက်ထဲ ရောက်နေတယ်ကြားတယ်။ ငါက အသစ်တလုံး ရမှဖြစ်မှာနော်” လို့ ဈေးတင်လိုက်တော့ ကယ်ရာမဲ့နေတဲ့ အောင်ဘုခင်မျာ “ဟုတ်ကဲ့ပါခင်မျာ၊ ကျနော်အသိ မင်းသားမဲ (black prince) ဆီက အသစ်စက်စက် brand new ပက်ကင်ပိတ် ဝယ်ပေးပါ့မယ်။ သူက ရွာသား အချင်းချင်း အင်ထည့်မယ် မထင်ပါဘူး”

ဂျော်နီအောင်ဘုနဲ့ သိကျွမ်းခဲ့တာ အခုမှမဟုတ်၊ ၁၉၈၈ခုနှစ် အရေးအခင်း မဖြစ်ခင်ကပင် ဖြစ်သည်။ ကျနော်ကျောင်းပြီးကာစ မွန်ပြည်နယ် ကျေးရွာလေးတရွာ၏ တွဲဖက်အလယ်တန်းကျောင်း ဆွဲခန့်ဆရာဖြစ် ခေတ္တ လုပ်ကိုင်စဉ် သူနှင့်တွေ့ဆုံခဲ့ရသည်။ နာမည်အရင်းမှာ အောင်ဘုဖြစ်ပြီး မွန်-ဗမာသွေးစပ်သူ ကျနော်နှင့် အသက်ခြင်း မတိမ်းမယိမ်းရှိသူ၊ တတန်း ၂နှစ်၊ ၃နှစ်မျှ ကြာအောင်နေခဲ့၍ ထိုအချိန်တွင် ၆တန်းကျောင်းသား ဖြစ်နေသည်။ အတန်းဖော်လေးများအား ဗိုလ်ကျခြင်း၊ အပျိုဆရာမများအား ရိသဲ့သဲ့လုပ်ခြင်း၊ ထန်းရည်မူးကာ စာသင်ခန်းထဲ၌ အိပ်ခြင်း စသည့် မိုက်မဲသည့် အပြုအမူများကို ပျော်ပျော်ကြီး ကျူးလွန်နေပေသည်။ သူ၏ မိဘများကား ရွာမျက်နှာဖုံး လယ်ပိုင်ရှင်များဖြစ်ပြီး ဘကြီးလုပ်သူမှာ လူရိုသေရှင်ရိုသေ ဆေး၊ ဝေဒ၊ ဂမ္ဘီရ အတတ်များကို တဖက်ကမ်း ကျွမ်းကျင်တတ်မြောက်သော ရှေးဆရာကြီးဟု ဆိုလျင်လည်း မှားအံ့မထင်ချေ။

အရေးအခင်းတွင် ကိုအောင်ဘု ရွာသပိတ်ခေါင်းဆောင် ဖြစ်လာသည်။ ထို့နောက် တောခိုပြီး ABSDF သို့ဝင်၊ အဖွဲ့နှစ်ခြမ်းကွဲသွားလို့ မွန်ပြည်သစ်ပါတီသို့ကူးပြောင်း၊ အဲဒီမှာလည်း နှစ်ဖွဲ့ကွဲပြန်။ ဒါနဲ့ ကေအန်ယူ သို့ထပ်ပြောင်း၊ မကြာခင်မှာပင် ဒီကေဘီအေခွဲထွက်။ သူရောက်တဲ့အဖွဲ့တိုင်း နှစ်ခြမ်းကွဲလို့ အစိုးရဒလျှိုလို့ မြင်လာကြတာနဲ့ ထွက်ပြေးပြီး ဗန်ကောက်မြို့ပေါ်ကို ရောက်သွားတယ်။ အလုပ်အစုံလုပ်ရင်း ဘဝနာခဲ့တဲ့ ကိုအောင်ဘု အတော်စုမိဆောင်းမိလာတဲ့အခါ ရွာကိုလွမ်းလို့ စုံစမ်းပြီး တိတ်တိတ်လေး အိမ်ပြန်ခဲ့တယ်။ “ဒါနဲ့ မင်းပြန်ရောက်တော့ ထောက်လှမ်းရေးက ပြသနာမရှာဘူးလားလို့” စိတ်ဝင်စားလို့မေးလိုက်တော့ “ကျုပ်ကသာ ကိုယ့်ကိုယ်ကို သပိတ်ခေါင်းဆောင်အဖြစ် အထင်ကြီးပြီး စိုးရိမ်တကြီး ထွက်ပြေးတာ၊ သူတို့က သတိတောင် မထားမိဘူး၊ ဒါနဲ့ တဖက်ကမ်းမှာ ရောက်နေသလို ရူးချင်ယောင်ဆောင် နေလိုက်တယ်။ ကျနော့် အကြောင်း နဲနဲပါးပါးသိတဲ့ ထောက်လှမ်းရေးတွေလည်း ဗိုလ်ချုပ်ခင်ညွှန့် ပြုတ်ကထဲက မရှိတော့ဘူးလေ။  ပြန်ရောက်တော့ သူငယ်ချင်းအချို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်အတွင်းရေးမှူး၊ ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်သူဖြစ်နဲ့ ကောင်းစားနေလို့ စောမပြန်မိတာကို မချိတင်ကဲ ဖြစ်မိသေးတယ်။”

