ဝါတွင်းသတ်သတ်လွတ်စားတဲ့ သူငယ်ချင်း ၂ ယောက် အိမ်ကိုလာလည်ကြမယ်ဆိုတော့ ဘာချက်ကျွေးရကောင်းမလဲ ခေါင်းစားရပါတယ်။ လက်စွမ်းလဲပြချင်သေးတာနဲ့ နဲနဲအလုပ်ရှုပ်တဲ့ အိမ်တွေမှာ လုပ်စားလေ့မရှိတဲ့ ကုလားဘယာကြော်သုတ် လုပ်ကျွေးဖို့ စိတ်ကူးပြီး လိုအပ်တာတွေ ၀ယ်ခြမ်းပြင်ဆင်လိုက်ပါတယ် … အသေးစိတ်တစ်ခုချင်း အဆင့်ဆင့်ဓါတ်ပုံရိုက်ဖို့ အချိန်မရတာကြောင့် အားလုံးပြီးမှပဲ ဓါတ်ပုံရိုက်ဖြစ်ပါတယ် … လုပ်နည်းကို စာနဲ့ပဲ ရေးပြတော့မယ် …

တစ်မျိုးစီ ပြင်ဆင်ပြီးချိန်

စားလို့ရပါပြီ

လိုအပ်သောပစ္စည်းများ ..
ဘယာကြော် အတွက် ရယ်ဒီမိတ် မွှေးတံဆိပ် ဘယာကြော်မှုန့်ကို ရေအနည်းငယ်ဖြင့် တစ်နာရီခန့်စိမ်ထားပြီး ဆား၊ ကန်စွန်းရွက်နဲ့ကြက်သွန်နီရိတ်ရိတ်လှီး ထည့်နယ်ပြီး ဆီများများနဲ့ကြော်ပါတယ်။

ဆမူဆာကြော် အတွက် ဆမူဆာအရွက်ကို ရယ်ဒီမိတ် citymart က ၀ယ်ပါတယ်။ အတွင်းအစာအတွက် အာလူးပြုတ်ပြီး ခပ်သေးသေးလှီး၊ ကြက်သွန်နီခပ်သေးသေးလှီးပြီး ငရုတ်သီးစိမ်းလှီး ဆီနဲနဲဖြင့် ကြော်ပြီး မဆလာဖြူးထားပါတယ်။ အေးတော့မှ အရွက်ထဲထည့်ပြီး ဆမူဆာ (သုံးဖက်ချွန်) ဖြစ်အောင်လုပ်ပြီး ဆီများများနဲ့ထည့်ကြော်ပါတယ်။

ပဲပြုတ် ဖို့အတွက် ဆင်ခေါင်းပဲကို တစ်ရက်ကြိုရေစိမ်ထားပြီး ပြုတ်ပါတယ်။
အာလူးပြုတ်
ထားတာနဲနဲကိုလည်း ဆား ဆနွင်း မဆလာနယ်ထားပြီး တစ်ပန်းကန်လုပ်ထားပါတယ်။

ပဲဟင်းရည် အတွက် ပဲမှုန့်အစိမ်းအနည်းငယ်ကို ရေများများဖြင့်ဖျော်ပြီး ပွက်ပွက်ဆူအောင်တည်ပါတယ်။ ပျဉ်းတော်သိမ်ရွက်နဲ့ သစ်ကျားပိုးခေါက် ဆီသတ်ပြီး ပဲအိုးထဲထည့်တယ်။ ဆားနဲ့ မဆလာအနဲငယ်ထည့်ပြီး တည်ပါတယ်။

ဂေါ်ဖီရိတ်ရိတ်လှီးထားတယ်။

မန်ကျီးအနှစ်အရည် ဖျော်ထားပါတယ်။

အသုတ်ပြုလုပ်ပုံ
ဘယာကြော်၊ ဆမူဆာတို့ကို ပန်းကန်ထဲညှပ်ထည့်မယ်။ ပဲ၊ အာလူး၊ ဂေါ်ဖီ၊ မန်ကျီးနှစ်၊ ငရုတ်သီးမှုန့်၊ မဆလာမှုန့်၊ ပူစီနံထည့်ပြီး ပဲရည်ပူပူဆမ်းစားရုံပါပဲ … ပေါ့နေသေးရင် ဆားထပ်ထည့်မယ်။ အရမ်းစပ်တာကြိုက်ရင်တော့ ငရုတ်သီးစိမ်းပါ ကိုက်စားလိုက်ပါ …

ကုလားရောင်းသလောက် အရသာမကောင်းပေမယ့် ကိုယ်တိုင်ချက်ဖြစ်လို့ အားရပါးရနဲ့ ပျော်ပျော်ရွှင်ရွှင်စားသောက်ရတာ ကျေနပ်ပီတိဖြစ်ရပါတယ် …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....