လာဘ်ပေးလာဘ်ယူတို့ရန်သူဆိုတဲ့ ဆောင်ပုဒ်လေးကိုလူတိုင်းကြားဖူးကြမှာပါ။ ဒါပေမယ့် အဲဒီ ဆောက်ပုဒ်လေးက စာသားအဖြစ်ပဲရှိတော့တာပါ။ နေရာတိုင်းမှာတော့ ငွေမပေးရင် ဘာမှလွယ်လွယ်ကူကူမရတော့ပါဘူး။ ဟိုဝင် သည်ကြေးတွေများလာတာနဲ့အမျှ ငွေကုန်ရတာလည်းသောက်သောက်လဲဖြစ်လာကြရပြီ။ ပြောရရင်တော့ စေတနာသည်လူတိုင်းနဲ့မထိုက်တန်ဆိုပြီး သူတို့လုပ်နေတာတွေက စေတနာထားပြီးပဲလုပ်နေသလိုလိုနဲ့ တကယ်တမ်းတော့ င၀ိုင်းသာလျှင် အဓိကဖြစ်နေကြတာပါ။ ပြောပြရဦးမယ် ဟိုသလောတုန်းက သူငယ်ချင်းတစ်ယောက်ရဲ့ လင်မယားကွာရှင်းမယ့်ကိစ္စနဲ့ ရုံးတစ်ရုံးကိုရောက်ခဲ့သေးတယ်။ အဲဒီမှာ မြင်ခဲ့ရတာလေးကို ပြောပြချင်တာပါ။

ရုံးနဲ့ကပ်လျှက်က နားနေဆောင်လေးမှာ နားနေခိုက်ပေါ့။ အဲဒီမှာ မိသားစုတစ်စုလို့ထင်ရတဲ့ ယောကျာ်းကြီးတစ်ယောက်၊ မိန်းမကြီးတစ်ယောက်၊ နောက်အသက်ခက်လတ်လတ် မိန်းမတစ်ယောက်၊ အသက်(၂၅)နှစ်လောက်အရွယ်ရှိတဲ့ ယောကျာ်းလေးတစ်ယောက် စုစုပေါင်းလေးယောက်ဝင်ချလာတယ်။ မျက်နှာတွေက ညှိုးညှိုးငယ်ငယ်တွေနဲ့ ကြည့်ရတာ ရုံး၊ဂတ်၊ ကနားတွေကို တစ်ခါမှ မရောက်ဖူးကြတဲ့ ပုံစံမျိုးတွေ။ ခဏနေတော့ ရုံးတစ်ရုံးရဲ့ အရာရှိတစ်ယောက်က ရောက်ချလာတယ်။ ကျနော်လည်း စပ်စုကြည့်ရတာပေါ့ဆိုပြီး ကြည့်နေလိုက်တယ်။

ဒါခင်ဗျားတို့သားထောင်ကျနိုင်တယ်နော်။ ဒါပိုင်နက်ကျူးလွန်မှုလို့ခေါ်တယ်။ နောက်တစ်ခုက ခြိမ်းခြောက်မှု။ဟိုဘက်က မကျေနပ်နိုင်ပါဘူးလို့ ကျွန်တော်ကို ပြောနေတာ ဘယ်လိုလုပ်မလဲ?

ကျွန်မတို့ဘယ်လိုလုပ်ရမလဲ ။သွားတောင်းပန်လိုက်ရင်ရော။မရဘူးလား?

မရဘူး။ခင်ဗျားတို့တောင်းပန်တိုင်းကျေအေးမယ့်သူတွေမဟုတ်ဘူး။သူတို့က သူတို့ဂုဏ်သိက္ခာတွေ ထိခိုက်လို့တဲ့။ လျှော်ကြေးလိုချင်နေကြတယ်။

အဲဒါမှ ဒုက္ခပါပဲ ။

ဖအေဖြစ်သူက၀င်ပြောတယ်။

ကျွန်တော်တို့ကလည်း သိပ်အဆင်မပြေတော့ လျှော်ကြေးငွေဆိုတာ ပေးနိုင်မှာမဟုတ်ပါဘူးဗျာ။ကျွန်တော်တို့ကို ကူညီပါဦး။

ဟုတ်ပါတယ် ကျွန်မတို့က လက်လုပ်လက်စားတွေပါ။ ကျွန်မတို့လျှော်ကြေးငွေမပေးနိုင်ရင် ဘာဖြစ်နိုင်လဲရှင်..

