အခု မြန်မာနိုင်ငံမှာ လူစိတ်ဝင်စားမှုအရှိဆုံးထဲက တစ်ခုကတော့ ဧရာဝတီမြစ်ဆုံ ရေလှောင်တမံစီမံကိန်းဆိုရင် မှားမယ်မထင်ဘူးနော်။ လူစိတ်ဝင်စားမှုအရှိဆုံးအချိန် သဘာဝပတ်ဝန်းကျင်ကို ချစ်တဲ့ပြည်သူတွေရဲ့ ဧရာဝတီသတင်းတွေကို နောက်ဆုံးဖွလိုက်တဲ့သူကတော့ အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း ပါ။ သူက မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားရင်း ဖွလိုက်တာပေါ့။

(သတင်းအကျယ်တော့ သူများတွေ ဖော်ပြထားပီးလို့ လင့်ပဲပေးလိုက်တော့မယ်… http://www.news-eleven.com/index.php?option=com_content&view=article&id=10124:2011-09-11-18-18-04&catid=42:2009-11-10-07-36-59&Itemid=112)

မတော်တဆ ပျောက်ကွယ်သွားမှာစိုးနေရတဲ့ မြစ်ဆုံပုံလေးကို ဧရာဝတီသတင်းစာမျက်နှာကနေ ကူးယူဖော်ပြပေးထားတာပါ။ ခွင့်ပြုခွင့် ပေးမယ် ထင်ပါတယ်…

ဝန်ကြီးပြောတာက အရပ်ထဲက အလုပ်ကြမ်းသမားတွေ ရန်ဖြစ်တဲ့အခါ စကားနိုင်လုသလိုပါပဲ။ ပညာသားမပါဘူး၊ လူယဉ်ကျေးမဆန်ဘူးလို့ ပြောရင် မလွန်ဘူးထင်တယ်။ ငါ့စကား နွားရ ဆိုသလို ငါဝန်ကြီး … ငါ့ထက်ပိုသိသူမရှိဘူး… ငါ့ကို ဆရာလာမလုပ်နဲ့ ဆိုသလို အခြောက်တိုက် ရမ်းနေတယ်ထင်တယ်။ ထားလိုက်ပါတော့…။ ကျနော် နည်းနည်းတော့ ဝေဖန်ချင်တယ်။ သူပြောတဲ့စကားတွေထဲက သဘာဝ မကျတာလေးတွေကိုပေါ့။

ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် Third Party ဖြစ်တဲ့ BANCA အဖွဲ့အစည်းကိုလေ့လာခိုင်းတယ်လို့ပြောတယ်။
BANCA ကို တစ်သန်းခွဲနီးပါးလောက် လုပ်ခပေးပြီး ငှားထားတာဆိုတော့ ကိုးရိုးကားယား မလုပ်ရဲဘူး… အင်တာနက်မှာ တင်ထားတဲ့ report က စာမျက်နှာ ၅၀၀ လောက်ရှိတယ်… အဲဒီထဲမှာ ရေးထားတာ မလိုက်နာဘူးလို့ ပြောကြတယ်… BANCA က ဒီ report ကို တင်လို့ မရဘူး…စာချုပ်နဲ့ ငှားထားတာ၊ မင်းတို့ ဒါလုပ်၊ ပြီးရင် အဲဒီ report ငါ့ပေး… ဒါက Trade Secret ဖြစ်တယ် ပြောလို့မရဘူး လျှို့ဝှက်ထားတာ ဆိုပဲ…။ ၀န်ကြီးပြော သွားတဲ့စကားတစ်ခုပေါ့။

စီမံကိန်းဟာ Environmental အရရော၊ Tactically အရရော သေချာလေ့လာပြီးသား လုပ်တဲ့စီမံကိန်းဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ဘူး ဆက်လုပ်မှာ ဖြစ်ပါတယ်လို့ ၀န်ကြီးကဆိုတယ်လေ။ ဟုတ်ကဲ့။ သေချာလေ့လာပြီးသား လုပ်တဲ့စီမံကိန်းဖြစ်လို့ ဘယ်လိုတွေ့ရှိချက်ဖြစ်ဖြစ် ဂရုမစိုက်ဘူးဆိုတဲ့သဘောလား? လေ့လာချက်တွေက အားကုန်လုံး အကောင်းဘက်ချည်း ညွှန်းနေလား?

