ကျွန်တော် ဆန်ပွဲရုံစာရေး (အပိုင်း ၂)

စဆရ ႀကီးSeptember 11, 20111min9610

နံနက်ဆိုင်ရောက်သည်နှင့် ဆိုင်တံခါးဖွင့်၊ ဆိုင်မှ အလုပ်သမားများဖြင့် သန့်ရှင်းရေးလုပ်ပြီးသည့်နောက် ဆိုင်ရှေ့ရှိလမ်းမပေါ်တွင် ဆန်ကွဲအိတ်များချရန် အသီးသီးစောင့်ကြိုနေကြသည့် ကားများကို စိတ်မသက်မသာ တွေ့မြင်ရတော့သည်။ ကားသမားများမှာလည်း နေရာမရဖြစ်နေရှာသည်။ ၎င်းတို့မှာ ကံကော်လမ်းတိုတိုလေးကို အချိန်ကြာမြင့်စွာ ဖြတ်ကျော်ခဲ့ပြီးမှ ရောက်ခဲ့ကြသည်မို့ ကုန်မြန်မြန်ချပြီး ပြန်လည်ထွက်ချင်နေကြသည်မှာ ဆိုင်ရှေ့သို့ ရောက်ကတည်းကပင်ဖြစ်သည်။ သက်ဆိုင်ရာ ရေတင်အသီးသီးမှ ပေးသည့်စာရင်းများအရ ဆန်ကွဲအိတ်များကို ချရသည်။ အကြမ်းအားဖြင့် ၂ ပိုင်းကျိုး၊၃ ပိုင်းကျိုး၊ ၄ ပိုင်းကျိုးနှင့် ဖွဲ/ဇကွဲ ရောရာတို့ဖြစ်သည်။ ကားပေါ်မှချသည်နှင့် မိမိအောက်တွင် ဆန်ကာ ၃ခု၊ လက်တွင် ကလောင်တစ်ချောင်းဖြင့် ကားပေါ်မှ ထမ်းဆင်းလာသမျှအိတ်တို့ကို မလွတ်တမ်းထိုးပြီး အမျိုးအစားကို အော်ပြောရသည်က တစ်မျိုး၊ ဆိုင်အတွင်း သက်ဆိုင်ရာ ပိုင်ပုံတွင် ချ/မချ ပြူးပြဲကြည့်ရသည်ကတစ်ဖုံ၊ ပိုင်ရှင်အဖွားကြီးမေးသမျှကို မနားတမ်း ပြန်လည်ဖြေကြားနေရသည်နှင့် သွက်သွက်ခါအောင်သာ ရူးသွားချင်စိတ် ဖြစ်မိတော့သည်။ မတော်တဆ ပိုက်မထိုးမိလျင်လည်းကောင်း၊ အမျိုးအစား ခွဲခြားမပြောမိလျင်လည်းကောင်း ထိုအလုပ်သမားမှ ပြန်လည်လှည့်ကာ ဆန်အိတ်ကြီးထမ်းလျက်သားဖြင့် ပြန်မေးလျင်တော့မူ နောက်ရှိလူများမှာ သစ်သားတန်းပေါ်တွင် ဆန်အိတ်များ ထမ်းလျက်သားနှင့် ဒုက္ခအကြီးအကျယ်ရောက်နေသည်လည်း ရှိပြန်၏။ ထိုအခါတွင်မတော့ ရယ်လဲရယ်ချင်၊ သနားလဲ သနားစိတ်များဖြစ်မိ၏။

