မြန်မာနေရှင်နယ်လိဂ်နှင့် ပရော်ဖက်ရှင်နယ် ပဲ့တင်သံများ

သူရႆဝါSeptember 12, 20112min984

“မြန်မာနေရှင်နယ်လိဂ်နှင့် ပရော်ဖက်ရှင်နယ် ပဲ့တင်သံများ”

ဘောလုံး အားကစားကို အရူးအမူး ဝါသနာပါသော ကျွန်တော်သည် ကိုယ့်နိုင်ငံတွင် ဘောလုံးပြိုင်ပွဲ များကို ပရိုလိဂ် အဆင့်သို့ ကူးပြောင်း ကစားမည်ဟု သတင်းများ ကြားရစဉ်က အလွန်ကို ပျော်ခဲ့သည်။ သိပ်မကြာ … သတင်းများ ကြားရသည့် အတိုင်း ပရိုလိဂ် အဖြစ် ကူးပြောင်း၍ “မြန်မာ နေရှင်နယ်လိဂ်” ဟု အမည်တပ်ကာ ကလပ် အသင်းများ ဖွဲ့စည်း လိုက်ကြတော့ ပိုပျော်သည်။ ရန်ကုန် ယူနိုက်တက်၊ ရတနာပုံ အက်ဖ်စီ၊ မကွေးအက်ဖ်စီ စသည်ဖြင့် ကလပ် အသင်းများ ပေါ်ပေါက် လာသည်။ ဝန်ကြီးဌာန အသီးသီးတွင် ကစားနေကြသော မြန်မာ့ လက်ရွေးစင် ဘောလုံးသမား များနှင့် လူငယ်သွေးသစ် ဘောလုံး သမားများ မိမိကစားလိုသော ကလပ်များသို့ သွားရောက် ကစားကြသည်။ အမြင့်ဆုံး ကစားသမား ပြောင်းရွှေ့ကြေး သိန်းတစ်ရာ၊ ထိပ်တန်း ဘောလုံးသမား တစ်ဦး၏ လစာငွေက ဆယ်သိန်း … သတင်းများ ဖတ်ရသည်။ အလို … တကယ်ကို လုပ်တာပါလား တွေးမိ၏။ သူတို့အပေါ် မုဒိတာလည်း ပွားမိ၏။ ကလပ်အသင်း အတော်များများ ပြည်ပ ကလပ်များမှ ကြေးစား ကစားသမား များကို အသင်းတွင် လုပ်ခလစာ ပေး၍ ခေါ်ယူ ကစား ကြသည်ဟု သိရပြန်၏။ ပျော်လိုက်သည့် ဖြစ်ချင်း …။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ် ဖြစ်ရမည် ဆိုတာ အမှန်ပဲကိုး ဟုလည်း တွေးမိ၏။ ပရိုမယ့် ပရိုတော့လည်း ပက်ပက်စက်စက်ကို ပရိုကြ တော့တာပါလား ဟရို့။ ပြည်တွင်းရှိ ကစားသမား များနှင့် နိုင်ငံခြားသား ပရို ဘောလုံးသမားများ ပေါင်းစပ် ထားသည့် ကစားပွဲများ ကြည့်ရတော့မည်။ အဆင့်အတန်း မြင့်မားသော ဂိုးများ၊ ကစားကွက်များ မြင်ရတော့မည်။

MNL ပြိုင်ပွဲ စစချင်း ပါဝင် ယှဉ်ပြိုင်သော ကလပ်အသင်းက ရှစ်သင်း။ ဘယ်အသင်းကို အားပေးရမလဲ တွေးစရာ ဖြစ်လာပြီ။ ကိုယ်က ရန်ကုန်သား ဆိုတော့ ရန်ကုန် ယူနိုက်တက်ပဲ အားပေး လိုက်ရမလား …၊ အဲ … ရတနာပုံ အသင်းမှာ ကျတော့လည်း ကိုယ်ကြိုက်သည့် ဘောလုံးသမားတွေ ပါနေပြန်ရော၊ ဒါမှမဟုတ် … အားနည်းတဲ့ ဆောက်သမ်းတို့၊ ဥသာ ယူနိုက်တက်တို့ အားပေးရမလား … တွေးလို့ မဆုံးနိုင်။ MNL ကလည်း မစနိုင်သေး။ ကြည့်ချင်တာ အားပေးချင်တာက တစ်ပိုင်းကို သေနေပြီ။ အားပေးရမယ့် အသင်းကို ရွေးပြီး လို့ကတော့ တကယ့်ကို စိတ်နှစ်ပြီး အားပေး ပစ်လိုက်မည်။ နိုင်ငံခြားက ပရိသတ်တွေလို ကိုယ်အားပေးသည့် အသင်း၏ ပွဲလက်မှတ်ကို တစ်ရာသီစာ ဝယ်ယူ အားပေး လိုက်မည်၊ ကိုယ့်အသင်း အလံကို ပါးမှာ ခြယ်ပစ်မည်၊ ကျောအပြည့် တက်တူး ထိုးမည်၊ ကိုယ့်အသင်း နာမည်ကို တဖွဖွ အော်ဟစ်၍ အသည်းပေါက် မတတ် အားပေးမည်၊ ပွဲကစား နေချိန်အတွင်း လီဗာပူးလ် ပရိသတ်များ You’ll Never Walk Alone အော်သလိုမျိုး သံပြိုင်စာသားများ စိတ်ပါလက်ပါ ဆို၍ အားပေးမည်၊ ကိုယ့်အသင်း နိုင်ပွဲများ၊ ဆုဖလားများ ရပြီဆိုလျှင် ကိုယ့်အသင်း ပရိသတ်များ နှင့်အတူ တစ်မြို့လုံး ကားများဖြင့် လှည့်လည်၍ အောင်ပွဲခံ ပစ်လိုက်မည် .. စသည် စသည်ဖြင့် တွေးထားလိုက်၏။ ဟုတ်တယ်လေ … ပြိုင်ပွဲကြီးလည်း ပရို၊ အသင်းတွေ ကလည်း ပရို၊ ကစားသမား တွေလည်း ပရို ဖြစ်နေမှတော့ ပရိသတ်ဖြစ်သည့် ကိုယ်လည်း ပရိုပရိသတ်ပေါ့ … တစ်ပြားမှ မလျှော့။ ဒီလိုသာ မှန်းဆ ထားသော်လည်း တကယ်တမ်း ပြိုင်ပွဲစသည့် အချိန်တွင် မအားလပ်သည့် အလုပ်များကြောင့် သွားမကြည့်နိုင်။ စိတ်ထဲမှာ တစ်ခုခု လိုနေသလို အမြဲတမ်း ခံစားမိ၏။