ဟုတ်ပါပီ။ အခု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီသမားတွေက ကန့်ကွက်နေကြပီ။ ပြည်သူတွေက ကန့်ကွက်နေကြပီ။ အဲဒီတော့ BANCA က တင်ပြတဲ့အချက်ထဲမှာ သဘာဝပတ်ဝန်းကျင်ကို လုံးဝမထိခိုက်နိုင်ဘူး လို့ပဲ ဖော်ပြထားလား? ဒါမှမဟုတ် အနည်းငယ် ပဲ ထိခိုက်နိုင်မယ်ပြောလား? တကယ့် အစီရင်ခံစာထဲမှာ ဘယ်လိုဖော်ပြထားလဲ? မြန်မာပြည်သူတွေရော အဲဒီစီမံကိန်းအတွက် တွေ့ရှိချက်တွေကို သိခွင့်မရှိနိုင်ဘူးလား? ဧရာဝတီဆိုတာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောလေ။” မြန်မာအစ တကောင်းက” လို့ တချို့က ပြောနေကြတယ်။ ကျနော့်အမြင် “မြန်မာအစ ဧရာဝတီက” ပါ။ ဧရာဝတီရှိလို့ ရေကြည်ရာမြက်နုရာ ရှာပီးနေထိုင်ကြလို့ ကျနော်တို့ မြန်မာဖြစ်လာတာလေ။ ဒီတော့ ကျနော်တို့ မြန်မာပြည်သူတွေ သိခွင့်ရှိသင့်တယ်ထင်တယ်။

ဝန်ကြီးအနေနဲ့ BANCA ရဲ့အစီရင်ခံစာ အကုန်ထုတ်ပြောဖို့ မလိုပေမယ့် အားလုံး သံသယရှင်း သွားအောင်လို့တော့ တရားဝင်ထုတ်ပြပီး ငြင်းဆိုရင် မကောင်းဘူးလား?
ကိုယ့်လိပ်ပြာ ကိုယ်လုံရင်ပြောတာပါ။ မလုံရင်တော့ မပြနဲ့ပေါ့။

နောက်တစ်ခု ၀န်ကြီးပြောတာ “ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။” ဆိုပါလား။  တော်လိုက်တဲ့ဝန်ကြီး…  မြန်မာနိုင်ငံမှာရှိတဲ့ ရေအားလျှပ်စစ်စက်ရုံတွေရဲ့ စက်တပ်ဆင်အား အပြည့်အ၀ထုတ်နိုင်မယ်ဆိုရင်တော့ ဟုတ်ချင် ဟုတ်ပါလိမ့်မယ်… လက်ရှိအချိန်မှာ စာရွက်ပေါ်က စာရင်းကိုပဲ မပြောသင့်ဘူး။ အမှန်တကယ် ဘယ်လောက်ထုတ်ပေးနိုင်သလဲ? မြန်မာနိုင်ငံတ၀ှမ်းလုံး လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေပီလား? တကယ်က နေပြည်တော်တစ်ခုပဲ အချိန်ပြည့်လင်းနေနိုင်သေးတာ။ ရန်ကုန် နဲ့ မန္တလေးတောင် လျှပ်စစ်မီး အပြည့်အ၀မပေးနိုင်သေးတာ အားလုံးအသိပါ။ တိုင်းပြည်ကို အမှန်တကယ်ချစ်ရင် မျက်ကမ်းမျိုးချစ်စိတ်မထားသင့်တော့ဘူး … ဒီအချိန်မှာ။ မျက်စေ့ဖွင့်ထားပီး အမှန်အတိုင်း မြင်သင့်နေပီ။ တကယ်ပိုရင်တော့ ရောင်းစားပါ။ မကန့်ကွက်ပါဘူး။ ပထမဆုံး ကိုယ့်ပြည်တွင်းက နေရာတိုင်း လျှပ်စစ်မီး အမှန်တကယ် အပြည့်အ၀လင်းဖို့ စေတနာသန့်သန့်နဲ့ လုပ်ပေးစေချင်တယ်လေ။ ပထမအကြိမ်လွှတ်တော်မှာတောင် မြန်မာနိုင်ငံအတွင်းက ပြည်နယ်အချို့၊ ဒေသအချို့မှာ လျှပ်စစ်မီးအပြည့်အ၀မရလို့ အဆိုတင်သွင်းခြင်းတွေ၊ ဆွေးနွေးခြင်းတွေ လုပ်ခဲ့သေးတာ ၀န်ကြီးမေ့သွားလို့လားတော့မသိဘူး။ ကျနော်တို့ကတော့ သတိရနေသေးတယ်။

ဒါဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး ဆိုတဲ့ ၀န်ကြီးစကားအရ လျှပ်စစ်မီးမရသေးတဲ့ ပြည်နယ်အချို့၊ ဒေသအချို့ကို တမင်မပေးပဲ ထားတာများလား? ” လျှပ်စစ်က ထုတ်ထားပြီးရင်လည်း သိမ်းထားလို့မရဘူး။ ထုတ်ထားပြီးရင်သုံးမှ မသုံးနိုင်ရင် ရောင်းမှ လို့ ပြောတဲ့စကားအရဆိုရင် ပိုလျှံနေပီးသားဖြစ်နေသလိုပဲလေ။

နောက်တစ်ခု … အခုပြောနေတဲ့ မြစ်ဆုံစီမံကိန်းနဲ့တော့မဆိုင်ဘူး… မြန်မာနိုင်ငံကထွက်တဲ့ သဘာဝဓါတ်ငွေ့ကို အခြားနိုင်ငံတွေကို ဈေးပေါပေါနဲ့ ရောင်းထားတယ်။ လျှပ်စစ်မီးအပြည့် အ၀မပေးနိုင်လို့ စက်မှုဇုံတွေ၊ ဟိုတယ်တွေ အပါအ၀င် လုပ်ငန်းရှင်တွေ၊ နေအိမ်တွေက ပြည်သူတွေ နိုင်ငံခြားက ဓါတ်ဆီ၊ ဒီဇယ်ဆီကို ဈေးကြီးကြီး ပေးတင်သွင်းပီး မောင်းနေရတယ်။ သုံးနေရတယ်။ သဘာဝ ဓါတ်ငွေ့နဲ့သာ လျှပ်စစ်ဂျင်နရေတာတွေကို မောင်းနိုင်မယ်ဆိုရင် နိုင်ငံခြားငွေ ကုန်ကျမှု သက်သာနိုင်ဘူးလား? သေချာ စေတနာထားရင် ကန့်ကွက်ခြင်း ခံရမယ် မထင်ဘူး။

ကိုယ့်ပြည်တွင်းမှာ သုံးစွဲဖို့၊ လျှပ်စစ်မီးမရသေးတဲ့ ပြည်နယ်တွေ၊ ဒေသတွေကို ပေးနိုင်ဖို့၊ လျှပ်စစ်လုပ်ငန်းတွေမှာ သုံးဖို့ဆိုရင်တော့ လိုအပ်သလောက် ထုတ်ယူနိုင်မယ့် အတိုင်းအတာတစ်ခုဆိုရင် လက်ခံနိုင်အုံးမယ်ထင်ပါတယ်။ အခုဟာက ကိုယ့်အရင်းအမြစ်ကို အသုံးချပီး သူများက အဓိက အကျိုးဖြစ်ထွန်းမယ့် ကိစ္စနော်။ ကျွန်တော်တို့က free power 10% အလကားရတယ်။ ဒီကောင်က ၁၈၀၀၀ ထွက်ရင် ကျွန်တော်တို့က ၁၈၀၀ အလကားရမယ်။ free ရတယ်။ နောက်တစ်ခါ သူ့ဆီက လာရောက်ရင်းနှီးမြှုပ်နှံတယ်။ ကျွန်တော်တို့ရဲ့ resource ကိုသုံးတာဖြစ်တဲ့အတွက် ၁၅% အရင်းထည့်ပေးရတယ်။ ကျွန်တော်တို့အရင်း၊ ကျွန်တော်တို့ free share 15% ရတယ်။ ဒီလျှပ်စစ်က Both Country သုံးခွင့်ရှိတဲ့အတွက် နှစ်နိုင်ငံစလုံး သုံးခွင့်ရှိတဲ့အတွက် ကျန်တဲ့ဟာကို ကျွန်တော်တို့ ကြိုက်သလောက် ၀ယ်သုံးလို့ရတယ်။ ၀န်ကြီးပြောသွားတဲ့စကားထဲမှာ ဘာမှ မဖြစ်စလောက် အမြတ်ကလေးကို ကြည့်ပီးပျော်နေတယ်လို့ထင်တယ်။ ကျန်တဲ့ဟာကို ကြိုက်သလောက်ဝယ်သုံးရင် တောင်းသလောက် ပေးရမှာပေါ့။ ဆင်ဖိုးထက် ချွန်းဖိုးကြီး ဆိုတဲ့စကား အလကားထားခဲ့တာမဟုတ်ဘူးနော်။ စဉ်းစားသင့်တယ်။

