လေယာဉ်စီးမယ် ကောင်းကင်က သွားမယ်

လင်းဝေSeptember 9, 20111min16718

အခုတလော အပတ်စဉ် ၁၁ စာစောင်ထဲက ကောင်းကင်ပေါ်က သွားသည်ကို ဖတ်ပြီး မျက်လုံးပြူးနေကြသူများအတွက် ကိုယ်လည်း သိတာလေးတွေနဲ့ ကိုယ်တွေ့လေးတွေ ပေါင်းပြီး ပွားပေးလိုက်ပါဦးမယ်။

နေရှင်နယ် ဂျီအိုဂရပ်ဖစ်က Air Crash Investigation ကို ဒီနောက်ပိုင်းတော်တော် ကြည့်ဖြစ်တော့ ဘယ်လိုဖြစ်ပြီး ပျက်ကျတတ်တယ်ဆိုတာ တော်တော်လေးသိလာတယ်။ မသိခင်တုန်းကတော့ သိပ်မကြောက်ပါဘူး။ လေယာဉ်စီးရင် အတက်နဲ့ အဆင်းလေးပဲ နည်းနည်း စိုးရိမ်တတ်တာ။ အခုနောက်ပိုင်း ကြည့်မိလာတော့ အင်း ဘယ်အချိန်ဖြစ်ဖြစ်ကြောက်စရာပါလားလို့ သိလာတယ်။ အဓိက ကတော့ လေယာဉ်မောင်းတဲ့ လေယာဉ်မှုးတွေနဲ့ အဲဒီလေယာဉ်ကို စစ်ဆေး ပြုပြင်ပေးလိုက်တဲ့ အင်ဂျင်နီယာ အုပ်စုက အရေးအကြီးဆုံးပါပဲ။(မြန်မာ့လေကြောင်း အင်ဂျင်နီယာတစ်ယောက်တော့ အလုပ်ထွက်ပြီး မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီဆိုပြီး ထထောင်လေရဲ့ တော်တော်ထွေတဲ့ လေယာဉ်တွေပြင်ရတာပျင်းလာပြီး တိုင်းပြည်ကို ပြင်ချင်လို့ထင်ပါရဲ့) ဝက်အူလေး တစ်ချောင်းကျပ်တာလွဲသွားလို့၊ အတိုအရှည်မှားသွားလို့ကနေပြီး လေယာဉ်ပျက်ကျသွားတာတို့ ဘာတို့တွေ ကိုလည်း သိလာတယ်။ လေယာဉ်ပျက်ပြီဆိုတာနဲ့ ICAO(International Civil Aviation Organization ) အဖွဲ့ဝင် ကမာ္ဘအနှံ့ကလေကြောင်းလိုင်းတွေကို အကြောင်းကြားတယ်။ ဘာလေယာဉ် ဘယ်လိုပျက်ကျတယ် ဆိုတာကို အခြားလေကြောင်းလိုင်းတွေလည်း အလားတူလေယာဉ်သုံးနေရင် သတိထားရအောင်လို့၊ အချိန်မီပြင်ဆင် စစ်ဆေးသင့်တာ စစ်နိုင်အောင်လို့။ ဘာကြောင့်ပျက်ကျတယ်ဆိုတာကို စုံစမ်းရတယ်။ အကြောင်းအရင်းကိုသိရင် တကမာ္ဘလုံးက လေကြောင်းလိုင်းတွေကို အဲဒီအကြောင်းအသိပေးပါတယ်။ ဒီလိုအမှားတွေကို ဆင်ခြင်နိုင်အောင် ရှောင်နိုင်အောင်လို့ပါပဲ။ အချို့သော တိုင်းပြည်တွေက သူတို့ဖြစ်တာတွေကို ဖုံးထားတတ်တာလည်းရှိနိုင်ပါတယ်။ အသေးအမွှားပဲဆိုပြီး သတင်းမပို့တတ်တာလည်း ရှိပါတယ်။ အဲဒါကတော့ အဲဒီနိုင်ငံတွေက Civil Aviation ဆိုင်ရာ ဌာနရဲ့ ရပ်တည်ချက်နဲ့ အလုပ်လုပ်ပုံတို့နဲ့ ဆိုင်ပါတယ်။ မြန်မာပြည်မှာ အခုဖြစ်သွားခဲ့တဲ့ အဲပုဂံ ( ဆောင်းပါးထဲမှာတော့ အဲပုဂံလို့မပါပေမယ့် ဂျက်အင်ဂျင်နဲ့ လေယာဉ်က ပြည်တွင်းပုဂ္ဂလိကပိုင်ဆိုရင် အဲပုဂံမှာပဲ ရှိပါတယ်၊ နောက်ပြီး မန္တလေးကိုသွားတဲ့ ခရီးစဉ်အမှတ် ဝ၁၁ (အပြည့်အစုံက W9-011 ) ဆိုရင် လည်း အဲဒါ အဲပုဂံ ဟုတ်ပါတယ်။ ) ကိစ္စကို အဲပုဂံက လေကြောင်းဦးစီးကို အကြောင်းကြားရဲ့လား။ သူက အကြောင်းကြားရင် လေကြောင်းဦးစီးက ICAO ရဲ့ သတင်းလမ်းကြောင်းပေါ်ကို အဖြစ်အပျက်ကို တင်ရဲ့လား။ ဒီလိုတင်ပေးခြင်းအားဖြင့် အခြားသော ကမာ္ဘ့ တစ်နေရာရာ က ဒီ Fokker 100 လေယာဉ်သုံးနေသူတွေ အတွက်လည်း ဂရုစိုက်စရာဖြစ်စေနိုင်သလို၊ စကာင်္ပူက ပြင်ပေးလိုက်တယ်ဆိုတဲ့ နေရာက ပြင်ပေးလိုက်သော အခြားလေယာဉ်များအတွက်လည်း ဂရုစိုက်ဖွယ်ရာဖြစ်ပါတယ်။ သူများတွေအသက် အန္တရာယ်ကို ကာကွယ်ပေးပြီးသားဖြစ်လို့ ကောင်းသော အလုပ်ပါပဲ။ မြန်မာပြည်က လေကြောင်းဦးစီးဌာနက အဲဒီသတင်းကို တင်ပေးလိုက်မယ်လို့ ယုံပါတယ်။ ဒီလို အဖြစ်အပျက်တွေက နေရာ အနှံ့ဖြစ်ပျက်တတ်ပါတယ်။