ရွာပြန်ရောက်တော့ သူ့နာမည်ပြောင်းသွားပြီ၊ မိုက်ကယ်ဂျော်နီအောင်ဘုလို့ ခေါ်မှထူးတော့သည်။ နာမည်အရင်းခေါ်လျင် မကြားသလို ဟန်ဆောင်တတ်သည်။ ရွာထဲတွင် မည်သူမှ နားမလည်သော အင်္ဂလိပ် စကားကို လူတွေ့တိုင်းပြောသည်။ ငါပြောတာ ဘရုတ်ကမ်းအင်္ဂလိပ်စကား၊ ဘိုတိုင်းတောင် မပြောတတ်ဘူး လို့ ဂုဏ်ယူစွာပြောပြသည်။ လည်လည်ဝယ်ဝယ်ရှိသူများက ဘရုတ်ကမ်းဆိုတာ ဘာလည်းလို့ မေးလျင်တော့ နယူးယောက်မြို့ ဘရွတ်ကလင်းအရပ်က အမေရိကန်တွေပြောစကားလို့ ထင်မိထင်ရာဖြေသည်။ ဟိုးအရင်ဆို ရွာထဲမှ ဂွမ်းပုံတို့ ဂွက်ထော်တို့ ရေချိုးဆင်းလျင် မြစ်ကမ်းနံဘေး ခြုံကွယ်၌ မှန်ဘီလူး၊ ထမင်းထုပ်တို့နှင့် စောင့်ကြည့်လေ့ရှိသူက အချိုးပြောင်းသွားသည်။ ဘာတဲ့ ရွာနားမြက်ရွာနားမစား၊ ဒါမျိုးတွေ ရိုးသွားပြီ၊ ဖြတ်ဖောက်ချုပ်တောင် မတိုးတော့လို့ ထူးထူးဆန်းဆန်းစကားတွေ ပြောလာသည်။ အရေးအခင်းတုန်းက သပိတ်ခေါင်းဆောင်ဖြစ်ခဲ့သလို ရွာပြန်ရောက်တော့ စကားအသစ်အဆန်းတွေနဲ့ ကာလသားခေါင်း ဖြစ်လာပြန်သည်။