တရုတ်နိုင်ငံမှာ ယန်စီမြစ်ဟာ အရှည်ဆုံးမြစ်ပါ။ ကမ္ဘာ့အံ့သြဖွယ် ယဉ်ကျေးမှု တည်ဆောက်ခဲ့တဲ့မြစ် ဖြစ်ပါတယ်။ အခုဆို ယန်စီမြစ်ဟာ ကမ္ဘာမှာ ပျောက်ကွယ်သွားတော့မယ့် အမွေအနှစ် ၁၀ ခုထဲမှာ ပါနေ ပါတယ်။ နောက်ဆိုရင် ၁၀ ခုကနေ ၁၁ ခုဖြစ်လာနိုင်ပါတယ်။ အဲဒီတစ် ခုကတော့ ဧရာဝတီမြစ်ပါ။ လို့  ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) က ဧရာဝတီကို ကယ်တင်ဖို့ ပြောသွားတာလေးလဲ ဖတ်လိုက်ရတယ်။

ဟုတ်ပါတယ်။ တရုတ်နိုင်ငံ ယန်စီမြစ်ပေါ်မှာတည်ဆောက်ခဲ့တဲ့ တောင်ကြားသုံးသွယ်ရေလှောင်တမံ Three Gorges Dam ကြောင့် ပန်စီမြစ်နဲ့ ပြည်သူတွေအတွက် စိုးရိမ်ဖွယ်အခြေအနေဖြစ်နေလို့ ဝေဖန်ပြစ်တင်သံတွေ ကြားနေရ၊ တာဝန်ရှိသူတွေကလည်း အန္တရာယ်ရှိကြောင်း ၀န်ခံရနဲ့ ဖြစ်နေပီး နောက်ထပ် လျှပ်စစ်ဓါတ်အားထုတ်ယူဖို့ ကန့်ကွက်မှုတွေညံနေချိန် တစ်ခုခုဖြစ်ရင်တောင် သူ့နိုင်ငံမဟုတ်တဲ့ မြန်မာနိုင်ငံကို ရွေးချယ်လာတာပါ။

အရင်က မြန်မာပြည်တွင်းမှာလုပ်ခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံတွေ မနည်းပါဘူး။ ဘယ်စက်ရုံတွေကို သေချာတွက်ချက်ပီးဆောက်ခဲ့သလဲ? ဘယ်စက်ရုံတွေက အမှန်တကယ် ဓါတ်အား ဘယ်လောက် ထုတ်ပေးနိုင်သလဲ? ပြယုတ်အနေနဲ့ပဲ ဖြစ်နေသလား? သေချာဝေဖန်ဆန်းစစ်ပီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ရမှာ၊ ချမှတ်သင့်တာဖြစ်ပါတယ်။

ဒါတွေက ကျနော့်အမြင်ကို လွတ်လပ်စွာ ဆွေးနွေးထားတာပါ။ ကျနော့်လိုပဲ ရွာသူရွာသားထဲက စိတ်ပါသူတွေ၊ နားလည်တတ်ကျွမ်းသူတွေ ၀င်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

About piti

ko piti has written 17 post in this Website..

I'm Myanmar. I love Myanmar. I live in Mandalay.