၂၀၀၉ခုနှစ်က မြန်မာ့ဆန် မက်ထရစ်တန်ချိန် တစ်သန်း ငါးသောင်းကျော် တင်ပို့ခဲ့ပြီး အနောက်အာဖရိကနိုင်ငံများက ဆန်တန်ချိန် ရှစ်သိန်းကျော် ဝယ်ယူ

klnMay 14, 20101min660

၂၀၀၉ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပြည်ပသို့ မြန်မာ့ဆန်မက်ထရစ်တန်ချိန် တစ်သန်းငါးသောင်းငါးထောင်ကျော် တင်ပို့ခဲ့ရာ အဓိက ဝယ်ယူခဲ့သည့် နိုင်ငံမှာ အနောက်အာဖရိကနိုင်ငံများမှဖြစ်ကြောင်း သိရသည်။ ၂၀၀၉ခုနှစ်အတွင်း အနောက်အာဖရိကနိုင်ငံများက ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ဆန်တန်ချိန် ရှစ်သိန်းကျော်ဝယ်ယူခဲ့ပြီး ဒုတိယအများဆုံး ဝယ်ယူခဲ့သည့်နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပြီး ဇန်နဝါရီလမှ မေလအထိ ဆန်တန်ချိန် ခုနစ်သောင်းကျော် ဝယ်ယူခဲ့ကြောင်း သိရသည်။ မြန်မာ့ဆန်ကို အဓိကဝယ်ယူကြသည့် နိုင်ငံများတွင် အာဖရိကနိုင်ငံများပါဝင်ပြီး တောင်အာဖရိကနိုင်ငံများ၊ အနောက်အာဖရိကနိုင်ငံများအပြင် အိုင်ဗရီကိုစ့်၊ ကင်မရွန်း၊ နိုင်ဂျီးရီးယားနိုင်ငံတို့လည်း ပါဝင်ကြောင်းသိရသည်။ ၂၀၀၉ခုနှစ်အတွက် ဈေးကွက်သစ်များအဖြစ် အီရန်၊ မြောက်ကိုရီးယား၊ ကာတာ၊ ဆော်ဒီအာရေးဗီးယား၊ ရုရှားဖက်ဒရေးရှင်း၊ တရုတ်တိုင်ပေနှင့် ယူအေအီးနိုင်ငံများသို့လည်း တင်ပို့မှုများရှိလာကြောင်း သိရသည်။ ဈေးကွက်သစ်များအနေဖြင့် မြန်မာ့ဆန်ဝယ်ယူသည့်နိုင်ငံမှာ မြောက်ကိုရီးယားနိုင်ငံဖြစ်ပြီး မက်ထရစ်တန်ချိန် ၈၀၀ဝကျော်ဝယ်ယူခဲ့သည်ဟု သိရသည်။ ပြည်ပပို့ မြန်မာဆန်၏ ဈေးကွက်ဖော်ဆောင်နိုင်မှုတွင် အာဖရိကဈေးကွက်သည် အရေးပါဆုံးဖြစ်ခဲ့ပြီး အနောက်အာဖရိကနိုင်ငံများ၏ ၂၀၀၉ခုနှစ် တစ်နှစ်လုံးဝယ်ယူမှုပမာဏမှာ မက်ထရစ်တန်ချိန်ရှစ်သိန်းကိုးထောင်ကျော်ရှိခဲ့ပြီး တစ်နှစ်ပတ်လုံး ပြည်ပတင်ပို့မှု၏ ၉ဝရာခိုင်နှုန်းကျော်ခန့်ရှိကြောင်း သိရသည်။ မြန်မာ့ဆန်ပြည်ပဈေးကွက်သို့အဓိက တင်ပို့ရသည့် အမျိုးအစားများမှာ ဧည့်မထ ၂၅မှတ်၊ ငစိန် ၂၅မှတ်နှင့် မီးဒုံး ၂၅မှတ်တို့ဖြစ်ပြီး ဧည့်မထ၊ လုံးသွယ်မွှေး၊ ပေါ်ဆန်းမွှေးတန်းမြင့်ဆန်များကို မလေးရှား၊ စင်ကာပူနှင့် ဥရောပသို့ တင်ပို့ကြောင်း ၂၀၁ဝခုနှစ် မေလ ၁၄ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။