“ကြာပန်းလေးတွေရဲ့ ဒဏ္ဍာရီ”

ကြာကန်ထဲမှာ ကြာပန်းတွေခူးပြီး သူတို့ကလေးတွေ အုပ်စုလိုက် လွိုင်ကော်မြို့က သီရိမင်္ဂလာဈေး(တောင်ဈေး)ကို ချီတက်ခဲ့ကြတယ်။ ဒီနေ့ကျောင်းပိတ်ရက်ဆိုတော့ အိမ်ကနေ ဆော့ကစားမယ်လို့ပြောပြီး သူလစ်ထွက်ခဲ့တာပေါ့။သူတို့ကလေးတွေ ခြောက်ယောက်လောက်စုပြီးတော့ ရပ်ကွက်ထဲက ကြာကန်ကြီးထဲမှာ ကြာပန်းတွေကိုခူးကြတာ။ ပျော်စရာလည်းကောင်းတယ်။ တကယ်တော့ ကျောင်းပိတ်ရက်ဆို အိမ်က မုန့်ဖိုးမပေးတတ်တော့ ကလေးပီပီ မုန့်ဖိုးရှာတာပါ။ သူတို့ကြာပန်းခူးနေတုန်း လမ်းသွားလမ်းလာ လူကြီးတစ်ယောက်က အော်သွားသေးတယ်။

“ကလေးတွေ ရေနစ်မယ်နော် ပြန်တက်လာကြ”တဲ့။

အဲဒီလူကြီးကလည်း တကယ်တော့ သူတို့ခြောက်ယောက်လုံးကို မုန့်ဖိုးပေးနိုင်တာမှမဟုတ်ပဲ။ ဒီတော့ လူကြီးစကားကို နားမထောင်ပဲ ခူးလိုက်တာ တော်တော်များများရတယ်။ ဒါနဲ့ပဲ  သူတို့နေ့တဲ့ ဒေါနိုးကူးရပ်ကွက်ကလေးကနေ ဈေးကို ချီတက်လာကြတယ်။

ဈေးသွားတဲ့လမ်းတလျှောက်လုံး ပြေးရင်းလွှားရင်းဆော့ကစားရင်းနဲ့ ဈေးကိုရောက်မှန်းမသိရောက်လာခဲ့ပါရော။ ဈေးကြီးက စည်ကားနေတယ်။ သူတို့သဘောကျတာက ရောင်စုံ အရုပ်ဆိုင်။ အရုပ်ဆိုင်ကလေးကိုငေးကြည့်ပြီး မခွာနိုင်ဖြစ်နေတယ်။ဒါပေမယ့် အလှမ်းဝေးပါတယ်။ သူတို့မှာ ဝယ်စရာပိုက်ဆံမှမပါကြပဲကိုး။

“ချာလီ ငါလေ ဟိုအရုပ်မလေးလိုချင်လိုက်တာ ဟယ်”

“မိမိ ကလဲအရုပ်ကဈေးကြီးတယ်..ဟ လာပါ ကြာပန်းရောင်းပြီး မုန့်ဝယ်စားရအောင်”

သူက ခေါ်တော့ အားလုံးကနောက်ကလေ တကောက်ကောက်ပါလာကြတယ်။ သူက ဈေးလယ်ခေါင်တည့်တည့်ကို နေရာရွေးလိုက်တယ်။ သူရွေးလိုက်တာက လမ်းလေးဆုံလိုဖြစ်နေတဲ့နေရာလေး။ ဈေးခေါင်ရုံးနဲ့လည်းနီးတယ်။ ကြာပန်းလေးတွေကိုသူတို့တွေက ရေစိုပုဆိုးနဲ့ပတ်ထားတယ်။ ကြာပန်းလေးတွေကိုဖွင့်ကြည့်လိုက်တော့ လန်းလန်းဆန်းဆန်း။

“ဟယ် ကြာပန်းလေးတွေ လှလိုက်တာ”

“ဟုတ်ပါရဲ့ အပွင့်ကြီးကြီးတွေ”

သူက ဝမ်းသာသွားတယ်။ဒါဆိုရင်တော့ရောင်းရမှာပါ။ ကျန်တဲ့ကောင်တွေကလည်း ပျော်လို့။

“ဟဲ့ မောင်လေး မမ တို့ကို ကြာပန်း လေးငါးပွင့်လောက်ပေးပါလား”

