ကောင်မလေး ( ၃ )

တေစၧSeptember 9, 20111min13912

ဒီနေ့တော့ မနက်စာအစောကြီးကို နိုးနေတယ် စိတ်ကပဲ လောလို့လား ဒီနေ့မှ နေမင်းကြီးကပဲ နောက်ကျပြီးထွက်နေသလား မသိပါဘူး။ ဒါနဲ့ ရေမိုးချိုးပဲလေးဘာလေးများပြီး သွားမယ်ပေါ့ ရေလဲချိုးပြီးရော စိတ်ကူးတစ်ခုဝင်လာတယ် ဒီနေ့တော့ ပုဆိုးလေးနဲ့ဆိုရင်ကောင်းမယ် ဒါမှ သပ်သပ်ရပ်ရပ်နဲ့ ဖြစ်မှာပေါ့။ ကျွန်တော်က ပုဆိုးဝတ်ခဲပါတယ် ဘာလို့လဲဆိုတော့ ဘောင်းဘီနဲ့ဆိုရင် ဘယ်သွားသွား လွတ်လွတ်လပ်လပ် သွားလို့ရလို့ပါ ပုဆိုးကျတော့ သွားရလာရတာ မလွတ်သလိုခံစားရလို့။ ဒီလိုနဲ့ ပုဆိုးလေးနဲ့ ရိုးသားချင်ယောင်ဆောင်ပြီး ဆိုင်ကယ်တစ်စင်းနဲ့ ကျောင်းကိုထွက်လာပါတော့တယ်။
ကျောင်းမရောက်ခင်မှာပဲ   ပြဿနာကောင် ဝေယံနဲ့တွေ့တယ် ကျွန်တော့်ကို ကျူတိုဖြေထားတဲ့စာအုပ်တွေတစ်ထပ်ကြီးပေးပြီးတော့ ကျောင်းကို ယူသွားပေးပါတဲ့    သူဒီနေ့ ကောင်မလေးနဲ့ချိန်းထားလို့ ကျောင်းမသွားတော့ဘူး ဆရာမက လမ်းကြုံသူ့ကိုခိုင်းလို့ သူကကျွန်တော့်ကို လမ်းကြုံခိုင်းတယ်လေ။ သူမို့အားမနာ ကျွန်တော်လဲ ကောင်မလေးနဲ့တွေ့မှာပဲလေ ဒါပေမယ့် ဒီနေ့တော့ စိတ်ကောင်းထားလိုက်ပါတယ် ကျွန်တော်လဲ ကျောင်းထဲသွားမှာဆိုတော့ နောက်ပြီး သူများကိုစိတ်ကောင်းထားရင် ကိုယ်လဲအဆင်ပြေပါစေပေါ့ အဟဲ။