ထောင်ကျမှာပေါ့

ဗျာ

ရှင်

ဟုတ်တယ် ခင်ဗျားတို့သားထောင်ကျမှာလေ…။

အဲဒီမှာ ထိပ်ထိပ်ပျာပျာတွေဖြစ်ကုန်ကျတာပေါ့။ ထောင်ကျမယ်ဆိုတော့ ကောင်လေးလည်းလန့်သွားတယ်ထင်ပါရဲ့ သူ့မိဘတွေကို လှမ်းကြည့်တယ်။ သူ့အဒေါ်လို့ထင်ရတဲ့မိန်းကြီးတစ်ယောက်က၀င်ပြောတယ်။

လျှော်ကြေးကဘယ်လောက်တောင်းတာလဲရှင်..ကျွန်မတို့တတ်နိုင်ရင် ပေးပါမယ်….။

သူတို့ကတော့ တစ်သိန်းလောက်လိုချင်တာလို့ပြောတယ်။

တစ်သိန်း

မျက်လုံးပြူးကြီးတွေနဲ့ တစ်သိန်းဆိုတာကို သံယောင်လိုက်ပြောကြတယ်။ ဟုတ်တယ်လေ သာမာန်လက်လုပ်လက်စားတွေအနေနဲ့ ငွေတစ်သိန်းဆိုတာ အတော်လေးကို တာနေတဲ့ငွေးကြေးပါ။

ကျွန်တော်က ကြားဝင်ကူညီပေးချင်တာပါ…ကဲ အစ်ကိုတို့ အစ်မတို့ဘက်က ပေးနိုင်မလား။

ဟိုမိသားစုကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြတယ်။ပေးနိုင်မပေးနိုင်ဆိုတာကို မျက်လုံးချင်းစကားပြောနေကြတယ်။

ဒါတောင် ကျွန်တော်က ခင်ဗျားတို့ဘက်က ကူပြောထားသေးတာ…သိပ်အများကြီးတော့ မလုပ်ပါနဲ့လို့ မိသားစုချင်းကိုယ်ချင်းစာပါလို့ပြောပြထားရသေးတာ..ကဲပေးနိုင်မှာလား မပေးနိုင်ဘူးလား။ မြန်မြန်လုပ် ခဏနေသွားပြောရတော့မှာ…ဒါမှ အထက်ရုံးမရောက်ခင်ပြီးမှာ ဒါမှမဟုတ်ရင် ခင်ဗျားတို့သားထောင်ကျမှာ ကျိန်းသေပဲ။

ကျွန်မတို့မှာလည်းမရှိလို့ပါရှင် တစ်ဝက်ယူပြီး တစ်ဝက်ဆိုင်းလို့မရဘူးလား ပြောပေးပါရှင်။

ဟုတ်ပါတယ်ပြောပေးပါဗျာ…လုပ်ပါဗျာ

မရဘူးထင်တယ် ခုခင်ဗျားတို့ဘယ်လောက်ပါလဲ?

၃၀၀၀၀ လောက်ပဲပါတာပါ..

အေးအဲဒီ ၃၀၀၀၀ အရင်ပေးခဲ့ ညနေကျရင် ကျွန်တော်ဆီကို ကျန်တဲ့ ၈၀၀၀၀ လာပေးလှဲ့ ခုကြည့်ပြောထားလိုက်မယ်….ကျွန်တော် အလုပ်ရှိသေးတယ်   ခင်ဗျားတို့ သားလည်း ထောင်မကျတော့ဘူး ဆိုပြီး ပိုက်ဆံ ၃၀၀၀၀ ယူပြီထွက်သွားရော။ ကျန်ခဲ့တဲ့ မိသားစုက ဘာမှတောင်မပြောလိုက်ရဘူး။ သူပဲပြောပြီးထွက်သွားရော။

ကဲဘယ်လိုလုပ်မလဲ…

မင်းမိုက်ဦးလေ မိုက်တယ်ဆိုရင် တစ်ခါတည်းအသက်ထွက်အောင် သက်ခဲ့ပါလာကွ ဟင် ဓါးပြခြိမ်းခြောက်ရတယ်လို့ ခု ငါတို့လည်းစိတ်ဆင်းရဲ့ရတယ်…ပိုက်ဆံလည်းကုန်ဦးမယ်။ မရှိပါဘူးဆိုကွာ။ စားစရာမရှိ လျှော်စရာရှိရတယ်လို့။ ဟိုမှာ မင်းပထွေးက သူပြောချင်ရာပြောပြီးထွက်သွားပြီ..။မိုက်ဦးလေ….မိုက်ဦး ဆိုပြီး ကလေးကို ရိုက်ပုတ်နေတော့တယ်။

အမေကတော့ မလုပ်ပါနဲ့ဆိုပြီးဆွဲရ အဒေါ်ကဆွဲရနဲ့ မြင်ရတာ စိတ်ကိုမချမ်းသာပါဘူး။အမှန်ဆို မဖြစ်စလောက်ဓါးကလေးပြပြီး မူးမူးနဲ့ အော်ဆဲမိတာကို ကြီးတဲ့အမှုငယ်အောင် ငယ်တဲ့အမှုပပျောက်အောင်မလုပ်ပဲ…ကြားကနေ အမြတ်ကြီးစားသွားတာပါ။ တရားလိုက တော်တော် (-)က ကဲကဲဆိုတာဒါမျိုးကိုပြောတာနေမှာပါ။ လက်လုပ်လက်စားတွေဆိုတော့လည်း တစ်ခြားအကြောင်းတွေကို ဘယ်လိုသွားရင် ဘယ်လိုရောက်တယ်ဆိုတာ သိတာမျိုးမဟုတ်တော့ သူများတစ်ပတ်ရိုက်ဗြောင်လိမ်သွားတာကို ခံလိုက်ရတာပေါ။ အဲဒီလူဆိုရင် တော်တော်လေးကို  နာမည်ရနေတာပါ။ အရာရှိတစ်ယောက်ဖြစ်နေတော့လည်း မသိနားမလည်တဲ့သူတွေက သူပြောသမျှ အဟုတ်ထင်နေရတော့တာပေါ့။

နောက်တစ်ခုက မှောင်ရိပ်ခိုမှုတဲ့။ အဲဒါလည်း တစ်ခြားတော့မဟုတ်ဘူး။ စက်ဘီးသော့ပျောက်သွားလို့ စက်ဘီးသော့ ရိုက်ဖျက်နေတာကို မြင်တော့ အချိန်မတော်လို့ဆိုပြီ မှောင်ရိပ်ခိုမှုနဲ့ဖမ်းလာတာပါ။ ဒါလည်း အဲဒီလူ သည်လိုပဲ ထောင်ကျမယ် ပိုက်ဆံ ၅၀၀၀၀ပေးရမယ်..။ ထောင်မကျအောင် သူပြောပေးလို့ရတယ်။ ပိုက်ဆံတာပေးလို့ပြောလို့ မရှိတဲ့ကြားက ရှာပေးလိုက်ရသေးတာပါ။  ပြောတော့ လာက်ပေး လာဘ်ယူ တို့ရန်သူဆိုပြီးတော့လေ။ လာဘ်မစားရင် အိပ်မပျော် စားမ၀င်တဲ့ လူစားမျိုးထင်ပါရဲ့လေ..။

About သော်ဇင် (လွိုင်ကော်)

သော်ဇင် (လွိုင်ကော်) has written 192 post in this Website..

ရင်ဘတ်နဲ့ခံစားပြီးရေးတဲ့ စာတွေ တင်ပြပါရစေခင်ဗျား