ဒို့ဘာသာ (၂၁) အမြင်မှန်၊ အမှန်မြင်

ashinindakaSeptember 15, 20111min650

မြန်မာပြည်မှာ ဒက္ခိဏသာခါရုပ်ပွါးတော်ကို အိမ်မှာထားကိုးကွယ်တယ်ဆိုရင်
မီးမလောင်ဘူး၊ မီးကွင်းတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ကိုးကွယ်ကြလို့
ဘုရားရှင်ကို မီးကင်းစောင့်ထားရဲတဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့ အကြောင်းကို
အနည်းငယ် ပြောပြခဲ့တယ်။

တချိန်တည်းမှာပဲ ဒက္ခိဏသာခါရုပ်ပွါးတော်ရဲ့ ထုလုပ်ပုံ
ပုံသဏ္ဌာန် အချိုးအစား မကျနပုံကို တင်ပြခဲ့ပါတယ်။

တကယ့်ကိုပါဘဲ။
ဒက္ခိဏသာခါရုပ်ပွါးတော်ပုံဟာ ကြည်ညိုဖွယ်မဖြစ်ပါဘူး။
မြင်ရသူ ဖူးရသူနှလုံးသားကို ငြိမ်းချမ်းမှု မပေးပါဘူး။

ဒက္ခိဏသာခါရုပ်ပွါးတော်မှ မဟုတ်ပါဘူး။
ဘုရားစောင်းတန်းမှာ ရှိတဲ့ တချို့ဗုဒ္ဓရုပ်ပွါးတော်တွေဟာ
အချိုးအစား မပြေပြစ်ပါဘူး။

ခုခေတ်ဘုရားရှင်ရုပ်ပွါးတော်ထုလုပ်သူတွေက
ပြီးပြီးရော ထုကြလို့လားမသိဘူး။
တချို့ ရုပ်ပွါးတော်တွေဆိုရင် ရုပ်လုံးကို မပေါ်ဘူး။

ဆရာတော်ကြီးတစ်ပါးမိန့်တာကတော့
ရှေးရှေးတုန်းက ဘုရားရှင်ရုပ်ပွါးတော်ထုတဲ့သူတွေက
တကယ့်ပညာရှိကြီးတွေတဲ့။ ပါဠိစာပေတတ်ကျွမ်းတဲ့သူတွေဖြစ်တယ်တဲ့။
ဘုရားရှင်ရုပ်ပွါးတော်တွေကို ထုဆစ်တဲ့အခါမှာ ပါဠိစာပေထဲမှာဖော်ပြထားတဲ့
ဘုရားရှင်ရူပကာယပုံသဏ္ဌာန်အတိုင်း ထုဆစ်ကြတယ်တဲ့။

ခုခေတ်မှာတော့ ဘုရားရှင်ရုပ်ပွါးတော်ကို
ကြည့်ကောင်းတာ မကောင်းတာ ဂရုမစိုက်တော့ပါဘူး။
ရုပ်ပွါးတော်တွေဟာ ဘုရားစောင်းတန်း ဈေးကွက်ထဲမှာ
သူ့ထက်ငါ အလုအယက်ထုဆစ်ကာ ရောင်းချနေကြပါပြီ။

ဘုရားရှင်ရုပ်ပွါးတွေကို ထုဆစ်တဲ့အခါ ကို့ယို့ကားယားမဖြစ်အောင်
ကြည်ညိုဖွယ်ရုပ်တုတွေ ထုနိုင်အောင် သာသနာရေးဌာနနဲ့
သံဃာ့နာယကဆရာတော်ကြီးများ၊ ပါဠိဗုဒ္ဓဘာသာတတ်ကျွမ်းတဲ့
ပန်းပုပညာရှင်ကြီးများပူးပေါင်းကာ သင်တန်းများပေးသင့်ပါတယ်။
ထုလုပ်ပြီးတဲ့ ဘုရားရှင်ရုပ်ပွါးတော်တွေကိုလဲ
ပါဠိစာပေလာ ဘုရားရှင်စံချိန်စံနှုန်းနဲ့ ညီမညီ
သာသနာရေးဌာနနဲ့ သံဃာ့နာယကအဖွဲ့ကို တင်သင့်ပါတယ်။

အားလုံး စီစစ်ပြီး လက်မှတ်ထိုးပြီးမှ ရုပ်ပွါးတော်တွေကို
ဘုရားစောင်းတန်း ဈေးတန်းတွေမှာ ရောင်းချခွင့်ပြုသင့်ပါတယ်။
ဒီလိုမလုပ်ရင် ဘုရားရုပ်တုတွေကို ထုချင်သလိုထုပြီး
ဖြစ်ချင်သလိုဖြစ်နေမှာပါ။

