ကျွန်တော်နှင့် တေလေနဂ္ဂတစ်

koyin sithuSeptember 16, 20111min1065

ကြည်လင်နေသော မိုးသားများသည် ညိုမည်းလာသောအခါ ကျွန်တော် လှိုက်ခနဲ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေမိသည်။ သက်ပြင်းတစ်ချက်ကို သိသိသာသာပင် ချလိုက်မိသည်။ စောစောက ညိုမည်းနေသော ကောင်းကင်မှ မိုးသည် ရုတ်တရက် ဝေါခနဲ ရွာချလိုက်ပြီး ကျွန်တော့် အသားများ ချမ်းလွန်းလို့ တဆတ်ဆတ် တုန်လာလေသည်။ ထိုစဉ်မှာပဲ ဦးနှောက်ထဲသို့ ဝါကျတစ်ကြောင်း ပြိုဆင်းသွားသည်။ “ငါဒီအတိုင်း ဆက်နေလို့ မဖြစ်တော့ဘူး”။ နားခိုဖို့ အနီးတစ်ဝိုက်ကို ကြည့်လိုက်တော့ လုံခြုံစေဖို့ အမိုးအကာတစ်ခုမှ မတွေ့ရသဖြင့် ကျွန်တော် စိတ်ပျက်စွာ ခေါင်းကိုတစ်ချက်ရမ်းပစ်လိုက်သည်။ အနီးအနားတွင် ဘာသာစကားနားမလည်သဖြင့် ရေးထားသော ကုမ္ပဏီဟုထင်ရသည့် အီလက်ထရောနစ် အဆောက်အဦးများ၊ လူနေသီးသန့်ခြံဝင်းကြီးများ၊ ထိုင်းရိုးရာ စားသောက်ဆိုင်၊ ကလပ်များ (စသည်ဖြင့်) ချည်းသာ ဖြစ်သောကြောင့် ကျွန်တော် ဝင်ရောက် နားခိုးရန်မဖြစ်နိုင်ပါ။

လေပြင်းနှင့် အတူ မိုးစက်မိုးပေါက်တို့သည် ကျွန်တော့် ကိုယ်ပေါ်သို့ ခုန်ပေါက် ကျဆင်းလာလေသည်။ အနီးတစ်ဝိုက်သို့ မျက်လုံးကစားရင်း ခိုးအောင်းစရာ နေရာ ဘယ်နေရာရနိုင်မည်လဲဟု ကျွန်တော် အပြေးအလွှား စဉ်းစားနေလိုက်၏။ ခပ်လှမ်းလှမ်းမှ မြင်နေရသော ဘတ်စ်စကားမှတ်တိုင်နေရာသို့ အပြေးအလွှားလျှောက်သွားမိသည်။ ကျွန်တော့် တစ်ကိုယ်လုံး မိုးရေစက်တို့ဖြင့် အမိုးအောက်သို့ ရောက်သွားချိန်တွင် ကျွန်တော်ကဲ့သို့ မိုးခိုသူ သုံးလေးယောက်ခန့်ကို တွေ့ရသည်။ မိုးက တော်တော်သည်းနေသည်မို့ အမိုးအောက်ရှိ ထိုင်ခုံမှာလည်း မိုး၏ သည်းထန်သော အရှိန်ကြောင့် စိုရွှဲနေလေသည်။ ကျွန်တော့်ထက်အရင် ရောက်နှင့်နေသော သူတို့သည် ကျွန်တော်နားမလည်သော ဘာသာစကားဖြင့် မိုးသည်းစွာ ရွာနေသည်ကို ပြစ်တင်ရှူတ်ချနေဟန်တူသည်။