မိန်းရှေ့ကို ဆိုင်ကယ်လဲ ရောက်ရော သူမကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ပါတော့တယ် သူမက မိန်းထဲကိုဝင်နေပါပြီ တစ်ယောက်တည်း သူငယ်ချင်းတွေလဲ မပါပါဘူး။ ကျွန်တော်လဲ ဒီလောက်ကောင်းတဲ့ အခွင့်အရေးမျိုးနှစ်ခါမရနိုင်ဘူးဆိုပြီး ဆိုင်ကယ်ပေါ်ကနေ ခပ်သွက်သွက်ဆင်းပြေးတော့တာပေါ့။ ဆင်းလဲဆင်းလိုက်ရော ပုဆိုးခြေနားစက ဆိုင်ကယ်ခြေနင်းခုံနဲ့ ငြိပြီး ပုဆိုးက ကျွတ်ပါလေရော ကျွန်တော့်မှာ ပုဆိုးကိုအမြန်ပြန်ဆွဲလိုက်ရတာပေါ့ ဒီလိုပုဆိုးကိုလဲဆွဲလိုက်ရော ခေါင်းကငုံ့လိုက်တော့ ဆောင်းထားတဲ့ ဆိုင်ကယ်ဦးထုပ်က မေးသိုင်းကြိုးမတပ်ထားတော့ ပြုတ်ကျပါလေရော လက်တစ်ဖက်ကလဲ စာအုပ်ထုပ်နဲ့ ဆိုတော့ လက်ကလည်းမအား တစ်ဖက်တည်းအားတော့တယ် ဒါနဲ့ ဦးထုပ်ကို ပြန်ဖမ်းကိုင်လိုက်တော့ ဆွဲထားတဲ့ပုဆိုးက ကျွတ်ပြန်ရော ပုဆိုးကိုပြန်ကိုင်လိုက်တော့ ဦးထုပ်ကကျပြန်ရော ကျွန်တော့်မှာ ထူပူပြီး ပုဆိုးဆွဲလိုက် ဦးထုပ်ဆွဲလိုက်နဲ့ လုံးချာလိုက်နေတာများ မိန်းရှေ့မှာ ထိုင်နေတဲ့ ကျောင်းသား ကျောင်းသူတွေက ကြည့်ပြီး ရယ်ကြတာ အူတွေတောင်တက်လို့ နောက်ဆုံးမှာတော့ ဦးထုပ်ကို အောက်ကျခံပြီး ပုဆိုးကို တင်းတင်းပြန်ဆွဲလိုက်မှ အဆင်ပြေပါတော့တယ် ပြေလဲ ပြေဦးမှ လူလဲ ရှက်လို့ အငွေ့ပျံပြီး ပျောက်လို့ရရင် ပျောက်သွားချင်ပြီ။ ပုဆိုးကိုသေချာဝတ်ပြီးကြည့်လိုက်တော့ အောက်နားက ခြောက် လက်မလောက် ကွဲသွားပါပြီ။ခြေနင်းခုံ နဲ့ငြိနေတာကို ကျွန်တော် ထူပူပြီးဆောင့်ဆွဲလိုက်တာနဲ့ ကွဲသွားတယ်ထင်ပါရဲ့ ။
ကျွန်တော့်မှာ ရည်းစားစကားပြောပါမယ်ဆိုကာမှ မဟာအရှက်တော် ဟက်တက်ကွဲလို့ ဆိုင်ကယ်ပေါ်အမြန်ပြန်တက်ပြီး မိန်းရှေ့ကနေ နောက်ထပ်မကွဲခင် အမြန်ပြန်ပြေးခဲ့ရပါတယ်။ ပထမဆုံး ရည်းစားစကားလေးပြောမယ် ကြံခါမှ အရှက်ကွဲခဲ့တော့ မပြောရဲတော့ တဲ့အပြင် ကျောင်းကို တစ်ပတ်လောက်မသွားရဲတော့ပါဘူး ကျွန်တော်ကလဲ ကြံကြံဖန်ဖန် မိန်းရှေ့မှာမှ သွားဖြစ်ရတယ်လို့။ မိန်းရှေ့ဆိုတာ ကျောင်းသားတွေ အဝင်အထွက်အများဆုံးနေရာဆိုတော့ စဉ်းစားသာကြည့်တော့ဗျာ ကောင်းကြသေးရဲ့လားလို့။
နောက်ထပ်ရည်းစားစကားပြောဖို့တော့ မပြောနဲ့ဗျာ ကျွန်တော်ဖြင့်ရှက်လွန်းလို။့ သူမှတ်မိတာမမှတ်မိတာ ထားလိုက်ဦး ဖြစ်ခဲ့တာကိုလည်းကြည့်ပါဦး ဒါနဲ့ပဲ ဒုတိယနှစ်ဝက်ဖြေရော ကျွန်တော့်မှာတော့ သူမကို ချစ်တဲ့စိတ်ကို မျိုသိပ်လို့ နောက်ဆုံးစာမေးပွဲကို ဖြေပြီး ကျောင်းသားဘဝ နောက်ဆုံးရက်ကို အဆုံးသတ်လိုက်ပါတော့တယ်။ ကျွန်တော်က နောက်ဆုံးနှစ်ကို ကျအောင်ဖြေပြီးသူမကို စောင့်ချင်ပေမယ့် အိမ်က စီးပွားရေးနဲ့က မလိုက်နိုင်ဘူးလေ ဒါနဲ့အောင်,အောင်တော့ဖြေလိုက်ရပါတယ်။
ဒါပေမယ့်လည်း ကျောင်းက သူမသတင်းတွေကိုတော့ အမြဲတမ်း စုံစမ်းနေမိတယ် ကျွန်တော်ကမှမေ့လို့မရတာကိုး။ စုံနေအောင်တော့ကြားရတာပဲ ကျောင်းခဏခဏလစ်တာတွေ သူများတွေကို အရူးလုပ်တာတွေရော သူတို့ သူငယ်ချင်း ခြောက်ယောက်အုပ်စုက သူတို့ထဲက တစ်ယောက်ယောက်ကိုများ ကြိုက်မိရင် အဲဒီယောကျာင်္းလေးတော့ ခံပေတော့ သူတို့တစ်အုပ်လုံး ဝိုင်းကျပ်လိုက်ကြတာ ဝိုင်းပြီး စတုဒီသာ စားလိုက်ကြတာနဲ့ သိပ်မခံပါဘူးတဲ့။ ဒီလိုသတင်းတွေတော့ အမြဲကြားနေရပါတယ်။ ဒီလိုနဲ့ ကျွန်တော့်မှာ ကျောင်းပြင်ကနေ ကျောင်းသတင်းတွေနားထောင်ရင်း သူမကို လွမ်းတဲ့စိတ်နဲ့ အပြင်လောကကြီးကို ဝင်ရောက်ရပါတော့မယ် …..