တနှစ်နီးပါးကြာတော့ ရန်ကုန်မြို့ကိုတက်ကာ လတ်ယားလတ်ယား လုပ်ရင်း သူ့လိုပဲ တောမှတက်ပြီး ရန်ကုန်မြို့တွင် လူတွင်ကျယ်လုပ်သူ ကျူရှင်ဆရာ ဂျီဘုံနှင့် ဆုံမိသွားသည်။ ထိုမှစ၍ ကိုအောင်ဘုတယောက် ပြောင်ပြောင် ယောင်ယောင် ဖြစ်လာသည်။ လိင်တူချစ်သူ ဂျီဘုံသည်လည်း ဂျော်လကီဘုဟု အမည်ပြောင်း လိုက်သည်။ အရင်လို မအပ်မစပ် ပေါက်တတ်ကရ နေရာတွေသွား ရှာစရာမလိုတော့။ အချိန်တန် အိမ်ပြန်ပြီး စတိုင်မလိုင် ထုတ်ပြီး လစ်ပိုအားဆေးဗူး တကတ်၊ ကြက်ဥတဒါဇင်ဖြင့် စောင့်နေရုံသာ။ အရှင်မွေး နေ့ခြင်းကြီး ဆိုသလို လက်ကိုင်ဖုန်း၊ အိုင်ပေါ့ဒ်၊ လက်တော့ပ် ကွန်ပြူတာ၊ နေကာမျက်မှန်တဝင်းဝင်းနှင့် သုံးကျပ်သား ရွှေဆွဲကြိုးကြီး လည်ပင်းမှာဆွဲလျက် ကိုအောင်ဘုအား မြို့ထဲနေရာအနှံ့ တွေ့ရတော့သည်။ အရင်လို ဘုန်းကြီးကျောင်းဝင် ဆွမ်းစားခြင်း မဟုတ်တော့ဘဲ ဟန်းဖုန်း တကိုင်ကိုင်ဖြင့် ကျောင်းထိုင်ဘုန်းကြီးနှင့်အပြိုင် အဘိဓမ္မာ ဆွေးနွေးသည်။ မသိလျင် အွန်လိုင်းတက်မွှေနှောက်ပြီး ဘုန်းကြီးစာချသည်။ ဘုန်းကြီးများမှာလည်း ကွန်ပြူတာနှင့် ပြိုင်မဖိုက်နိုင်သဖြင့် လက်မြောက်ခါ နေပေးရသည်။

နောက်ပိုင်း ဂျော်လကီဘုထံ တပတ်တခါသာ သွားတွေ့ပြီး ဆင်ခြေဆင်လက်မျိုးစုံနှင့် အဆက်ဖြတ်ရန် ကြိုးစားသည်။ ဝတ်ကောင်းစားလှနှင့် မြင်မြင်သမျှ ကောင်မလေးများကို ဂွင်ဖန်နေလေသည်။ တလောကတင် ရပ်ကွက်ထဲမှ ဆေးခန်းရှိ ကောင်မလေးတပွေကို အကူနာ့စ်မ အမှတ်ဖြင့် ရိသဲ့သဲ့ သွားလုပ်ရာ  ဆရာဝန် ကတော်လောင်း ပါရမီဖြည့်ဖက် ဆတ်ဆတ်ကြဲ ဖြစ်နေသဖြင့် တောင်းပန် ထွက်ပြေးခဲ့ရသည်။ တနေ့တော့ သူဖုံးဆက်လာသည်။

ဂျော်နီအောင်ဘု – ကိုကြောင်ကြီး၊ ကျနော် အသစ်တွေ့နေပြီ။

ကြောင်ကြီး – ဘာတုန်းဟ၊ အရင်းမရှိ အဖျားမရှိ။

ဂျော်နီအောင်ဘု – ဒီလိုပါ၊ ကျနော် ဖြိုးဆိုတဲ့ ကောင်မလေးနဲ့ ငြိနေပြီ။ ဟိုဟာကြီးကို စွန့်တော့မယ်။

ကြောင်ကြီး – သေချာမှလည်း လုပ်ပါကွာ။ တော်ကြာနေ နဂိုဟာနဲ့ အတူတူ ဖြစ်နေပါအုံးမယ်။ ဒီခေတ်ကြီးမှာ ခွဲစိတ်ဆေးပညာရပ်ကလည်း စွမ်းပါဘိနဲ့။

ဂျော်နီအောင်ဘု – သေချာပါတယ်ဗျ၊ သုံးတောင်သုံးကြည့်ပြီးသွားပြီ၊ အစစ်အမှန်လေး။ သူက ရှက်တတ်လို့ မီးအမှောင်ချထားပေမဲ့ အောင်ဘုတို့ အဲဒီလောက် မညံ့ပါဘူး။

ကြောင်ကြီး – မညံ့တဲ့ကောင်တွေပဲ ခံရတာနော်၊ လည်လွန်းတဲဘီး ချီးသင့်ဆိုတာ ကြားဘူးလား။

ဂျော်နီအောင်ဘု – ကျနော်နဲ့ဖြိုးနဲ့က အွန်လိုင်းဆိုက်တခုမှာ လိင်တူလိင်ကွဲ ခွဲခြားမဆက်ဆံဖို့ ခေတ် နောက်ကျကျန်နေတဲ့ အစွန်းရောက် မြန်မာလူ့အဖွဲ့အစည်းကို ပညာပေးလှုံ့ဆော်ကြရင်း ရင်းနှီးသွားတာ။