မကြာပါ။ ကျွန်တော် မျှော်လင့်သော နေ့ကို ရောက်လာသည်။ အလုပ်အားချိန်နှင့် ဘောလုံးပွဲ ရှိချိန်တို့ တိုက်ဆိုင် သဖြင့် အလွန်တရာ ကြည့်ချင်လှသော MNL ပြိုင်ပွဲကြီး ရှိရာ သုဝဏ္ဏ ကွင်းဆီသို့ အပြေးတစ်ပိုင်း သွားမိသည်။ တစ်ရာသီစာ လက်မှတ်ကို ဝယ်၍ ကြည့်လိုက်မည်ဟု ကြိမ်းဝါး ထားသော သူရဿဝါ တစ်ယောက် တကယ်တမ်း ကျတော့ ဘိုင်ပြတ်သည့် အချိန်နှင့် တိုးနေ၍ သူငယ်ချင်း တစ်ယောက် ဝယ်ပေးသည့် လက်မှတ်ကလေး ကိုင်၍ ကပ်ကြည့် ရသည်။ ထားပါ .. ဒါက ကိစ္စမရှိ။ ကြည့်ရဖို့ အရေးကြီး တာပဲနော့။ သိပ်ကို ကြည့်ချင်စိတ်တွေ များနေလို့ လားတော့မသိ။ ထိုနေ့က တကယ်တမ်း ပွဲစမည့် အချိန်က ညနေ လေးနာရီ။ ကျွန်တော်က သုံးနာရီ မထိုးခင် ကတည်းက သုဝဏ္ဏကွင်း အပြင်ဖက် အသင်းတိုက် မှတ်တိုင်ကို ရောက်နေပြီ။ တိုက်တိုက်ဆိုင်ဆိုင် ပွဲကလည်း အသင်းကြီး နှစ်သင်း၏ ပွဲကြီး ပွဲကောင်း။ ဒီတော့ ပရိသတ် တွေကလည်း အင်တိုက်အားတိုက်၊ အုံနဲ့ ကျင်းနဲ့ပေါ့။ ကျွန်တော့်လိုပဲ သုံးနာရီ မထိုးခင် ကတည်းက ကွင်းပတ်လမ်း ထဲမှာရော၊ အပြင်ဖက် ကားမှတ်တိုင် နားတွေမှာပါ လူစုလူဝေးကြီး ဖြစ်နေသည်။ မမလှလှ ကလေးတွေလည်း တွေ့သည်၊ ဦးလေးကြီး အန်ကယ်လ်ကြီး များလည်း တွေ့သည်၊ ကိုကို ကာလသား များလည်း တွေ့သည်။ တို့နေရှင်နယ်လိဂ် ပြိုင်ပွဲက အရွယ်သုံးပါး အားပေးသူ ပရိသတ်တွေ နဲ့ပါလား။ စိတ်ထဲ ကြိတ်၍ ဝမ်းသာ မိသည်။ အဲဒီအချိန် တုန်းကပေါ့လေ။

