“Net Guide နှင့် စကြာဝဠာ တိုက်တစ်သောင်း”

သူရႆဝါSeptember 15, 20114min722

“Net Guide နှင့် စကြာဝဠာ တိုက်တစ်သောင်း”


ဖြစ်စဉ် (၁) စတိဗ်ဂျော့ Vs လယ်ရီပေ့ချ်

Apple ကုမ္ပဏီ၏ CEO ဖြစ်သူ စတိဗ်ဂျော့ဘ်စ် ရာထူးမှ အနားယူပြီ ဟူသော သတင်းများ ပေါ်ထွက်လာပြီး နောက်တစ်နေ့တွင် ဖြစ်သည်။ ခမ်းနားထည်ဝါ လှသော မိုးပျံတိုက်တာ အဆောက်အအုံကြီး အောက်ခြေမှ အပေါ်သို့ အားကျသည့် မျက်လုံးများဖြင့် စတိဗ်ဂျော့ဘ်စ် မော့ကြည့် နေသည်။ လက်ထဲတွင်လည်း အလုပ်လျှောက်ရန် CV Form လေး တစ်စောင်နှင့် …။ ထိုအခိုက် သူ့ဘေးသို့ ရောက်လာသူက သူ၏ပြိုင်ဖက်ဖြစ်သူ Google CEO ဟောင်း လယ်ရီပေ့ချ်။ သူ့ လက်ထဲတွင်လည်း အဲဒီလိုပဲ CV Form လေး တစ်စောင် ကိုင်လျက်သား။ စတိဗ်ဂျော့ဘ်စ်က “ဒီကောင် ဘာလာရှုပ် ပြန်ပြီလဲ မသိဘူး” ဟူသည့် အကြည့်ဖြင့် ကြည့်၍ “ကျုပ်က ဒီမှာ အလုပ်လာလျှောက်တာ .. ခင်ဗျားက ဘာလာ လုပ်တာတုန်း” ဟု ဘုဆတ်ဆတ် မေးရာ လယ်ရီပေ့ချ်က “ကျုပ်လည်း အတူတူပဲ” ဟု ပြောသည်။ ထို့နောက် နှစ်ယောက်သား အပြန်အလှန် မျက်စောင်းခဲ၍ မိုးပျံတိုက်ကြီး၏ အပေါ်ဆုံးထပ်သို့ တက်သွားကြလေသည်။

 

