အမျိုးသားအဆင့် ဝက်ဘ်ပေါ်တယ်တွင် Prepaid စနစ်သုံးရန်စီစဉ်

klnMay 14, 20101min430

ရတနာပုံတယ်လီပို့ကုမ္ပဏီက ဆောင်ရွက်လျက်ရှိသော မြန်မာဘာသာသုံး အမျိုးသားအဆင့် ဝက်ဘ် ပေါ်တယ် (Web portal)တွင် သီချင်းများ၊ Ringtonesများ downloadလုပ်ခြင်းအတွက် Prepaid card စနစ်သုံးပြီး ငွေပေးချေနိုင်မည့် စနစ်တစ်ခု အကောင်အထည်ဖော်လျက်ရှိကြောင်း ဝက်ဘ်ပေါ်တယ် စီမံကိန်းတွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦးကပြောသည်။ “ လောလောဆယ် လူကြည့်များလာအောင် လွှင့်တင်ထားပြီးနောက်ပိုင်း သီချင်းတွေ လုပ်တဲ့အခါမှာ အခကြေးငွေ ကောက်ခံသွားဖို့ရှိပါတယ်။ သက်ဆိုင်ရာ အဆိုတော်တွေ၊ အနုပညာရှင်တွေအတွက်လည်း ထိုက်သင့်တဲ့ အနုပညာကြေးရအောင် သက်ဆိုင်ရာ အစည်းအရုံးတွေနဲ့ ညှိနှိုင်းနေပါတယ် ” ဟု အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။ ဝက်ဘ်ပေါ်တယ်တွင် ထည့်သွင်းမည့် ကဏ္ဍများကို ဇွန်လကုန်ပိုင်းတွင် ပြည့်ပြည့်စုံစုံ ထည့်သွင်းနိုင်ရန် ဆောင်ရွက်နေပြီး သီချင်းများ အသုံးပြုမှုအတွက် ဂီတအစည်းအရုံးနှင့်လည်း ပဏာမညှိနှိုင်း လျှက်ရှိသည်။ အဆိုပါ ဝက်ဘ်ပေါ်တယ်ကို www.yatanarpon.com.mm လိပ်စာဖြင့် ပြီးခဲ့သည့် မတ်လ ၂ရရက်နေ့က Beta Version အဖြစ် လွှင့်တင်ခဲ့ပြီး သတင်းနှင့်အားကစား ကဏ္ဍများ၊ ဖျော်ဖြေရေးကဏ္ဍများ၊ နိုင်ငံရေးရာကဏ္ဍများ၊ ရေဒီယိုလိုင်းများ၊ အခမဲ့အီးမေးလ်၊ ဖေ့စ်ဘွတ်ကဲ့သို့ လူမှုဆက်သွယ်ရေး ဝက်ဘ်ဆိုက်များ ပါဝင်မည်ဖြစ်သည်။ လတ်တလောတွင် အီးမေးလ် အသုံးပြုရန်အတွက် လိပ်စာကိုမူ မသတ်မှတ်ရသေးကြောင်းကို ၂၀၁ဝ ခုနှစ် မေလ၁၄ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင်ဖော်ပြထားပါသည်။