အဲဒီအချိန်မှာပဲ ဟိုနား ဒီနား ပတ်ဝန်းကျင်က ဆူဆူညံညံ အသံတွေ ကြားရလို့ ဝေ့ဝိုက် ကြည့်မိသည်။ ယောက်ျား လေးများ ဟိုတစ်စု၊ ဒီတစ်စု။ ကျွန်တော့် အရွယ် ၂ဝ ကျော် ကောင်လေး တွေလည်း တွေ့၏၊ သုံးဆယ်နီးပါး ကာလသား များလည်း တွေ့၏။ အကောင်းအတိုင်း တော့မဟုတ်။ အားလုံးနီးပါး မူးနေကြသည်။ လက်ထဲမှာ အရက် ပုလင်းတွေ ဘီယာ ပုလင်းတွေနှင့်။ အော် … ရဲဆေးတင်တာ ဖြစ်မှာပါလေ။ ခပ်ပေါ့ပေါ့ တွေးမိသည်။ ပြီးမှ .. ဟယ် .. မဟုတ်သေး ပါဘူး။ ရဲဆေးတင် ထားကြတယ် ဆိုရအောင် ကောင်မလေးကို ရည်းစားစကား လိုက်ပြောဖို့လည်း မဟုတ်၊ မင်္ဂလာဦး ညလည်း မဟုတ်၊ ဘောလုံးပွဲ လာကြည့်တဲ့ ကိစ္စကို … ဘာလို့များပါလိမ့်။ စဉ်းစား၍ မရ။ ထပ်ကြည့်မိသည်။ ကြည့်သောသူ မြင်၏။ ထပ်ကြည့်တော့ ထပ်မြင်၏။ အချို့များ တော်ရုံ မူးနေတာတောင် မဟုတ်။ ပုဆိုးကွင်းသိုင်း၍ လမ်းမလျှောက် ယုံတမယ်။ ဘောလုံးပွဲ လာကြည့် တယ်လည်း ဆိုသေး … ဒီလောက် မူးနေတာ ဘယ်လို အသိစိတ်ဖြင့် အားပေး မှာပါလိမ့်။ ထားပါလေ … နေရာတိုင်းမှာ သိုးမည်း ဆိုတာတော့ ရှိတတ်တာချည်း။ ဒါတွေက ဘောလုံးပွဲ အကြောင်းပြ အယောင်ဆောင် ပရိသတ်တွေ ဖြစ်မှာပေါ့။ ကွင်းထဲ ရောက်တော့ တကယ့် ပရိသတ် အစစ်တွေ၊ ပရို ပရိသတ်တွေ တွေ့ရမှာပဲ။ သုံးနာရီ ခွဲခါနီးတော့ တိုးဝှေ့နေသော လူအုပ်ကြီး ကြားထဲမှ နေ၍ အထူးတန်း ပွဲကြည့်စင် အထိ ရောက်သွား၏။ ပရိသတ်က နှစ်ခြမ်းခွဲလျက်။ ဟိုဖက်ခြမ်းမှာ ဟိုဖက်အသင်း ပရိသတ်၊ ဒီဖက်ခြမ်းမှာ ဒီဖက်အသင်း ပရိသတ်။ ကြည့်စမ်း … စည်းစနစ်ကျ လိုက်ကြတာ။ စိတ်ထဲမှ ကြိတ်၍ ချီးကျူးမိသည်။ ပရိသတ်များ တညီတညာတည်း ကိုယ့်အသင်း နာမည်တွေ အော်လိုက်၊ ပြီးလျှင် တဖြောင်းဖြောင်း လက်ခုပ်တီးလိုက်၊ တဟေးဟေး အော်လိုက်နှင့်။ ကျွန်တော်ပါ စိတ်တွေ တက်ကြွ လာသည်။ အဲဒီအချိန် အထိပေါ့လေ။

ဒီလိုနှင့် လေးနာရီ ထိုးခါနီး၍ ကစားမည့် နှစ်ဖက်အသင်း ကစားသမားများ အပြင်သို့ ထွက်ရန် လျှောက်လမ်း ပေါ်သို့ ရောက်လာ ကြသည်။ ထိုအချိန်မှာပင် သူရဿဝါ၏ အံ့ဩခြင်းများ စတင်သည်။ ကွင်းထဲသို့ စတင် ဝင်လာတာက ဟိုဖက်ခြမ်းမှ ပရိသတ်များ၏ အသင်း။ သို့သော် ထိုအသင်း နာမည်ကို သံပြိုင် အော်ဟစ်သံများ ထွက်ပေါ် လာသည်က ဒီဖက်ခြမ်းမှ ပရိသတ်များ ဖြစ်နေသည်။ “…. ပဲ” “….. ပဲ” “… ပဲ”။ ကြိုတင် အချိန်ယူ တိုက်ထား ကြသည့်အလား ထိုအသံက ညီညီညာညာကြီး ထွက်ပေါ် လာ၏။ အောင်မာ … တော်တော်ကို ညီတာ .. မဆိုးဘူးပဲ၊ တွေးမိ၏။ ဘယ့်နှယ် ဒီအသင်း နာမည်ကလည်း နှစ်လုံးထဲ “…. ပဲ” ရယ်လို့။ မဟုတ်သေးပါဘူး … ကြောင်၍ စဉ်းစားမိ၏။ ခဏနေမှ … ဟင် … ဒါက အသင်း နာမည်မှ မဟုတ်တာ။ လက်စသတ်တော့ ဆဲနေကြ တာကိုး။ ဆဲတာမှ ယောက်ျားလေးများ သူတို့၏ ဖွားဖက်တော် နှင့်ကို တိုင်းဆဲနေတာ .. တကယ့်ကို ပယ်ပယ်နယ်နယ်။ အထက်တွင် ပြောခဲ့သလို ထိုဆဲသံကြီးက တော်တော် ညီညာဖျဖျ ရှိ၏၊ အားပါ၏၊ မာန်ပါ၏၊ တော်လဲသံ ကဲ့သို့ ကျယ်လောင်၏။ ဘယ်လောက်အထိ ကျယ်သလဲ၊ ညီသလဲ ဆိုလျှင် ကွင်းအပြင် ခပ်လှမ်းလှမ်းမှ နေ၍ နားထောင်လျှင်တောင် ထိုဆဲသံ အကျယ်ကြီးကို ပီသကြည်မြစွာ ကြားရ လောက်သည် အထိ။ ကျွန်တော် ဘယ်လိုမှ နားမလည်နိုင်။ ဘာကြောင့် ဆဲကြ ပါသနည်း။ ပွဲကလည်း မစသေး၊ ထွက်လာသည့် ဘောလုံးသမား တွေကလည်း ဘာအပြုအမူမှ ပရိသတ်ကို မပြသ၊ သူတို့ဟာ သူတို့ ထွက်လာ ကြတာ၊ ဘာလို့များ ဆဲကြပါလိမ့်။