မိုးခြိမ်းသံတို့သည် ၁ဝ စက္ကန့်မျှ ဆက်တိုက်ဆူညံစွာ အော်မြည်လျက် ငြိမ်သက်သွား၏။ ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံးလျက် မိုးရေကြောင့် ဂျင်းဘောင်းဘီမှာလည်း ကပ်စေးစေးဖြစ်နေလေပြီ။ အံသွားရိုက်ခတ်သည်အထိ တဆတ်ဆတ်တုန်လာလေသည်။ မိုးရေများနှင့် တစ်ချက်တစ်ချက်တွင် ဝေ့လာသော လေပြင်းများ ပေါင်းစပ်သွားကြမှာကို ကျွန်တော် စိုးရိမ်နေခဲ့ပါသည်။ ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံးသည် အေးစက်တုန်ရီနေပြီး မိုးဒဏ်ကြောင့် ရေမွှန်းထားသော ကြွက်စုတ်တစ်ကောင်ကဲ့သို့ ဖြစ်နေဟန်ကို အမိုးအောက်မှ လူများသည် တစ်ချက်ကြည့်ကြပြီး သူတို့ဘာသာ တိုးတိုးနှင့် စကားတွေ ပြောနေကြပြန်သည်။

ပြက်ခနဲ လက်တတ်သော လျှပ်စီးများ၊ မကြာခဏမိုးထစ်ချုန်းသံ၊ မည်းပြောင်စိုရွှဲနေသော ကတ္တရာလမ်းမ၊ တစ်မိုးအောက်မှ လူမျိုးခြားများ၊ ဘတ်စ်ကား မှတ်တိုင်၊ ချမ်း၍ တုန်နေသော်လည်း ငြိမ်သက်နေသော ကျွန်တော့်ခန္ဓာ၊ …. တစ်စစီ လွင့်မျောနေသော ကျွန်တော့်အတွေးတို့သည် ဆုံမှတ်တစ်ခု၌ ရဲရင့်လိုဟန်ရှိနေသည်။ လွန်ခဲ့သည် တစ်နှစ်ခွဲကျော်လောက်က ကျွန်တော် အိမ်က ထွက်ခွာလာခဲ့သည်။ ထိုင်းနိုင်ငံသို့ရောက်လာပြီး မြန်မာများ နေထိုင်သော အဆောင်တစ်ခုမှာ နေ၏။ ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရသည်။ မဆန်း….။ ဘာမှမဆန်း…၊ ကျွန်တော် ကြိုတင်သိနှင့် ပြီးသား ကိစ္စတစ်ခုဟု ဆိုချင်သည်။ ရန်ကုန်မှ ပါလာသော ဘတ်အဖြစ်သို့ ပြောင်းထားသော ပိုက်ဆံလည်း ကုန်သွားရော ရှိနှင့်နေသော ဒုက္ခမှာ နှစ်ဆတိုးလာ၏။ မိတ်ဆွေတစ်ချို့ကို ကျွန်တော်စားဝတ်နေရေးအတွက် ထိုက်သင့်သော အလုပ်တစ်ခုခု လုပ်ဖို့ တိုက်တွန်းကြပေမယ့် ကျွန်တော်က ပြုံးပြရုံထက်ပိုပြီး ဘာမှမတုံ့ပြန်ခဲ့။