ကျွန်တော်သည်ကား ဆန်ပွဲရုံစာရေးကြီးလုံးလုံးဖြစ်သည့်အတွက် စတစ်ကော်လာအကျီင်္ကို မီးပူကျော့နေအောင်တိုက်ပြီး ဦးဂျမ်းပုဆိုး ပြောင်ပြောင်လက်လက်ကြီး၊ ဘိုကေ ကျော့ကျော့ကြီးဖြင့် နေရလိမ့်ဟု မထင်ကြအံ့။ တစ်ကယ့်ပုံစံမှာကား စွပ်ကျယ်ဂျိုင်းပြတ်ကိုဝတ်၊ ပုဆိုးအပြဲကိုဝတ်ရင်း အသံပြဲကြီးနှင့် ဆန်မှုန့်များ ဖွေးဖွေးလှုပ်နေသည့် ခေါင်းကြီးဟိုရမ်းဒီရမ်းဖြင့် သားနားနေသော အလုပ်သမားသာသာ စာရေးသာဖြစ်တော့သည်။ တောမှဆန်ကုန်သည်များမှာလည်း ရိုးသားကြရှာပါ၏။ ဆန်အိတ်တစ်အိတ်တွင် အမျိုးအစား ၃ မျိုးခန့် ရောနှောပြီးလည်းကောင်း၊ ရေစိုဆန်များ ရောနှောပြီးလည်းကောင်း၊ အိတ်ပေါက်သယောင်ယောင်ဖြင့် ပေါင်ချိန်မပြည့်သည့် အိတ်များဖြင့်လည်းကောင်း ပညာခန်းစုံအောင် ပြကြလေသည်။ ထိုအခါများတွင်မတော့ ထိုအိတ်များကို ပိုင်ပုံတွင်မရိုက်စေပဲ ဆိုင်ရှေ့တွင်သာ ချစေပြီး ပေါင်လျော့သည်ဟု ထင်ရသော အိတ်များအား ပေါင်ချိန်ပြန်ချိန်ခြင်း(ဒီနေရာတွင် Special Weight တုန်းများဖြင့် ချိန်ရသည်)၊ ရောင်းသည့် အလေးတုံးများမှာ သက်သက်ဖြစ်သည်။ ရေစိုသည်ထင်သည့်အိတ်များနှင့် အရောအနှောပါသည့်အိတ်များအား ဖွင့်ဖောက်စစ်ဆေးကာ ဆိုင်ရှင်အဖွားကြီးမှ ရေတင် အနှီငနဲသားအား ပိုးစိုးပက်စက်၊ ပြစ်ပြစ်နှစ်နှစ်၊ ပယ်ပယ်နယ်နယ်၊ အားရပါးရ၊ တစ်ပြားမှ ရစရာမရှိအောင် ကက်ကက်လန် ရန်တွေ့စကားများ ဆိုတော့သည်။ ထိုသို့လုပ်မှပင် အဖွားကြီးစိတ်တိုင်းကျ ဈေးလျှော့ခိုင်းလို့ရမည် မဟုတ်ပေလား။ နယ်မှတက်လာသည့် ဆန်အိတ်များမှာ ပေါင်လျော့သည်ဟု ဆိုစေကာမူ အနည်းဆုံး ပေါင် ၁၀ဝ ကျော်ရှိပေသည်။ ဆိုင်မှ ပြန်ရောင်းသည့်အိတ်များမှာမူကား ၁၀၈ ပေါင်ထက်နည်းနည်းမျှ မကျော်စေရန် ဂရုပြုရသည်။ မတော်တဆ ထိုအဖွားကြီးတွေ့သွားလျင်တော့မူကား ရေတင်ငနဲသား အပြောခံရသည်မှာ အပျင်းပြေရယ်စရာ အပြောခံရသလောက်ပင် ရှိလိမ့်မည်ဖြစ်သည်။

ထိုနည်းထိုပုံဖြင့် ဆိုင်ရှိ စာရေး၅ ယောက်အနက် ၄ ယောက်မှာ တစ်ဖြုတ်ဖြုတ်ဖြင့် ကွယ်လင့်ပျောက်ကွယ်သွားရာ မဟာသူရဲကောင်း၊ သည်းခံတရားပြည့်ဝလွန်းသော (ဟုထင်ရသော) စာရေးတစ်ယောက်သာ ၂ လအတွင်း ယဲ့ယဲ့ကျန်သော ဟူသတတ်။ ထိုငမိုက်သားမှာကား ခေါင်းမာသော ကျွန်တော်သာ ဖြစ်တော့သည်။ စိတ်တွင်းတော့မူ ကြိတ်ပြီးပြုံးပျော်နေမိသည်။ တစ်ယောက်တည်းလုပ်ပြခွင့်ရလျင် ပိုပြီးထင်သာမြင်သာရှိသည်၊ ပိုပြီးတိုးတက်လွယ်သည်ဟုဖြစ်သည်။ တစ်ကယ်တန်းတွင်တော့မူကား အထင်နှင့်အမြင် တက်တက်စင်အောင် လွဲလေတော့၏။ ယခင်က (၅)ယောက်မျှခံခဲ့ရသော နားမုဒိန်းကျင့်ခြင်းကို တစ်ယောက်တည်း စုပုံခံရတော့သည်။ နံနက်ခင်း ဆိုင်ဖွင့်သည်မှ ဆိုင်ပိတ်သည်အထိ နား မဟားဒယားပြုကျင့်ခြင်းကို ထိုမှစ ခံရလေတော့သတည်း။