တွေး၍ပင် မဆုံးလိုက်။ ဒီဖက်အသင်း ထွက်လာသည်။ ဟိုဖက်အခြမ်းက ပရိသတ်များ အခုနကထက် မလျော့သော အသံဖြင့် အခုနက စကားလုံးဖြင့် အော်နေ ဆဲနေကြ ပြန်သည်။ ကျွန်တော် တော်တော်ကို ခေါင်းရှုပ် လာ၏။ ဘယ်လိုမှ မနေနိုင်သည့် အဆုံးတွင် အခုနက စိတ်ပါလက်ပါ အော်ဆဲနေသော ကိုယ့်ရှေ့ရှိ လူတစ်ဦးကို မေးမိသည်။ “အစ်ကိုကြီး … ဟိုဖက်အသင်း ထွက်လာတော့ ဒီဖက်ပရိသတ်က ဆဲ၊ ဒီဖက်အသင်း ထွက်လာတော့ ဟိုဖက် ပရိသတ်က ဆဲနဲ့ … ပွဲကဖြင့် ဘာဆိုမှတောင် မဘာရ သေးဘဲနဲ့ … ဘာလို့ ဆဲကြတာလဲဟင်” ဆိုတော့ အနှီသူက ကျွန်တော့်ကို ထူးဆန်း အံ့ဩဖွယ်ရာ အကြည့်ဖြင့် မကြည်သလို အရင်ကြည့်သည်။ သူ့အကြည့်ထဲတွင် “ဒီကောင်က ငတုံးပဲ၊ ဒါလေးတောင် မသိဘူး၊ မြန်မာပြည်မှာ ဘောလုံးပွဲ တစ်ခါမှ မကြည့်ဖူးတဲ့ တောက တက်လာတဲ့ ငနဲထင်တယ်၊ ဆဲတာများ အထူးအဆန်း လုပ်လို့၊ ထုံးစံပဲဟာကို” ဟူသော အဓိပ္ပါယ်များ ပါဝင်နေသည်ကို ကျွန်တော် မြင်လိုက်သည်။ ထိုသို့ မကြည်သလို ကြည့်ပြီးမှ ခပ်ပြတ်ပြတ် ပြန်ဖြေ၏။ “နာမ်နှိမ်တာ …” တဲ့။ မြတ်စွာဘုရား …။ အထိတ်တလန့် ဘုရားတမိ၏။ ဘုရားတ၍ သုံးခါပင် မပြည့်သေး။ ဟိုဖက်အသင်း ပရိသတ်နှင့် ဒီဖက်အသင်း ပရိသတ် နှစ်စုပေါင်း၍ တညီတညာ တည်းသော အခုနကလို ဆဲသံကြီး ပေါ်ထွက်လာသည်။ ဒီတစ်ခါ .. ဘောလုံးသမား တွေကို ဆဲတာ မဟုတ်တော့ပေ။ ဒါဖြင့် ဘယ်သူ့များ ဆဲတာပါလိမ့်။ ကွင်းအတွင်း လှမ်းကြည့်တော့ … ဒိုင်လူကြီးများ ထွက်လာသည်။ ကျွန်တော် ဘုရား မတဘဲ တရားကျသွားသည်။ အော် … ဒိုင်လူကြီးခမျာ ဝီစီတောင် မမှုတ်မရသေး၊ ခေါင်းပန်းပင် မလှန်ရသေးခင် နာမ်အနှိမ် ခံလိုက်ရပြီ။

ဒါတွေက ပရိုပြိုင်ပွဲကြီး အတွင်းက ပရိုအသင်းများကို အားပေးမည့် ပရိသတ်တွေ ပါလား။ တစ်ကွင်းလုံးမှာ ငါတစ်ယောက်တည်း ပရိုပရိသတ် ဖြစ်နေတာ ထင်တယ် … တွေးရင်း အားငယ် သွားသည်။ အားငယ်၍ပင် မဆုံးလိုက် ပြန်ပါ။ ဘုရားလည်း မတနိုင်၊ တရားလည်း မကျနိုင်ဘဲ … စိတ်ဓါတ် ကျစရာ ဖြစ်သွားသည်။ အခုနကလို ဟိုဖက် ဒီဖက် ပရိသတ် နှစ်စုပေါင်း၏ ညီညာဖျဖျ ဆဲသံကြီး ထပ်မံထွက်ပေါ် လာပြန်သည်။ ဒိုင်လူကြီးကို ဆဲပြန်ပြီလား … လှမ်းကြည့် လိုက်တော့ မဟုတ်။ ဒီတစ်ခါ လူပြောင်း သွားပြီ။ ပရိသတ်ဖက်ကို မျက်နှာမူ၍ ရပ်နေကြသော လုံခြုံရေး ဝန်ထမ်းများကို ဆဲနေခြင်း ဖြစ်၏။ ဘယ်လိုလဲဟ … သူ့တာဝန်သူ လုပ်နေတဲ့ သူတွေကိုလည်း အလကားနေ ဆဲနေကြ တာပဲလား။ သူရဿဝါ .. ဒီတစ်ခေါက်လည်း ကံမကောင်းပြန်ပါ။ တွေး၍ပင် မဆုံးလိုက်ပြန်ပါ။ ဟိုဖက် ပရိသတ်က ဒီဖက်ခြမ်းကို ကြည့်၍ .. ဒီဖက် ပရိသတ်က ဟိုဖက်ခြမ်းကို ကြည့်၍ … ဟိုဖက်နှင့် ဒီဖက် အပြန်အလှန် လက်ညှိုးငေါက်ငေါက် ထိုး၍ .. မပြောင်းလဲသော ဆဲသံဖြင့် တလှည့်စီ ဖက်လှဲတကင်း ဆဲ၍ ဆဲ၍သာ နေကြလေသည်။ ဘောလုံးပွဲက မစသေးပါ၊ ဘောလုံး သမားများလည်း မကန်ရသေးပါ၊ ပရိသတ်များ ဆဲနေကြ သည်က ရန်ကုန်မှ မန္တလေးထိ ရောက်လုပြီ။ အခုနက တက်ကြွနေသော စိတ်တွေ ရုတ်ချည်း ပျောက်ကွယ် သွားသည်။ ကြည့်ချင်လွန်း အားပေးချင် လွန်းလှသော၊ ဘယ်လို အားပေးလိုက်မည် ဟူသော ကျွန်တော့် စိတ်ကူးထဲမှ မျှော်လင့်ချက် အိပ်မက် MNL ပြိုင်ပွဲကြီးသည် ထောင်သောင်း ချီနေသော နှစ်ဖက် ပရိသတ်များ၏ ရိုင်းရိုင်းပြပြ ဆဲသံများ ကြားထဲတွင် အငွေ့ပျံ ပျောက်ကွယ် သွားခဲ့ပြီ။ ကျွန်တော် တစ်ခွန်းမျှ မဆဲခဲ့ပါ။ သို့သော် ကျွန်တော် ရှက်နေမိသည်။ သူတို့တွေ ကိုယ်စား ကျွန်တော် ရှက်ရွံ့ နေမိသည်။ သူတို့တွေ အားပါးတရ ဆဲဆိုနေကြသည်။ အခွန်းပေါင်းများစွာ … မနားတမ်း မရပ်တမ်း။ သို့သော် သူတို့ တစ်ချက်မျှ မရှက်ကြပါ။