ကိုယ်က ဘာကိုလုပ်ဖို့ ရွေးချယ်ထားသလဲ။ ကိုယ်အလုပ်က ဘာလဲ။ ဒါပေမဲ့ ကိုယ့်တာဝန်ကိုယ်ယူနိုင်ဖို့လောက်တော့ လိုတာပေါ့။ ဘာပဲလုပ်လုပ် ဒီခေတ်ကြီးထဲမှာ အရမ်းဆင်းရဲနေလို့မရဘူး။ အခုတော့ အဲ့လို မဖြစ်ချင်ပေမယ့် အခြေအနေအရ ကျွန်တော်ဟာ အဲ့ဒီလိုဖြစ်နေပြီ။ ညစာမစားဖြစ်တာတွေလည်း များလွန်းနေပြီ။ အခန်းခမပေးနိုင်တာ လေးလရှိနေပြီမို့ ပြီးခဲ့တဲ့လကုန်လောက်က အခန်းပိုင်ရှင် ထိုင်းအဘိုးကြီးက နှင်ထုတ်လိုက်တဲ့အတွက် ကျွန်တော့်မှာ နေစရာလည်း မရှိတော့ပါ။ ကျွန်တော့် အိပ်ရာတွေရော၊ အဝတ်အစားတွေရော၊ ရေးလက်စ ကဗျာစာအုပ်လေးများကော၊ အားလုံးကို ကပ်လျက်အခန်းမှ သူငယ်ချင်းတစ်ယောက်ထံ အပ်ပြီး ကျွန်တော် တစ်ယောက်တည်း မြို့အနှံ့သို့ လျှောက်သွားနေခဲ့သည်။ ဒီတော့ အခုလိုမိုးမိသည်။ ဘာမှ မစားရသေးသဖြင့် ဗိုက်ဆာနေသည်။ ကျွန်တော်ဘာတတ်နိုင်မည်နည်း။ ပြီးတော့ လူတစ်ယောက်ဟာ ဘာသာစကား နောက်တစ်ခုတတ်တာဟာ ဘဝတစ်ခုကို ပိုင်ဆိုင်သလို ဘာသာစကား နှစ်ခုတတ်တာဟာ ဘဝနှစ်ခုကို ပိုင်သည်နှင့် တူသည်ဟု ကျွန်တော် တွေးနေမိသည်။ မေမေသာ ကျွန်တော့်ကို ဒီပုံအတိုင်း မြင်ရင် ဝမ်းနည်းစွာ ရင်ကျိုးလိမ့်မည်။ မေ့မေ့ကို ဒီပုံစံနဲ့တော့ အမြင်မခံနိုင်ဘူး။ ကျွန်တော် ဒီနိုင်ငံမှာ ဘယ်လိုပဲဖြစ်ဖြစ်နေနေ အိမ်ပြန်၍မဖြစ်သေးကြောင်း ထိုအတွေးများက သက်သေခံနေသည်။ ဒီလမ်းကို လျှောက်ရသည်မှာ ပင်ပန်းသည့်တိုင် ကျွန်တော်က ပြန်မလှည့်ဖို့ ဆုံးဖြတ်ထားလိုက်သည်။

ရုတ်တရက် အားကောင်းနေသော မိုးသည် သိသိသာသာပင် အားပျော့သွားလေ၏။ ကျွန်တော့်ရှေ့ရှိ နိုင်လွန်ကတ္တရာလမ်းမကြီး ပေါ်တွင် မိုးရေကြောင့် ပြောင်လက်နေသော ကားအကောင်းစားများက တဝေါဝေါဖြတ်သန်းနေကြသည်။ အသားကပ် ဘောင်းဘီ၊ စကပ်အတို၊ အရှည်နှင့် ဒေါက်မြင့်ဖိနပ်ခပ်မြင့်မြင့် ဝတ်ဆင်ထားသော ထိုင်းကောင်မလေးများကို ဖဲထီးအကြည်ရောင်လေးများကို ဆောင်း၍ ကားလမ်းမတစ်ဖက်ဆီသို့ ကူးရန် ဟန်ပြင်နေကြသည်။ မိုးသားတို့သည် ကြည်ကြည်လင်လင်ရှိ၍ မိုးသည်ကား ခပ်ဖွဲဖွဲရွာနေဆဲ။ ကျွန်တော်က အတွေးတစ်ခုနှင့်အတူ စီးမျောသွားလေသည်။

အဖေ့အကြောင်း တော်တော်များများကို ကျွန်တော် ကျေညက်ပြီးသားပါ။ အဖေ့စကားတို့သည် ကျွန်တော်တစ်ခုခုကို မခံချင်စိတ်ဖြင့် ကြိုးစားစေလိုသော သဘောရှိကြောင်း သိသာပါသည်။ ဒါပေမဲ့ ထိုတစ်ခုခုသည် ကျွန်တော့်ကို ကွဲလွဲသွားစေပါသည်။ အဖေက မွေးရပ်မြေမှ စွန့်ခွာပြီး ပညာရှာတာပဲဖြစ်ဖြစ်၊ အလုပ်လုပ်တစ်ခုခုမလုပ်စေလိုပါ။ ဥပမာ – စစ်ဗိုလ်၊ အင်ဂျင်နီယာ၊ အစိုးရဝန်ထမ်း (စသဖြင့်) လုပ်စေချင်သည်။ ကျွန်တော် မတတ်နိုင်ခဲ့ပါ။ ဝမ်းနည်းစွာပဲ ထိုကွဲလွဲမှုကို လက်ခံခဲ့ပါသည်။ ကျွန်တော် ခံယူထားသော ယုံကြည်မှုသည် တချိန်ချိန်တွင် တည်ငြိမ်စွာ ခြေစွမ်းပြလိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။ သို့အတွက် အရာများစွားကို ကျွန်တော့်ဘက်က စွန့်လွှတ်ရန် အသင့်ရှိနေသည်။ သူများနိုင်ငံကို ရောက်နေသော်လည်း ကျွန်တော်၏ အပြင်းအထန် အားထုတ်မှုမှန်သမျှတို့သည် နာကျင်မှုတစ်ခု၌ သန္ဓေတည်ခဲ့လေပြီ။ နက္ခတ်တွေ ကြမ်းနေပေမယ့်လည်း ကျွန်တော် နည်းနည်းလေးမှ မတွန့်ဆုတ်ခဲ့ပါ။ အားလုံး ပြတ်ပြတ်သားသားပင် ရှိခဲ့၏။