တစ်ခုလေးပဲ မြန်မာပြည်မှာ တော့ ဘာဖြစ်ဖြစ် တတ်နိုင်သမျှ ရန်ကုန်ကို ဖြစ်အောင်ပြန်ဆင်းဖို့ ကြိုးစားကြတာပါပဲ။ ပြင်ဆင်ဖို့အတွက် တစ်ခုခုဆိုရင် အဆင်ပြေဖို့အတွက် များလားမသိပါဘူး။
ကို်ယ်တွေ့လေးပါ။ ကိုယ့်အဖြစ်အပျက်တွေကတော့ အဲသလိုကြီး အောက်ဆီဂျင်ပိုက်တွေ ပြုတ်ကျသလောက်တော့ မဆိုးသေးပါဘူး။ ဘာမှ ဖြစ်တာမဟုတ်ပါဘူး။ ကြာပါပြီ ၂နှစ်လောက်တော့ ရှိပြီထင်တယ်။ မန္တလေးက ပြန်လာတော့ အခုဖြစ်တယ်ဆိုတဲ့ Fokker-100, Flight- W9-011 ပါပဲ။( တစ်ခုထူးဆန်းတာက ရန်ကုန်ကနေ မန္တလေးသွားလည်း W9-011 ပဲ၊ မန္တလေးကနေ ရန်ကုန်ကို ပြန်လာလဲ W9-011 ပါပဲတဲ့၊ ပတ်ပြီး ဆွဲလို ထင်ပါရဲ့ ) မန္တလေးကနေ ရန်ကုန်ကို တိုက်ရိုက်ပျံတာမဟုတ်ပါဘူး။ ပုဂံလေဆိပ်က ဆင်းဦးမှာပါ။ လေယာဉ် မန္တလေးက တက်တော့ လေယာဉ်မယ်လေးက ခရီးစဉ်ကို ကြေငြာပါတယ်။ လေယာဉ်မှုးက ငယ်သူငယ်ချင်းကြီးမှန်းသိလိုက်ပါတယ်။ အပြင်မှာလည်း တွေ့ဖြစ်နေတော့ သူမောင်းနေတုန်း တကူးတက သွားနှုတ်မဆက်တော့ပါဘူး ဆိုပြီး ထိုင်နေလိုက်ပါတယ်။ ပုဂံလေဆိပ်ကိုရောက်ခါနီး ဆင်းမယ်လုပ်ပြီးတော့မှ မဆင်းတော့ပဲ ပြန်တက်လာပါတယ်။ ဘာဖြစ်လို့ပါလိမ့်မသိပါဘူး မိုးရွာလို့ တိမ်ပိတ်နေတော့ မဆင်းတာထင်တယ်ပေါ့။ နောက်ကွင်းပေါ်ကနေ ပတ်နေတုန်း ကိုယ်လည်း ငုံ့ကြည့်ဖြစ်တော့ ကွင်းကိုမြင်နေရပါပြီ။ ဆင်းမယ်ဆို ဆင်းလို့ရနေတာပဲ။ သူမဆင်းပဲ မန္တလေးကို ပြန်လှည့်မယ် ဆိုပြီး ကြေငြာပါတော့တယ်။ နားမလည်နိုင်ဖြစ်သွားမိတယ်။ မန္တလေးရောက်တော့မှ သူငယ်ချင်းကို ဘာဖြစ်တာလဲမေးတော့ မိုးရွာလို့ မဆင်းပဲထားတယ် ကွင်းပတ်ပြီးကြည့်ရင်း ဆင်းလို့ရပေမယ့် ဆင်းလိုက်ပြီး ရန်ကုန်ကို ဆက်မောင်းရင် လေယာဉ်ဆီက လောက်ရုံလေး critical ဖြစ်နေပြီမို့ မန္တလေးကို ဆီလာပြန်ဖြည့်တာပါတဲ့။ အဲဒါနဲ့ မင်းကွာ ပုဂံကွင်းမှာ ဆီဖြည့်လို့မရဘူးလားဆိုတော့ မရဘူးတဲ့ မရှိပါဘူးတဲ့။ ကဲ။ logistic services business အတွက် logistic structure မလုပ်ပေးနိုင်ဘူးဖြစ်နေတာပေါ့လေ။ (အခုတော့ သူငယ်ချင်းလည်း အဲဒီလိုင်းမှာ မမောင်းတော့ပါဘူး။ အပြင်မှာ သွားမောင်းနေတယ်။)