ဒီလူတွေ …. ဒီလူတွေသည် သူတို့၏ ဒေသစွဲဖြင့် သူတို့ ကြိုက်နှစ်သက်သော အသင်းကို ဘောလုံး ချစ်စိတ်၊ အားကစား ချစ်စိတ်ဖြင့် လာအားပေး ကြတာလား၊ တကယ်ပဲ ဘောလုံးပွဲ ကြည့်ချင်လို့ လာတာလား။ ဒါမှမဟုတ် လိုင်စင်ရ တရားဝင် ဆဲပွဲကြီးလား၊ အပြည်ပြည် ဆိုင်ရာ အဆဲပြိုင်ပွဲကြီး ကျင်းပနေ ကြတာလား၊ ကျွန်တော် ဝေခွဲရန် မတတ်နိုင်ပါ။ “ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ” ဟူသော စကားပုံကို သတိရမိ၏။ ထိုစကားပုံကို ချက်ချင်း ကျွန်တော့် သဘောနှင့် ကျွန်တော် ပြန်လည် ပြင်ဆင် လိုက်သည်။ “အကြည့် တစ်ပဲ ၊ အဆဲ တစ်ပိဿာ” ဟူ၍ ..။ ကျွန်တော် တကယ်ကို စဉ်းစား၍ မရပါ။ ကျွန်တော် ကိုယ်တိုင်လည်း ဘောလုံးပွဲ ကြည့်တိုင်း စိတ်ပါလက်ပါ အားနှင့် မာန်နှင့် ကြည့်ပါသည်။ ကိုယ့်အသင်းက ဂိုးသွင်းလိုက်လျှင် ပျော်သည်၊ ဝမ်းသာသည်။ ဂိုးပေါက် လွဲသွားလျှင် အားမလို အားမရ တောက်ခေါက် မိသည်။ ပွဲအတွင်း ကိုယ့်အသင်း ကစားသမားကို အခြားအသင်းမှ ကစားသမားက ဥပဒေပ ကျူးလွန်လျှင် ဒေါသ ထွက်သည်။ “တော်တော် မိုက်ရိုင်းတဲ့ ကောင်တွေပဲ” ဟု ရေရွတ်မိသည်။ ဒိုင်လူကြီး ဆုံးဖြတ်ချက်ကို မကျေနပ်ဘူး ဆိုလျှင် စိတ်လွတ်လက်လွတ် အော်မိသည်။ “ဒိုင်လူကြီးကလည်း တော်တော်ညံ့တာပဲ .. ဒါလေးတောင် မမြင်ဘူးလား” ဟူ၍ ဖြစ်သည်။ ဒီလောက်ပဲ .. ဒီလောက်ပါပဲ။ တကယ်တမ်းလည်း ဒီလောက်ပဲ လိုအပ်သည်ဟု ထင်ပါသည်။ အခုတော့ ဒီလိုမဟုတ်ပြီ။ ပွဲမစရသေး … ထွက်လာသည့် ဘောလုံးသမား တွေကို ဆဲသည်၊ ပြီးလျှင် ဒိုင်လူကြီးကို ဆဲသည်၊ ပြီးလျှင် ဘာမဆိုင် ညာမဆိုင် လုံခြုံရေး ဝန်ထမ်းများနှင့် ဘောကောက် ကလေးငယ် များကို ဆဲသည်၊ အဲဒါတွေ ပြီးသွားလျှင် ပရိသတ် အချင်းချင်း ဟိုဖက် ဒီဖက် ဆဲသည်။ မိနစ်တိုင်း စက္ကန့်တိုင်း … ထိုဆဲသံကြီး ထွက်ပေါ် မလာသည့် အချိန်ဟူ၍ မရှိ။ ကျွန်တော် အပိုပြောခြင်း မဟုတ်ပါ။ အပြစ်မရှိသူ များကို ဆဲဆို နေကြသည့် အတွက် သူတို့ မရှက်ကြ ဘူးလား၊ ကွင်းထဲတွင် ဘောလုံးပွဲ လာကြည့်ကြသော ကလေးသူငယ်များ အတုယူ မှားမှာကို မစိုးရိမ် ကြဘူးလား၊ ဘောလုံးပွဲ လာကြည့်ကြသော မိန်းကလေးများကို အားမနာ ကြဘူးလား။ တကယ်ပဲ တစ်ယောက်ချင်းကို လိုက်မေးကြည့် ချင်ပါသည်။

