ကြည်နူးစရာ မြင်ကွင်းလေး

chit laySeptember 9, 20111min1266

ဒီနေ့မနက် ကျွန်မအလုပ်သွားဖို့ ဘတ်စ်ကားစီးတော့ ကားပေါ်မှာ ကြုံတွေ့ခဲ့ရတဲ့ မြင်ကွင်းလေးပါ … တော်တော်လေးကို ကြည်နူးဖို့ကောင်းပါတယ် … ကျွန်မကားပေါ်တက်ပြီး ရှေ့တစ်မှတ်တိုင်မှာ ဆွမ်းခံကြွပြီး ပြန်လာတဲ့ သပိတ်ပိုက်ထားတဲ့ဦးဇင်းကြီးတစ်ပါးနှင့် ဆွမ်းချိုင့်ဆွဲလာတဲ့ ကိုရင်လေးတစ်ပါး ကားပေါ်တက်လာပါတယ် … သံဃာတော်ခုံမှာကလည်း ဦးဇင်းလေးတစ်ပါး ထိုင်နေပါတယ် … သံဃာတော်ခုံအနောက်မှာ ခေတ်လူငယ်စတိုင်အပြည့်နဲ့ ခပ်လန်းလန်းကောင်လေးတစ်ယောက် ထိုင်နေပါတယ် … သံဃာတော်ခုံရဲ့ ဒီဘက်အခြမ်းမှာတော့ ဦးလေးကြီးနှစ်ယောက်ထိုင်နေပါတယ် …

 

သပိတ်ပိုက်ထားတဲ့ ဦးဇင်းကြီးကိုတော့ ဒီဘက်အခြမ်းမှာထိုင်နေတဲ့ ဦးလေးကြီးနှစ်ယောက်ထဲက တစ်ယောက်က နေရာဖယ်ပေးလိုက်ပါတယ်။ တစ်ယောက်ကတော့ ဖုန်းပြောလက်စနဲ့မို့ ဆက်ထိုင်နေပါတယ်။  ဆွမ်းချိုင့်ဆွဲလာတဲ့ ကိုရင်လေးကိုတော့ သံဃာခုံမှာထိုင်နေတဲ့ ဦးဇင်းလေးက ဆင်းရတော့မယ်ဆိုပြီး နေရာဖယ်ပေးလိုက်ပါတယ်။ ဦးဇင်းလေးဆင်းမှာကိုမသိတဲ့ အနောက်မှာထိုင်နေတဲ့ ခပ်လန်းလန်းကောင်လေးကလဲ ဦးဇင်းလေးကို နေရာဖယ်ပေးပြန်ရော … ဦးဇင်းလေးကလဲ ဆင်းမှာမို့လို့ဆိုပြီး မထိုင်ပါဘူး … အဲဒါကိုမသိလိုက်တဲ့ ဖုန်းပြောနေတဲ့ ဦးလေးကြီးက ဖုန်းပြောလို့လဲပြီးရော ဦးဇင်းလေးကို နေရာထပ်ဖယ်ပေးပြန်ရော … ဒီမြင်ကွင်းလေးကိုကြည့်ပြီး  ဪ .. ငါတို့ဗမာလူမျိုးတွေ ဘာသာတရားကိုင်းရှိုင်းပြီး သံဃာကို သံဃာမှန်းသိကြသေးပါလားဆိုတဲ့ အသိနှင့်အတူ ကြည်နူးမိပါတယ်။

 

တခါတခါလည်း သံဃာတော်တွေ ကြွလာတာကို သံဃာတော်ခုံမှာထိုင်ပြီး ဖယ်ပေးရကောင်းမှန်းမသိဘဲနဲ့ မသိကျိုးကျွံပြုနေတဲ့သူတွေနဲ့ ဆုံရတဲ့အခါ ဒေါသထွက်မိတာလေးတွေလဲရှိပါတယ်။ မနက်ကမြင်ကွင်းလေးကို မြင်ပြီး လူသားတိုင်း ကိုယ့်အသိစိတ်ဓါတ်လေးနဲ့ ကိုယ်ချင်းစာတရားလေး နေရာတိုင်းမှာ ထားနိုင်မယ်ဆိုရင် ဘယ်လောက်များကောင်းလိုက်မလဲရှင် …