ကြောင်ကြီး – ဒါဆိုလည်း ပြီးတာပါပဲ မောင်ရာ၊ ကိုယ်ဇာတ်ကိုယ်နိုင်ဖို့ပဲ အရေးကြီးတယ်။

အခုတော့ အပျက်ပျက်ဖြင့် နှာခေါင်းသွေး ထွက်ရကိန်း ရှိနေပြီ။ ကျနော်လည်း ညနေစောင်းအထိ ဂျော်လကီဘုကို နည်းမျိုးစုံဖြင့် တရားဟော နားချလိုက်ရသည်။ ဒင်းက ဘာကောင်မိုလို့ ညည်းကဒီလောက် စွဲနေရတာလဲ၊ ဂျင်းစိမ်းနဲ့မိဿလင် သူကြင်မှကိုယ်ကြင်ပေါ့။ ငကန်းသေ ငစွေလာမယ်၊ ဝမ်းဂိုးတူးကမ်းဆိုတာ မကြားဖူးဘူးလား။ သူက အိုမင်းရွတ်တွ စုတ်ပြတ်နေပြီ၊ ကြံဖတ်လိုပဲ အရည်စုပ်ပြီး လွှင့်ပစ်လိုက်၊ ညည်းက နုနုဖတ်ဖတ်လေး၊ သူ့ကိုပြန်လက်ခံလည်း ခွေးမြီးကောက်ကျည်တောက်စွပ် ဖြစ်အုံးမှာပဲ။ တရားသဘောအရ ကံစီမံရာ နာခံရတာ မဆန်းဘူး။ လူ့ဘဝဆိုတာ တိုတိုလေး၊ ပရိဝေဒ သောကမီးတွေ မပူလောင်နေနဲ့။ စသဖြင့် ဟုတ်တာရော၊ မဟုတ်တာရော၊ ဓမ္မ အဓမ္မ နည်းပေါင်းစုံသုံးလိုက်တာ နောက်ဆုံးမှာ ဂျော်လကီဘုတယောက် ကျနော်ရှင်းပြနှစ်သိမ့်တာကို နားလည်လက်ခံလိုက်ပါတယ်။

သူက ဂျော်နီအောင်ဘုကို “နင့်မျက်နှာကို ငါမကြည့်ချင်ဘူး၊ အိမ်ပေါ်က ခုချက်ခြင်းဆင်းသွား” ဆိုပြီး နှင်ချလိုက်တာပေါ့လေ။ မနှင်ချခင်မှာလည်း အောင်ဘုဆီကရမဲ့ နိုကီရာဖုန်းမျက်နှာနဲ့ “ဘုရေ ဒင်းလိုကောင် ဆီက ဘာမှပြန်မတောင်းနဲ့ သနတယ်၊ လိုရင် ကိုကြောင်နဲ့ ပြောလိုက်မယ်လို့” ချုပ်ထားလိုက်ရသေးတယ်။ ဂျော်နီအောင်ဘုဆိုတဲ့ လူရှုပ် နောင်ကြမှ အတွေ့မခံ ရှောင်နေရင် ဖုန်းမရဘဲ ရှိသွားမှာစိုးရတယ်။ ဒီလိုနဲ့ပဲ ဇာတ်လမ်းချုပ်တော့ ဂျော်လကီဘုက ပိုရုပ်ချော၊ ဗလတောင့်၊ အသက်ငယ်တဲ့ ကောင်လေး တယောက်ထပ်ရ၊ ဂျော်နီအောင်ဘုကလည်း အသစ်လေးနဲ့ ဟန်းနီးမွန်းထွက်နှပ်၊ ကျနော်ကရော……………..…စိတ်မပူကြပါနဲ့။ အလုပ်ကောင်းရင် ကံကောင်းပါသည်။ သိန်းကျော်တန် နိုကီရာဖုန်းအသစ်လေးနဲ့ ရှိုးစမိုးထုတ်ပြီး စာပေခရီး ဆက်လှမ်းနေပါတယ်။

မှတ်ချက်။ နောင်များမှ အခွင့်ကြုံရင် ဂျော်နီအောင်ဘုနဲ့ ဖြိုးအကြောင်း ဆက်ပါအုံးမည်။ အားလုံး အဆင်ပြေ ချမ်းမြေ့ကြပါစေ။

 

လူမှုအရှုပ်အရှင်း အတိုင်ပင်ခံ ကြောင်ကြီး

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး