မြန်မာနိုင်ငံရေးအခင်းအကျင်းနဲ့ ရှေ့အလားအလာ – ထွန်းအောင်ကျော်

kaiSeptember 17, 20111min934

မြန်မာနိုင်ငံရေးအခင်းအကျင်းနဲ့ ရှေ့အလားအလာ

၂၀၀၈ နာဂစ်အခြေခံဥပဒေနှင့် ၂၀၁ဝ တွင် တက်လာသော ဦးသိန်းစိန်အစိုးရသည် ဒီမိုကရေစီနည်းကျ တက်လာပါသည်ဟု ကြွေးကြော်ရင်း ဆင်းရဲမှု တိုက်ဖျက်ရေး အစည်းအဝေးကို နေပြည်တော်တွင် စက်တင်ဘာလက ပြုလုပ်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဖိတ်ခေါ်၍ တက်ရောက်စေခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံသည် ပြောင်းလဲနိုင်သော အခြေအနေသို့ ရောက်နေပြီဟု ယုံကြည်ကြောင်းကမ္ဘာ့ဒီမိုကရေစီေန့တွင်ထုတ်ဖေါ်ပြောကြားလိုက်ပြန်ပါသည်။ မြန်မာနိုင်ငံသည်ငြိမ်းချမ်းစွာဒီမိုကရေစီစံနစ်ဆီသို့စစ်အာဏာရှင်ချပေးသောလမ်းကြောင်းဖြင့်တရွေ့ရွေ့ဖင်ဒ ရွတ်ဆွဲသွားနေမည်လော?ဧရာဝတီပေါက်ကွဲမှုကြီးဖြင့်လူမှုတော်လှန်ရေးဖြစ်မည်လော?။ စောင့်ကြည့်ရမည့်အချိန်သည်မဝေးေတာ့ဟုထင် သည်။

ဒေါ်အောင်ဆန်းစုကြည်က အခြေအနေ အချိန်အခါလိုက်ပြီး သင့်တော်လျှေက်ပတ်တဲ့ ပုံစံကို ပြောင်းလဲနိင်ဘို့လိုကြောင်း တချို့ကလည်း ပုံစံမပြောင်းနိုင်ဘဲ ဒီအခြေအနေပဲ ဒီပုံစံ၊ ဟိုအခြေအနေလဲ ဒီပုံစံဘဲ ဖြစ်နေခြင်းသည် ဆင်ခြင်သုံးသပ်နိုင်တဲ့ အရည်အချင်း အားနဲသည်ဟု ပြောရမှာဖြစ်ကြောင်း ပြောကြားခဲ့ခြင်းသည် အတိုက်အခံများဘက်မှ နိုင်ငံရေးအခင်းအကျင်း ပြောင်းလျှင်ပြောင်းသလို ရွှေ့နိုင်ပြောင်းနိုင်ရမည် (Flexible) တိုးလွယ် ဆုတ်လွယ်ကစားနိုင်ရမည်ဟု ဆိုလိုဟန်ရှိသည်။

ဒေါ်စု၏ ပြောကြားချက်များတွင် မှတ်သားစရာများ၊ သတိပြုစရာများ များစွာပါရှိနေသည်ကို သတိပြုမိဘို့ လိုပေသည်။

(၁) ခိုင်မာတဲ့ ဒီမိုကရေစီအဆောက်အဦတွေ တည်ဆောက်ဘို့။

(၂) စိတ်ဓာတ်တွေကို ဒီမိုကရေစီစံနစ်နဲ့ ထိုက်တန်အောင် လုပ်ရမည်။ မထိုက်တန်တဲ့ စိတ်တွေကို တော်လှန်ပစ်ရမည်။

(၃) ဒီမိုကရေစီ၏ လက္ခဏာသည် အစိုးရအပြောင်းအလဲလုပ်သည့်နေရာတွင် ညင်သာစွာပြောင်းလဲခြင်း၊ သိက္ခာရှိစွာ ပြောင်းလဲခြင်း၊ ငြိမ်းချမ်းစွာ ပြောင်းလဲခြင်း ဖြစ်သည်။

(၄) လူတိုင်း မိမိကို လေးစားတဲ့၊ တန်ဘိုးထားတဲ့၊ လူရာသွင်းတဲ့ စံနစ်ကို လိုလားမှာှဖြစ်သည်။ ဘယ်သူမှ မိမိကို တန်ဘိုးမထားတဲ့ စံနစ်ကို လိုလားမှာ မဟုတ်။