ကြည့်လိုက်တော့ သနပ်ခါးဘဲကြားနဲ့ ဈေးသယ်မမတွေထင်ပါရဲ့ သူတို့နား ကြာပန်းလာတောင်းနေတယ်။ သူက ကျန်ကလေးများကိုကြည့်လိုက်တော့ မပေးစေချင်တဲ့ပုံ။

“မရဘူး မမ ကျနော်တို့က ရောင်းမလို့”

“ရောင်းမလို့”

ဈေးသယ်မမတွေက ရောင်းမလို့ဆိုတာနဲ့ မျက်လုံးလေးတွေပြူးနေအောင်ကြည့်တယ်။ပြီးတော့ အချင်းချင်းကြည့်ပြီးရယ်ကြတယ်။ သူတို့ကတော့ ဘာမှနားမလည်ပါဘူး။

“အောင်မလေး ကြီးကြီးကျယ်ကျယ် ရောင်းမလို့တဲ့ ဒီမယ် ကြာပန်းဆိုတာ ဘယ်သူမှမဝယ်ဘူး အလကားပေးရင်တောင် ယူမယ့်သူရှိတာမဟုတ်ဘူး….”

“ဟုတ်ပါ့ မမတို့ ကြာပန်းကြိုက်လို့တောင်းတာ မောင်လေးတို့ ညီမလေးတို့ ကြာပန်းတွေ ဝယ်သူရှိကံကောင်း”

သူတို့ စိတ်ဓါတ်တွေကျသွားတယ်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဘယ်လိုလဲဆိုတဲ့အဓိပ္ပါယ်တွေနဲ့ပေါ့။

“မပေးချင်လဲနေ ရောင်းရောင်း အယ်တကယ်လို့မရောင်းရရင်တော့ မမတို့ကို ကြာပန်းလေး တစ်ပွင့်စီလောက်ပေးသွားဦး”

ဈေးသယ်မမတွေ ခိုးခိုးခစ်ခစ်နဲ့ အော်ကျယ်အော်ကျယ်ပြောပြီး ထွက်သွားကြတယ်။ နေကမြင့်လာပြီ။ ဈေးထဲမှာလည်း လူက ရှုပ်ရာကနေ ရှင်းလာသလိုပဲ။ ကြာပန်းတွေက နေထိလို့ထင်ပါရဲ့ နည်းနည်းတောင် ပျော့ခွေကုန်ပြီ။ ပုဆိုးထုပ်ကိုဖြည်ခါစကလို တောင့်တောင့်တင်းတင်းမဟုတ်တော့ဘူး။ သူတို့ရဲ့ ဗိုက်တွေကလည်း ဆာလှပြီ။ မိမိရဲ့ မျက်လုံးက အနီးနားက မုန့်စိမ်းပေါင်းသယ်ဆီက မခွာတော့ဘူး။ ဖိုးကျော့ကိုကြည့်လိုက်တော့ လေပူပေါင်းသယ်ကြီးကို ငေးနေတယ်။ လေပူပေါင်းသယ်ကြီးကလည်း ဖိုးကျော့ ငေးနေလောက်အောင် သူ့လက်ထဲက ဘဲပုံလေပူပေါင်းရုပ်ကို ညှစ်နေလိုက်တာများ အသံတွေညံစီနေတယ်။ မီကျော်တို့၊ ဖိုးလွင်တို့၊ လွင်ဦးတို့ကတော့ ငုတ်တုတ်။

သူကတော့ ဘယ်သူများ ကြာပန်းဝယ်မလဲလို့ ငေးနေလိုက်ရတာ လူတိုင်းကို။ တစ်ယောက်မှလည်း မဝယ်ပါဘူး။ လှည့်လို့တောင်မကြည့်ပါဘူး။ အဲ ဒါပေမယ့် ကြာပန်းလေးတွေကိုတော့ လိုချင်တပ်မက်တဲ့အကြည့်တွေနဲ့ မိန်းမ ကြီးကြီးငယ်ငယ်တွေ ကြည့်သွားကြတယ်။ ပါးစပ်ကတော့

