“ကျုပ်ရဲ့ မေတ္တာ”


          ကျုပ်ရဲ့ နာမည်က ဘစိုး။ ကျုပ်က နာမည်နဲ့လိုက်အောင် အစိုးရတဲ့ သူဖြစ်ချင်ခဲ့တာ။ အထူးသဖြင့် ကျုပ်မိသားစုအပေါ်မှာပေါ့။ကျုပ် မိသားစုမှာ သားသမီး ငါးယောက်နဲ့ မိန်းမနဲ့  အားလုံးပေါင်း ခုနှစ်ယောက်ရှိတယ်။  ကျုပ်မိသားစုကို ကျုပ်က ဝမ်းဝရုံတင်မကဘူး ခါးလှအောင်ပါ ဆင်နိုင်ဖို့ ကျုပ်အမြဲတမ်းကြိုးစားခဲ့တာ။

တစ်ခါတစ်လေ ကံမလိုက်တော့ ကျုပ်ဘဝမှာ စီးပွားပျက်ကပ်နဲ့ ကြုံလိုက်သေးတယ်။ စီးပွားပျက်တာနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေတုန်း ကျုပ်အပေါင်းအသင်းတွေက အကြံဉာဏ်ပေးတာနဲ့ အအေးဆိုင်လိုလို အရက်ဆိုင်လိုလို ကျုပ်စီးပွားရေးကို အခြေ တည်လိုက်တယ်။တကယ်ပါ။ ကျုပ် သားသမီးတွေနဲ့ ကျုပ်မိသားစု ဝမ်းဝ ခါးလှအောင်ပါ ။

အရက်ရောင်းတဲ့ အလုပ်က ကျုပ်နဲ့ အကျိုးပေးတယ် ထင်ပါရဲ့။ တစ်နှစ်အတွင်းမှာပဲ ကျုပ်စီးပွားရေး ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့တယ်။ ကျုပ်ရပ်ကွက်ထဲမှာဆိုရင် ကျုပ်ဆိုင်က နာမည်ကြီး။ ညနေ နေညိုချိန် လေပြိုချိန်ရောက်ပြီဆိုရင် ကျုပ်ဆိုင်မှာ ခိုပြိုတဲ့အတိုင်းပဲ။ တစ်ခါတစ်လေ စားပွဲမလောက် ဖန်ခွက်မလောက်နဲ့ ကျုပ်ဆို ပျာယာတွေခပ်နေတတ်တာ။ ခုဆိုရင် ကျုပ်သားသမီးတွေထဲက အကြီးသုံးယောက်၊ ဘွဲ့ရပညာတတ်တွေဖြစ်ကုန်ပြီ။ ကျုပ်မိန်းမကိုလည်း သူများတန်းတူ အိမ်တစ်ဆောင် မီးတပြောင်မကဘူး ကိုက်နဲ့ မော်တော်ဆိုင်ကယ်နဲ့ ရေခဲသေတ္တာ ၊ တီဗွီ အပေါ်စက်အောက်စက်နဲ့ ထားနိုင်ပြီ။ ကဲ ကျုပ်ဘယ်လောက်တော်သလဲ။

အဲ ကျုပ်မတော်တာ တစ်ခုရှိတယ်။ ကျုပ်သားသမီးတွေကို ကျုပ်မဆုံးမနိုင်ဘူး ဗျာ။ ဒီကောင်တွေက ကျောင်းတက်သုံးကလည်း အိမ်မကပ်ရဘူး။ ကျောင်းပြီးပြန်တော့လည်း ဟေးလားဝါးလား ယောင်ခြောက်ဆယ်  ။ ကျုပ်ဆိုရင် ဗျာဟိုသင်တန်းတက်ချင်တယ်ဆိုရင်လည်း သူတို့ရှေ့ရေးဆိုပြီး တက်။ ဒီ သင်တန်းဆိုရင်လည်း တက်။ အစွမ်းကုန် အလိုလိုက် မြောက်စားတာတောင်မှ ဒီကောင်တွေက ယောင်ခြောက်ဆယ်။ မနက်မိုးလင်းတာနဲ့ အမြင်မတော်တာတွေ တန်းတွေ့တာပဲ။ညဆို ဟိုး ဥရောပက ဘောလုံးပွဲကို ညနက်သည်အထိအောင်ကြည့် မနက်ကျတော့ ကိုးခွဲ ဆယ်နာရီမှထ ကျုပ်မပြောပဲ လက်ပိုက်ကြည့်နေရမှာလား။ ကျုပ်သာမပြောပဲထားရင် ဒီကောင်တွေ ပညာတတ်ပြီး လမ်းဘေးရောက်ကုန်မှာ ကျုပ်တအားစိုးရိမ်တာ ။ ဒါကြောင့် မနက်လင်းတာနဲ့ တန်း ပြီး ဆူမိ ငေါက်မိတော့တာပဲ။