ယခင်က နိုင်ငံတကာ ပြိုင်ပွဲများ ကစားလျှင် အဆင့်အတန်း ရှိစွာ အားပေးသော၊ ကိုယ့်အသင်း ရှုံးလျှင် ဝမ်းနည်း ကြေကွဲစိတ်ဖြင့် ကရုဏာဒေါသော ပြောသည်မှလွဲ၍ .. ကိုယ့်အသင်း နိုင်လျှင် ရှုံးသွားသော အသင်းအတွက် စာနာ၍ ထိုအသင်း ဘောလုံးသမားများကို အားပေး နှစ်သိမ့်၍ လက်ပြကြသော … ပရိသတ်သည် ဘယ်ကို ရောက်သွား ခဲ့ပြီလဲ။ ပြိုင်ဖက် နိုင်ငံခြား အသင်း၏ နည်းပြများက “တကယ် အဆင့်အတန်း ရှိတဲ့ပရိသတ်၊ ချစ်ခင်ဖို့ ကောင်းတဲ့ စိတ်ထား၊ စည်းကမ်းရှိတဲ့ အားပေးမှု” ဟု တဖွဖွ ချီးကျူးရသော အခြေအနေများ ဘယ်ရောက် သွားပြီလဲ။ ဆိုပါစို့ .. ကျွန်တော့် နံဘေးတွင် လာကြည့်သူမှာ နိုင်ငံခြားသား တစ်ဦး ဖြစ်နေခဲ့၍ … ထိုသို့ အဆက်မပြတ် သံပြိုင် ဆဲသံကြီးကို ကြား၍ … အဲဒါ ဘာပြောတာလဲ … သူတို့ အော်ဟစ် အားပေး နေကြတဲ့ အဓိပ္ပါယ်က ဘာလဲဟု ကျွန်တော့်ကို မေးလာလျှင် ကျွန်တော် မည်သို့ ပြန်ဖြေ ရမည်လဲ။ ကျွန်တော်တို့ ပရိသတ်များ အဆင့်အတန်း မရှိ၍ အလကားနေ ဆဲဆိုနေကြ ပါသည်ဟု အမှန်အတိုင်း ပြောရမလား … လိမ်လည် ပြောဆို ရမလား။ တွေးရင်း .. တွေးရင်း ကျွန်တော် ကြေကွဲပါသည်။ ဘောလုံးပွဲ ကြည့်ရန် ကျွန်တော် စိတ်မပါတော့။ သို့သော် ခြေပစ် လက်ပစ် ဆက်၍ ကြည့်မိသည်။ နှစ်သင်းလုံး ဂိုးတွေ အပြန်အလှန် သွင်းကြသည်။ တစ်ဂိုး သွင်းတိုင်းလည်း ကျွန်တော့် ချစ်လှစွာသော ပရိသတ်ကြီး၏ ဆဲသံက တိုး၍ .. တိုး၍။ ဆဲရုံဖြင့်ပင် မကျေနပ် နိုင်ကြသော အခါတွင် ရေထည့် ထားသော ကျွတ်ကျွတ်အိတ်များ၊ ကွမ်းတံတွေး ထုပ်များ၊ ဖိနပ်များကို ကွင်းထဲသို့ ပစ်ပေါက်၍ .. ဖြစ်ချင်တိုင်း ဖြစ်နေကြ လေသည်။ ကျွန်တော် အထူး အဆန်းလည်း မဖြစ်တော့ပါ။ ဘောလုံးသမားများ၊ ဒိုင်လူကြီးများ ပွဲမစခင် .. ဘာအပြုအမူမှ မပြုလုပ် ကြသေးခင် အခြေအနေ တွင်ပင် နားကွဲမတတ် ရုန့်ရင်းကြမ်းတမ်း ကြသော သူတို့သည် ယခုလို ဂိုးသွင်း ကြသော၊ ဂိုးသွင်း ခံကြသော၊ အဆုံးအဖြတ် ပြုမူကြသော ဒိုင်လူကြီးများ၊ ကစားသမား များအား ထိုသို့ ပစ်ပေါက် ကြခြင်းကို ကျွန်တော့် စိတ်ထဲ အံ့ဩနေစရာ အကြောင်း မရှိတော့။

အချိန်တန်တော့ ဘောလုံးပွဲ ပြီးသွားသည်။ ဘယ်အသင်း ရှုံး၍ ဘယ်အသင်း နိုင်မှန်းလည်း မသိ။ ကျွန်တော် စိတ်လည်း မဝင်စား။ စိတ်လည်း မပါတော့။ ကွင်းအပြင်ကို ရောက်သွားတော့ လမ်းပေါ်တွင် ကားများ ပိတ်နေသည်။ ပရိသတ်များ စီတန်း ထွက်နေသဖြင့် ပိတ်ခြင်းတော့ မဟုတ်။ ဘောလုံးပွဲ မကြည့်ခင် အပြင်ဖက်တွင် မူးရူး နေကြသော၊ ကွင်းထဲတွင် မျက်နှာချင်းဆိုင် အပြန်အလှန် ဆဲခဲ့ကြသော ဟိုဖက်ပရိသတ် လူငယ်တစ်စုနှင့် ဒီဖက်ပရိသတ် လူတစ်စုတို့ ချစ်ချစ်ခင်ခင် ရိုက်ပွဲ ရန်ပွဲကြီး ဆင်နွှဲ နေကြ၍ ကားများ လူများ သွားမရဘဲ ပိတ်ဆို့နေခြင်း ဖြစ်သည်။ ရဲများလည်း ထိန်း၍ မနိုင် … မော်တော်ယာဉ်ထိန်းရဲ များလည်း ဆွဲ၍မရ …။ လက်ထဲတွင် အုတ်နီခဲများ ကိုင်၍၊ သစ်သား တုတ်များဖြင့် ပစ်ပေါက်သူက ပစ်ပေါက်၍၊ ထွက်ပြေးသူ များကလည်း မြင်မြင်ကရာ ကမူးရှူးထိုး စွတ်၍ ပြေးကြသည်။ လူတွေရော … ကားလမ်းမပေါ်က ကားတွေ အတွက်ရော ဘယ်လောက် အန္တရာယ် များပြားသော အခြေအနေလဲ။ ဘောလုံးပွဲ တစ်ပွဲ၏ အနိုင်အရှုံး အဆုံးအဖြတ်သည် ဒီလောက်အထိ ဖြစ်စရာ လိုအပ် ပါသလား။ ဘောလုံးပွဲ အတွင်း ပရိသတ်များ သောင်းကျန်း၍ ပွဲကြည့်စင် ပြိုကျတာတွေ၊ ဘောလုံးပွဲမှ အပြန်တွင် ခိုက်ရန် ဖြစ်ပွား၍ လူသေဆုံးမှု ဖြစ်တာတွေကို နိုင်ငံတကာ သတင်းများတွင် ကြည့်ရသည်၊ ဖတ်ရသည်။ ယခု အဲဒါတွေနှင့် သိပ်မကွာခြားသော အဖြစ်အပျက် တွေကို မျက်လုံးရှေ့မှာ ပြက်ပြက်ထင်ထင် မြင်ရပြီ။ ဘောလုံး အဆင့်အတန်း မြင့်မားစေရန် ရည်ရွယ်၍ ပရိုလိဂ် အဖြစ် ပြောင်းလဲ ကစားကြသည်။ ဘောလုံးသမားများ၊ နည်းပြများကို ထိုက်တန်သော လုပ်ခလစား များဖြင့် ပရိုဆန်ဆန် ခေါ်ယူကြသည်။ နိုင်ငံတကာ ပရိုလိဂ် များကဲ့သို့ ကိုယ်ပိုင် ဘောလုံးကွင်းများ တည်ဆောက်ရန် ကလပ် အသင်းများ ကြိုးစား နေကြသည်။ ဘောလုံးသမားများ ပရိုဆန်ဆန် ခြေစွမ်းမြင့်မြင့် ကစားနိုင်ရန် ယခင်ကထက် ပိုမို၍ အားထုတ် ကြိုးပမ်း နေကြသည်။