“လှလိုက်တာ..ဟယ်”ဆိုတာချည်းပဲ။ လူကြီးတွေများ သုတ်သုတ်နဲ့ သွားသွားလာလာအရေးကြီးနေလိုက်ကြတာ။ ဈေးထဲမှာ လောလောနဲ့ဝယ်ပြီး ထွက်သွားသူတွေရယ်၊ အေးအေးလူလူဈေးဝယ်ထွက်လာတဲ့လူတွေရယ် ပြည့်လို့။ ခုတော့လည်း ရှဲသွားပြန်ပြီ။အဲဒီအချိန်မှာ သူတို့ရှေ့နားကို ကောင်မလေးတစ်ယောက်နဲ့ မိန်းမကြီးတစ်ယောက်ရောက်လာတယ်။ သူသိတာပေါ့။ အဲဒီကောင်မလေးရဲ့ အကြည့်တွေကို။ ကြာပန်းလေးတွေဆီက မခွာတော့ပဲ မိန်းမကြီးကိုကြည့်တယ်။

“မေမေ”

“ဘာလဲ သမီး…”

သူ ရင်တွေခုန်လာတယ်။ ကြာပန်းဝယ်တော့မယ်ထင်ပါရဲ့။

” မီးမီး ကြာပန်းလိုချင်တယ်…..”

ကောင်မလေးက လိုချင်နေတဲ့ ပုံနဲ့ကြာပန်းတွေဆီက မျက်လုံးကမခွာတော့ဘူး။ မိမိ ကတော့ ကောင်မလေးရဲ့လက်ထဲက ချိုချဉ်ပြားကြီးကိုကြည့်နေတယ်။ ဝယ်ပါစေ။ဝယ်လိုက်စမ်းပါ။ ဒါမှ သူတို့ခြောက်ယောက်မုန့်စားရမှာ။

“သမီးကလည်း ဘာလုပ်မှာလဲ အိမ်မှာလည်း ပန်းတွေရှိတာပဲကိုး ”

” ဟင့်အင်း မီးမီးက ကြာပန်းကို အဆစ်လေးတွေချိုးပြီး လည်ပင်းမှာ ဆော့ကစားချင်တာ”

ဆော့ကစားချင်တာ။

သူ မျက်လုံးဝိုင်းသွားရတယ်။ ကြာပန်းဆိုတာကို ရေထဲကနေ ခဲရာခဲဆစ်ခူးလာခဲ့ရတာ သူတို့ပါ။ သူတို့တွေ မုန့်စားချင်လို့ ခူးလာတဲ့ပန်းက ဆော့ကစားချင်စရာပန်းလား။ သူတို့ မုန့်စားချင်စိတ်ကလေးနဲ့ခူးလာကြတာ။ အဲဒီကောင်မလေးက အဆစ်လေးတွေချိုးပြီး လည်မှာ ဆွဲကစားမယ်တဲ့။ အားကျလိုက်တာ ကောင်မလေးရယ်။ နင့်ဘဝက လိုတိုင်းတရမှာပဲနော်။ မိန်းမကြီးကိုကြည့်လိုက်တော့ စိတ်ရှုပ်တဲ့အမူအရာကိုတွေ့ရတယ်။ ပြီးတော့ ချိုင်းကြာမှာညှပ်ထားတဲ့ ပိုက်ဆံအိတ်ကြီးကိုဖွင့်လိုက်တော့ သူ ရင်တွေ တော်တော်ခုန်လာတယ်။

“ဟဲ့ ကလေးတို့ ကြာပန်းက တစ်ပွင့်ဘယ်လောက်လဲ”

” ဟို…အဲ..ဟို….ဟို..”

ဟုတ်ပါရဲ့။ ကြာပန်းရောင်းဖို့ပဲသိတာ။ တစ်ပွင့်ဘယ်လောက်ရောင်းမလဲဆိုတာ မသိဘူး။ ရောင်းလည်းမရောင်းတတ်ဘူး။ မုန့်စားချင်စိတ်ပဲရှိတာ။ သူက ကျန်တဲ့ကောင်တွေကိုကြည့်လိုက်တော့ သူတို့ကလည်း မပြောတတ်။အဲဒီမှာ မိမိက-

“ဟိုလေ အန်တီ မိမိလေး အမှန်အတိုင်းပြောမလို့ရမလား ဟင်..”