ကျုပ်ဆူပြီဆိုရင် သူတို့ပညာတတ် စကားလုံးတွေနဲ့ ပြန်ခံပြောရော။ အဲဒီတော့ ကျုပ်ဆိုတဲ့ကောင်ကလည်း လက်က ပါမိရော။ ကျုပ် မေတ္တာတွေ ဒီကောင်တွေ နားမလည်နိုင်ဘူးဗျာ.။ နောက်ဆုံး အိမ်ပေါ်က နှင်ချတာလည်း ခဏခဏ။ အောင်မယ် သူတို့က အပေါင်းအသင်းများတော့ ဆင်းသွားလည်း ထမင်းမငတ်ဘူး။ နေစရာမရှားဘူးဗျာ။ နောက်ဆုံး ကိုယ့်သားသမီးပဲ မျက်နှာငယ်ရမှာပါလေဆိုပြီး ကျုပ်ကပဲ အလျှော့ပေး အိမ်ပြန်ခေါ်ရတာ။ ဒါတောင်သူတို့က မလိုက်ချင်တဲ့ အခါ ကရှိသေး။ ဒီကောင်တွေ တစ်နေ့ ကျုပ်လို မိဘနေရာရောက်မှ ကျုပ်မေတ္တာတွေ သိမှာပါလေ ဆိုပြီး ကျုပ်ဖြေသိမ့်လိုက်ရတော့တာ အခါခါ။

အခုဆိုရင် ကျုပ်မရှိတော့ဘူး။ ကျုပ်က တစ်နေ့ကမှ သွေးတိုးပြီး ဦးနှောက်သွေးကြောပြတ်ပြီးသေခဲ့ရတာ။ အဲဒီညကဗျာ ခေါင်းထဲလည်း တရိပ်ရိပ်နဲ့မို့ နေလို့ထိုင်လို့မကောင်းတာနဲ့ အိပ်ယာအစောကြီးဝင်မိပါတယ်။ တစ်ရေးနိုးဆီးသွားချင်တာနဲ့ ထမယ်လုပ်တော့ ကျုပ်ထလို့မရဘူး.။ ဒါနဲ့ ဘေးက မိန်းမလက်တို့နိုးတော့ ကျုပ်လက်တွေကလည်း လိုရာကို တော်တော်နဲ့မရောက်နိုင်ဘူး.။ ကျုပ်လည်း လန့်ပြီး မိန်းမကို အော်နိုးတော့ ပါးစပ်က စူးစူးဝါးဝါးအသံတွေပဲ ထွက်လာတယ်။ တစ်အိမ်လုံး ကျုပ်အတွက်နဲ့ ပျာယာခပ်ပြီး အိပ်ရေးပျက်ကြရော။ ဆရာဝန်သွားခေါ်၊ ဆေးရုံပို့နဲ့ သူတို့ခမျာအလုပ်တွေ ရှုပ်လိုက်ကြတာ ညတွင်းချင်းပဲ  ကျုပ်ကို ဆေးရုံပို့လိုက်ကြတယ်။

ကျုပ်သားသမီးတွေလည်း ငို၊ ကျုပ်မိန်းမလည်း ငိုနဲ့ ကျုပ်ဖြင့် စိတ်မကောင်းလိုက်တာ ဗျာ။ ကျုပ် ဘာမှ ဖြစ်လို့မရသေးဘူးလေ။ ကျုပ် သူတို့ကို လုပ်ကိုင်ကျွေးမွေးရဦးမှာ။