နံနက်ခင်း ဆန်အိတ်များချပြီးသည့်နောက် နေ့လည် ၁၂းဝဝ တွင်မှ ထမင်းစားရတော့သည်။ အလုပ်စဝင်ကာစက အိမ်မှ ထမင်းချိုင့်ထည့်ပေးသော်လည်း တစ်ပါတ်ခန့်ကြာသည့်အခါ ထည့်စရာချိုင့်မရှိဟူသော အကြောင်းပြချက်ဖြင့် လက်ချည်းဗလာ အလုပ်သို့လာရသောကြောင့် သပြေလမ်းဘေးတစ်လျှောက်ရှိ တစ်ပွဲ ၁၀ဝ တန် ထမင်းသုပ်ဆိုင်သို့သာ ခပ်သုတ်သုတ်ပြေးရတော့သည်။ ဆန်ကြမ်းထမင်းကို ဆီချက်၊ ကြက်သွန်နှင့် မြေပဲနည်းနည်း၊ နှမ်းနည်းနည်းနှင့် အရောင်ရဲရဲ ငရုတ်ဆီဆမ်းထားသည်ကိုသာ မြိန်ရေလျှက်ရေ စားရတော့သည်။ ဝမ်းဗိုက်အတွင်းမှ ပိုးမျိုးစုံတို့ ထကြွသောင်းကြမ်းနေပေပြီမလား။ ညဘက်စားလျှင်တော့မူ အဝစား ၁၅ဝ တန်ဆိုင်ကိုသာ အားထားရသည်။ ဆီနည်းနည်း၊ ရေကျဲကျဲဖြင့် ချက်ထားသည်လော၊ ပြုတ်ထားသည်လောမသိသည့် အသားဟင်းတစ်ခွက်ဖြင့် ထမင်းစားနိုင်သလောက်သာစား ဆိုသည့်ဆိုင်ဖြစ်သည်။

ဆက်ပါမည်။ ထမင်းကို ၁၅ မိနစ်ခန့်ဖြင့် ပြီးအောင်စားရသည်။ ထမင်းစားချိန် တစ်နာရီသာရသည့်အတွက် ကျန်သည့်အချိန်လေးကို အပြေးအလွှားအိပ်ရန်အတွက်ဖြစ်သည်။ ဆိုင်သို့အမြန်ပြေးကာ ပိုင်ပုံအပေါ်တွင် ဆန်အိတ်များကို အနည်းငယ်နေရာချပြီး ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားသည်မှာ တစ်ချိုးတည်းဖြစ်သည်။ နေ့လည်တစ်နာရီတွင်တော့မူ ငှက်ဆိုးထိုးသံကြီးဖြင့် နိုးထလာရပြီးနောက် တစ်နေ့တာ မနားတမ်းအလုပ်များကို လုပ်ရတော့သည်။ ကျောင်းသား စာအံသကဲ့သို့ ဘယ်ပိုင်တွင် ဘယ်အမျိုးအစားက ဘယ်နှစ်အိတ်၊ ဘယ်နေ့ကချထားသည်၊ အစရှိသည်ဖြင့် မလွတ်တမ်း ကျက်မှတ်ရတော့သည်။ ပိုင်ရှင်များမှာ စိတ်ရှိတိုင်းခေါ်ခေါ် မေးတတ်သောကြောင့်ဖြစ်သည်။ ထို့နောက်တွင်မတော့ ဆန်ဝယ်သည့်ကုန်သည်များလာရောက်မေးမြန်းသမျှကို ကရားရေလွှတ်၊ တတွတ်တွတ် ရွတ်ပြရတော့သည်။ အများအားဖြင့် ကလော၊ အောင်ပန်းဘက်သို့ ဆန်ကွဲများ တင်ပို့ခြင်းဖြစ်သည်။ ကုန်သည်များလာရောက်ကြည့်ရှုလျင် ကောင်းပေ့၊ညွန့်ပေ့ဟူသည့် ဆန်ကွဲများကို လိုက်လံပြသရပြီး ဆိုင်တွင်ရှိသည်မှာ အိတ် ၄၀ဝ ခန့်၊ သူတို့မှာသည်မှာ အိတ် ၈၀ဝ ခန့်ဖြစ်သည့်အတွက် အဘယ်ကဲ့သို့များ လုပ်ပေသနည်းဟု စတင်လုပ်ကိုင်စဉ်က စဉ်းစားမိသည်။ နောင်တွင်မှ အောက်ပါကဲ့သို့ ပြုပြင်၊ စီမံခြင်းဖြစ်တော့သည်။

