ကောင်မလေး ( ဇာတ်သိမ်း )

တေစၧSeptember 13, 20111min1256

ဒီလိုနဲ့ အလုပ်လုပ်တာ တစ်လလောက်ကြာတော့ ကျွန်တော်တို့ တော်တော်လေး ရင်းနှီးလာပါပြီ ဒါပေမယ့် ကျွန်တော်ကတော့ အရင်လို သတ္တိတွေ ကင်းမဲ့နေတုန်းပါပဲ သူမကိုသာ ကြည့်ရင်း နေ့ရက်တွေကုန်လွန် သွားလိုက်တာ ဒီလောက်ရက်တွေကုန်မြန်တာ ဒီတစ်ခါပဲတွေ့ဖူးသေးတယ်။ နေ့တိုင်း သူမရဲ့   ကိုယ်ပိုင်စတိုင်ဖြစ်တဲ့ တစ်ကိုယ်လုံးလှုပ်ရှားပြီး စကားပြောတတ်ပုံလေးတွေကို ငေးကြည့်နေရင်း ကျွန်တော့်မှာ ရောဂါတွေတိုးပြီးရင်းတိုးနေတော့တာပဲ။
တစ်ရက်ကျတော့ ကျွန်တော်တို့နှစ်ယောက်ကို မန်နေဂျာက ပစ္စည်းပို့ဖို့ ကားဂိတ်ကို လွှတ်လိုက်ပါတယ် ကျွန်တော့်မှာ သူမနဲ့ နှစ်ယောက်တည်း သွားရတော့ ရင်တွေခုန်လွန်းလို့ တစ်သက်လုံး သွားနေတဲ့ လမ်းတွေကိုတောင် အယောင်ယောင်အမှားမှားနဲ့ လမ်းတွေမှားလို့ သူမကလဲ တစ်လမ်းလုံး စကားတွေ ပြောနေလိုက်တာ ကျွန်တော့်မှာ မကြားတစ်ချက်ကြားတစ်ချက်နဲ့ နောက်နေ့တွေကျရင် ဒီလိုအခွင့်အရေးမျိုး မရတော့ဘူးနော် ဆိုတဲ့ အတွေးတွေက ခေါင်းထဲဝင်လာလိုက် မဖြစ်သေးပါဘူးကွာ စိတ်ဆိုးသွားရင် အခက်ဆိုတဲ့အတွေးတွေက ဝင်လာလိုက်နဲ့ ကားဂိတ်ကိုရောက် လာပါတော့တယ်။
ကားဂိတ်ရောက်တော့ပို့စရာရှိတဲ့ ပစ္စည်းတွေပို့ပြီး ပြန်ထွက်လာတော့ ကျွန်တော့်သူငယ်ချင်း ဝေယံနဲ့ တွေ့ပါတယ် သူကတော့ မင်းအဆင်ပြေနေတယ်ပေါ့လေ ဆိုတဲ့ အကြည့်နဲ့ တစ်ချက်ကြည့်ပြီး ကျွန်တော်တို့ ဘေးကနေ ကျော်တက်သွားတယ်။ ကျွန်တော့်မှာတော့ ကိုယ့်ဒုက္ခနဲ့ကိုယ် မပြောရဲမဆိုရဲနဲ့ ရှေ့ဆက်တိုးရမလို နောက်ဆုတ်ရမလိုအတွေးနဲ့ တဖြည်းဖြည်း ရုံးကိုလဲ နီးကပ်လာပါပြီ နောက်ဆုံးတော့ ဘာဖြစ်ဖြစ် ပြောတော့မယ်ကွာ ဆိုတဲ့အတွေးနဲ့ ပါးစပ်ကိုဟလိုက်ရော သူမဆီက ခဏခဏ ဆိုပြီး အလောတကြီးနဲ့ ပြောသံ ကြားလိုက်ရတယ် ဘာများလဲဆိုတော့ ဆိုင်ကယ်ခဏရပ်ဦး တဲ့ ဘာများလုပ်မလို့လဲဆို ဘယ်ဟုတ်မလဲ ကောင်မလေးက သူငယ်ချင်းကိုတွေ့လို့ ရပ်ခိုင်းတာကိုး ဒါနဲ့ ဆိုင်ကယ်ရပ်ပြီး သူတို့စကားပြောတာကို စောင့်လိုက်တာ ၁ဝ မိနစ်လောက်ကြာပါတယ် ကျွန်တော့်မှာတော့ သူမရဲ့မျက်နှာလေးကိုခိုးကြည့်ရင်း သူမရဲ့အလိုကျ စောင့်နေခဲ့ရပါတယ်။
ကဲပြီးပြီ သွားတော့မယ်လို့လဲ သူမကပြောရော ကျွန်တော့်မှာ ဆိုင်ကယ်စက်နှိုးပြီး ထွက်ရတော့တယ်။ ပြောရမယ့်စကားလေးတွေနဲ့ စုထားရတဲံ သတ္တိတွေတောင် ဘယ်ရောက်ကုန်မှန်းမသိဘူး ဒါနဲ့ ရုံးကိုသာ တန်းတန်းမတ်မတ် ပြန်လာရတော့တယ်ပြီးရော။