တော်ရုံတန်ရုံလူတစ်ယောက်က နိုင်ငံခြားသွားမယ်၊ ပညာသွားသင်မယ်၊ အလုပ်လုပ်မယ်လို့ ဆိုလာရင် ကျွန်တော်က ရယ်ချင်ပါသည်။ ထိုသူကို စော်ကားလိုစိတ်မရှိပေမယ့် ကျွန်တော် ရယ်ချင်တာတော့ အမှန်ပဲ။ နောက်တစ်ခုက ကျွန်တော်သည် သွေးအမျိုးအစားညံ့ဖျင်းသည့် ပြည်ပရောက် မြန်မာအမည်ခံ အချို့ကို ရွံ့တတ်သေး၏။ မြန်မာလူမျိုးက နှစ်ယောက်ရှိရင် ကောင်းသည် သုံးယောက်ရှိရင်တော့ ရန်ဖြစ်တတ်တဲ့လူစားမျိုး။ အခုလို တိုင်းတစ်ပါးတွင် ဒုက္ခရောက်နေချိန်များ၌ မိတ်ဆွေဆိုသူများကလည်း ဟုတ်တိပတ်တိ မကူညီနိုင်ကြ။ နေစရာမရှိသဖြင့် ကျွန်တော် အနုပညာနှင့် အခြားမျှော်လင့်ချက်များ ကိုလည်း မဖန်တီးနိုင်တော့ပါ။ ဒီတော့မလုပ်နိုင်တာကို ခဏမေ့ထားပြီး လုပ်နိုင်တာတစ်ခုကို လုပ်ရမည်။

အဲ့ဒီလို လုပ်နိုင်တာက အခြားမဟုတ်….။ စာဖတ်ခြင်းပင် ဖြစ်ပေသည်။ ဟုတ်၏။ မိတ်ဆွေတစ်ယောက် ဖွင့်ထားသော စာကြည့်တိုက်သေးသေးလေးထဲ၌ လွန်ခဲ့တဲ့ (၈)လလောက်ကတည်းက တစ်ရက်ခြား၊ နှစ်ရက်ခြား ဆိုသလို စာထိုင်ဖတ်နေခဲ့သည်။ ကျွန်တော်က စာဖတ်တဲ့အရသာကို နှစ်ခြိုက်သူတစ်ယောက်ဖြစ်၏။ စာအုပ်ကောင်းကောင်းတစ်အုပ်ကို ဗိုက်ပြည့်ပြည့်နှင့် ဖတ်ရလျှင်တော့ ပိုကောင်းသည်။ စာအုပ်တော်တော်များများကို ဖတ်မိခြင်းမှာ ကျွန်တော် ပို့စ်ရေးခြင်း၊ ကဗျာရေးခြင်းတို့ကို အစဖြစ်စေခဲ့ပါသည်။

ထိုခဏ၌ ဟုန်းခနဲစီးဆင်းသွားသော ကျွန်တော့် မခံချင်စိတ်သွေးများသည် လွန်စွာပူနွေးလျက်ရှိသည်။ ကာလကြာမြင့်စွာ ပေါက်ဖွားနေခဲ့သော ဗိုင်းရပ်တစ်ကောင်သည် ကျွန်တော့် ဗီဇထဲ၍ ရှင်သန်နေခဲ့သည်။ အရာအားလုံးကို လက်လွှတ်စပယ်နိုင်စွာ ကြည့်၍ ကျွန်တော် ပြုံးလိုက်သည်။ ကျွန်တော် ခန္ဓာကိုယ်ထဲတွင် သိုဝှက်ထားသော တစ်စုံ တစ်ရာသည် အစရှာမရအောင် ပျောက်ဆုံးသွား၏။ ဘယ်ဆီက ရောက်လာမှန်းမသိရသော ခွန်အား တစ်ဝက်တစ်ပျက်ဖြင့် အားယူ၍ ကလောင်ကို ဝင့်လိုက်မိသည်။