အလုပ်လျှောက်လွှာ CV Form လက်ခံသည့် ရုံးခန်းကြီး အတွင်း တာဝန်ခံ ဖြစ်သူ၏ ရှေ့သို့ ရောက်သောအခါ စတိဗ်ဂျော့ဘ်စ်နှင့် လယ်ရီပေ့ချ်တို့ ကိုယ်စီ CV Form လေးများ ထိုးပေး လိုက်ကြပြီး “ကျွန်တော်တို့ Net Guide Journal မှာ အလုပ် လုပ်ချင်လို့ပါ” ဟု သံပြိုင် ပြောကြလေသည်။ တစ်ယောက်က “ကျွန်တော်က Apple CEO ဟောင်းဖြစ်တဲ့ စတိဗ်ဂျော့ဘ်စ်ပါ .. Apple iPhone Series တွေကို အအောင်မြင်ဆုံး ထုတ်လုပ် ခဲ့တာပေါ့” ဟု ပြောသည်တွင် လယ်ရီပေ့ချ်က အားကျမခံ “ကျွန်တော်ဆိုလည်း Google Product တွေကို ကမ္ဘာကျော် လူကြိုက်များအောင် အများကြီး ကြိုးစား ခဲ့တာပဲ … ကျွန်တော်က လယ်ရီပေ့ချ်ပါ” ဟု အပြိုင်အဆိုင် ပြောလိုက်၏။ တာဝန်ခံ ဖြစ်သူက နှစ်ဦးစလုံး၏ CV များကို ကြည့်ပြီးနောက် “အင်း … နှစ်ဦးစလုံး Personal Data တွေက လက်ခံနိုင် လောက်စရာ အခြေအနေပါ .. သိတဲ့ အတိုင်း ကိုယ်တို့ Net Guide Journal က ကမ္ဘာပေါ်မှာ စောင်ရေ အများဆုံးနဲ့ ဘာသာပေါင်း များစွာ ပြန်ဆိုပြီး ရောင်းရတဲ့ ဂျာနယ်ကွ .. ဒီမှာ အလုပ်လုပ်ရင် Google တို့ Apple ကုမ္ပဏီတွေမှာ လုပ်တာထက် လစာပိုကောင်းမယ် ဆိုတာလည်း အသေအချာပဲ … ဒါပေမယ့် ဒီမှာ လက်ရှိ အလုပ် လုပ်နေတဲ့ လူတွေက ညီလေးတို့ နှစ်ယောက်ထက် ပိုတော်တဲ့ သူတွေ ချည်းပဲ … ဒီတော့ ဒီမှာ အလုပ်လုပ်ချင်တယ်ဆိုရင် ရာထူးမြင့်မြင့်တော့ ရမှာမဟုတ်ဘူး .. ညီလေးတို့ နှစ်ယောက်က Data Collector အနေနဲ့ လုပ်နိုင်ရင်တော့ လုပ်ကြကွာ .. နော် .. လစာကတော့ အနိမ့်ဆုံးအဆင့် တစ်လကို ဒေါ်လာသန်း ၂ဝ ကနေ စပြီး ရမှာပါ” ဟု ရှည်ရှည်လျားလျား ပြောလိုက် သောအခါ စတိဗ်ဂျော့ဘ်စ်နှင့် လယ်ရီပေ့ချ်တို့ နှစ်ဦးသား တိုင်ပင် ထားသည့်အလား ဝမ်းသာအားရဖြင့် ခေါင်းကို သွက်သွက်ခါအောင် ငြိမ့်လိုက်ကြလေ၏။
ဖြစ်စဉ် (၂) Net Guide Vs 100000th Issue

 

ကမ္ဘာကျော် အဆိုတော် များဖြစ်ကြသည့် ရှာကီရာ၊ ဂျပ်စတင် ဘီဘာ၊ လေဒီဂါဂါ၊ အေကွန်၊ တေလာဆွစ်ဖ်နှင့် ရီဟားနားတို့ လက်ထဲတွင် Net Guide Journal တစ်စောင်စီ ကိုင်ထားပြီး သီချင်း တီးလုံးသံ စပွင့်လာသည်ကို ကြားလိုက် ကြသော လမ်းသွားလမ်းလာ အပေါင်းသည် မြေနီကုန်း မီးပွိုင်းအနီးရှိ LED TV ကြီး၏ ဖန်သားပြင်ကို ငေးမော ကြည့်ရှု မိလိုက် ကြသည်။ ကမ္ဘာကျော် အဆိုတော် အပေါင်းက မြူးမြူးကြွကြွ ကြော်ငြာသီချင်း တစ်ပုဒ်ကို ဝိုင်းဝန်း သီဆိုနေ ကြ၏။ “အာရုံထဲမှာ နက်ဂိုက်ပါ … ဗုဒ္ဓဟူးနေ့တိုင်း နက်ဂိုက်ပါ … ဂိုက် ဂိုက် ဂိုက် ဂိုက် .. နက်ဂိုက်ပါ” ဟူသော သီချင်း ဆုံးခါနီး အချိန်ကလေးတွင် ထိုအဆိုတော်များ ကြားထဲမှ ပြုံးဖြီးနေသော မျက်နှာကြီးတစ်ခု ပေါ်ထွက် လာပြီး မိုးလေဝသ ကြေငြာသည့် ဟန်ဖြင့် စကားများ စတင် ပြောလေတော့သည်။ ထိုသူကား .. အခြားမဟုတ် ၊ Net Guide Journal ၏ အယ်ဒီတာချုပ် ဖြစ်သူ ကိုဇော်မင်းပင် ဖြစ်လေ၏။