6 comments

  • manawphyulay

    September 9, 2011 at 5:55 pm

    ဒီလိုပြောလို့ ပြောပြရဦးမယ်။ အိမ်နားက အဒေါ်ကြီးတစ်ယောက်က ဒူးသိပ်မကောင်းဘူး။ သူက တစ်နေ့တော့ မြို့ထဲကိုသွားပြီး အပြန် ကားကြပ်ရင် နေရာမရမှာစိုးလို့ ကားကို ပတ်စီးခပေးပြီး စီးလာပါလေရော…. ဒါတောင် ရှေ့ဆုံးခုံပဲရတယ်။ သူလို ပတ်စီးတဲ့သူတွေများနေလို့ သိပ်မကြာဘူး။ ဂိတ်ရောက်ပြီး ကား ပြန်လည်း ထွက်ရော နောက်တစ်ဂိတ်ရောက်တော့ ဘုန်းကြီးတစ်ပါး တက်လာတယ်။ ကားပေါ်မှာက ရပ်တဲ့သူတွေများနေတယ်။ ဘုန်းကြီးကလည်း နေရာရမလားလို့ ရှေ့ကိုသွားတာပေါ့လေ။ အဲချိန်မှာ စပယ်ယာက အော်ကော သံဃာတော်ခုံက အဒေါ်ကြီး ကုသိုလ်ယူပါပေါ့။ ဖြစ်ချင်တော့ အဲ ပတ်စီးတဲ့ ဒူးမကောင်းတဲ့အဒေါ်ကြီးခုံက သံဃာတော်ခုံဖြစ်နေတယ်လေ။ (ခရီးကလည်းဝေးတော့ ထိုင်ဖို့ဆိုတာက အတော့်ကိုမဖြစ်နိုင်ဘူးလေ) အဲချိန်မှာ အဒေါ်ကြီးက တစ်ခွန်းပဲ ပြောလိုက်တယ်။ သူ ဘာပြောလဲဆိုတော့
    သူများလို ထိုင်ချင်ရင် သူများလို ပတ်စီးပါလားတဲ့လေ…… 🙂

  • ကြောင်ကြီး

    September 10, 2011 at 8:58 am

    ချစ်လေးလို လိမ္မာယဉ်ကျေးသူမျိုါ် တွေ့ရရင် ကိုကြောင် သေပျော်ပါပြီကွယ်…။ (စကားလှအောင်ပြောတာနော်၊ တွေ့ရရုံနဲ့ ဘယ်သေလို့ ဖြစ်အုံးမလဲ) 😐

  • zaw min

    September 10, 2011 at 2:08 pm

    မြန်မာလူမျိုးတွေမှာ ပုံမှန်အားဖြင့်ပင်ကိုယ်စိတ်ရင်း မရိုင်းစိုင်းတတ်ပါဘူး၊မြို့ပြလူနေမူ စနစ်တွေပြောင်းလဲလာတဲ့နောက်ပိုင်းတွေမှာ လူတွေရဲ့ ယဉ်ကျေးမူတွေပါလိုက်ပြီးပြောင်းလဲကုန်တာလို့ထင်မိပါတယ်။အတုခိုးတာတွေလဲ လွဲမှားတဲ့အတုခိုးမူတွေကြောင့်ဖြစ်ပါတယ်။

  • R Ga

    September 10, 2011 at 2:50 pm

    ဒီလိုအဖြစ်အပျက်မျိုးရှိသလို…။ တစ်ခါတစ်ခါ မကြည်နူးနိုင်စရာအဖြစ်အပျက်လေးတွေလည်းရှိနေတာ တွေ့ရပါတယ်။ ဥပမာ အသက်ကြီးရွယ်အိုနဲ့ ရဟန်းတွေလာရင် အိပ်ငိုက်ချင်ယောင်ဆောင်နေတာမျိုးတွေပေါ့။ နောက် သိသိကြီးနဲ့ မထပေးတာမျိုးတို့..ပေါ့။

  • chitsu

    September 15, 2011 at 2:04 pm

    မြန်မာလူမျိုးတွေရဲ.ဗီဇကိုကရိုင်းပင်းတတ်ကြပါတယ်

Leave a Reply