(၅) တာဝန်အရလုပ်ရပါသည်ဆိုသည့် နေရာတွင် ဆင်ခြင်တုံတရားနှင့် အများကြီးဆိုင်ကြောင်း၊ အဓိပ္ပါယ်မှာ လူ့ပတ်ဝန်းကျင်ကို ထိခိုက်စေသော လူအများစုကို နစ်နာစေသော တာဝန်ကို ပေးအပ်လျှင် ဆင်ခြင်တုံတရားဖြင့် စဉ်းစားပြီး လုပ်သင့်မလုပ်သင့် စဉ်းစားဘို့လိုကြောင်း ပြောကြားခြင်းဟု ယူဆသည်။

(၆) လူကြီးများ ခလေးများကို အတင်းအကြပ်ပုံစံသွင်းတာသည် မသင့်လျှော်၊ ခလေးလူငယ်များတွင်လည်း သူ့ဟာသူ ဆင်ခြင်ပိုင်ခွင့်ရှိရမည်။

ဆိုသည့်အချက် ၆ ချက်ကို အဓိကထား ပြောကြားသွားခဲ့သည်ကို တွေ့ရှိရပေသည်။

(၁) ခိုင်မာသည့် ဒီမိုကရေစီအဆောက်အဦများ တည်ဆေက်မှု

ခိုင်မာသည့် ဒီမိုကရေစီ အဆောက်အဦးများ တည်ဆောက်မှု ဆိုသည်မှာ လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းများကို ပြုစုပျိုးထောင်ပေးခြင်းအပေါ်တွင် မူတည်သည်။ (Civil Society) လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းများ နိုင်ငံတခုတွင် လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်ရလျှင် ထိုအဖွဲ့အစည်းများက မိမိတို့ လူထုလူတန်းစားများ အကျိုးကို ကာကွယ်ရင်း မတရားမှုများကို  ဆန့်ကျင်ခြင်း၊ တိုင်းပြည်လိုအပ်ချက်များကို ပခုံးထမ်း ဆောင်ရွက်ရင်းဖြင့် အစိုးရအဖွဲ့အစည်းများ၏ အာဏာအလွန်အကျွံ သုံးစွဲမှု မဖြစ်ရန် ဟန့်တားရင်း တရားဥပဒေစိုးမိုးရေကို တဖက်တလမ်း ဆောင်ရွက်သဖြင့် တရားရေး မဏ္ဍိုင်ခိုင်မာလာပြီး၊ နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားဥပဒေဘောင်အတွင်းမှ ကာကွယ်လာနိုင်ပြီး လူ့အခွင့်အရေး ပြည့်ဝသော နိုင်ငံအဖြစ် ပေါ်ထွန်းလာမည်ဖြစ်သည်။ ထို့အတူ ရရှိပြီးသော ဒီမိုကရေစီစံနစ်ကိုလည်း မပျောက်ပျက်စေရန် ဝိုင်းဝန်းကာကွယ်နိုင်ပေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် (Civil Society) လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းတွင်ပါဝင်သည့် အလုပ်သမားသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ၊ တောင်သူလယ်သမား အစည်းအရုံးများ၊ စာဖတ်အသင်းများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ၊ သတင်းစာနယ်ဇင်းများ၊ ဘာသာရေးအဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ခွင့် မိမိအဖွဲ့အစည်းများနှင့် အဖွဲ့ဝင်များ၏ ရပိုင်ခွင့်၊ လွတ်လပ်ခွင့်များကို ကာကွယ်နိုင်ခွင့်သည် လွန်စွာမှအရေးကြီးသည်။ ထိုအဖွဲ့အစည်းများအားကောင်းလာေစရန် ဒီမိုကရေစီနည်းကျ အစိုးရများက အားပေးသည်။ ထောက်ပံ့သည်။ တရားဥပဒေဘောင်အတွင်းမှ အကာအကွယ်ပေးသည်။ ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်မဖြစ် သိနိုင်ရန် လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ခွင့် ရှိမရှိ။ ရှိနေသာ အဖွဲ့အစည်းများ လှုပ်ရှားနိုင်ခွင့်ရှိမရှိ၊ လွတ်လပ်စွာ ပြောဆိုရေးသားနိုင်ခွင့် ရှိမရှိဖြင့် တိုင်းတာယူနိုင်ပေသည်။