လေအဝှေ့တွင် ဆတ်ခနဲ တုန်သွားသော ခန္ဓာကိုယ်ကို ကြည့်လိုက်ရင်း ကျွန်တော့် အတွေးစများ ပြတ်တောက်သွား၏။ မိုးစက်များကတော့ ခပ်ဖွဲဖွဲကျနေဆဲပင်ဖြစ်သည်။ ခပ်စောစောက ရွှဲနစ်နေသော ခန္ဓာကိုယ်သည် လေသလပ်ခံရသဖြင့် အနည်းငယ် ခြောက်သွေ့စ ပြုနေပြီ။ ကျွန်တော့်ရဲ့ ဒုက္ခတွေအားလုံးအတွက် ယုံကြည်မှုအပေါ်ကိုတော့ မတွေဝေသင့်ဘူးဟု ကျွန်တော်တွေးမိသည်။ ဗီတာမင်စားထားသော အိပ်မက်တို့သည် မှတ်တိုင်တစ်ခုအောက်မှာ ကျွန်တော်ကို ဆွဲငင်နေကြပြန်သည်။

ဘဝ၏ စိတ်ကူးစိတ်သန်းများကို ကိုယ်တိုင် အကောင်အထည်ဖော်ရပေမည်။ တစ်စုံတစ်ယောက်၏ အကူအညီဆိုတာမျိုးကိုလည်း ကျွန်တော်မမျှော်လင့်မိပါ။ အနာဂတ်ဆိုသည်ကို တွေးကြည့်မိတော့ မှုန်မှုန်ဝါးဝါး နိုင်လွန်းကြောင်း ခံစားရသည်။ သက်ပြင်းရှည်ရှည်ကြီး ချရင်း ကိုယ့်ကိုယ် သနားစွာဖြင့် တစ်ချက်ပြုံးလိုက်သည်။ တိုင်းတစ်ပါးရောက် မြန်မာအချင်းချင်း ကူညီရိုင်းပင်းရမည့်အစား အထက်စီးနင်း ဆက်ဆံရေးဖြင့် ဆက်ဆံမှုကို တပြားတစ်ချပ် မရှိပဲ တူညီအောင် တုံ့ပြန်ဆက်ဆံရာမှာ ကျွန်တော် အောင်လက်မှတ်ရခဲ့၏။ အဲ့ဒီဆက်ဆံရေးကြောင့် လူတစ်ချို့နှင့် လမ်းခွဲခဲ့သည်။ လူတစ်ချို့ကို လက်တွဲခဲ့သည်။ ထိုကိစ္စများကိုလည်း လေးလေးနက်နက် တစ်ခါမှ မခံစားဖူးပါ။