12 comments

  • Moe Z

    September 9, 2011 at 2:14 pm

    ဟာ..ဘာလဲကွာ မပြီးသေးဘူးလား.. ဒီတစ်ခါတော့ happy ending လို့ထင်ထားတာ..
    နောက်တစ်ခါတော့ မလွဲတော့မဟုတ်လား 🙂

    • phantom

      September 9, 2011 at 2:45 pm

      စိတ်ရှည်လက်ရှည်နဲ့ အားပေးတာကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်လဲ ဆက်ကြိုးစားနေပါတယ် 😀

  • weRone

    September 9, 2011 at 2:46 pm

    ဒီလိုနဲ ပြီးသွားပြီလား.. ပျော်ရွှင်စရာ ဇာတ်သိမ်းလေး လုပ်အုံးမှပေါ့.. .. 😀

    • phantom

      September 9, 2011 at 3:55 pm

      လာပါမယ်ဗျာ နောက်ထပ် 😀

  • whitestar

    September 9, 2011 at 3:42 pm

    မင်းသားလေးနဲ့မင်းသမီးလေး ကဘယ်တော့မှဆုံတွေ့မှာလဲ ဟင်

    • phantom

      September 9, 2011 at 3:59 pm

      မကြာလောက်ပါဘူး 😀

  • manawphyulay

    September 9, 2011 at 3:48 pm

    မိန်းထဲကို ဘာသွားလုပ်တာလဲဟင်……….. ဘာတက်နေလို့လဲ။

    • phantom

      September 9, 2011 at 3:52 pm

      အော် နောက်ဆုံးနှစ်နဲ့ ပထမနှစ်လေ

    • phantom

      September 9, 2011 at 4:01 pm

      မိန်းဆိုတာက ရန်ကုန်တက္ကသိုလ်ရဲ့ မိန်းမဟုတ်ပါဘူး တခြား တက္ကသိုလ်ပါ

  • နီလေး

    September 9, 2011 at 4:19 pm

    ဆိုင်ကယ်စီးတာဆိုတော့ရန်ကုန်တော့မဖြစ်နိုင်ပါဘူး မိန်းဆိုတော့ မန္တလေးတက္ကသိုလ်လား ပထမနှစ်နဲ့ နောက်ဆုံးနှစ်ဆိုတော့ မန်လေးတက္ကသိုလ်လဲမဖြစ်နိုင်ပြန်ဘူး ဒါမှမဟုတ် မုံရွာတော့ဖြစ်နိုင်မယ်ထင်တယ် ခုထိဇာတ်လမ်းမှာက မင်းသမီးလေးက မင်းသားလေးကို သိသလားမသိဘူးလားဆိုတာလဲ မသိရဘူး (စိတ်ဝင်စားနေတယ်ဆိုတာကို ) ဆက်လက်အားပေးနေပါ့မယ်

  • Shwe Ei

    September 9, 2011 at 4:45 pm

    ကောင်မလေးကို အတည်ကြံတာဆိုရင်တော့ ဇွဲကောင်းကောင်းထားရမဲ့ပုံဘဲ။ မလွယ်လောက်ဘူးနော။

  • chitsu

    September 19, 2011 at 3:16 pm

    ဇာတ်ရှိန်ကတက်လာပြီနော်

Leave a Reply