(၂) ဒီမိုကရေစီစံနစ်နဲ့ ထိုက်တန်သော စိတ်ဓာတ်

ဒီမိုကရေစီစံနစ်နဲ့ ထိုက်တန်သောစိတ်ဓာတ်ဆိုသည်မှာ အများသဘောကို လိုက်လျောခြင်း၊ လူနည်းစုသဘောကို လေစားခြင်းပင်ဖြစ်သည်။ မိမိရှုံသည့်အခါ အသာတကြည် အပြုံးမပျက် လက်ခံနိုင်သည့် ရင့်ကျက်မှုရှိပြီး မိမိနိုင်သည့်အခါတွင်လည်း ရှုံးသူကို နိုင်ထက်စီးနင်းမပြုဘဲ မေတ္တာတရားဖြင့် ဆက်ဆံနိုင်ရမည်။ ဒေါ်စုက မေတ္တာတရားကို ထားခြင်းသည် မြန်မာနိုင်ငံက စံပြအဖြစ်ပြုသင့်သည်ဟုမြင်သည်။ ယနေ့စစ်အာဏာရှင် အသွင်ပြောင်း အရပ်သားအစိုးရသည် ပြည်သူမထောက်ခံဘဲ အာဏာယူထားသည့် အစိုးရဖြစ်သည်။ ထို့အတွက် ရှုံးနိမ့်လျှင် အတိုက်အခံတို့မှ ပြစ်ဒါဏ်ခတ်လာမည်ကို စိုးကြောက်နေခြင်းကို ဒေါ်စုက မေတ္တာတရားရှေ့ထားပြီး သင်ပုန်းခြေနိုင်ပါသည်ဟု ဆိုလိုုခြင်းဖြစ်သည်ဟု ကောက်ချက်ချမိသည်။ ထို့ပြင် ရှုံးသူကလည်း နိုင်သွားသူနှင့် တိုင်းပြည်အကျိုးကို ရှေးရှုပြီး ပူးပေါင်းလုပ်နိုင်ရမည်ဟု ဆိုလိုကြောင်းသဘောပေါက်သည်။

(၃) ဒီမိုကရေစီ လက္ခဏာ

ဒေါ်စုက သူမ အနေနှင့် အစိုးရအပြောင်းအလဲကို ညင်သာသောနည်း၊ သိက္ခာရှိရှိ ငြိမ်းချမ်းစွာ ပြောင်းလဲလိုသည်ဟု ဆိုသည်။ ထိုသို့ ပြောင်းလဲခြင်းသည် ဒီမိုကရေစီ၏ ကောင်းမြတ်သောလက္ခဏာတရပ်ဟု မီးမောင်းထိုးပြသည်။ ထိုအချက်သည် ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရ NLD ပါတီအား အာဏာပေးအပ်ရန် စစ်အစိုးရမှ ငြင်းပယ်ခဲ့ခြင်းသည် ဒီမိုကရေစီလက္ခဏာ မဆောင်၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် ဒီမိုကရေစီလက္ခဏာဆောင်ဘို့လိုသည်။ NLD သည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင် ဆင်နိုင်ဘို့ အားယူနိုင်ဘို့ လိုသည်ဟု ရည်ရွယ်ပြီး ပြောဟန်ရှိသည်။ ဦးသိန်းစိန်အစိုးရကိုလည်း ဒီမိုကရေစီနိုင်ငံ အမှန်တကယ်ပေါ်ပေါက်လာစေချင်လျှင် ညင်သာစွော ပြောင်းလဲမှုဖြစ်သည့် ရွေးကောက်ပွဲ ရလာဒ်ကို လေးစားလိုက်နာဘို့ လိုကြောင်း ကြိုတင် အသိပေးထားခြင်းလည်း ဖြစ်နိုင်သည်ဟု ကောက်ချက်ချသည်။ NLD ပါတီဝင်များကိုလည်း နိုင်ငံရေးအခင်းအကျင်း ပြောင်းလျှင် ပြောင်းသလို ကစားနိုင်ရမည်၊ ပုံစံပြောင်းနိုင်ရမည်ဟု အသိပေးလိုက်ခြင်းဖြစ်ကြောင်း သုံးသပ်သည်။ ၂၀၀၈ နာဂစ် အခြေခံဥပဒေကို NLD က လက်မခံသော်လည်း ပြောင်းလဲလာသော နိုင်ငံရေးအခင်းအကျဉ်းအရ ရွေးကောက်ပွဲ ဝင်သင့်လျှင် ဝင်ပြီး အာဏာရယူရေးကို စဉ်းစားနေသည်ဟု ထင်သည်။