တစ်နေ့ပြီးတစ်နေ့သာကုန်သွားတယ် ကျွန်တော့်မှာတော့ ချစ်ခြင်းတွေကို မျိုသိပ်လို့ သက်ပြင်းတွေ အလီလီချပြီး ရင်ခုန်သံကို ဇက်ကြိုးဆွဲနေရတဲ့ဘဝကို ငြီးငွေ့လှပါပြီ။ တစ်ရက်တော့ သူမဂျူတီကျပြီး ည ရ နာရီအထိ စောင့်နေရပါတယ် တစ်ယောက်တည်းဆိုရင်အမြဲပဲ အားငယ်တတ်တဲ့ သူမက ကျွန်တော့်ကို စောင့်ကူဦးဆိုလို့ ကျွန်တော့်မှာ သူမကို ည ရ နာရီအထိ စောင့်ကူရပါတယ် ကျွန်တော့်မှာ ရင်ခုန်သံတွေ ကပြောင်းကပြန်နဲ့ ဆူညံနေလိုက်တာများ မီးရထားတစ်စင်းလမ်းမှားပြီး ဝင်လာသလား ထင်ရတယ် ကျွန်တော့်မှာ မလုံမလဲနဲ့ သူမများ ကြားသွားမလားလို့။ အာခေါင်တွေလဲ ခြောက်လို့ ရေဆာသလိုလို ( ကန်တော့ဗျာ ) အပေါ့သွားချင်သလိုကြီး။
သူမတစ်ယောက်တော့ ဖြည့်စရာရှိတဲ့ စာရင်းတွေကိုဖြည့်ပြီး အလုပ်ကို လက်စသတ်နေပါတယ် ကျွန်တော်ကတော့ အားနေတာနဲ့ ရုံးရှေ့မှာခေါက်တုံ့ခေါက်ပြန်နဲ့ လျှောက်လိုက်တာ ခြေထောက်တွေတောင် ညောင်းလာတယ် ငါဘယ်လိုလုပ်မလဲ ဖွင့်ပြောသင့်သလား မဖွင့်ပြောသင့်ဘူးလား ဆိုတဲ့အတွေးနဲ့ပေါ့ နောက်ဆုံးတော့ဘာဖြစ်ဖြစ် သူမကို ပြောတော့မယ် ဆိုပြီး ခုန်နေတဲ့ရင်ကို ငြိမ်အောင် ခဏစောင့်လိုက် ပါတယ် ငြိမ်အောင်စောင့်ပါတယ်ဆိုမှ ပိုပြီးတောင်ခုန်နေသလိုပါပဲ အရှိန်ကို မသေနိုင်တော့ဘူး။
ရ နာရီထိုးဖို့လဲ နီးသထက်နီးလာပါပြီ ကျွန်တော့်ရင်ခုန်သံတွေလဲ ပိုပိုပြီး ကျယ်လောင်လို့လာပါပြီ ကဲနောက်ဆုံးအားတင်းပြီးပြောတော့မယ်ဟဲ့ဆိုပြီး သူမဆီကိုလျှောက်သွားလိုက်တာ ခြေတွေရော လက်တွေရောတုန်လို့ လျှောက်မရသလိုကြီးဖြစ်လာပါတယ်။ ဒါနဲ့ နီးရာခုံမှ ထိုင်ချလိုက်ရပါတယ် သူမက မြင်သွားပြီး ဘာဖြစ်တာလဲ နေမကောင်းဘူးလားလို့ သူမထုံးစံအတိုင်း အသံစာစာလေးနဲ့ မေးလိုက်တော့ ကျွန်တော့် ပါးစပ်က ဘာတွေလဲမသိဘူး ဘလုံးဘထွေးနဲ့ ထွက်ပြီးမှ ဘရိတ်အုပ်ပြီး မဟုတ်ပါဘူး ကောင်းပါတယ် ကောင်းပါတယ် ဆိုတဲ့စကားက လွဲလို့ ဘာမှ ပြောမထွက်လာပြန်ပါဘူး။
ဒါနဲ့မဖြစ်သေးဘူး ဒီနေ့မှ ငါမပြောရင် သူမကို ဘယ်တော့ပြောမလဲဆိုပြီး အားတင်းလို့ ပြောမယ်ကြံတော့ သူမက ရုံးတံခါးကိုပိတ်နေပါပြီ ကျွန်တော်လဲ ရုံးခန်းထဲကနေ အမြန်ထွက်လိုက်ပြီး အပြင်ရောက်တဲ့အခါ သူမအိတ်ကလေးကိုလွယ်လို့ ပြန်ဖို့အသင့်ဖြစ်နေပါပြီ ဒါနဲ့ဖြစ်ချင်ရာဖြစ်ဆိုပြီး သူမကို  နောက်ကျနေပြီ ငါနင့်ကို လိုက်ပို့ပေးမယ်လို့ပြောလိုက်ပါတယ် သူမကလဲ အေးဆေးပဲ ကျွန်တော့်အကြံကို ဘာမှမသိပဲနဲ့ ကောင်းတာပေါ့ ဆိုပြီး သူမကပြောလိုက်ရော ကျွန်တော့်မှာ အပျော်လွန်ပြီး ပလက်ဖေါင်းပေါ်ကနေ လမ်းပေါ်ဆင်းလိုက်တာ တုန်ရီနေတဲ့ခြေထောက်နဲ့ ပလက်ဖောင်းအစွန်းကိုနင်းမိပြီး ကျွန်တော်လဲ လမ်းမပေါ်ကို လဲကျသွားပါတော့တယ် အဲဒီအချိန်မှာပဲ ကျယ်လောင်တဲ့ဟွန်းသံရှည်ကြီးနဲ့ ဘရိတ်အုပ်သံ အကျယ်ကြီးကို ကြားလိုက်ပြီး နားထဲတည့်တည့်တိုးဝင်လာတဲ့ ဒုန်း….  ဆိုတဲ့ ကျယ်လောင်တဲ့အသံ သူမဆီက  အား လို့အော်လိုက်တဲ့အသံ ပြီးတော့မော်တော်ပီကယ်ရဲ့ ဝီစီသံ ပြီးတော့ လူတွေအများကြီး ပတ်ဝန်းကျင်ကြီးလည်း လည်လို့  ပြီးတော့ အမှောင် ………။

