“Save the Irrawaddy” ဟောပြောပွဲ

POLSeptember 12, 20111min680

ဧရာဝတီမြစ်ကို ကယ်တင်ထိန်းသိမ်းရန် ရည်ရွယ်ပြုလုပ်ခဲ့သည့် ‘Save the Irrawaddy’ ဟော ပြောပွဲကို ရန်ကုန်မြို့၌ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ဝ ရက်နေ့က ကျင်းပခဲ့ပါတယ်။

မြန်မာပြည်ကိုချစ်သော စာရေးဆရာ၊ ပညာရှင်များ က ဟောပြောဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအထဲကမှ အရေးကြီးတဲ့အချက်တစ်ချို့ကိုကောက်နှုတ် တင်ပြလိုက်ပါတယ်။

ဧရာဝတီဆည်နဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင် အကျိုးဆက်တွေ ကို လေ့လာထားတဲ့၊ ဧရာဝတီမြစ် အထက်ပိုင်းမှာ ဆည်တွေဆောက်လိုက်တဲ့အခါ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာကို မြန်မာနိုင်ငံ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ မြန်မာပညာရှင်၊ တရုတ်ပညာရှင်တွေလည်း ပါတယ်။ စာမျက်နှာ ၉၀ဝ ကျော်ရှိတဲ့ လေ့လာချက်စာတမ်း ၁ စောင် ထွက်ခဲ့ပါ တယ်။ ၂၀၀၉ အောက်တိုဘာလမှာ ထွက်ခဲ့ပါတယ်။ အဲဒီက စာလေးတစ်ပိုဒ်ကို ဖတ်ပြချင်တယ်။ ‘မြန်မာ နှင့် တရုတ်နိုင်ငံတို့မှ သဘာဝပတ်ဝန်းကျင် ဆိုင်ရာများကို အမှန်တကယ်ပူပန်၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုများကို ရည်ရွယ်ပါလျှင် ဧရာဝတီမြစ်ဆုံတွင် သည်မျှ ပမာဏကြီးသော ရေလှောင်ကန်ကို တည်ဆောက်ရန်မလိုချေ’ တဲ့။ ဒါသည် ပညာရှင်တွေရဲ့ ထုတ်ဖော်ချက်ပါ။ (ကိုမြင့်ဇော်)

ဒီဟောပြောပွဲဟာ ‘Save the Irrawaddy’ ဟောပြောပွဲ ဖြစ်တဲ့အတွက် ဧရာဝတီအကြောင်း ပြောရမယ်။ ကျွန်တော့်ရှေ့လူတွေက ပွင့် ပွင့်လင်းလင်း ပြောသွားကြတယ်။ ကျွန်တော်ကတော့ အသက်ကြီးတော့ ကြောက်တတ်တယ်။ ဒါကြောင့် တစ်ခွန်းတည်း ပြောပါမယ်။ ဧရာဝတီမြစ်ဆုံမှာ ရေကာတာ ဆောက်မယ့်ကိစ္စကို ကျွန်တော်လုံးဝ ကန့်ကွက်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းဟာ လာမယ့် ဆယ်စုနှစ်တွေမှာ မိုးနည်း နိုင်ပါတယ်။ အဲဒီအချိန်မှာ ဧရာဝတီ မြစ်ကို ရေပိတ်ထားရင် ဆည်မှာလည်း သတ်မှတ်ထားတဲ့ ရေမရရင်  ရေကိုယူထားမှာပဲ။ မြစ်မှာ ရေစီး နည်းသွားမယ်။ မြစ်ကျဉ်းလာမယ်။ မြစ်တိမ်လာမယ်။ ကမ်းပါးတွေကလည်း ကြာတော့ မာခဲသွားနိုင်ပါတယ်။ (ဒေါက်တာထွန်းလွင်)

မြစ်ဆုံမှာဆည်ဆောက်ပြီးရင် တစ်နိုင်ငံလုံး မီးလင်းမယ်တဲ့၊ဆရာ့ သဘော ဘယ်လိုရှိလဲလို့ မေးလာပါတယ်။ ကျွန်တော်ကလည်း  ရိုးရိုးပဲ ဖြေလိုက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကသစ်တောတွေနဲ့ ဧရာဝတီကို ဒီအတိုင်း စီးခိုင်းပြီးတော့ပဲ ကျွန် တော်အမှောင်ထဲမှာပဲ နေချင်ပါတယ် လို့ဖြေလိုက်ပါတယ်။ (မောင်စိန်ဝင်း ပုတီးကုန်း)

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို  ဘယ်လိုမြင်သလဲဆိုတော့  အိန္ဒိယ သမုဒ္ဒရာဘက်ကို ထွက်ပေါက်ဖြစ်နေတယ်။ နိုင်ငံလူဦးရေနည်းပြီး သယံဇာတများတယ်။

မြန်မာနိုင်ငံက တရုတ်ပြည်နဲ့ အိန္ဒိယပြည်ရဲ့ကြားမှာရှိနေတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ တရုတ်ကြီးအပြင် ကုလားကြီးရဲ့ အန္တရာယ်ကပါ သတိပြုရမှာပါ။ ရင်းနှီးမြှုပ်နှံမှုများတာ ကောင်းပါတယ်။ အဲဒီရင်းနှီးမြှုပ် နှံမှုတွေက ထိထိရောက်ရောက် ဖြစ်ဖို့ကောင်းတယ်။ ထိရောက်တဲ့၊ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုတာဘာလဲဆိုတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိရဘူး။ စားသုံးသူကို မထိခိုက်ရဘူး။ သဘာဝပတ်ဝန်းကျင် မပျက်စီးရဘူး။ လူ့အခွင့်အရေးကို  မချိုးဖောက်ရဘူး။ (ကိုတာ)

အပြည့်အစုံ ကို www.news-eleven.com မှာ ဖတ်နိုင်ပါတယ်။