ဆေးရုံရောက်တော့ ဆရာဝန်က နောက်ကျနေပြီတဲ့။ အသက်ကယ်ဆေးထိုးထားရတယ်ဆိုလားပဲ။ အဲဒီကျမှ ကျုပ်ငိုချင်လာတယ်။ ကျုပ် သားသမီးတွေ ဘယ.်လိုနေရှာမလဲ။ကျုပ်မရှိရင် ဘယ်လိုလိမ္မာအောင် နေပါထိုင်ပါလို့ ကျုပ် မှာချင်တာတွေ အများကြီး။ ကျုပ် ပါးစပ်က ဘာမှ ပြောလို့မရဘူးဗျာ။ကျုပ် သူတို့ကိုကြည့်ပြီး မျက်ရည်တွေ စီးကျနေတာပဲရှိတယ်။ ကျုပ် သူတို့ရှေ့ရေးကိုတွေးပြီး ရင်ပူလိုက်တာ ဗျာ။ ကျုပ်ရင်ဘတ်ထဲလည်း တစ်တစ်ဆို့ဆို့ကြီး ခံစားရတယ်။ ကျုပ် အသက်ရှူရတာလည်း မွမ်းကျပ်ကျပ်နဲ့ မဝဘူး.။ ကျုပ် သူတို့ကို ပြောစရာမှာစရာ စကားတွေ အများကြီးရှိသေးတယ်။

ကျုပ် ဘယ်လို အသက်ထွက်သွားတယ်ဆိုတာ တောင်မသိလိုက်ဘူး။ နောက်ဆုံး ကျုပ်ကို လူမည်းကြီးတွေက ဆွဲခေါ်တာပဲ သိတယ်။ အဲဒီတော့မှ ကျုပ် စကားပြောလို့ရတယ်။ ကျုပ်က ခဏနေပါဦး ကျုပ် မိသားစုနဲ့ စကားလေးပြောပါရစေဦးလို့ ငိုကြီး ချက်မနဲ့ တောင်းပန်တာ ကျုပ်ကို ဘယ်သူမှ ဂရုမစိုက်ကြဘူး ဗျာ။ ကျုပ်ကို သူတို့လိုရာ ဆွဲခေါ်သွားတယ်။ ကျုပ်ရုံးရင်းကန်ရင်းနဲ့ ပါသွားရတာပဲ။ ဒါနဲ့ သူတို့ဆီလည်းရောက်ရော ကျုပ်အလုပ်အကိုင်နဲ့ ကျုပ်ပြုခဲ့တဲ့ ကုသိုလ်တွေကို တရားခံစစ်သလို စစ်တာပဲ။ ကျုပ်လည်း ဟုတ်တိုင်းမှန်ရာကို ဖြေတယ်။

ကျုပ် အရက်ရောင်းတယ်။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ အုတ်တံတိုင်းလှူတယ်။ ကျုပ်သားသမီးတွေကို ရှင်ပြုပြီး ခုနှစ်ရက်သားသမီးတွေကို အမျှဝေခဲ့တယ်။ ကျုပ်မွေးရပ် အင်္ဂါနေတိုင်း ဆွမ်းချိုင့်ပို့တယ်။ ကျုပ် ဖြေလည်း ပြီးရော

“မင်းသေပြီ”တဲ့။

“မင်းကို အိမ်ခုနှစ်ရက် ပြန်ခွင့်ပေးတယ် ကျန်ရစ်တဲ့ မင်း မိသားစုက မင်းကို ရက်လည်ဆွမ်း သွပ်ပြီးရင် အမျှဝေလိမ့်မယ် အဲဒါပြီးရင်တော့ မင်းပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်အလိုက် မင်း နောက်တစ်ဘဝ ခံစားရလိမ့်မယ်”တဲ့။ကျုပ်ဖြင့် သူတို့ စကားကို ဆုံးအောင် နားမထောင်ခဲ့ပါဘူး။ အိမ်ပြန်ခွင့်ပြုတယ်ပြောတာနဲ့ အပြေးပြန်လာခဲ့တယ်။ ကျုပ် မောလည်းမမော ၊ ပြီးတော့ ကျုပ်ခန္ဓာက ဂွမ်းစလေးလို ပေါ့ပါးနေတယ်။ အဝေးကြီးက ပြေးပြန်လာတာတောင် ကျုပ်အိမ်ကို ခဏနဲ့ ပြန်ရောက်တယ်။

“ဟာ”