(၄) ဒီမိုကရေစီစံနစ်ကို လူတိုင်းလိုလားသည်

လူတိုင်းဒီမိုကရေစီစံနစ်ကို လိုလားသည်ဟု ဒေါ်စုပြောကြားသွားခဲ့သည်။ လူတိုင်း မိမိကို လေးစားသည့် စံနစ်၊ လူရာသွင်းတဲ့စံနစ်ကို လိုလားမှာဖြစ်သည်ဟု ပြောဆိုချက်သည် ယေဘူယျအနေနှင့် မှန်ကန်သော်လည်း စစ်အာဏာရှင်များ ဘက်မှ ကြည့်လျှင် မမှန်နိုင်ဟုမြင်သည်။ စစ်အာဏာရှင်များအတွက် ၎င်းတို့ ပြုစုပျိုးထောင်ထားသော စံနစ်သည်၊ ၎င်းတို့အတွက် မှန်နေသည့်သဘောဖြစ်သည်။ အာဏာရှင်ဘဝဖြင့် လုပ်ချင်တာလုပ်ခွင့်ရသည်။ မိမိပတ်ဝန်းကျင်က မိမိကို လူရာထားသည်၊ ရိုသေသည်၊ လေးစားကြသည်၊ လက်ညှိုးညွှန်ရာ ရေဖြစ်သည့် ဘဝဖြစ်သည်။

သို့ရာတွင် ၎င်းတို့ဘဝသည် လူထုကြီး၏ လေးစားမှုကို မရသောဘဝ၊ လူထုနှင့် ကင်းကွာပြီး အစောင့်အထပ်ထပ်ကြားမှနေရသော ဘဝ မိမိကိုယ်တိုင်အကျဉ်းသားဖြစ်မှန်းမသိဖြစ်နေသောဘဝဖြစ်သည်။ ထိုကြောင့် အာဏာရှိသော်လည်း လူရာဝင်သော်လည်း၊ လူထုကြား မတိုးရဲသည့် ဘဝဖြစ်သည်။ ထိုဘဝမှရုန်းထွက်ရဲသည့်အနေအထားအာဏာယူထားသူများတွင်ရှိ ပြီလားအထူးလေ့လာသင့်သည်။

 

(၅) တာဝန်အရလုပ်ခြင်း

တာဝန်အရလုပ်ရပါသည်ဟု ပြောပြီး အပြစ်မဲ့သူများကို ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ နှိပ်စက်ညှုင်းပန်းခြင်း၊ ဒီမိုကရေစီ လိုလားသူများကို နည်းမျိုးစုံနှင့် နှောက်ယှက်ခြင်းတို့သည် မှန်မမှန်၊ လုပ်သင့် မလုပ်သင့်ဆိုသည့် ကိုယ်ချင်းစာတရား၊ တိုင်းပြည်အတွက် အကျိုးရှိမရှိ၊ ထိုသူများသည် မိမိကိုယ်ကျိုးအတွက် လုပ်နေခြင်းလော၊ မိမိအပါအဝင်အများကောင်းစားရေးအတွက် လုပ်နေခြင်းလော စသည့် ဆင်ခြင်တုံတရားဖြင့် လေ့လာပြီး တာဝန်အရ လုပ်ရပါသည်ဆိုခြင်းထက် ထိုတာဝန်သည် တရားသဖြင့် ပေးအပ်သော တာဝန်လော ဟူ၍ စဉ်းစားဆုံးဖြတ်ပြီး မတရားလုပ်ရပ်များလုပ်ရန် ပေးအပ်လာသော တာဝန်များကို ဆင်ခြင်တုံတရားဖြင့် ငြင်းပယ်နိုင်ရမည်ဟု ဆိုလိုပေသည်။