မိန်းမကြီးက ရုတ်တရက် ကြောင်သွားတယ်။ ပြီးမှ-

“သမီး ဘာပြောချင်လို့လဲပြောလေ…”

“ဟိုလေ သမီးတို့က ကြာပန်းတွေကို လာရောင်းတာ မရောင်းတတ်ပါဘူး…ဈေးလည်းမသိဘူး…လိုချင် နည်းနည်းယူသွားလေ အန်တီ ပြီးရင်တော့ မုန့်လေးဝယ်ကျွေးပါနော် သမီးတို့ဗိုက်ဆာလို့ပါ…..ကျောင်းပိတ်တော့ အိမ်က မုန့်ဖိုးမပေးဘူး အန်တီရဲ့”

“အို……”

မိန်းမကြီး တွေဝေသွားတယ.်။သူလည်းကြောင်သွားတယ်။ မိမိ ကိုလည်းကြည့်ပြီး အံကျိတ်ပြရသေးတယ်။ ကောင်မလေးက မျက်လုံးလေး ကလယ်ကလယ်နဲ့ သူတို့ခြောက်ယောက်ကိုကြည့်နေတယ်။

“သမီးတို့ ဘယ်မှာနေတာလဲ ကြာပန်းတွေ ဘယ်ကခူးခဲ့တာလဲ”

“သမီးတို့ ဒေါနိုးကူးမှာနေတာပါ ကြာပန်းတွေကို မင်းကျောင်းဘေးက ကန်ကခူးလာတာ”

” သမီးတို့ သားတို့ အန်တီပြောမယ် နောက်ဆို မိဘတွေမသိပဲနဲ့ လျှောက်မသွားနဲ့ ရေနစ်တတ်တယ်သိလား ကဲ လာလာ အန်တီနောက်လိုက်ခဲ့ ကြာပန်းတွေလည်းမရောင်းနဲ့တော့  အန်တီ မုန့်ဝယ်ကျွေးမယ်…နေဦး သမီး ကြာပန်း ဘယ်နှစ်ပွင့်လိုချင်တာလဲ”

မိန်းမကြီးက ကောင်မလေးဘက်ကိုလှည့်မေးတော့ ကောင်မလေးက ခေါင်းခါပြတယ်…။

“သမီး မလိုချင်တော့ပါဘူး သူတို့ကို သနားလို့”

သနားလို့တဲ့။ သူ ဝမ်းနည်းသွားတယ်။ သနားစရာတဲ့လား ကောင်မလေးရယ်။မိမိတို့တော့ ပျော်လို့။ မိန်းမကြီးကို ပြန်တောင်မေးခွန်းထုတ်နေလိုက်သေးတယ်။

“တကယ်လား အန်တီ”တဲ့။

မိန်းမကြီးက ပြုံးနေတယ်။ ကြာပန်းလေးတွေကို ယုယုယယပွေ့ပြီး ဈေးနားက အမှိုက်ပုံကြီးမှာ ပစ်ထားခဲ့တယ်။ မိန်းမကြီးက ရှေ့ကနေ မုန့်သယ်တန်းတွေဆီသွားနေတယ်။ ကောင်မလေးက သူတို့ကိုကြည့်ပြီး ရယ်နေတယ်။ မိမိ၊ဖိုးကျော့၊ ဖိုးလွင်၊ မီကျော်၊လွင်ဦးတို့က ပျော်နေတယ်။ မုန့်စားရတော့မှာဆိုတော့ လည်းပျော်တာပေါ့….။

“ကဲ သမီးတို့ သားတို့ကြိုက်တာစား အန်တီဝယ်ကျွေးမယ်…..သမီးတို့ သားတို့ ကျောင်းနေကြသလား…”

“ဟုတ်နေပါတယ် အန်တီ”

” ဘယ်ကျောင်းမှာလဲ ဘယ်နှစ်တန်းရောက်ပြီလဲ”

” အလက(…)မှာပါ…..လေးတန်းရောက်ပြီ အန်တီရဲ့ သမီးတို့ တစ်ခန်းထဲလေ အိမ်ချင်းလည်းနီးတယ်….”

ကောင်မလေးက ရုတ်တရက်ဝင်ပြောတယ်။

“ငါလည်း လေးတန်းပဲ အတူတူပဲပေါ့နော်….”

ကောင်မလေးက လေးတန်းလို့ပြောတော့ သူပျော်သွားတယ်။ မုန့်တွေ တဝ..တပြဲစားပြီးတော့ မိန်းမကြီးက –

“ကဲ ပြန်ကြတော့ ရော့ မုန့်ဖိုး တစ်ယောက်တစ်ဆယ်……နောက်ကို မိဘတွေမသိအောင် ဘာမှမလုပ်ပါနဲ့ ကလေးတို့နော်……”

“ဟုတ်ကဲ့……”

“ဟုတ်”

သူတို့တွေ ဈေးထဲကနေထွက်လာကြတယ်။ ပြီးတော့ ပျော်နေကြတယ်။ လက်ထဲမှာ ပိုက်ဆံ တစ်ယောက်တစ်ဆယ်စီနဲ့မို့ပိုပြီးပျော်တာထင်ပါရဲ့။ ဒါပေမယ့် အဲဒီအပျော်က ခဏလေးပါပဲ။ အဲဒီခဏလေးအတွင်းမှာပဲ……..