တစ်ခါတုန်းကတော့ ငပလီကို အသွား ( အဲပုဂံနဲ့မဟုတ်ပါဘူး၊ လေယာဉ်မယ်နာမည်ကြီးတဲ့ အဲမန္တလေးနဲ့ပါ ) လေယာဉ်ပေါ်မှာ ထိုင်ပြီး လေယာဉ်လည်းပြေလမ်းကို ရောက်လို့ တက်မယ်လုပ်ပြီး အားယူပြီးမှ မတက်ပဲ တက္ကစီလမ်းကြောင်းပေါ်ကို ပြန်မောင်းလာပါတယ်။ အဲဒီ လေယာဉ်မှုးနဲ့ကလည်း ငယ်ငယ်တုန်းက ကရာတေးရူးဘက်ဆိုတော့ လေဆိပ်ထဲပြန်ရောက်လို့ ဘာဖြစ်တာလဲမေးတော့ အင်ဂျင် လည်အားက လိုသလောက်မရဘူးတဲ့။ ကိုယ်လည်း လန့်သွားပြီး သွားမှက မိန်းမနဲ့ ကလေးလည်းပါလာတော့ ဟေ့ကောင် မိသားစုတစ်ခုလုံး ဂန့်အောင်တော့ မလုပ်ပါနဲ့ကွာဆိုတော့ မင်းတင်သေမှာလား ငါလည်းသေမှာပဲတဲ့။(ဒီသူငယ်ချင်းလည်း အခုတော့ ကုလားပြည်က ဈေးပေါလေကြောင်းလိုင်းမှာ သွားမောင်းနေလေရဲ့)။ အင်းသူတို့ပြောတာလည်း မှန်ပါတယ်။ သူတို့လည်း ဘယ်ဖြစ်ချင်ပါ့မတုန်း။ မဖြစ်ချင်လို့ လေယာဉ်မောင်းတဲ့သူက မမောင်းခင်မှာ လေယာဉ်ကို တတ်နိုင်သမျှ စစ်တာပါပဲ။ စက်တင်မကပဲ ကုန်နဲ့ လူတွေ အလေးချိန်ကအစ၊ ကုန်တင်ထားပုံအထိပါ။ မတတ်သာလို့ အရေးပေါ်အခြေအနေဆိုရင်လည်း မြန်မာပြည်မှာ လေယာဉ်ကို မစွန့်စားဖို့တော့ ညွှန်ကြားထားတယ်လို့ပြောတာပါပဲ။ စိုးဘားဒိုင် ဆောင်းပါးထဲကလို အသက်ရှုကြပ်လောက်အောင်ဖြစ်မယ်ဆိုရင် ကိုယ်တိုင်တော့ မသိဘူး ကလေးတွေအတွက် အထူးစိုးရိမ်စရာပါ။ အဲဒီအတွက် လေယာဉ်တွေအကုန်လုံး (လေကြောင်းလိုင်းတိုင်း အောက်ဆီဂျင်ပိုက်ကစလို့ အခြား စနစ်တွေကို ပြန်စစ်ဖို့ ညွှန်ကြားသင့်ပါတယ်။)