(၆) လူကြီးများက ခလေးများကို ပုံစံသွင်းခြင်း

အရှေ့တိုင်း ယဉ်ကျေးမှုအရ လူကြီးများက ခလေးများကို အတင်းအကြပ် ဖိနှိပ်မှုဖြင့် မိမိတို့လိုရာ ပုံစံသွင်းခဲ့ကြသည်။ အရှေ့တိုင်း ပုံစံသည် အာဏာရှင်ဆန်သည်။ လူကြီးများက ခလေးများထက် ပိုသိသည်မှာ မငြင်းနိုင်ချေ၊ သို့ရာတွင် ခလေးများ သိသမျှတော့ လူကြီးများ အားလုံးမသိနိုင်သည့်အပြင် ခလေးရှုဒေါင့်နှင့် လူကြီးရှုဒေါင့်ခြင်းလည်း မတူနိုင်ချေ။ အိမ်ထောင်တခုတွင် မိဘဖြစ်သူနှင့် သားသမီးဆက်ဆံရေး အရှေ့နှင့် အနောက်မတူပါ။ အရှေ့ ဆက်ဆံရေးမှာ ငါတို့မင်းတို့ထက်သိတယ်၊ တတ်တယ်၊ မင်းတို့အရင် ထမင်းစားလာတာကွဆိုသည့် အပေါ်စီးဆက်ဆံမှုမျိုးဖြစ်သည်။

အထူးသဖြင့် မြန်မာနိုင်ငံတွင် အဖေဖြစ်သူက အိမ်ထောင်ဦးစီးဖြစ်သဖြင့် မအေလုပ်သူက စားဦးစားဖျားကျွေးသည်။ ခလေးများ အရိုးအရင်းကိုက်ရသည်။ လူကြီးပြောတာကို လိုက်လုပ်ရသည်။ ဆင်ခြေတက်၍မရ။ ကျောင်းတွင်လည်းဆရာ၊ ဆရာမတို့က စာမလိုက်နိုင်လျှင်၊ လစစ်စာမေးပွဲကျလျှင် ကျောင်းအုပ်ကြီးကို ခေါ်ပြီး ကြိမ်နှင့်ရိုက်သည်။ ခလေးများကို လူကြီးများက အကြောက်တရားဖြင့် ဖိနှိပ်ပြီး မိမိတို့၏ အမိန့်ကို နာခံရန် ပုံစံသွင်းခြင်းခံရသည်။ ထို့ကြောင့် အာရှတိုက်တွင် ခလေးများက လူကြီးများ လုပ်သမျှ မှန်မှန်မှားမှား ပြန်လှန်ခြေပ ခုခံခွင့်မရဘဲ ခံကြရသည်။ ဤအတွေးအခေါ်သည် အာရှတိုက်တွင် အာဏာရှင်စံနစ်လွှမ်းမိုးနေမှု၏ အဓိက အကြောင်းတရားထဲတွင် ပါဝင်နေသည်။

အနောက်နိုင်ငံများတွင် ဒီမိုကရေစီစံနစ် ထွန်းကားသည်မှာလည်း ၎င်းနိုင်ငံများတွင်းရှိ ခလေးသူငယ်များအပေါ် လူကြီးများ၏ ဆက်ဆံရေးမှာ အာရှနှင့်မတူသည့် အချက်ကလည်း များစွာ အထောက်အကူပြုခဲ့ပေသည်။ ခလေးများသည် အနာဂါတ်ကို ဦးဆောင်မည့်သူများဖြစ်သည်။ ခလေးများသည် ဦးစားပေးအဆင့်ထိပ်တွင်ရှိသည်။ ခလေးများကို ရိုက်နှက်ဆုံးမခြင်းမပြုရ။ မိဘက ရိုက်နှက်လျှင် ပုလိပ်ကို ဖုံးဖေါ်၍ တိုင်ခွင့်ရှိသည်။ ပုလိပ်က မိဘကို အရေးယူသည်။ ထို့အတူ ကျောင်းတွင် ဆရာများက ကျောင်းသားများကို မရိုက်ရချေ။ ရိုက်ခွင့်မပြု။ ကျောင်းများတွင် ကြိမ်လုံး မထားရှိချေ။ ဆိုးသွမ်းသော ကျောင်းသားများကို အတန်းထဲမှ ထုတ် ထား ခြင်း၊ အချိန်ပိုကျောင်းတွင် နေစေခြင်းတို့ဖြင့် အပြစ်ဒါဏ် ပေးသည်။