သူပြောသော စကားများမှာ ယနေ့သည်ကား ခရစ်နှစ် ၂၀၂ဝ ၏ ဗုဒ္ဓဟူးနေ့ တစ်ရက်ဖြစ်ပြီး Net Guide Journal ၏ Volume 200, Issue 100000 ပြည့်မြောက် သည့်နေ့ ဖြစ်သည့် အကြောင်း၊ ထို့ကြောင့် ကမ္ဘာကျော် အဆိုတော်များ၏ ဂုဏ်ပြုကမ်းလှမ်းမှုကို လက်ခံပြီး Net Guide Journal အား ကြော်ငြာခွင့် ပြုခဲ့ကြောင်း၊ အားလုံး သိကြသည့် အတိုင်း Net Guide Journal သည် ကမ္ဘာပေါ်တွင် စောင်ရေ အများဆုံး ထုတ်ဝေရသည့် ဂျာနယ်တစ်စောင် ဖြစ်ကြောင်း၊ မြန်မာဘာသာမှ အစပြု၍ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ လက်တင် .. စသည့် ဘာသာပေါင်း ၁၀ဝ ကျော် ပြန်ဆို ထုတ်ဝေရသည့် ကမ္ဘာ့နာမည် အကြီးဆုံး ဂျာနယ်တစ်စောင် ဖြစ်ကြောင်း၊ ယခုလက်ရှိ Net Guide Journal အလုပ်ရုံအဖြစ် အသုံးပြုသည့် အဆောက်အဦး ကြီးသည် ကမ္ဘာပေါ်တွင် အခန်းအများဆုံးနှင့် အကြီးမားဆုံး ဖြစ်ကြောင်း၊ Net Guide Journal မှ ဝန်ထမ်းများမှာ အလုပ်များကြ သကဲ့သို့ လုပ်ခလစာများလည်း ဒေါ်လာ သန်းချီရကြသဖြင့် သူဌေးစာရင်းဝင်များ ဖြစ်ကြကြောင်း၊ သူကိုယ်တိုင်လည်း အလုပ်အကိုင် အဆင်ပြေသဖြင့် မိန်းမ ဆယ့်သုံးယောက်တိတိ ယူထားကြောင်း၊ ကမ္ဘာကျော် နည်းပညာ ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများမှာ သူတို့၏ ကုန်ပစ္စည်းများကို Net Guide Journal တွင် ကြေငြာခွင့်ရအောင် တစ်နှစ်တိတိ ကြိုတင်၍ ရက်ချိန်း ယူရကြောင်း၊ ထို့ကြောင့် ကြော်ငြာ လုပ်ငန်းရှင်များ အနေနှင့် မိမိတို့၏ ကုန်ပစ္စည်းများ ကြော်ငြာလိုလျှင် စောစောစီးစီး ပြင်ဆင်ရန် လိုကြောင်းနှင့် ယနေ့သည် Net Guide Journal ၏ 100000th Issue ထွက်ရှိသည့် နေ့ထူးနေ့မြတ် ဖြစ်၍ ဂျာနယ်တစ်စောင် ဝယ်ယူသူတိုင်းကို Branded Laptop သုံးလုံးစီ လက်ဆောင် အဖြစ်ပေးအပ်မည် ဖြစ်ကြောင်း၊ လူဦးရေ အကန့်အသတ် ရှိသဖြင့် အမြန်ဝယ်ယူ ကြရန် လိုကြောင်း၊ Internet မှ ကောက်ယူသော စစ်တမ်းအရ ယခု ပြောနေသည့် အချိန်တွင်ပင် စောင်ရေ ၄၆ သန်းတိတိ ရောင်းချရပြီး ဖြစ်ကြောင်းတို့ကို အားပါးတရ ပြောကြားသည်တွင် ထိုသတင်း ကြော်ငြာကို ကြည့်ရှုနေကြသူများ အားလုံး လူဆိုလျှင် လက်ခုပ်တီး၍ ကားဆိုလျှင် ဟွန်းတီးကာ တခဲနက် ကောင်းချီးဩဘာ ပေးလိုက်ကြလေသည်။