ထိုသို့ ပရိုလိဂ် စတင်ချိန်မှ စ၍ အားလုံး အားလုံး တကယ့် အစစ်အမှန် ပရိုလိဂ် ဖြစ်ရန် ကြိုးစား နေကြချိန်၊ တကယ့် ပရိုစစ်စစ် အဆင့်ကို မရောက်သေးခင် အချိန်မှာ ကျွန်တော်တို့၏ ပရိသတ်များက ပရိုအဆင့်ထက် များစွာ လွန်နေကြပြီ။ ကောင်းသော လွန်ခြင်းလား … ဆိုတော့မဟုတ်။ နိုင်ငံတကာ ပရိသတ်များ၏ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ အားပေးပုံမျိုး၊ ကိုယ့်အသင်း ကစားနေစဉ် စိတ်ဓါတ် တက်ကြွအောင် သံပြိုင် သီချင်းစာသားများ မြည်တမ်း အားပေးပုံမျိုး … စသည့် ကောင်းသောဖက်မှာ ပရိုမဖြစ်ဘဲ လွန်ကျူး သောင်းကျန်း၍ ရိုင်းစိုင်းကြသည့် ကိစ္စတွေမှာ ပရိုအဆင့်ထက် လွန်နေ ကြသည်။ လီဗာပူးလ် ပရိသတ်များ လိုမျိုး၊ You’ll Never Walk Alone လိုမျိုး အဓိပ္ပါယ်ရှိသော သံပြိုင်စာသား များဖြင့် အားပေး ရမည့်အစား သံပြိုင် ဆဲဆို၍ အားပေး နေကြသည်။ ကိုယ့်အသင်း နိုင်ပွဲများ အောင်ပွဲများ ရလျှင် ပရိသတ် များနှင့်အတူ မြို့ပတ်၍ အောင်ပွဲခံ လိုက်ဦးမည် ဟူသော စိတ်ကူးအစား ထိုးပွဲ ရိုက်ပွဲ ရန်ပွဲများကို လက်ခံ လိုက်ရသည်။ MNL ပြိုင်ပွဲကို မျက်ဝါးထင်ထင် မမြင်ရခင် ကျွန်တော် စိတ်ကူးယဉ် မိခဲ့သော၊ ကျွန်တော် အားပေး ချင်သော ပုံစံတွေ၊ အားလုံးသည် ထိုနေ့ တစ်နေ့တည်း မှာပင် ဘယ်ရောက်သွားမှန်း မသိတော့။ ကျွန်တော့် အမှားပဲ ဖြစ်မည် ထင်ပါသည်။ နေရာတကာ လိုက်၍ ခံစားနေသော ကျွန်တော်ပင် မှားနေခြင်း ဖြစ်ပါလိမ့်မည်။ အမှန်တကယ် ဝမ်းနည်း မိပါသည်။ ထိုနေ့၏ နောက်ပိုင်းတွင် ကျွန်တော် ဘောလုံးပွဲများ သွားမကြည့် ဖြစ်တော့။

သုဝဏ္ဏ ကွင်းသို့ ဘောလုံးပွဲများ သွားရောက် မကြည့်ရှု ဖြစ်တော့ သော်လည်း၊ MNL ပွဲများ ဘယ်နေ့ ကန်မလဲဟု အားကစား စာစောင်များတွင် မဖတ်ဖြစ် သော်ငြား တစ်ပွဲမှ မလွတ်အောင် ပွဲရှိသည့် နေ့တိုင်း နေ့တိုင်းကို ကျွန်တော် သိရပါသည်။ အဘယ်ကြောင့်နည်း …. ရှင်းပါမည်။ ညနေပိုင်း ကွင်းအနား အသင်းတိုက် မှတ်တိုင်ဖက်မှ ဖြတ်သွား၍ အသံဗလံများ တိတ်ဆိတ်၍ လူသူကင်းရှင်းသောနေ့ ဆိုလျှင် ဘောလုံးပွဲ မရှိ၍ ဖြစ်ပါသည်။ ဇဝနမှတ်တိုင် နားလောက် ကတည်းက ညီညာသော၊ ကျယ်လောင်၍ အားမာန်ပါသော ဆဲသံကြီးကို ကြားရ၍ အသင်းတိုက် မှတ်တိုင် အနားတွင် ကားများ ပိတ်ဆို့ နေပြီး တုတ်တပြက် ဓါးတပြက် ရုတ်ရုတ်သဲသဲ ရန်ပွဲများ တွေ့ရသည့်နေ့ ဆိုလျှင်မူ ပရိုအသင်း များကို အားပေးသော ပရိုလွန် ပရိသတ်ကြီး၏ ပရိုလိဂ် ပြိုင်ပွဲကြီး သေချာပေါက် ရှိသောနေ့ မို့လို့ပင် ဖြစ်လေသည်။