ဒါကလဲ မြန်မာနိုင်ငံမှာပဲ ဖြစ်နေတယ်ထင်ပါတယ်။
သီဟိုဠ်နိုင်ငံနဲ့ ထိုင်းနိုင်ငံက ဘုရားရှင်ရုပ်ပွါးတော်တွေဟာ
မြန်မာပြည်က ရုပ်ပွါးတော်တွေလောက် ကို့ရို့ကားယားမနိုင်တာတွေ့ရတယ်။
သီဟိုဠ်းနိုင်ငံက ရုပ်ပွါးတော်ကိုပဲ ကြည့်ကြည့်၊
ထိုင်းနိုင်ငံက ရုပ်ပွါးတော်ကိုပဲ ကြည့်ကြည့်၊
များသောအားဖြင့် ထုလုပ်ပုံ ပုံစံတူညီတာကို တွေ့ရတယ်။

ဒါဟာ သူတို့နိုင်ငံက ရုပ်ပွါးတော်တွေက ပိုကောင်းတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။
မြန်မာပြည်က ရုပ်ပွါးတော်တွေထဲမှာ အင်မတန်လက်ရာပြောင်မြောက်တဲ့
ကြည်ညိုဖွယ်ကောင်းတဲ့ရုပ်ပွါးတော်တွေ အများကြီးပါ။

ပြောချင်တာက
သူတို့နိုင်ငံမှာ ဘုရားရှင်ရုပ်ပွါးတော်ထုရင်
သတ်မှတ်ထားတဲ့ စံ၊ သတ်မှတ်ထားတဲ့ (ဗဟိုရ်) မူ ရှိပုံပေါ်တယ်။
ဘုရားရှင်ရုပ်ပွါးတော်ထုတဲ့အခါ သတ်မှတ်ချက်စံ၊ မူ ရှိသင့်ပါတယ်။
ဒါလဲ မြန်မာပြည်မှာ မဖြစ်နိုင်စရာ မရှိပါဘူး။
မြန်မာနိုင်ငံမှာက သာသနာရေးဌာနနဲ့ သံဃာ့နာယကအဖွဲ့ရှိပြီးသားပါ။
လုပ်ဖို့ပဲ လိုတာပါ။

အဲ့လိုမလုပ်ရင် မန္တလေးလက်ရာ၊ စစ်ကိုင်းလက်ရာ၊ မုံရွာလက်ရာ၊ ရန်ကုန်လက်ရာနဲ့
ဂေါတမဘုရားရှင်တစ်ဆူထဲကို တစ်ခေတ်ထဲမှာ ပုံစံအမျိုးမျိုးနဲ့တွေ့နေရတော့
သိပ်တော့ မကောင်းလှပါဘူး။

ဒီလိုပုံစံအမျိုးမျိုးတွေကွဲနေတော့ ဘာသာရေးဗဟုသုတနည်းသူတွေနဲ့
တခြားဘာသာဝင်တွေက ဘုရားတွေပဲ ပေါများနေသလိုလို ထင်လာပါတယ်။

နောက်ပြီး ဒီလိုပုံစံတွေကွဲနေတဲ့ကြားက
နာမည်တွေကိုလဲ အမျိုးမျိုးပေးကြပြန်ရော။
ဒက္ခိဏသာခါလိုမျိုး၊ အလိုတော်ပြည့်လိုမျိုး၊ မဟာသွံသာရလိုမျိုးပေါ့။

ဂေါတမဘုရားရှင်တစ်ဆူတည်းကို
ဒီလိုမျိုးနာမည်အထူးအဆန်းတွေပေးတော့ လူတွေ ဇဝေဇဝါဖြစ်ကုန်ပြန်ရော။

တကယ်တော့ ဘုရားရှင်ကို ကိုးကွယ်ရာမှာ
ပုံတော်တွေနောက်က ဂုဏ်တော်တွေကို အာရုံပြု ကိုးကွယ်ရမှာပါ။
သက်ရှိထင်ရှားဘုရားအထိ စိတ်ရောက်ပြီး ဂုဏ်တော် ကျေးဇူးတော်တော်တွေကို
အာရုံပြုကိုးကွယ်ရမှာပါ။
ဘုရားရှင်ကို ကိုးကွယ်တဲ့နေရာမှာ အမြင်မှန်ဘို့လိုပါတယ်။
အမြင်မှန်မှ အမှန်မြင်မှာပါ။

ဒါနဲ့စပ်လို့ ဖတ်ဖူးတဲ့ “အငြင်းပွါးရတဲ့မှန်တစ်ချပ်” ပုံပြင်လေးပြောပြရအုံးမယ်။
မနက်ဖန်မှပေါ့။