မိဘဖြစ်သူက သားသမီးကို အပြစ်ဒါဏ်ပေးလျှင် ၎င်း၏ ရပိုင်ခွင့် မုန့်ဖိုးဖြတ်ခြင်း၊ သူငယ်ချင်းများအိမ်သို့ အလယ်သွားခွင့်ကို ပိတ်ပင်ခြင်း၊ မိမိအခန်းတွင်း၌သာ နေအိမ်တွင် နေစေခြင်းတို့ဖြင့် အပြစ်ပေးသည်။ ခလေးများကို ရိုက်နှက်ဆုံးမခြင်းဆိုသည့် နာကျင်အောင် ပြုလုပ်၍ အကြောက်တရားဖြင့် လိုက်နာစေခြင်းထက် မိမိဘာကြောင့် အပြစ်ခံရခြင်းကို သိသည့် အသိတရားဖြင့် ဆုံးမခြင်းကို ဦးစားပေးသည်။ ထို့ကြောင့် အနောက်နိုင်ငံမှ ခလေးများ လူကြီးသူမများကို မကြောက်ကြချေ။ ရိုတော့ရိုသေကြသည်။ သူတို့ကိုလည်း လူကြီးသူမများက သူတို့မေးမြန်းချင်သမျှကို မေးခွင့်ပြုထားပြီး စိတ်ရှည်လက်ရှည် ရှင်းပြတတ်သည့်အတွက် ခလေးများက မိမိမေးလိုရာကိုသော်လည်းကောင်း မိမိအမြင် မတရားမမျှတဟု ထင်သည့်အရာကို ၎င်းရဲရင့်စွာ ပြန်လှန်မေးခွန်းထုတ်တတ်သလို၊ ခုခံချေပပိုင်ခွင့်ရှိသည့်အတွက် လူကြီးများက ၎င်းတို့မှားယွင်းသည့်အခါ ပြုပြင်နိုင်ကြပြီး တရားမျှတရန် ဆောင်ရွက်ပေးတတ်သည်။

မိဘဖြစ်သူက သားသမီးအား ငါ့သားသမီးဖြစ်သည် ငါရိုက်ချင် ရိုက်မည်။ သတ်ချင်သတ်မည် လုပ်၍မရသလို ဆရာများကလည်း ငါ့ကျောင်းသား ငါကောင်းစေချင် လို့ ရိုက်သည်ဟု ဆင်ခြေပေး၍ ရိုက်မရချေ။ လူဆိုသည်မှာ အတ္တရှိသည်၊ ဒေါသရှိသည်၊ မောဟရှိသည်။ ထိုကြောင့် လူကြီးများ အမြဲမမှန်နိုင်သလို ခလေးများအမြဲ မမှားနိုင်ပါ။ ထို့ကြောင့် ခလေးများကို အကာအကွယ်ပေးသည့် ဥပဒေများကို ထုတ်ပြန်ပေးထားခြင်းကြောင့် အနောက်နိုင်များတွင် ခလေးများသာမက တိရစ္ဆာန်များအတွက်ပါ ဂုဏ်သရေရှိစွာ နေထိုင်နိုင်ခွင့်ရှိကြသည်။ အနောက်နိုင်ငံ၏ ကောင်းမြတ်သော အတွေးအခေါ်မှာ သားသတ်ရုံသို့ ပို့သော တိရိစ္ဆာန်များကိုပင်လျှင် ကြမ်းကြုတ်သော နည်းများဖြင့် ညှင်းဆဲသတ်ဖြတ်ခြင်းကို တားမြတ်ထားသည်။ ထိုအကြောင်းကို နောက်ဆောင်းပါးတွင် ရှင်းပြပါမည်။

အကြောက်တရားဖြင့် လူကြီးပြောသမျှ နားထောင်ပြီး လုပ်ရသော အရှေ့တိုင်းခလေးများနှင့် အနောက်နိုင်ငံရှိ ခလေးများ အဓိက ကွာခြားချက်မှာ မိမိယုံကြည်ရာ မှန်သည်ထင်ရာကို မေးရဲပြောရဲခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ သတ္တိကို လူကြီးများက အမျှော်အမြင်ကြီးစွာဖြင့် ပြုစုပျိုးထောင်ပေးခဲ့သည်။ ငါ့တို့ ပြောသမျှ လိုက်လုပ်ရမည်ဆိုသည့် အတွေးအခေါ်သည် အာဏာရှင်စံနစ်ကို ရှေးရှုစေသည်ဆိုလျှင် မမှားချေ။ ခလေးဘဝကတည်းက မိမိလုပ်ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်ပေးထားသော ခလေးများသည် ဒီမိုကရေစီစံနစ်ကို ယုံကြည်သော ခလေးများ၊ ဒီမိုကရေစီစံနစ်၏ တန်ဘိုးကို လေးစားလိုက်နာသော ခလေးများဖြစ်လာကြပြီး ကြီးပြင်းလာသောအခါ ဒီမိုကရေစီစံနစ်ကို ယုံကြည်သက်ဝင်ပြီး ကာကွယ်စောင့်ရှောက်သူများ ဖြစ်လာကြသည်။