ထိုအချိန်တွင်မှ နောက်ထပ် အိတ် ၂၀ဝ ခန့် မှာပြီး ကျန်သည့် အိတ် ၂၀ဝ မှာမူကား တစ်ဆင့်နိမ့်အမျိုးအစားဖြင့် ၂ အိတ် ၁ အိတ်နှုန်းသော်လည်းကောင်း၊ ၃ အိတ် ၁ အိတ်နှုန်းသော်လည်းကောင်း ပိုင်ရောနှောပြီးမှ တံဆိပ်ရိုက်ထားသည့်အိတ်များဖြင့် စက်ဖြင့်သော်လည်းကောင်း၊ လက်ဖြင့်သော်လည်းကောင်း ပြန်ချုပ်ပြီးမှ တင်ပို့ခြင်းဖြစ်သည်။ နယ်မှ ဆန်အိတ်များကိုမူ သေသေချာချာ အမျိုးအစားခွဲ ထိန်းသိမ်းထားရပြန်သေးသည်။ Grade 1,2,3 စသည်ဖြင့်ဖြစ်သည်။ Grade 1 အိတ်မှာ ၄ဝ ကျပ်၊ Grade 2 အိတ်မှာ ၃ဝ ကျပ်နှင့် Grade 3 အိတ်မှာ ၂ဝ ကျပ်နှူန်းဖြင့် ပြန်လည်ရောင်းစားရခြင်းဖြစ်သည်။ ထိုသို့တင်ပို့လိုက်ပြီးနောက် နောင်တစ်ကြိမ် ကုန်သည်ပြန်လာပြီး ပူညံပူညံလုပ်သောအခါ နှစ်ပြားမတန်အောင် သူတစ်ပါးအားပြောဆိုခဲ့သော အဖွားကြီးမှာ သနားစရာမျက်နှာငယ်လေးဖြင့် တောင်းပန်သည်မှာ…

” အဲဒါ ဟိုမှာ ရှင်တို့မြင်နေရတဲ့ စာရေးဆိုတဲ့အကောင်ပေါ့၊ ကျွန်မတို့က အတန်တန် ကြပ်မတ်နေရဲ့သားနဲ့ သူက လစ်ရင်လစ်သလိုလုပ်စားတာရှင့်။ ကားသမားနဲ့ သူနဲ့က တစ်ကြိတ်တည်း တစ်ဉာဏ်တည်းတွေလေ၊ အကောင်းနဲ့ အညံ့ကို ရောထည့်လိုက်ပြီး တစ်ယောက်တစ်ဝက်လုပ်စားကြတာ၊ ကျွန်မတို့ကလဲ သူ့နောက်က မှီခိုနေတဲ့မိသားစုကို သနားလို့ အလုပ်ကမထုတ်သေးတာ၊ နောင်မဖြစ်စေရပါဘူး ” ဟု ဖြစ်လေတော့သည်။