မကြာခင်လာမယ့် မြန်မာ့ ခရီးသွားရာသီအတွက် လေယာဉ်တွေ မကြာခင် အလုပ်ရှုပ်ကြဦးမှာပါ။ ဘယ်သူမှ ဘာမှ မဖြစ်စေချင်ပါဘူး။

( စကားမစပ် – မန္တလေးနဲ့ တံတားဦး လေဆိပ် ကားငှားစီးရင် (သူများနဲ့ပေါင်းစီးမယ်ဆိုရင်) တစ်ယောက် ၄၀၀ဝ ပါပဲ။ ဟိုတယ် လာကြိုပေးတယ်။ ဟိုတယ်အထိပို့ပေးတယ်။ လေဆိပ်ကနေဆိုရင် အထွက်မှာ ဂိတ်ရှိတယ်။ အပြန်ဆိုရင် အဲဒီဂိတ်တွေကို ဖုန်းဆက်ထားရုံပဲ။ ဆန်းဖားတို့ဘာတို့ ဂိတ်တွေပဲ။ တစ်စီးလုံးငှားရင်တော့ ၁၅,၀၀ဝ ပါပဲ။ )

ဝါရင့် လေယာဉ်မှုးကြီး တစ်ယောက် အခု မလေးမှာ မောင်းနေသူ ပြောတာကတော့ Only Birds and Fools Fly တဲ့။ (အထူးသဖြင့် လေယာဉ်မောင်းသူတွေကို ဆိုလိုပါသတဲ့ )

18 comments

  • manawphyulay

    September 9, 2011 at 4:57 pm

    မနောတော့ တစ်ခါမှ လေယာဉ်မစီးဖူးသေးတော့ မစီးရဲဘူးပဲ။ တော်ကြာ တစ်ခုခုလွဲချော်သွားတာတို့ နောက် လေထဲမှာဆို ဟာတာတာနဲ့နေမယ်လို့ တွေးမိတယ်။ အဟိ(တစ်ခါမှမစီးဖူးလို့) တစ်ခါတလေတော့လည်း စီးကြည့်ချင်တယ်။ ဘယ်လိုနေမလဲပေါ့လေ…

