ရန်ကုန်ဆန်ဈေး လာမည့်လတွင် အနည်းငယ် ပြောင်းလဲနိုင်ဖွယ်ရှိ

klnMay 14, 20101min381

လာမည့်လတွင် ရန်ကုန်ဆန်ဈေးကွက်၌ ဆန်ဈေးနှုန်းများ ပုံမှန်ထက် အနည်းငယ် အပြောင်းအလဲ ဖြစ်လာနိုင်သည်ဟု ဆန်ကုန်သည် အများစုက ပြောသည်။ လက်ရှိအနေအထားတွင် ရန်ကုန်ဆန်ဈေးကွက်သို့ ဆန်အဝင် ပုံမှန်အနေအထားရှိနေသေးသော်လည်း လာမည့်လမှ စတင်ကာ ဆန်အဝင်နည်းလာတော့မည့် အရိပ်အယောင်များ မြင်တွေ့နေရသည့်အတွက်ကြောင့် ဆန်ဈေးအနည်းငယ် ပြောင်းလဲလာနိုင်သည်ဟု ဆိုကြောင်းသိရသည်။ “ အခုနယ်ဘက်က လယ်သမားတွေရဲ့လက်ထဲမှာ စပါးမရှိတော့ဘူး။ အကုန်လုံး ဆန်စက်သမားတွေနဲ့ လှောင်လက်တွေ လက်ထဲမှာပဲ ရှိတော့သလို ခုချိန်က နွေစပါးအကုန် မိုးစပါးစိုက်ချိန် ရောက်လာပြီဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုပဲပြောပြော လာမယ့်လမှာ ရန်ကုန်ဈေးကွက်ထဲကို ဆန်အဝင်က ကျိန်းသေပေါက် လျော့လာမှာ ဖြစ်ပါတယ် ” ဟု မော်တင်က ဆန်ကုန်သည် တစ်ဦးကပြောသည်။ ယခုလက်ရှိ ရန်ကုန်ဆန်ဈေးကွက်သို့ နယ်ဒေသများမှ ဆန်အိတ်ရေ (၆၀၀၀၀)ခန့် နေ့စဉ်ဝင်ရောက်လျှက်ရှိသည်။ ပုံမှန်အားဖြင့် ဆန်ဈေးနှုန်း အပြောင်းအလဲမှာ စပါးထွက်နှုန်းနှင့် ဝယ်လိုအားပေါ် မူတည်၍ ဈေးနှုန်းအတက်အကျ ပြောင်းလဲမှု ဖြစ်တတ်ကြောင်း သိရသည်။ “ လက်ရှိ ရန်ကုန်ဆန်ဈေးနှုန်းတွေက ပုံမှန်ဈေးနဲ့ ငြိမ်နေတယ်။ ဒါက ဈေးကွက်ကို ဆန်အဝင်ကောင်းနေသလို ဝယ်လက်နည်းနေတဲ့အတွက်ကြောင့် ဖြစ်တယ်။ ပုံမှန်သီအိုရီအရဆိုလျှင် အရင်နှစ်တွေက အခုလို အချိန်မျိုးမှာ အမြင့်ဈေးဖြစ်ပေမယ့် ဒီနှစ်ကတော့ ကျဈေးနဲ့ ငြိမ်နေတယ် ” ဟုအထက်ပါ ပုဂ္ဂိုလ်က ထပ်ဆင့် ရှင်းပြသည်။ လတ်တလော ရန်ကုန်ဆန်ဈေးကွက်တွင်း အရောင်းအဝယ် ဖြစ်နေသည့်အတွက် ဆန်တစ်အိတ် ဈေးနှုန်းများမှာ အကြမ်းရှယ်ထိပ်စ ကျပ်(၁၅၀၀၀-၁၆၀၀၀)၊ အလယ်ထိပ်စ ကျပ်(၁၄၀၀၀-၁၄၅၀၀)၊ အလယ်စ ကျပ်(၁၃၅၀၀-၁၄၀၀၀)၊ နှင့် အချော ကျပ်(၂၄၀၀၀-၂၄၅၀၀)၊ အလတ်စ ကျပ်(၂၃၀၀၀-၂၃၅၀၀) တို့ဖြစ်ကြောင်း ၂၀၁ဝ ခုနှစ် မေလ ၁၃ရက်နေ့ထုတ် Popular News ဂျာနယ်တွင်ဖော်ပြထားပါသည်။