ကျုပ် အိမ်မှာ ကျုပ်ခန္ဓာကြီးက ဆန့်ဆန့်ကြီး ။ကျုပ်မိသားစုက ဘေးနားမှာ ငိုနေလိုက်ကြတာများ ကျုပ် ပြန်လာတာ ဘယ်သူမှ အသိအမှတ်မပြုကြပဲ ကျုပ်နာမည်ကိုပဲ  တ…..တ ပြီးငိုငိုနေတာ။ သူတို့ကို မငိုနဲ့ ကျုပ်ပြန်လာပြီလို့ပြောလည်း မကြားကြဘူး။ ကျုပ်က ဘယ်လိုပြောပြော၊ ဘာတွေ လုပ်ပြပြ ကျုပ်ကိုလည်း မြင်ကြဟန် မတူဘူး.။ ကျုပ် စိတ်ဓါတ်အရမ်းကျပြီး ထောင့် တစ်ထောင့်ထိုင်ပြီး သူတို့နဲ့ အတူ ရောပြီး ငိုနေမိတယ်။ နောက်နေ့လည်းရောက်ရော ကျုပ်ခန္ဓာကြီးကို ရွာသင်္ချိုင်းထဲမှာ မြေမြုပ်ပစ်လိုက်ကြတယ်။ ကျုပ်တားပါသေးတယ်။  ကျုပ် ခန္ဓာကြီးကို မြေမမြုပ်ပစ်ကြပါနဲ့။ ကျုပ်ပြန်လာပြီလို့ ဆိုတဲ့ စကားကို သူတို့မကြားကြဘူး။ ကျုပ်လည်း ကျုပ်ခန္ဓာထဲကို ပြန်ပြီး ဝင်လို့လည်းမရဘူး ဗျာ။ ကျုပ် ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်းမသိဘူး.။ ကျုပ် မိသားစုရော ၊ အပေါင်းအသင်းတွေရော စုံစုံညီညီတွေ့ရတာ ဒီတစ်ခါ အများဆုံးပဲ။ ကျုပ် ဝမ်းအနည်းဆုံးကလည်း ကျုပ်ကို ဘယ်သူမှ အသိအမှတ်ပြု ဖေးကူခေါ်ပြောလည်း မလုပ်ကြဘူးဗျာ..။

ကျုပ် သိလိုက်ပါပြီ။ ကျုပ်က သေသွားခဲ့ပြီဆိုတာ။ ဒီတော့မှ ကျုပ်ကိုယ် ကျုပ် ပြန်ကြည့်လိုက်တော့ ဆိုးလိုက်တဲ့ ရုပ်ဗျာ။ ဘယ်လို ပုံစံကြီးမှန်းလည်းမသိဘူး။ ကျုပ်ကိုယ် ကျုပ်တောင် မမှတ်မိဘူး။

ကျုပ်ဆီက အော်ဂလီဆန်စရာ အပုပ်နံ့တွေ ထွက်နေတာလည်း သတိထားမိတယ်။ ဒီရုပ် ဒီအနံ့တွေနဲ့ ကျုပ် သားသမီးတွေနဲ့ မိန်းမ အနားကို ကျုပ် ပြန်မကပ်ချင်တော့ဘူး..ဗျာ။ ကျုပ်ကိုယ်ကျုပ်ပဲ အပြစ်တွေတင်နေမိတယ်။

ကျုပ်ကိုယ်ကျုပ် ပြန်သုံးသပ်မိမှ ကျုပ် လူ့ဘဝတုန်းက ဖတ်ခဲ့ရတဲ့ တရားစာအုပ်ကိုပြန်သတိရတယ်။ လူဆိုတာ နောက်ဖြစ်မယ့် ဘဝဟာ သေခါနီး နမိတ်တွေထဲက သက်သေပြတယ် သေခါနီးအချိန်လေးအတွင်းမှာ လောဘ ဒေါသ မောဟ၊ ကိလေသာ အနှောင်အဖွဲ့တွေနဲ့ လွတ်ကင်းပြီး သရဏဂုဏ် တည်နေတတ်ရမယ့်တဲ့။ ကျုပ်လုံးလုံးကြီးကို မေ့နေတာ ။ကျုပ်သေခါနီးမှာ ဘာနမိတ်တွေနဲ့ သေခဲ့သလဲဆိုတာတောင် မသိလိုက်ဘူး။ ကျုပ် သေခါနီးအသိတွေမှာ ကျုပ်မိသားစု အရေးကိုပဲ သိခဲ့တာ။ သူတို့အတွက်သာ ပူပန်နေခဲ့ရတာ သေချာပါတယ်။ ကျုပ် နမိတ်ကောင်းတွေနဲ့ သေခဲ့တာ မဟုတ်တာ သေချာပါတယ်။ နမိတ်တာကောင်းခဲ့ရင် ကျုပ် ဒီလို ဆိုးရွားတဲ့ ဘဝကို ရောက်စရာမလိုဘူးလေ။