  • weRone

    September 9, 2011 at 4:59 pm

    ဒီတစ်ခေါက် ရခိုင် ပြန်ရင် လေယဉ်နဲ ပြန်မယ် စဉ်စား ထားတာ.. အခုတော့ လုံးဝ ပဲ..။ ကားနဲ ပြန်တာပဲကောင်တယ်။ ဖုန်ထူး ရင်လည်း နေပါစေတော့ ၊ လူပင်ပန်းရင်လည်း နေပါစေတော့. ၊ ရိုးမပေါ်မှာ 2 ည လောက် အိပ်ရရင်လည်း ကားပဲ စီးတော့မယ်.. တစ်ခုခုဆိုရင် ကားက မျော်လင့်ချက် ပိုများသေးတယ်.. ..:D 😛

  • လင်းဝေကျော်

    September 9, 2011 at 5:21 pm

    ရခိုင်ဘက်ကို လေယာဉ်နဲ့လည်းသွားဖူးတယ်။ ကားနဲ့လည်းသွားဖူးတယ်။
    တစ်ခေါက်ကတော့ ကားနဲ့သွားတာ အပြန်မှာ မအီနားမှာ ကားတုံးလုံးလဲတာ မသေလို့။
    တောင်ကုတ်ကို ပြန်လာပြီး တစ်ညအိပ် နောက်နေ့ သံတွဲက သူငယ်ချင်းကို လာခေါ်ခိုင်းပြီး သူဝယ်ပေးတဲ့ လေယာဉ်လက်မှတ်နဲ့ ရန်ကုန်ပြန်လာခဲ့ရတာပဲ။ း)

    အဲဒါဖြစ်ပြီး နောက်တစ်ခေါက်သွားတော့ အသွားလေယာဉ် အပြန်နယ်ခံမိတ်ဆွေကားကို အတူမောင်းပြီးပြန်ခဲ့တာ။ လမ်းမှာ ကားရေတိုင်ကီပိုက်ပေါက်လို့ စိတ်ညစ်ပေမယ့် ကားနဲ့ ပြန်လာရတာ တစ်မျိုးတော့ ကောင်းတယ်။

    • weRone

      September 10, 2011 at 1:51 pm

      ကားတုံးတုံးလဲတာ ဘာမှ မဖြစ်လို့ ကိုလင်ဝေကျော် ကိုဒီမှာ တွေ့ရတာ လေယဉ်သာတုံးတုံးလဲ မယ် ဆိုရင် .. 😛 😀

  • water-melon

    September 9, 2011 at 5:37 pm

    အမယ်လေး တော်ပါပြီ။မြန်မာပြည်က လေယာဉ်မစီးတော့ပါဘူး။ ကြောက်ပါတယ်။ ပြီးတော့ လေယာဉ်တွေက အဟောင်းတွေကြည့်ဘဲ။ အသစ်လည်းမရှိဘူး။ ပြည်သူတွေ အေးအေးချမ်းချမ်း စီးရအောင် လေယာဉ်အသစ်လေးတွေ ဝယ်သင့်ပါတယ်။

  • MaMa

    September 9, 2011 at 8:10 pm

    ခုရက်ပိုင်း လေယာဉ်နဲ့ သွားဖို့ ရှိကာမှ လင်းဝေကျော်ကရေးလိုက် nozomi ကရေးလိုက်နဲ့၊ ကိုကြောင်ကြီးရဲ့ email address ကလည်း ကြောက်စရာ။ ဘုရားတရားပဲ ‘တ’ ရ မလား၊ အသက်ကိုပဲ ဖက်နဲ့ ထုပ်သွားရမလား။
    🙁