ထိုအခါမှပင် ကျွန်တော်သည်ကား ကိုယ့်ကိုယ်ကို သနားခြင်းကြီးစွာဖြစ်မိတော့သည်။ တစ်ခါက ဆိုင်ရှိအလုပ်သမားတစ်ယောက်မှ အောက်ကြုံး (ကြမ်းပြင်တွင် ကျနေသည်များကို တံမျက်စည်းဖြင့်လှဲပြီး ပြန်လည်သန့်စင်ထားသည့် ဆန်ကွဲ) တစ်ပြည်ခန့်ကို အိမ်သို့ပြန်ယူမိသဖြင့် အထက်တွင် ပုံရိပ်ဖော်ရေးသားပြခဲ့သည့် အဖွားကြီးနှင့် ရေတင်တို့ ပြောဆိုကြပုံထက် မလျော့သည့်နည်းဖြင့် ပြောဆိုခြင်းဖြင့်လည်းကောင်း၊ ၄၀ဝ တန်ခန့် ဆန်ကွဲတစ်ပြည်အတွက် တစ်ရက် ၁၀၀ဝ ကျော်ခန့်ရသည့်အလုပ်သမားအား (၂)ရက် ပိုက်ဆံမပေးဘဲ ခိုင်းစေခြင်းကိုလည်းကောင်း၊ ကျွန်တော့်နောက်တွင် မှီခိုနေသည့် သနားစရာ မိသားစုဟူသည်မှာ အဘယ်သူများ ဖြစ်လေသနည်းဟု ကြည့်မိသောအခါ အဘယ်သူမျှ မတွေ့မိဘဲ သနားစရာ ထိုအဖွားကြီးတို့ မိသားစုကိုသာ ပြေးမြင်မိတော့သည့်အတွက် ရင်တွင်းမှ ထုတ်ပြောချင်သည့် စကားများကိုမြိုသိပ်ရင်း ထမင်းစားတဲ့လူဆိုလျင် အမှန်တရားကို သိပေလိမ့်မပေါ့ဟုတွေးရင်းသာ မသိကျိုးကျွန်ပြုခဲ့ရလေသည်။

(ဆက်ပါဦးမည်)

10 comments

  • ကြောင်ကြီး

    September 12, 2011 at 12:32 am

    အဲလောက်ဆိုးမှတော့ ဆိုင်နာမည်သာမက လူအမည်၊ မှတ်ပုံတင်နံပါတ်နဲ့ ဓာတ်ပုံပါ တွဲထည့်ပေးဖို့သင့်တယ်။

  • thit min

    September 12, 2011 at 2:22 am

    နာဂစ်ဆန်လှူတုန်းကအလှူရှင်များကိုဘုရင့်နောင်ပွဲရုံတခုရဲ့ရေစိုဆန်များ
    လိမ်လည်ရောင်းချမှူကိုဖတ်ဖူးလိုက်ပါတယ်။
    လွန်ကဲသောလောဘ=ဝိသမလောဘလို့ခေါ်မလားဘဲ။

  • MaMa

    September 12, 2011 at 8:47 am

    ခန့်မှန်းမိသလောက် ပြောရရင် ကုန်သည်လောကကို ဝိသမလောဘသား၊ လူလိမ်လူကောက်တွေလို့ သမရိုးကျအမြင်ပဲ မြင်နေကြတယ်လို့ ထင်မိတယ်။ ဒါပေမယ့် မြန်မာကားကနေ ကိုရီးယားကား ပြောင်းကြည့်ရသလို အမြင်တွေ ပြောင်းလဲသင့်ပြီ ထင်ပါတယ်။ နေရာတိုင်းမှာ အကောင်းနဲ့ အဆိုးဟာ ဒွန်တွဲပြီး ရှိနေတတ်တာမို့ လုပ်ငန်းတစ်ခု ရေရှည်တည်မြဲဖို့အတွက် သမာသမတ်ရှိဖို့၊ မှန်ကန်ဖို့ အလွန်အရေးကြီးပါတယ်။ အဲဒီလို မှန်မှန်ကန်ကန် လုပ်မှသာ ကိုယ်နဲ့ ဆက်ဆံနေရတဲ့ ဖောက်သည်ရဲ့ ယုံကြည့်မှုကို ရရှိပြီး ပုံမှန်ရောင်းဝယ်နိုင်မှာပါ။ ကိုယ့်လိုပဲ ဘယ်သူမဆို တနပ်စား တခါစား ဉာဏ်များတတ်တဲ့လူနဲ့ ရေရှည်လက်တွဲချင်စိတ် ရှိကြမှာ မဟုတ်ပါဘူး။ လုပ်ငန်းတိုင်းမှာ အပြိုင်အဆိုင်ရှိပါတယ်။
    ကျမကျင့်သုံးတဲ့ ဈေးဝယ်နည်းလေး ဖောက်သည်ချချင်ပါတယ်။ ပစ္စည်းချင်း အတူတူရောင်းတဲ့ ဆိုင်တွေထဲမှာမှ အချို့ဆိုင်ဟာ သူများနဲ့မတူပဲ စည်ကားနေတတ်ပါတယ်။ ကိုယ်ရောင်းဝယ်နေကျ မဟုတ်တဲ့ ပစ္စည်း ဝယ်တော့မယ်ဆိုရင် အဲလို စည်ကားနေတဲ့ဆိုင်မှာ သွားဝယ်ပါ။ မမှားတတ်ပါဘူး။ စည်ကားနေတယ် ဆိုကတည်းက သူ့မှာ ပစ္စည်းမှန်၊ ဈေးနှုံးမှန် အစရှိတဲ့ အားသာချက်တွေ ရှိနေလို့ပါ။

