ပန်းလှိုင်မြစ်အတွင်း သောင်ထူခြင်းကြောင့် ရေယာဉ်များ သွားလာမှု ခက်ခဲလာ

klnMay 14, 20101min430

ရန်ကုန်တိုင်း၊ ပန်းလှိုင်မြစ်အတွင်း သောင်ဖြစ်ထွန်းမှု များပြားလာခြင်းကြောင့် မြစ်ကြောင်းများ ကျဉ်းမြောင်းလာပြီး ရေယာဉ်များ သွားလာရန် ခက်ခဲလာသည်ဟု ပန်းလှိုင်မြစ်တွင်းသွား ရေယာဉ်မောင်းများထံမှ သိရသည်။ ရေယာဉ်မောင်းတစ်ဦးက “ သောင်တွေပေါ်လာပြီး မြစ်ကြောင်းတွေ ကျဉ်းလာတာကို သတိထားမိတာ (၂)နှစ်လောက်ရှိပြီ။ ဒီအတောအတွင်းမှာ အခြေအနေက ပိုဆိုးလာတယ်။ ပန်းလှိုင်တံတားနားမှာ ရေကျချိန်ဆိုရင် သောင်တွေက မြစ်တစ်ဝက် လောက်အထိရှိတဲ့အတွက် သမ္ဗန်တွေပဲ သွားလို့ရတယ်။ စက်လှေတွေ၊ သင်္ဘောတွေ သွားလို့မရဘူး။ စက်လှေတို့၊ သင်္ဘောတို့က ရေတက်ချိန်ကို စောင့်ပြီး သွားနေရတယ်။ ဒီလို သောင်တွေများလာတဲ့အတွက် လာမယ့်မိုးရာသီမှာ ဒီရေတက်ရင် မြစ်ကမ်းဘေးမှာ ရှိတဲ့ရွာတွေကို ရေကျော်နို်င်ပါတယ်။ သောင်တွေများလာတာကို အချိန်မီ မပြုပြင်နိုင်ဘူးဆိုရင်တော့ ရေရှည်မှာ အခြေအနေက ဒီထက် ပိုဆိုးလာနိုင်ပါတယ် ” ဟုဆိုသည်။ ထို့အပြင် လှိုင်မြစ်ကမ်းဘေး တစ်လျှောက်တွင် သဘာဝအတိုင်း ပေါက်ရောက်နေသော ဒီရေတောများမှာလည်း စည်းကမ်းမဲ့ သစ်ခုတ်သူများကြောင့် နည်းပါးလာကြောင်း၊ ထိုသို့ ဒီရေတောများ နည်းပါးလာမှုကြောင့် နုန်းမြေပို့ချမှုမှာ ပိုမိုများပြားလာကြောင်း တွံတေးမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁ဝ ခုနှစ် မေလ ၁၃ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားသည်။