မိုးသည် တိတ်ဆိတ်သွားပြီး ကောင်းကင်တစ်ခုလုံးသည် ကြည်စင်လျက်ရှိသည်။ ကျွန်တော့်၏ ထွက်သက်များသည် တုန်ရီလှိုက်မောမှု တစ်ချို့ နေရာယူလျက်…။ နွေးထွေးလုံခြုံသော အိပ်ရာတစ်ခုပေါ်တွင် ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပစ်လိုက်ချင်သည်။ ဝန်းကျင်သို့ နုဆတ်နွေးထွေးသော နေခြည်တို့က ဖြာကျသည်။ ဘတ်စ်ကားများ၊ ပြောင်လက်နေသော အဆင့်မြင့်ကားများ၊ အရောင်အသွေးစုံသော လူများသည် ထိုးရပ်လိုက်၊ ထွက်သွားလိုက်နှင့် ရှိ၏။ ယိုင်ယဲ့ယဲ့သာ ရှိသော ခန္ဓာကိုယ်ကို အားတင်းရင်း ထိုနေရာမှ ထွက်ခွာရန် ကျွန်တော် ခြေလှမ်းပြင်လိုက်သည်။ စိတ်ထဲတွင်လည်း ဒီလို အရောရော အနှောနှောဖြင့် ကျဆုံးသွား၍ မဖြစ်ကြောင်း တွေးနေမိ၏။ ရေနစ်သေတဲ့ ငါးတစ်ကောင်ရဲ့ အဖြစ်ကို ကျွန်တော့် အသိဉာဏ်က ခွင့်ပြုလိမ့်မည်မဟုတ်ပါ။ သံယောဇဉ်ဆိုတာကိုတော့ ကျွန်တော် တည်ဆောက်မှု၌ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ပေးရမည်။ ကျွန်တော် ဘတ်စ်ကားမှတ်တိုင်ကို မှီ၍ စဉ်းစားနေရင်း အကြောင်းမရှိဘဲ ဟက်ဟက်ပက်ပက် ရယ်မောပစ်လိုက်သည်။ ထိုအချိန်တွင် မှတ်တိုင်အောက်၌ လူအနည်းငယ်များနေပြီဖြစ်သောကြောင့် ထိုလူများက ကျွန်တော့်ကို နားမလည်စွာ ကြည့်ကြလေသည်။ ကျွန်တော်က ထိုမျက်လုံးများကို ဂရုမစိုက်အားပဲ ခြောက်သွေ့စဖြစ်နေသော ဆံပင်များနှင့် မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့် ပွတ်သပ်ပစ်လိုက်သည်။ ခေါင်းကိုလည်း ပြင်းပြင်းထန်ထန် ခါပစ်လိုက်သည်။

စိုစွတ်သော ဝန်းကျင်နှင့် တိုက်မြင့်မြင့်တွေ အကြားမှာ ထွက်ပေါ်လာသော နေရောင်ခြည် ပေါင်းစပ်ထားပုံသည် ရုပ်ကြွတက်လာသည်။ ထိုင်းမှိုင်းသော စိတ်တို့သည် ပျောက်ဆုံးသွားပြီး ခွန်အားသစ်တို့ကို ကျွန်တော် ခံစားလိုက်ရသည်။ ကျွန်တော် အသိတရား နိုးကြားလာခြင်းနှင့်အတူ ဘတ်စ်ကားမှတ်တိုင်အောက်မှ ကျွန်တော် ထွက်ခွာလာခဲ့ပါသည်။ ဖျတ်ခနဲ အနောက်သို့ ကျွန်တော် လှည့်ကြည်မိလိုက်သည်။ အစိမ်းရောင် ရောယှက်ထားသော နှောင်ကြိုးတစ်ချောင်းကို ပြန်၍ စစ်ဆေးကြည့်သလို ဖြစ်သွားချိန်တွင် ကျွန်တော်က အကြွင်းကြွင်း ကိစ္စကို ဆင်ခြင်တတ်သွားသည်။ ခန့်မှန်းရခက်သော အနာဂတ်တို့သည် လက်တစ်ကမ်းအကွာအဝေးတွင် ကျွန်တော့်ကို ကြည့်နေပေမည်။ ဟုတ်ပြီ။ ရွှီခနဲ ကျွန်တော် လေတစ်ချက်ချွန်ပစ်လိုက်သည်။ ပြီးသော စိုစွတ်နေသော ဂျင်းဘောင်းဘီ အဖျားနားကို ဒူးခေါင်းလောက်ထိ ရောက်အောင် ခေါက်တင်လိုက်၏။ လှမ်းလက်စ ခြေလှမ်းကို ဆက်၍ လှမ်းရန် ကျွန်တော် အသင့်ဖြစ်နေစဉ် မရည်ရွယ်ထားပဲ ရပ်တန့်သွားသည်။ မိုးရေများ မခြောက်သေးသော ပလက်ဖောင်းပေါ်တွင် လိပ်ပြာလေးသည် အဘယ်ကြောင့်သေနေသနည်း။ သံယောဇဉ်အားလုံးကို စွန့်ခွာ ကျောခိုင်းမည်ဟု ဆုံးဖြတ်လိုက်တော့ သေနေသော လိပ်ပြာလေးကို ငုံ့ကြည့်မိရင်း ကျွန်တော် ငြိမ်သက်စွာ တွေဝေနေဆဲ။ ထိုလိပ်ပြာလေးသည် အဘယ်ကြောင့် သေနေသနည်း။ မိတ်ဆွေတို့ရော ဘယ်လိုထင်ပါသလဲ။