  • pan pan

    September 12, 2011 at 9:17 am

    သမာသမတ်ကျကျ ရောင်းဝယ်လုပ်ကိုင်ရင် ကြီးပွားနှုန်းနည်းချင်နည်းပေသည့် မမွဲပါဘူး
    မတော်လောဘရှိတော့မှ မြန်မြန်ဆင်းရဲမှာ
    ကိုသစ်မင်းပြောသလို အလှူရှင်တွေကို လိမ်ရောင်းတဲ့လူတွေတော့ ဩချလောက်ပါရဲ့
    သူများက စေတနာနဲ့လှူကြတာ ကိုယ်မလှူနိုင်ရင်တောင် ကြားထဲကဝင်မလုသင့်ပါဘူး
    မခိုးတတ်ရင် ဈေးရောင်းဆိုတာ ဈေးဗန်းချရောင်းတဲ့ ဈေးသည်တွေကိုပဲပြောတာမှမဟုတ်တာ
    (အရင်ကတော့ မလှူတတ်ဈေးရောင်းဆိုပေမယ့်)

  • ရွှေအိမ်စည်

    September 12, 2011 at 12:19 pm

    ဒီပိုစ့်ဖတ်ပြီးတော့…
    ဝိသာခါ..ကဆရာလေးနဲ ့..လှူတာသတိယမိတယ်…..
    အလှူအတွက်ဆန်လည်း..ဒီလိုဈေးသည်နဲ ့ကျနော်တို ့တွေ ့ခဲ ့ဘူးပါတယ်။။။။