Photo Credit To Soccer Myanmar.Com

မှတ်ချက်။ www.soccermyanmar.com မှ Fan Talk ကဏ္ဍတွင် ရေးသားဖော်ပြထားသော ဆောင်းပါးဖြစ်ပါသည်။


သူရဿဝါ

စက်တင်ဘာ ၁၂ ရက် ၊ ၂၀၁၁ ခုနှစ်

www.thurathawah.net

www.facebook.com/ThuraThawah

www.facebook.com/LiteraryArtBlog

www.twitter.com/Thurathawah

www.moba4all.org

4 comments

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 12, 2011 at 6:05 pm

    ကျုပ်လဲဘောလုံးတော့ကြိုက်တယ်၊ဒါပေမယ့်

    အကြည့် တစ်ပဲ ၊ အဆဲ တစ်ပိဿာ” လိုကောင်တွေတော့ကြည့်မရဘူး။

  • မှော်ဆရာ

    September 12, 2011 at 6:17 pm

    ဆဲတာက စတိုင်တစ်မျိုး ဖြစ်လာပြီထင်တယ်
    မကျေနပ်ရင် ကောက်ရိုက်ပြစ်လိုက်
    အလကားနေ ဆဲနေတာမျိုး ကို သဘောမကျဘူး
    ပြုံးပြုံး ပြုံးပြုံး နဲ့ တကယ်လုပ်တဲ့ လူမျိုးကိုပဲ သဘောကျတယ်
    ဆဲတာ ကျတော့ အောက်တန်းကျတယ်ထင်တယ်

  • nozomi

    September 12, 2011 at 6:35 pm

    ကိုသူ ရ ဿ ဝါ ကျေးဇူးတင်ပါတယ်
    ကျွန်တော် ပြောချင်တာကို ကိုယ်စားပြောပေးလို့ပါ
    ကျန်တဲ့သူတွေက ငြိမ်နေရင် ဆဲတဲ့လူ၊ မကောင်းတဲ့ လူ တွေက သူတို့အမှန် သူတို့က အများစုလို့ထင်သွားနိုင်ပါတယ်

  • phantom

    September 12, 2011 at 8:11 pm

    တကယ်ပါပဲ ကျွန်တော်က ဘောလုံးပွဲတွေကို အသေကြိုက်ပေမယ့် ဒီလိုမျိုးကိုတော့ လုံးဝမကြိုက်ဘူးဗျ ပြီးတော့ တစ်ခုရှိသေးတယ် ကမာ္ဘ့ဖလားခြေစစ်ပွဲမှာ အိုမန်ကိုရှုံးတော့ ကြည့်မကောင်းရှုမကောင်း အရှက်ရစရာ အဖြစ်တွေဖြစ်ခဲ့တာ ဒါတွေက မဖြစ်သင့်ဘူးထင်ပါတယ် တကယ်တော့ အရှုံးအနိုင်ဆိုတာ ကွင်းထဲကရလဒ်လိုပဲ ပရိတ်သတ်ရဲ့ ရလဒ်လဲအရေးပါပါတယ်။ စည်းကမ်းမဲ့ ဖြစ်ချင်တိုင်းဖြစ်ပြီးတော့ မနိုင်နိုင်တာ လွှဲချတာတွေ ညစ်ညစ်ညမ်းညမ်းအော်ဆဲတာတွေက ကိုယ့်အဆင့်အတန်း ဘယ်လောက်ရောက်သွားလဲဆိုတာ မစဉ်စားဘဲ လုပ်နေကြတာ။ မနိုင်တော့လည်း ဘာဖြစ်လဲ တကယ် နိုင်ငံတကာပရိတ်သတ်တွေမှာ ကိုယ့်အသင်းမနိုင်တဲ့အခါလည်း ဇွဲမလျှော့ပဲအားပေးကြတာကို အားကျမိတယ်ဗျာ နောက်ပြီးရှိသေးတယ် ယူ ၁၉ ပွဲကို လက်မှတ်ဈေးတင်လိုက်တော့ ကွင်းဝင်ကြေးဈေးကြီး သဖြင့် လာရောက်အားမပေးနိုင်ပါလို့ စာလာဆွဲတဲ့သူက ရှိသေးတယ် တကယ်ဆို အလကားပေးဝင်တော့ရော ဘယ်လောက်များအားပေးကြလို့လဲ အလကားဝင်ရတိုင်းအလကားဆဲကြပြီး ကွမ်းသွေးထုပ် ရေဗူး ဖိနပ်တွေနဲ့ ဝိုင်းဆော်ကြပြီးတော့ ပြောရရင်တော့ စိတ်ကုန်ပါတယ်ဗျာ မြန်မာဘောလုံးလောက တိုးတက်ဖို့အတွက်ဆိုရင်တော့ ဘောလုံးသမားတွေ ပရိုမဖြစ်ခင် ပရိတ်သတ်တွေ ပရိုဖြစ်ဖို့လိုလိမ့်မယ်။

Leave a Reply