ကိုယ့်အလှည့် မလာတော့ဘူးများ မှတ်နေလား No Direction

ဦးတည်ရာမဲ့ လွှတ်တော်အမတ်များ (ဓာတ်ပုံ - ဧရာဝတီဆိုက်ဒ်)

 

 

ပြီးခဲ့တဲ့ ရွေးဂေါက်ပွဲမှာ ရခိုင်ပါတီကနေ အရွေးခံလိုက်ရတဲ့ ပေါက်တောမြို့နယ် လွှတ်တော်အမတ် ဦးအောင်ကျော်ဇံကို မဲလိမ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမတ်အဖြစ်ကနေ ပယ်လိုက်ပြီး ပြိုင်ဖက် ကြံဖွတ် လွှတ်တော်အမတ်နဲ့ အစားထိုးလိုက်ပါတယ်။ ဦးအောင်ကျော်ဇံသည် မဲပေါင်းသုံးသောင်းကျော်ရခဲ့ပြီး ကြံ့ဖွတ် အမတ်ကတော့ တသောင်းကျော်ပဲ ရခဲ့တာပါ။ ဘယ်သူလိမ်သလဲ ဒီတချက်ထဲနဲ့တင် သိနိုင်ပါပြီ။ ဟိုဖက်ကမဲ တသောင်းကျော် တကယ် ရခဲ့သလား ဆက်စဉ်းစားဖို့ မလိုတော့ပါဘူး။ အမှန်အတိုင်း ပြောရရင် လွှတ်တော် အမတ်ထိုင်ခုံပျောက်၊ နေရာအလုခံရတာ စိတ်မဝင်စားပါဘူး။ မလုပ်ပါနဲ့လို့ တားတဲ့ကြားက လုပ်ခဲ့တာကိုး။

ဟိုတုန်းက လွှတ်တော်တွင်း နိုင်ငံရေးလုပ်မယ်ဆိုသူ အတိုက်အခံများ ပြောခဲ့တာ ပေးထားတဲ့ ဘောင် အတွင်းက တိုက်ယူမယ်။ အချင်းချင်း ညီညီညွှတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြမယ်၊ လေကြီးမိုးကြီး ပြောခဲ့တာ မှတ်မိကြပါအုံးမယ်။ နောက်တော့ ရွေးဂေါက်ပွဲမှာ အလိမ်ခံရ၊ အစော်ကားခံရ၊ အချုပ်မှူးကြီး ပေးသနားတဲ့ နေရာလေးတချို့ ပိုက်ပြီး နိုင်ငံရေး လုပ်စားပွဲ ကျင်းပရာမှာ တခန်းတကဏ္ဍ ပါဝင်ပါတော့တယ်။ လွှတ်တော်မှာ အိပ်ငိုက်ကြ၊ တောင်စဉ်ရေမရ လျောက်ပြောကြ၊ ဝန်ကြီးဆိုသူ ဖြေချင်တာဖြေတာတွေ နားထောင်ကြ၊ အစိုးရ ပါတီတွေ အဆိုတင်ရင် မျက်နှာလိုအားရ ထောက်ခံမဲပေး၊ ကိုယ့်အဆိုရှုံးရင် ကြံဖန် ဂုဏ်ယူကြ၊ ဒီလိုနဲ့ တလ သုံးသိန်း ဆုတော်ငွေခံစား၊ တရုပ်လုပ် မော်တော်ကား ဝယ်ယူခွင့် ရသူများလည်း ရသွားကြပါတယ်။

ရခိုင်ပါတီလို အားကောင်းပြီး ပြည်နယ်အတွင်း အစိုးရကို ထိထိရောက်ရောက် မျက်စိ ဒေါက်ထောက် ကြည့်နိုင်တဲ့ ပါတီလိုမျိုးကြတော့ မတရား ဗျောင်အလုပ်ခံရပါတယ်။ ပြည်သူ့လွှတ်တော် အမတ်၁၅နေရာ ရထားတဲ့အနက် ၃နေရာ အတိုင်ခံရပြီး နောက်ဆုံးမှာ ၁နေရာ အပယ်ဖျက်ခံလိုက်ရတယ်။ ရွေးဂေါက်ပွဲမှာလဲ မတရား အနိုင်ကျင့်ခံရတယ်။ ရွေးဂေါက်ပွဲပြီးတော့လည်း ထပ်အနိုင်ကျင့်ခံရတယ်။ ဒီအတိုင်းဆို နောက်များ မကြာခင်မှာလည်း အကြောင်းပြချက်မျိုးစုံနဲ့ မတရားအလုပ် ခံရပါအုံးမယ်။