    ဗဟုသုတပေါ့ဗျာ

  • hmee

    September 12, 2011 at 1:36 pm

    ရှုံး..လူ ပြောတာနဲ့ ဘုရင့်နောင်ပွဲရုံတန်းဆိုင်က စာရေးတွေပြေးမြင်မိတယ်။ တချို့ကတော့ ကေကိုကြော့နေတာကို မြင်မိသလားလို့ 🙂 ။ ဆန်ကောင်းကို နဲနဲညံတဲ့ဆန်ရော ရတာ နောက် အကြောင်း တခုရှိသေးတယ်။ တချို့ ဆန်ဝယ်သူများဟာ လောဘ အင်မတန်ကြီးပါတယ်။ ရောင်းတဲ့သူလည်း (ထိုက်သင့်တဲ့)အမြတ်လိုချင်လို့ ရောင်းရတာကို ကိုယ်ခြင်းမစာ မတော်မတရားပဲ ဈေးတင်ထား သလိုလို ဆစ်ပါတော့တယ်။ တချိုကဆို ဘယ်လောက် လူပါးဝလဲဆို သူ့အိမ်ကို အိတ်ကြီးထမ်းပြီး ပို့ပေးတဲ့ အထမ်းသမားကို အခ မပေးပါဘူး။ ပြောင်ကို ပြောတာပါ။ မိတ်ကလည်းမပျက်ချင် ရောင်းလည်း ရောင်းချင်တော့ ဆိုင်ရှင်မှာ သူလည်း အဆင်ပြေ ကိုယ်လည်းအဆင်ပြေ ကြံရပါတော့တယ်။ ဈေးဝယ်က သင်လို့ တတ်လာတဲ့ အတတ်တွေပါပဲ။ မတော်လောဘရှိတဲ့ ရောင်းသူများကို မဆိုလိုပါ။ သူလိုချင်တဲ့ ဆန်ကောင်းအိတ်ထဲက အလုပ်သမားခ ( အခမပေးချင်သူဆိုလျှင်) ဖိုးရအောင် ဆန်နဲနဲညံတာ (နှစ်ပြည်စ၊ သုံးပြည်စ) ရောရပါတယ်။ အဲ…ကိုယ့်အရင်းထဲက ပါအောင်ပါ ဆစ်သူဆိုရင်တော့ ပိုရောပါတယ်။ တချို့ဆိုရင် သူ့အိမ်ကို ရောက်ပြီးသား ဆန်အိတ်ကို ချက်ကြည့်တာ မကောင်းဘူးပြောရင် သွားလည်း ပြန်ယူရသလို အသစ်ပါလဲပေး ရအောင် ဇီဇာကြောင်သူ ရှိပါသေးတယ်။ အသွားအပြန်သယ်ခ မပေးသလို ချက်စားထားတာတောင် မနှုတ်ရပါဘူး။ အဲ့လိုလူ များများသာဆို ဆိုင်ရှင် ဒေဝါလီ ခံရကိန်းရှိလို့ သူကိုက် ကိုယ်ကိုက် ကြံကြရပါတယ်။ ဆန်လက်လီ ရောင်းသူတွေဟာ တအိတ်လုံးရောင်းရင် သိပ်မမြတ်ပါဘူး။ အလွန်ဆုံး (၅၀၀)ပဲ ပြည်ခြင်းရောင်းရင် ပိုမြတ်ပါတယ်။ ဒါကို ငါတို့က အိတ်လိုက်ယူတာ လျှော့ဆိုပြီး ခပ်တင်းတင်း မတော်လောဘနဲ့ ဆစ်လို့ကတော့ ရောခံရမယ်မှတ်။ ကဲ..ရွာထဲက ရွာသူ ရွာသားတွေလည်း ဈေးထဲမှာ ဆန်ဝယ်ရင် အရမ်းကာရော မဆစ်နဲ့တော့နော် အရောခံရမယ်မှတ်။ အရောမခံရရင်တောင် ငါဝယ်တာ အိတ်က ပါကင်ပိတ်ဆိုပြီးလည်း ကျေနပ်မနေနဲ့ဦး ကလောင်နဲ့ထိုးပြီး အယူခံထားရမှာပဲနော့။ 🙂 ရှုံး..လူရေ မမှီက ရောင်းသူ ခံရတာတွေနဲ့ ပညာပြတာတွေ ဗဟုသုတ ရအောင် ထပ်ဖြည့်လိုက်တယ်နော်။

  • ဆူး

    September 12, 2011 at 9:15 pm

    ဆန်နဲ့ ပတ်သတ်လို့တော့ သိပ်မသိဘူး။
    မမ ပြောသလို ပစ္စည်းချင်တူတူ လူစည်နေတဲ့ ဆိုင်မှာ ဝယ်တာ မှန်တာတော့ အမှန်ပါပဲ..
    ဆူး က ပစ္စည်းချင်းတူတူ လူ မရှိတဲ့ ဆိုင်ဆို သနားတယ်.. သွားပြီး အားပေးတတ်တယ်။ တခါတလေ လူ မရှိပေမဲ့ ကိုယ်ဝင်သွားပြီးမှ ဆက်တိုက် လူတွေ ကျလာတတ်တယ်။

    ဝယ်သူ အနေနဲ့ကတော့ ဈေးသက်သာတာကိုပဲ လိုချင်တာဆိုတော့ ဆစ်ကြည့်တဲ့ သဘောပါပဲ။
    ဈေးသိပ်ဆစ်တတ်တဲ့ လူတွေ ဆစ်တာ ခံရရင် ဈေးသည်ကလည်း ကြိုတင်ပေးထားတတ်ကော.. ဈေးမဆစ်တဲ့ လူနဲ့ တွေ့ရင် အားတောင် နားသလို ဖြစ်သွားတာမျိုး..

