ပြည်တွင်းသုံးကမ်းလွန်သဘာဝဓာတ်ငွေ့ ၂၄လက်မပိုက်လိုင်း ရန်ကုန်မြို့သို့ သွယ်တန်းမှုပြီးစီး

klnMay 14, 20101min671

မုတ္တမကမ်းလွန်မှ ပြည်တွင်းလိုအပ်ချက်အရ သွယ်တန်းလျက်ရှိသော အရှည် ၁၇၉ မိုင်ရှိ ပြည်တွင်းသုံး ၂၄လက်မ ကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများအားလုံး ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါစီမံကိန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။ အဆိုပါဓာတ်ငွေ့ပိုက်လိုင်းမှ ရရှိသော သဘာဝဓာတ်ငွေ့များဖြင့် ပြည်တွင်း၌ သဘာဝဓာတ်ငွေ့ ပိုမိုသုံးစွဲနိုင်ရန် ရည်ရွယ်ထားကြောင်း၊ ရန်ကုန်မြို့၌ သဘာဝဓာတ်နေ့ဖြင့်လည်ပတ်နိုင်သည့်လျှပ်စစ်တာဘိုင်ငါးလုံးဝန်းကျင်အထိရှိကြောင်း၊ ယင်းဓာတ်အားပေးတာဘိုင်များကို သဘာဝဓာတ်ငွေ့များအသုံးပြု၍ ပြန်လည်လည်ပတ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းစက်မှုဇုန်များ လုပ်ငန်းဆွေးနွေးပွဲတက်ရောက်ခဲ့သည့် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ “ ပြည်တွင်း လိုအပ်ချက်အရ သွယ်တန်းတဲ့ ၂၄လက်မကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို မုတ္တမကမ်းလွန်ကနေ ရန်ကုန်မြို့အထိ သွယ်တန်းပြီးစီးသွားပြီဖြစ်ပါတယ်။ ပိုက်လိုင်းသွယ်တန်းမှုမှာ ကမ်းလွန်ပိုင်း ၉၃မိုင်အရှည်ရှိပြီး ကုန်းတွင်းပိုင်းကတော့ ၈၆ မိုင်အရှည်ရှိပါတယ်။ ခုဆိုရင် ပိုက်လိုင်းအားလုံးသွယ်တန်းပြီးစီးနေပြီဖြစ်ပါတယ်”ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။ “ အခု ရန်ကုန်မြို့တော်အတွင်းမှာရှိတဲ့ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားထုတ်ရုံတွေဖြစ်တဲ့ အင်းစိန်၊ ရွာမ၊ အလုံ၊ သာကေတ၊ လှော်ကားတွေအတွက် ဧရာဝတီတိုင်းရေနံတွင်းတစ်ခုကနေ သဘာဝဓာတ်ငွေ့ကို ၂၄လက်မပိုင်လိုင်းနဲ့ မကြာမီမှာ စတင်လွှင့်တော့မှာပါ။ အဲဒါကြောင့်မို့လို့ ရန်ကုန်မြို့တော်အတွက် မဂ္ဂါဝပ် ၆၀ဝကျော်ကိုပေးနိုင်တော့မှာပါ။ အခုလက်ရှိအချိန်မှာတော့ မဂ္ဂါဝပ် ၃၀ဝကျော်ကိုပဲ ပေးနိုင်သေးပါတယ်”ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ကုန်းတွင်းပို်င်းပိုက်လိုင်းများအပြီးသတ်လုပ်ငန်းများကို ဧရာဝတီတိုင်း ဖျာပုံခရိုင် အမာမြို့နယ်အတွင်းရှိ ဒေါ်ညိမ်းကျေးရွာအနီးတွင် Pipe Line Centre ထားရှိကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁ဝခုနှစ် မေလ ၁၄ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • intro

    May 14, 2010 at 5:20 am

    ဘယ်တော့လဲ ဟင်… အခုဆို မီးက အရင်ကထက်တောင် ပိုဆိုးနေတယ်… လာချိန်လဲ မလာဘူး.. စိတ်ပျက်ပ

Leave a Reply