ကောင်မလေးရေ
နောက်ဘဝဆိုတာရှိခဲ့မယ်ဆိုရင်
ငါနင့်ကို စကားလေးတစ်ခွန်းတော့ ပြောခွင့်ရချင်တယ်
အရမ်းချစ်တယ်………………………………။

 

 

 

ကျေးဇူးအရမ်းတင်ပါတယ် ပြီးသွားပါပြီဗျာ ဒီလိုပဲသည်းခံပေးတဲ့အတွက်

နောက်ပြီးတော့ သူကြီးကိုလည်းတောင်းပန်ပါတယ် ကျွန်တော်ခေါင်းစဉ်မေ့ခဲ့တဲ့အတွက် နှစ်ခါတင်ရလို့ တစ်ခါတော့ ပြန်နှုတ်လိုက်ပါ 😀 နောက်ဆုံးပိုင်းကျမှ လွဲတော့တယ်

6 comments

  • chitsu

    September 19, 2011 at 3:27 pm

    အော်ဖြစ်မှဖြစ်ရလေကွယ်
    ဇာတ်သိမ်းမှမင်းသားကားတိုက်ခံရတယ်လို.
    အဲ.ဒါဆိုရင်ထပ်ပြီတော့ဇာတ်သိမ်း၂ဆိုပြီးမင်းသားကဆေးရုံရောက်မင်းသမီးကငို
    မင်းသားသတိရ၊မင်းသမီးပျော်
    မင်းသားကဖွင်.ပြော.မင်းသမီးကခေါင်းညိတ်။မင်းသားပျော်ပြီးထခုန်ရင်းမင်းသမီးကိုဖက်
    ပျော်ပျော်လေးဇာတ်သိမ်းလိုက်ချင်တယ်
    အခုလိုဇာတ်သိမ်းတော.လည်းလွမ်းချင်းဇာတ်သိမ်းပေါ့နော်

  • Shwe Ei

    September 19, 2011 at 3:52 pm

    ဟွန်း၊ စာဖတ်သူတွေကိုအပျော်ကြံသွားတယ်။ ဒီတသက်လူပျိုကြီးဘဝက မကျွတ်ပါစေနဲ့တော်။

    • မီးမီး သော်

      September 19, 2011 at 11:07 pm

      ရွှေအိပြောတာ ဟုတ်တယ်။လူပျိုကြီးဘဝနဲ ့နေရပါစေတော်။အကောင်းမှတ်လို ့သေဖို ့ဖြစ်လာတယ် မင်းသားချောက။ဟွန် ့

  • နီလေး

    September 19, 2011 at 4:18 pm

    ဇာတ်သိမ်းကလဲ မမိုက်ပါဘူး မလှပါဘူး ရွှေအိပြောသလို လူပျိုကြီးပဲဖြစ်ပါစေ အဟုတ်မှတ်လို့ ဖတ်လိုက်ရတာ

  • phantom

    September 19, 2011 at 7:50 pm

    ဆုတောင်းတွေကလဲဗျာ ဖြည်းဖြည်းလဲလုပ်ပါဦး 😀
    အခုလိုဝင်ပြီး ဝေဖန်ချက်လေးတွေကို ဖတ်ရလို့ဝမ်းသာပါတယ်ဗျာ

  • windtalker

    September 19, 2011 at 8:54 pm

    အော်
    ကောင်လေးနှယ်..
    is from is air ginger !
    ဖြစ်မှဖြစ်ရလေချင်း ..နော်
    မစိတ်မွှန်ထူ=မာလကီးယား လို ့ကောက်ချက် ချမိပါတယ် ။

Leave a Reply