 


ဖြစ်စဉ် (၃) အင်္ဂါဂြိုဟ် Vs Netguide

နေရာကား အင်္ဂါဂြိုဟ် ဖြစ်၏။ Net Guide Journal မှ ခေါင်းစည်း သတင်း တစ်ပုဒ်ကို ဖတ်ရှုပြီးနောက် ဂြိုဟ်သားကြီး မစ္စတာ ကြာပလာတာညိုသွေးသည် လက်သီးလက်မောင်း တန်း၍ ထအော်လေ၏။ ထိုအချင်းအရာကို မြင်သော ဂြိုဟ်သူမကြီးက “တကတည်းတော် .. အလန့်တကြား ဘာဖြစ်တာလဲ” ဟု မေး၏။ ထိုအခါ ဂြိုဟ်သားကြီး မစ္စတာ ကြာပလာတာညိုသွေးက ဝမ်းသာအားရ လေသံဖြင့် “ရှင်မရေ .. သတင်းကောင်းကွ ၊ ဒီမယ် .. ကမ္ဘာဂြိုဟ်နဲ့ အင်္ဂါဂြိုဟ်ကို အာကာသ စခန်းကနေ ပြေးဆွဲတဲ့ နာဆာ ဘတ်စ်ကားက လမ်းကြုံပို့ပေးလို့ ငါအပတ်စဉ် ဖတ်တဲ့ Net Guide Journal လေ … သိတယ်မဟုတ်လား ၊ နောက်တစ်ပတ် ကစပြီးတော့ စကြာဝဠာ ထဲမှာရှိတဲ့ ဂြိုဟ်တွေ အားလုံးပါ ဖတ်လို့ရအောင် သူတို့ဂျာနယ်ကို ဂြိုဟ်သား ဘာသာစကားနဲ့ပါ ထုတ်ဝေတော့မှာတဲ့ဟေ့ .. အခုလိုမျိုး စာတစ်ကြောင်း ကြည့်လိုက် တတွီတွီ တတွမ်တွမ် ဘာသာပြန်လိုက် လုပ်စရာမလိုတော့ဘူး … ငါ့စာကြည့်စားပွဲပေါ်က Translation Machine ကြီးကို အာကာသထဲသာ လွှင့်ပစ်လိုက်တော့ ရှင်မရေ” ဟု ဝမ်းသာအားရ ပြောချလိုက်လေတော့သည်။

Net Guide Journal 100th Issue မှ သိန်း သန်း ကုဋေ Issue များအထိ ထုတ်ဝေနိုင်ပါစေဟု ဆန္ဒပြုလျှက် .. အမှတ်တရ
(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 1, Issue 100 တွင် ပုံနှိပ်ဖော်ပြခဲ့ပြီး ဆောင်းပါးသရုပ်ဖော်ပုံကို ကာတွန်းနေကြီးမှ ကျေးဇူးပြုရေးဆွဲပေးပါသည်)

 



သူရဿဝါ
စက်တင်ဘာ ၁၅ ရက် ၊ ၂၀၁၁ ခုနှစ်
www.thurathawah.net
www.facebook.com/ThuraThawah
www.twitter.com/Thurathawah
www.facebook.com/LiteraryArtBlog
www.moba4all.org

2 comments

  • တယ်လီဖုန်း

    September 16, 2011 at 10:52 am

    ဒါ ကြော်ငြာလားဟင်…

    (ဒါမှမဟုတ် ရယ်စရာရေးထားတာလား)

  • မီးမီး သော်

    September 16, 2011 at 12:58 pm

    အမလေး ကိုသူရသဝါ ရေ. စတိဗ်ဂျော့ ကြားရင်တော့ ငိုအားထက်ရီအားသန်ရတော့မှာပေါ့။

Leave a Reply