အခုကိစ္စမှာ လွှတ်တော်တွင်း အတိုက်အခံ အမတ်၊ အတိုက်အခံ ပါတီဆိုသူများ နှာစေးအအေးမိ နေကြတယ်၊ ငါတို့နဲ့မဆိုင်လို့များ တွက်ထားသလား၊ အစိုးရမင်းများ ရွှေဘောတော်ညှိုးမှာ စိုးရိမ်နေကြလား မေးချင်တယ်။ ရခိုင်ပါတီက တရားဝင် ကန့်ကွက်ထားတယ်။ ကျန်ပါတီများ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ပြောသင့်ပြောထိုက်တဲ့ အချိန်မှာ မပြောဘဲ ရေငုံနှုတ်ပိတ်နေရင် လူအများ ယုံကြည် လေးစားမှု၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ရှိလာတော့မှာ မဟုတ်ဘူး။ လုပ်ရင်လည်း ပြီးမြောက်အောင် ယုံကြည်တဲ့အတိုင်း မဆုပ်မနစ် လုပ်ရပါမယ်။ ပြည်မပါတီများအဖြစ် မိုးလောက်ကြီး ပြောတတ်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ အသစ်၊ အဟောင်း၊ ဒီမိုကရေစီပါတီတို့ဆီက ဝေဖန်သံ တိတိကျကျ မကြားမိသေးပါ။ နောက်ကွယ်ကနေ သံတမန်နည်းလမ်းနဲ့ အပြုသဘောဆောင်စွာ ချဉ်းကပ်နေပါတယ် ဆိုကြအုံးမယ် ထင်ပါတယ်။

13 comments

  • weiwei

    September 14, 2011 at 9:52 am

    ပြောပြန်ရင်လည်း အောင်ကြူးလွန်ရာကျမယ် …. 🙂

  • lusoegyikoko

    September 14, 2011 at 10:21 am

    ကျန်တဲ့လူမျိူးတော့မသိဘူးဗျို့ မြန်မာန်ိုင်ငံကလူတွေက ရှေ့ဆုံးသာထိုင်ခိုင်းကြည့် ဘာလာလာ လက်ခုပ်တီး
    မယ့်လူတွေတော်တော်များတယ်။ တော်တော်များများကြုံးဖူးတယ်။ စစ်အစုးိမကောင်းပြောတဲ့ သူ အငှားကားလိုက် မောင်းရလို့ ဝန်ကြီး ကို တင်မောင်းဖူးတာနဲ့ ဝန်ကြီး ဌာန က လူတွေ ကနဲနဲမျက်နှာသာပေးတာနဲ့ ပြောလိုက်တာ သူအဖေက ဝန်ကြီးကြနေတာပဲ။ (နယ်တွေမှာ ဝန်ကြီးလာရင်စီးစရာကားမလောက်လို့ ရန်ကုန်က ကားတွေငှားပေးရတယ်။ ဟိုးအရင်ကပါ)နောက်လဲအများကြီးကြုံ ဖူးပါတယ်။ ဝန်ထမ်းထဲမှာလဲရှိတယ်။ဘာမှမရတော့ ပြောလိုက်တာ
    တစ်ကောင်မှ မကောင်းဘူးပေါ့။ အရိုးလေးများ ချကျွေး လိုက်ရင် အမြီးလေးကို နန့်လို့။ပြောရရင်တော့ အများကြီးပေါ့ ဦးကြောင်ကြီးရယ်။

  • မီးမီး သော်

    September 14, 2011 at 12:14 pm

    “”တစ်ကောင်မှ မကောင်းဘူးပေါ့။ အရိုးလေးများ ချကျွေး လိုက်ရင် အမြီးလေးကို နန့်လို့။ပြောရရင်တော့ အများကြီးပေါ့ ဦးကြောင်ကြီးရယ်။””
    လူဆိုးကြီးကိုကို ပြောသလိုပါဘဲ။တစ်ယောက်မှကို မကောင်းတာ။ပြောစကားနားထောင် ခိုင်းတာလုပ်၊ကျွေးတာစား။ပြန်ပြော၊ဆန် ့ကျင်မယ်ဆိုရင် တော့ အထုပ်သာထုပ်ထားပေရော့။