နိဂုံးအားဖြင့် ယနေ့ နိုင်ငံရေးအခင်းအကျင်းသည် အမှန်တကယ်အကောင်းဖက်သို့ သွားနေခြင်းလော၊ သို့မဟုတ် ယခင် ဗိုလ်ချုပ်သန်းရွှေ၏ နည်းဗျူဟာအတိုင်း အချိန်ဆွဲရေး လှည့်စားမှုဖြင့် သွားနေခြင်းလော ဆိုသည်ကို အတိုင်းအတာတခုအထိ စောင့်ကြည့်ရန်လိုပေသည်။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ဒီရေအတက်အကျကို ထိပ်တန်းမြန်မာခေါင်းဆောင်တယောက်အနေဖြင့် ပါဝင်တိုင်းတာလျက်ရှိသည်။

ယခင် ထိပ်တိုက်ပုံစံမှ ယခု ပူးပေါင်းလုပ်ဆောင်လျက် ဦးသိန်းစိန်အစိုးရ မည်မျှ ရိုးသားမှုရှိသနည်း၊ မည်မျှ သတ္တိရှိရှိ ပြောင်းလဲနိုင်သနည်းဟူ၍ အပြုသဘော လုံးဝဆောင်ပြီး လုပ်ဆောင်နေခြင်း၊ လက်တွေ့ ဝင်ကစားနေခြင်းကို နားလည်မှု ပေးသင့်သည်ဟု မြင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၆၆ နှစ်ရှိ ပြီ ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် သူမအသက် ၇ဝ နှစ် ရှိတော့မည်ဖြစ်သည်။ သူမ၏ နိုင်ငံရေးတက်တက်ကြွကြွ လုပ်နိုင်သည့် သက်တမ်း သိပ်မကျန်တော့ချေ။ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲကို ရည်မှန်း၍ ရွေးကောက်ပွဲ ဝင်သင့်လျှင် ဝင်ဘို့လိုကြောင်း စဉ်းစားထားကောင်း စဉ်းစားထားနိုင်ခြျေရှိသည်။ ၂၀၀၈ နာဂစ် အခြေခံဥပဒေကို လက်မခံနိုင်သော်လည်း ၎င်းအခြေခံဥပဒေကို ပြုပြင်ရန်မှာ ရွေးကောက်ပွဲဝင်၍ အစိုးရဖွဲ့နိုင်ရန် ကြိုးစားပြီး အတွင်းမှသာ ပြုပြင်ပြောင်းလဲနိုင်မည်ဟု တွက်ဆအကောင်း တွက်ဆနိုင်သည်။ ပုံစံခွက်ပြောင်းခြင်းဆိုသည်မှာ ဤသဘောဖြစ်နိုင်ချေရှိသည်။ မည်သို့ ဆိုစေကာမူ ဦးသိန်းစိန်အစိုးရသည် အမှန်တကယ် ပြောင်းလဲရန် ဆန္ဒရှိသည်၊ ဒီမိုကရေစီစံနစ်ကို အမှန်တကယ် တည်ဆောက်လိုလျှင် နိုင်ငံရေး အကျဉ်းသားများာကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးခြင်းဖြင့်သက်ေသပြဘို့ လိုပေသည်။