“ချာလီ……”ဆိုတဲ့အော်ခေါ်လိုက်သံကြီးကိုကြားလိုက်ရရင်ပဲ အကြောတွေ စိမ့်ပြီး သူကြောင်ပြီးရပ်ကြည့်နေမိလိုက်တယ်….။

ဆက်ရန်…….

သော်ဇင်(လွိုင်ကော်)

9th-Sep-2011

 

10 comments

  • မီးမီး သော်

    September 9, 2011 at 11:48 pm

    ကိုသော်ဇင် ရေ ခုလိုမျိုးမက်ဆေ့ချ်ကောင်းလေးပေးပြီး ကလေးတွေအတွက်စေတနာထားရေးပေးတဲ့ ပို ့စ်လေးမို ့အားကျလိုက်တာနော်။နောက်လဲ စောင့်ဖတ်ပေါ့မယ်ရှင်။

  • MaMa

    September 10, 2011 at 7:09 am

    ဇာတ်ရည်တော့ သိပ်မလည်သေးဘူး။ ကလေးတွေရဲ့ အခြေအနေက လေးတန်းအထိရောက်နေပြီ၊ ကျောင်းတောင်တက်နိုင်တယ်ဆိုတော့ အဆိုးကြီးထဲက မဖြစ်နိုင်ဘူး။ သူတို့ဖာသာ အပိုမုန့်ဖိုးလိုချင်လို့ ကြာပန်းခူးရောင်းတာလား။ မိဘက မုန့်ဖိုးမပေးနိုင်လို့ ကြာပန်း ခူးရောင်းရတာလား သိချင်လို့ ဆက်ရန်ကို စောင့်ဖတ်လိုက်ဦးမယ်။
    ဘာဖြစ်လို့ဆို ကိုယ်ကိုယ်တိုင်လည်း ငယ်ငယ်က အိမ်နားက မုန့်လုပ်တဲ့ မုန့်ဖိုမှာ မုန့်သွားထုပ်ပြီး အပိုမုန့်ဖိုး ရှာဖူးတယ်။ မုန့်တစ်ဗန်းကြီးထုပ်မှ (ကျောင်းဆင်းတာနဲ့ အိမ်မှာ လွယ်အိတ်ချ၊ မုန့်ဖိုက မုန့်ထွက်ချိန်အမှီ သွားပြီး မုန့်ထုပ်ရတယ်။ လက်သွက်သွက်နဲ့ ထုပ်နိုင်လွန်းကာမှ တစ်ဗန်းကို ၃-၄ နာရီကြာတယ်။) အဲဒီခေတ်က ၂၅ပြားရတယ်။ မုန့်ဟင်းခါးတစ်ပွဲဖိုးပေ့ါ။

  • kai

    September 10, 2011 at 7:41 am

    ပြောရရင်…ယူအက်စ်မှာ …
    ကလေးတွေတော့မဟုတ်… ကောလိပ်တက္ကသိုလ်တက်တဲ့သူတွေ.. အပိုမုန့်ဖိုးရအောင်.. အချိန်ပိုင်းအလုပ်လုပ်ကြပါတယ်..။
    တချို့ကတော့ ..မုန့်ဖိုးကိုမဟုတ်ဖူး..ကျောင်းစရိပ်နေစရိပ်ပါ.. ရအောင်ရှာတာ..။
    ကျောင်းသားတွေ.. အလုပ်လုပ်ပြီး.. အပိုငွေရှာတယ်ဆိုတာကောင်းတဲ့.. စိတ်ဓါတ်ပါ..။
    =
    ထားပါတော့…
    အခု..ဝတ္ထုတိုကလေးနဲ့ပြန်ချိပ်ဆက် ပြောရရင်..။
    ဇတ်လမ်းဆင်ထားတာလေးကြိုက်မိတယ်..။
    ပထမ.. ဈေးသည်မမတွေက အလကားတောင်းတယ်..။
    လူတွေ..လှတယ်သာပြောတာ.. မဝယ်ဘူး..
    လာဝယ်တော့လည်း.. ကစားဖို့ဖြစ်နေတယ်..။
    နောက်ဆုံး…
    မဝယ်တော့ပဲ. မုန့်ဝယ်ကြွေး..မုန့်ဖိုးပေးပစ်လိုက်တယ်..။