နောက်ပြီးရှိသေးတယ်။ လူ့ဘဝက အကုသိုလ်အလုပ်နဲ့ အသက်မွေးခဲ့တဲ့သူဆိုရင် အမျှအတန်းပေးဝေရင်တောင် သာဓုမခေါ်နိုင်ဘူး တဲ့။ ဦးသုမင်္ဂလ ဟောတယ်လို့ ထင်တာပဲ။ ကျုပ် အကုသိုလ်နဲ့ အသက်မမွေးခဲ့ပါဘူး။ ကျုပ်မိသားစု ကောင်းစားရေးအတွက် မကောင်းတဲ့ အရက်တွေကိုရောင်းတာပါ။ ကျုပ် အကုသိုလ်ကို လုပ်ခဲ့တာပါ။

ကျုပ် သူတို့အပေါ်မှာထားခဲ့တဲ့ မေတ္တာတွေကြောင့် ဒီအလုပ်ကိုလုပ်ခဲ့တာပါ။

ကျုပ်လို အကုသိုလ်လုပ်ခဲ့တဲ့ကောင်က သာဓုမှ ခေါ်ခွင့်ရပါ့မလား မသိဘူး.။

ကျုပ်မိသားစုက ကျုပ်နာမည်တပ်ပြီး အမျှဝေတာကို သာဓုသာ ခေါ်ခွင့်မရခဲ့ရင် ကျုပ် ဒီဘဝ ဒီခန္ဓာနဲ့ ဒီငရဲကလွတ်ပါဦးမလား မသိဘူး။ ကျုပ် ခုနှစ်ရက်ပြည့်မှာကို ခုချိန်မှာအစိုးရိမ် ဆုံးပဲ။

တကယ်လို့ ကျုပ် သာဓုမခေါ်နိုင်ခဲ့ရင် ဒါဟာ ကျုပ်မိသားစုအပေါ်မှာ ထားတဲ့ မေတ္တာတွေကြောင့်ပါ။

ခိုင်မိုးဦ

                                                                                               အဖေကောင်းရာသုဂတိလားပါစေ

မှတ်ချက်။   ။ သူငယ်ချင်းတစ်ယောက်ရေးထားသော ဇာတ်လမ်းလေးဖြစ်ပါသည်။ ဂေဇက်မှ စာဖတ်ပရိတ်သတ်များအတွက် ရည်ရွယ်၍ တင်ပေးခြင်းဖြစ်ပါသည်…။

3 comments

  • မီးမီး သော်

    September 15, 2011 at 11:55 pm

    အော် တော်တော်လေး စဉ်းစားစရာဖြစ်သွားပါတယ်။ကိုယ်တိုင်သေသွားခဲ့လို ့ကုသိုလ်လေးများပါမသွားခဲ့ရင် ခက်ပီနော်။လူတိုင်းဖတ်မိပါစေ။

  • pan pan

    September 16, 2011 at 9:10 am

    မသေခင် သူများအတွက် ကုန်းရုန်းရှာဖွေလို့ အကုသိုလ်တွေလုပ်မိရင် သေရင် ကိုယ်ပဲခံရမှာ
    အဲလိုဆိုတော့ ရှာဖွေမကျွေးမွေးတော့ဘူးဆိုရင် နောက်က မှီခိုသူတွေလည်း ဒုက္ခရောက်မယ်
    သမ္မာအာဇီဝ အသက်မွေးတာပဲကောင်းပါတယ်
    မတော်လောဘဖြစ်ရင် တစ်ဘဝတော့ကောင်းပါရဲ့ သေမှဗျာများမှာ
    မှီခိုသူတွေကလည်း ရောင့်ရဲပေးပြီး နောက်ကမြှောက်မပေးဖို့လိုတယ်

  • Shwe Ei

    September 16, 2011 at 4:52 pm

    ဒီပုံအတိုင်းဆို မိသားစုကို သမာအာဇီဝမဟုတ်တဲ့ဝင်ငွေနဲ့ ရှာကျွေးနေတဲ့ အိမ်ဦးနတ်တွေရဲ့ဘဝ အဆုံးသတ်က မလွယ်ပါလားနော်။

Leave a Reply