    ဘယ်လုပ်ငန်းမှာ မဆို.. ရည်ရှည် လုပ်မယ် ဆိုရင်တော့ တနပ်စား ဉာဏ် မသုံးသင့်ပါဘူး။ အလုပ်အပေါ် သစ္စာ ရှိမှ အလုပ်ကလည်း ကိုယ့်ကို ခင်တွယ်လာပါလိမ့်မယ်။

    အလုပ်ရှင်နဲက အလုပ်သမား ဆိုတာလည်း ပိုက်ဆံပေးလို့ ပိုက်ဆံ ရလို့ လုပ်နေတယ် ဆိုပေမဲ့ စေတနာ အပြန်အလှန်ထားရင် ရည်ရှည် လက်တွဲ လုပ်မဲ့ အဖော်ကောင်း လို့ပဲ မြင်ပါတယ်။
    လုပ်သားတိုင်းက အလုပ်ရှင်ကောင်းလိုအပ်သလို
    အလုပ်ရှင်တိုင်းကလည်း လုပ်သားကောင်း လိုအပ်ကြပါတယ်။
    တဦးနဲ့ တစ်ဦး အပြန်အလှန် ဖေ့မမှ အလုပ်ကလည်း လွယ်လင့်တကူ အဆင်ပြေချောမွေ့မှာလို့ ယုံတယ်။

  • padonmar

    September 12, 2011 at 9:26 pm

    ” ကျွန်တော့်နောက်တွင် မှီခိုနေသည့် သနားစရာ မိသားစုဟူသည်မှာ အဘယ်သူများ ဖြစ်လေသနည်းဟု ကြည့်မိသောအခါ အဘယ်သူမျှ မတွေ့မိဘဲ သနားစရာ ထိုအဖွားကြီးတို့ မိသားစုကိုသာ ပြေးမြင်မိတော့သည့်အတွက်”
    ရှုံးလူ ရေးတာ ကွက်ကွက်ကွင်းကွင်းကိုမြင်လာလို့ ရီရပါတယ်။
    ဒါပေမယ့် ဖတ်တဲ့သူတွေ ဘုရင့်နောင်က ပွဲရုံတွေအကုန်လုံးကိုတော့ ရှုံးလူရေးသလိုချည်းဘဲ မထင်ကြပါနဲ့နော်။
    ကောင်းတဲ့သူတွေလည်းအများကြီးရှိပါသေးတယ်။

  • thit min

    September 13, 2011 at 9:47 am

    ကျနော်လဲတချိန်ကဘူရင့်နောင်ပွဲရုံတန်းမှာ
    ပရိုက်ဗိတ်ကွန်ပဏီတခုရဲ့တာဝန်ခံအဖြစ်တနှစ်လောက်နေခဲ့ဘူးပါရဲ့။
    ရှေ့မှာရှိတာကပုဇွန်ခြောက်ပွဲရုံပါ။တခါတခါလက်ဆောင်ဆိုပြီး
    ပန်းကန်ပြားတချပ်အပြည့်ပုူဇွန်ခြောက်တွေလာပေးတတ်ပါတယ်။စားရေးမလေးတွေ
    ကလဖက်သုက်ပါတော့တယ်။လဖက်မမြင်ရအောင်ပုဇွန်ခြောက်နိုင်းချင်းပါ။
    ချိုလိုက်တဲ့အရသာခုတွေးမိတိုင်းအဲဒီကိုစိုးဝင်းတို့မိသားစုကိုကျေးဇူးတင်နေဆဲပါ။
    ပုဇွန်ခြောက်လေလံပွဲကလဲစိတ်ဝင်စားစရာပါ။
    ဈေးဖြတ်ပြီးရင်နဲနဲပါးပါးရောင်းပေးဘို့ကောင်းတဲ့
    ပုဇွန်ခြောက်ကိုကုန်သယ်မကြည့်ခင်ကိုယ်ကကြည့်ထားသေးတာ။
    ပုဇွန်ခြောက်ကိုလက်ထဲအပြည့်ဆုပ်ပြီးပြတင်းပေါက်ကနေ
    လူတွေကိုကြည့်ရင်းတကောင်ခြင်းပါးစပ်ထဲမှာဝါးရတာမမေ့နိုင်ပါဘူးလေ။

  • နီလေး

    September 13, 2011 at 11:17 am

    အဲလိုအလုပ်သမားတွေအပေါ်ကိုယ်ချင်းမစာတတ်တဲ့ အဖွားကြီး စီးပွားရေးလဲ ကြာကြာမခံလောက်ပါဘူး

Leave a Reply