    • pan pan

      September 14, 2011 at 12:56 pm

      “ခေါ်ရင်လာ ခိုင်းရင်လုပ်
      ခံမပြောနဲ့ ခုတ်ထည့်လိုက်မယ်
      ၀ဝာစား ဝေးဝေးသွား
      ဝင်မပြောနဲ့ ဝိုက်ထည့်လိုက်မယ်”
      ဆိုတာလိုနေမှာပေ့ါ 🙄 😀

  • koyinmaung

    September 14, 2011 at 2:32 pm

    ဒါအစဘဲရှိသေးတယ်နော်….

  • လင်းဝေကျော်

    September 14, 2011 at 2:42 pm

    ဒီပယ်ဖျက်မှုအကြောင်း ဘာကြောင့်ဆိုတာ လည်း သေချာမသိရဘူး။
    ဘာအမှားလုပ်တယ်အကြောင်းပြတာတုန်း။
    ကြံဖန်ပြီး စွပ်စွဲမှာပါပဲ။ ငြိမ်နေကြတဲ့သူတွေကလည်း ငြိမ်နေကြတာပဲ။

  • Shwe Ei

    September 14, 2011 at 3:12 pm

    ဒီတခါတော့” ဦးတည်ရာမဲ့ ကြောင်ကြီး” လို့နာမည်မတပ်တော့ဘူးလား အူးကြောင်:P

  • zaw min

    September 14, 2011 at 3:43 pm

    ကိုရင်ကြောင်ကြီးရေ…လွှတ်တော်ထဲမှာ အမတ်မင်းတွေရဲ့ ခေါင်းပေါင်းစလေးတွေကိုကြည့်ရင်သိနိုင်ပါတယ်ကွယ်..
    အမတ်မင်းများ ခေါင်းပေါင်းစလေးတွေ “ဘယ်ချလား..ညာချလား” ကြည့်လိုက်ပါ..သေချာတာကတော့ ညာချတွေပဲများနေမှာပါပဲ..

  • zawmaung

    September 14, 2011 at 4:51 pm

    zaw min “ညာချတွေပဲများနေမှာပါပဲ..”
    မတရား မပြောပါနဲ့။

    ဟဲ ဟဲ အားလုံးဘဲ ။

    ဒါလဲ မမှန် ဘူး ။ ကိုဇော်မင်း ပြောတာမှန်ပါတယ်။ ခေါင်းမပေါင်း ရ တဲ့ သူ တွေ ကျန်သေးတယ်။

  • manawphyulay

    September 14, 2011 at 4:51 pm

    အင်း တဂျွတ်ဂျွတ်တောင်မဟုတ်ဘူး။ အကုန်မျိုချနေတာပါလား…..

  • MaMa

    September 14, 2011 at 6:27 pm

    ဦးကြောင်ရဲ့ တင်ပြပုံက ဓာတ်ပုံမှာတင် ပေါ်လွင်နေပြီ။ 😀

  • Nan Shin

    September 14, 2011 at 9:48 pm

    ဦးဦးကြောင်ရေ….လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားပြီး လယ်ထဲမှာကျွဲသွားသလို ကွဲပြားလှပါကြောင်း..

  • ရွှေအိမ်စည်

    September 15, 2011 at 9:47 am

    “အမှန်အတိုင်း ပြောရရင် လွှတ်တော် အမတ်ထိုင်ခုံပျောက်၊ နေရာအလုခံရတာ စိတ်မဝင်စားပါဘူး။ မလုပ်ပါနဲ့လို့ တားတဲ့ကြားက လုပ်ခဲ့တာကိုး။”

    ကြုံတုံးပြောရအုံးမယ်..အမတ်ရွေးပွဲဝင်တာ..တချို ့ဆို15သိန်း..သိန်း20ကျော်ကုန်လို ့..စိတ်နာနေတဲ ့သူတောင်ကျနော်တို ့နားမှာရှိရဲ ့ဗျား

    ငွေများရာငွေနိုင်ပါဘဲ…..

Leave a Reply