    အင်း..
    အတန်းတူကလေးမလေးတယောက်လည်းပါတော့ကာ.. ဇတ်တော့ လှဦးမှာပဲ.. တွေးမိတာပါ..။

    ဆက်စောင့်ဖတ်ပါ့မယ်..။

  • Shwe Tike Soe

    September 10, 2011 at 9:04 am

    အင်း ဟုတ်ပဗျာ.. ကလေးတွေ အဲလိုတွေဖြစ်နေကြရှာတယ်.. အဲဒီလို စိတ်သဘောထားကောင်းတဲ့ အဒေါ်ကြီး သားသမီးချင်းကိုယ်ချင်း စာတဲ့ လူနဲ. တွေ.လို. အဲဒီကလေးတွေ မုန်.စား မုန်.ဖို. ရကျရှာတာ.. တချို.များကြတော့ ဒီလို ကလေးတွေကို တံတွေးနဲ.တောင် လှည့်မထွေးချင်ကြဘူးလေ.. အဲဒီထက်ဆိုးတဲ့သူကတော့ ရွှေဆွဲကြိုးတွေ ပျွတ်ခဲနေအောင်ဝတ် အခြေခံလူတန်းစား ဈေးသယ်လေးတွေဆီမှာ အဆမတန်ဈေးစစ် စစ် နေတဲ့ လူစည်း မိန်းမကြီးတွေက ရှိသေး…

    ပို.စ်တင်တဲ့သူကိုလဲ ဆက်လက်အားပေးနေပါမယ်.. ဆက်ရေးပါနော…

  • ကြောင်ကြီး

    September 10, 2011 at 12:47 pm

    ချာလီ
    ဘာမထီ
    အသာတကြည်..
    ခါလီ
    တလာစီ
    နာပြီ..။

  • zaw min

    September 10, 2011 at 2:33 pm

    ရသစာပေ အချစ်ဇတ်လမ်းလေးတွေရေးတတ်တဲ့ ကိုသော်ဇင်..ဇတ်လမ်းအစမှာတင် စာဖတ်သူကိုဆွဲခေါ်သွားနိုင်ပါတယ်…မြန်မြန်လေး ဆက်ရေးပါ…စောင့်မျှော်အားပေးပါ့မယ်…။

  • hmee

    September 10, 2011 at 5:23 pm

    ဘာဖြစ်မလဲ စိတ်ဝင်စားလို့ စောင့်ဖတ်ပါ့မယ်။ ငယ်ငယ်တုန်းက အမေက မုန့်ဖိုးလိုချင်ရင် တလင်း အစပ်က ပဲကြီးစေ့တွေ ကောက်ခိုင်းတယ် နို့ဆီတဘူး ၁ဝပြားပေးတယ်။ အလကားတော့ မပေးဘူး။ ပဲတဗူး ပေးရင်တော့ ၁ဝပြားရတာ မှတ်မိသေးတယ်။

  • nature

    September 10, 2011 at 6:09 pm

    hmee ရေ ယောကျင်္ားကိုပါရွာထဲဝင်ခိုင်းလိုက်လေ။

  • alinsett

    September 10, 2011 at 7:43 pm

    ကိုသော်ဇင်ရေ..ပျောက်ချက်သားကောင်းနေလို ့စောင့်မျှော်နေရကျိုးနပ်အောင် ရေး..ပေးလို ့ကျေးဇူးပါနော့ ။နောက်လည်း ရသ စာပေ ကောင်းကောင်းလေးတွေ ဆက်ရေးနိုင်ပါစေ…

  • padonmar

    September 10, 2011 at 10:07 pm

    ရန်ကုန်မှာတော့ကြာပန်းဝယ်ရပါတယ်။
    ကန်တော်ကြီးထဲက ခူးရောင်းကြတာ ၁ပွင့်၁၀ဝ တဲ့ ၊ကြာကြာမခံမှန်းသိပေမယ့် ကြာပန်း crazy ဆိုတော့ တွေ့ရင် ဝယ်ဖြစ်တာဘဲ။

Leave a Reply