သူဘာကြောင့် သေနေပါသလဲ။

သူဘာကြောင့် သေနေပါသလဲ။

ရက်စွဲတို့သည် အပိုင်းပိုင်း ကျိုးပဲ့

လွင့်မျောနေကြဆဲ

အိပ်မက်တို့သည် မပြောင်းလဲ

ဟောင်းနွမ်းနေကြဆဲ

သိက္ခာတွေ ခပ်ကျဲကျဲနဲ့

အစစ်တရားတို့သည် သွေးအားအတိုင်း

မောင်းနှင်နေကြဆဲ……

ဘာပဲပြောပြော ထိုနေ့က ကျွန်တော် လိပ်ပြာသေးသေးလေးတစ်ကောင်ပေါ် ကျော်ဖြတ်၍ ရှေ့သို့ ခရီးဆက်သွားနိုင်ခဲ့ပါသည်။ ခရီးသည်ဆိုသည်မှာ သတ္တိမနည်းသော သူများကို ခေါ်ပါသည်။ မသေချာပေမယ့် အချို့သော ခရီးများသည် ကိုယ့်ကိုယ် လေးစားသော အားဖြင့် ကျွန်တော် ဆက်လျှောက်ပေရဦးမည်။ ထိုစဉ် အဝေးမှ သက်တန့်ရောင်စဉ်တို့ကို လှမ်းမြင်နေရလေပြီ။

ချစ်ခင်စွာဖြင့်

ကိုရင်စည်သူ

5 comments

  • good

    September 16, 2011 at 5:24 pm

    ကိုယ့်ဒူးကိုယ်ချွန်လူ ရည်မွန် ပေါ့။
    ကြိုးစားပါ ကိုရင်စည်သူ။
    ဘဝစုံ အခက်အခဲ စုံ နဲ့ ကြုံ တွေ့ ခဲ့ ရတဲ့ သူ ဟာ အောင်မြင် မှု ရ ပြီးသွားရင်တော့၊
    အဲဒီအောင်မြင်မှု ဟာ သက်တမ်းရှည်ကြာ မယ် ဆိုတာထက် သက်ဆုံးတိုင် တည်တန့် နေမယ် လို့ ပြောချင် ပါတယ်။

  • Koyin Sithu

    September 16, 2011 at 5:41 pm

    အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ကိုဂွတ်စ်… :’)

  • hmee

    September 16, 2011 at 6:07 pm

    အရေးအသားလေး ကောင်းလိုက်တာ။ စာဖတ်ရင်း ကိုယ်တောင် ဇတ်ကောင်နေရာက ဝင်ပြီး ခံစားမိသွားတယ်။ အားပေးလျှက်ပါ နောက်ပို့စ်တွေကို စောင့်ဖတ်နေပါ့မယ်။

  • ပေါက်ဖော်

    September 16, 2011 at 8:34 pm

    ရေလည်မိုက်တယ် ကိုရင်စည်သူရေ..
    ကျနော်လဲ … လိပ်ပျာသေးသေးလေးတွေပေါ်ကျော်ဖြတ်ပြီး..ရှေ ့ခရီးဆက်ဖို ့..အားတွေရှိလာဘီဗျ
    😀

  • မီးမီး သော်

    September 16, 2011 at 10:45 pm

    “”မြန်မာလူမျိုးက နှစ်ယောက်ရှိရင် ကောင်းသည် သုံးယောက်ရှိရင်တော့ ရန်ဖြစ်တတ်တဲ့လူစားမျိုး။””မှတ်သားထိုက်ပါပေတယ် ကိုရင်စည်သူရယ်။
    ဒါက နဂ္ဂတစ်လို ့တော့ပြောမရဘူးထင်ပါတယ်။ကိုယ်စွမ်းဆောင်နိုင်မယ်ထင်လို ့ဖေါက်ထွက်ခဲ့တာဘဲလေ။အောင်မြင်မှာပါ။

Leave a Reply