  • weiwei

    September 9, 2011 at 8:17 pm

    ပထမဆုံးလေယာဉ်စီးဖူးထားက ရန်ကုန် စစ်တွေကို … ပုံမှန် ၄၅ မိနစ်ပဲကြာရမှာကို ၂ နာရီကျော်လောက်ကြာသွားတယ် … စစ်တွေလေဆိပ်ကို မြင်နေပြီး တိမ်ထူလို့ပျံဝဲနေတာ မူးပြီး အန်လိုက်ကြတာ လေယာဉ်တစ်စီးလုံးပဲ … အဲဒီတုန်းက လေယာဉ်ဆိုတာ အဲဒီလိုမျိုးလားလို့တောင်ထင်ခဲ့ဖူးတယ် … နောက်ပိုင်းစီးတော့ အေးဆေးပါပဲ …

  • မီးမီး သော်

    September 9, 2011 at 8:33 pm

    လေယဉ်ခရီးမှာ တော့အကြောက်ဆုံးပါဘဲ။ခုဒီမှာဝင် မန့်ကြတာမှာရခိုင်ကသံတွဲမြိ ု့အကြောင်းပါကြတော့ ဝမ်းသာရပါတယ်။မြန်မာပြည်က လေယဉ်တွေကိုတော့ မယုံရဲသေးပါဘူး။

  • windtalker

    September 9, 2011 at 9:04 pm

    ကောင်းဗျာ
    ကိုလင်းဝေကျော်ရဲ ့ကောင်းမှုကြောင့်
    အသိတရား တိုးရပါတယ်
    ကမ္ဘာကျော် ဘောလုံးကစားသမား
    ဟော်လန်နိုင်ငံသား ဒင်းနစ်ဘားကန် ့ဟာလည်း
    ဘယ်သွားသွား လေယာဉ်လုံးဝ မစီးခဲ့ဘူး လို ့သိရပါတယ်
    အရမ်းကြောက်လို ့ပါတဲ့
    ဘယ်လောက်ထိ ကြောက်သလဲ ဆိုရင်
    သူ အာဆင်နယ် မှာကစားတုန်းက
    တစ်ခြားနိုင်ငံ ကို သွားကန်ရမယ့် ပွဲစဉ်အားလုံး ကို
    ကားဖြင့်သော်လည်းကောင်း
    သဘောင်္ဖြင့် သော် လည်းကောင်း သွားခဲ့ပါတယ်တဲ့

  • ဆူး

    September 9, 2011 at 10:41 pm

    ငပ္ပလီသွားတုန်းကတော့ အသွားကတော့ ဘာမှ မဖြစ်ဘူး။ အပြန်မှတော့ တော်တော် ဆိုးတယ်။ လေယာဉ်က ပြုတ်ပြုတ်ကျတာ.. ပြုတ်ကျတာ စောင့်စောင့်ပြီး ကျသလိုပဲ.. နှလုံးတောင် အောင့်သလို ခံစားရတယ်။
    ဂျပန်ကနေ အပြန်မှာလည်း ရာသီဥတု ဆိုးတော့ တော်တော် ခံရတယ်။ လေယာဉ်ကြီးလို့လား မသိဘူး ရာသီဥတု ဆိုးပြီး တိမ်တွေ ဖုံးနေတာ.. လေယာဉ်က ခါရမ်းကြီး နေပေမဲ့ ရခိုင်က အပြန် လေယာဉ် ပြုတ်ကျ သလိုတော့ အားကြီး သိပ်မစောင့်လှဘူး။ မတူညီတဲ့ အနေအထားနဲ့ ဆိုပေမဲ့ တမျိုးတော့ ဆိုးတာပဲ။

  • koyinmaung

    September 9, 2011 at 11:58 pm

    ငယ်ငယ်က ဒါကိုတာလေယာဉ်နဲ့ ငပလီကိုသွားဘူးပါတယ်
    သံတွဲလေဆိပ်ကိုရောက်တော့လေယာဉ်ပေါ်ကဆင်းခါစ
    တယောက်နဲ့တယောက်စကားပြောယင် မကြားရဘူး
    နားတွေအူနေလို့ပါ…
    ခုနောက်ပိုင်းလေယာဉ်တွေကတော့သက်တောင့်သက်သာရှိပါတယ်။။

  • မီးမီး သော်

    September 10, 2011 at 12:05 am

    ခုမဆိုးတော့ပါဘူး။လာလည်ကြမယ့် ဧည့်သည်တွေအတွက် တရုတ်ပြည်လုပ်လေယဉ်အသစ်များဖြင့်ပြေးဆွဲပေးနေပါတယ်ရှင်။တရုတ်ပြည်ကဆိုတော့ သိတဲ့အတိုင်းဘဲနော်။အာမ မခံပါဘူး။ဟိ ဟိ

  • yetazar

    September 10, 2011 at 1:19 pm

    လေယာဉ်စီးတော့စီးနေတာပဲ ။ ပျက်ကျမယ်ဆိုတဲ့အတွေးတစ်ခါမှမတွေးဖူးသေးဘူး ။ အမလေး .. ခုတော့တွေးဖြစ်သွားပြီ ။ ကြောက်လိုက်တာ ။

  • မီးမီး သော်

    September 10, 2011 at 1:47 pm

    ဟယ် အမလေးနော် တရုတ်ပြည်လုပ်လေယဉ်လို ့ပြောမိလို ့ထင်ပါတယ် -၁ တဲ့။ဟွန် ့စိတ်မကောင်းဘူး။နောက်ဆိုအမှန်တွေမပြောရဲတော့ဘူး

  • zaw min

    September 10, 2011 at 2:45 pm

    မှန်တိုင်းလည်းမကောင်းဘူးကွဲ့….မှန်တာပြောရင် ရွာပြင်ရောက်သတဲ့…

  • hmee

    September 10, 2011 at 4:55 pm

    မှီလည်း နေရှင်နယ် ဂျီအိုဂရပ်ဖစ် အမြဲကြည့်တယ်။ တခါတလေဆို မိသားစုတွေကို မေးတာတောင်ပါသေး။ အမျိုးသားကဆို မင်းကွာ ဘာတွေကြည့်တာတုန်း လေယာဉ်က စီးရဦးမဲ့ဟာကိုလို့ တောင်ပြောယူတယ်။ ကြောက်တာများ လေယာဉ်မပြောနဲ့ ရဟတ်တောင် တခါမှ မစီးဘူးဖူး။ စီးမဲ့စီးရတော့ ကမ္ဘာတပတ် တလမ်းလုံး ဘုရားတနေရတာ။ ပျက်လို့ကတော့ တမိသားစုလုံးပဲ။:(

  • nozomi

    September 12, 2011 at 11:36 am

    သေခြင်းတရားဆိုတာကတော့ လူတိုင်းက အချိန်တိုင်းမှာ ရင်ဆိုင်နေရတာပေါ့..
    အဲဒါကြောင့်လဲ ဘယ်သူ့ကိုတော့ စောစောကတွေ့လိုက်သေး အခုမရှိတော့ဘူး ဆိုတာမျိုး ကြုံရတာပေါ့
    မြေကြီးပေါ်မှာ ရပ်နေတာထက် လေယာဉ်စီးရရင် အန္တရာယ်ရှိတဲ့ ရာခိုင်နှုန်းက ပိုလဲ နဲနဲပါပဲ

    ကြားဖူးတာလေး တစ်ခု ဘက်ခမ်းတို့ လင်မယားလို့ထင်တယ် (မှားရင်ပြင်ပေးပါနော်) ခရီးသွားရင် လေယာဉ်ပျံ တစ်စီးထဲ နှစ်ယောက်အတူတူ မစီးပါဘူးတဲ့ တစ်စီးဆီ ခွဲသွားတယ် ဆိုပဲ မတော်တဆ အန္တရာယ်ကြုံခဲ့ရင် ကလေးတွေအတွက် မိဘမဲ့ဖြစ်သွားမှာဆိုးလို့

  • Shwe Ei

    September 12, 2011 at 2:00 pm

    အော်၊ ရေအဆုံး ကုန်းတဝက်ပဲ ကြားဖူးတယ်။ အခုက လေ ဆိုတော့ :-/

Leave a Reply