ထို့အတူ ဧရာဝတီမြစ်ဆုံအရေးအခင်းသည် မြန်မာနိုင်ငံရေးတွင် အဓိက ပေါက်ကွဲနိုင်သည့် အနုမြူဗုံးကြီးပင်ဖြစ်သည်။ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၏ မဆင်မချင် ပညာမဲ့ပြောကြားချက်သည် တပြည်လုံးရှိ နိုင်ငံသားများ၊ စီးပွားရေးပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေး အဖွဲ့အစည်းများ၊ အနုပညာရှင်များ၊ တောင်သူလယ်သမားများ၊ ရေလုပ်သားများအားလုံးကို တိုက်ပွဲဝင်ရန် တပ်လှန့် နှိုးဆော်လိုက်ခြင်းပင်ဖြစ်သည်။ ဧရာဝတီမြစ်ရေ အလျဉ်သည် မထင်မှတ်ဘဲ မြန်မာနိုင်ငံ၏ တိုးတက်ရာတိုးတက်ကြောင်းကို ပိတ်ဆို့တားဆီးနေသည့် မှိုက်သရိုက်စစ်အုပ်စုကို တိုက်စား ရှင်းပစ်နိုင်သည့် အင်အားကြီး ဖြစ်ကောင်းဖြစ်လာပေလိမ့်မည်။ သို့မဟုတ်ပါက ၂၀၁၅ ခုနှစ်တွင် NLD သည် ရွေးကောက်ပွဲဝင်၍ အာဏာရယူပြီး ဒီမိုကရေစီစံနစ်ကို အတွင်းမှ ပြုပြင်ပြောင်းလဲခြင်းဖြင့်သာ လုပ်ဆောင်နိုင်ပေလိမ့်မည်။ ပြည်ပနိုင်ငံရေး အင်အားစုများသည် ပြောပလောက်သော အင်အားစုအဖြစ် မတည်ရှိနေခြင်းက ၎င်းအခြေအနေသို့ တွန်းပို့ပေးလျက်ရှိပြီး၊ အနောက်နိုင်ငံများ၏ စစ်အုပ်စုကို ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် တဖြေးဖြေးခြင်း ပြောင်းလဲရမည်ဆိုသည့် အတွေးအခေါ်ရှိသူများ အင်အားကောင်းလာခြင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားတရပ်အဖြစ် ဖန်တီးလာခဲ့သည်ဟု သုံးသပ်မိပေသည်။

တဖက်မှာလည်း တိုင်းရင်းသား လုက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်ပွဲများ ပြန်စနေခြင်းဖြင့် ပြည်တွင်းစစ်မီးပြန်လည်ခေါင်းေထာင်လာမည့် နိမိတ်များပြလျက်ရှိပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အင် အားစုများသည်လည်း ယခင်၎င်းတို့ လုပ်နေကြပုံစံခွက်များမှ မထွက်ပဲ၊ ငါ့မတိုက်သေးသမျှ ငါငြိမ်နေမယ်၊ တခြားအဖွဲ့တွေတိုက်လဲ သူဖာသာသူ ခုခံလိမ့်မယ် ငါတို့နဲ့ မဆိုင်ဘူး၊ သူတို့ လုပ်ရပ်ကိုလှမ်းအားပေး ထောက်ခံလိုက်ရင် ပြီးတာပဲဆိုသည့် ပုံစံမှ သူ့ထိရင် ငါ့ထိသလိုဘဲ၊ သူအလှည့်ပြီးရင် ငါ့အလှည့်လာလိမ့်မယ်၊ ငါတို့ စုပေါင်းတိုက်ကြမှ ဖြစ်မယ်ဆိုသည့် လက်တွေ့ကျကျ တွေးခေါ်ပြီး တိုက်ပွဲတကယ်ဝင်မည့် တပ်ပေါင်းစုဖွဲ့ဘို့ လိုပေမည်။ အဓိက ဦးအောင်သောင်း မကြာခင်က ဝနယ်မြေ သွားရောက်ချွေးသိပ်ခဲ့ခြင်းကို ဝအနေနှင့် သိသင့်ပေသည်။ ကချင်ကိုတိုက်ရာတွင်လည်းကောင်း ၎င်းရှမ်းကို တိုက်ရာတွင်လည်းကောင်း ဝကို မပါစေချင်သည့် သဘောဖြစ်သည်။ အကယ်၍ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ ပူးပေါင်းထိုးစစ်ဆင်နိုင်လျှင် မြို့များ သိမ်းနိုင်သည်အထိ အခွင့်သာနေသည်ကို တွက်ဆပြီး “ပြည်ထောင်စုကြီးကို ကာကွယ်ရန်” အတွက် ပြည်ထောင်စုတပ်မတော်ကြီးကို ဝိုင်းဝန်းအကောင်အထည်ဖေါ်ကြဘို့ လိုသည်။ စစ်ရေးနိမ့်ကျနေသောတပ်၊ စိတ်ဓာတ်ရေးရာ ခိုင်မာမှုမရှိသော ယနေ့တပ်မတော်ကို ကြေးစားတပ်မှ အမျိုးသားတပ်အသွင် ပြောင်းချင်သော တပ်မှူးများဖြင့် ပူးပေါင်းနိုင်သော အနေအထားသို့ ရောက်ရှိလာရန် ကြိုးစားဆောင်ရွက်ဘို့ အထူးလိုအပ်ပါပေသည်။ ဒေါ်အောင်ဆန်းစုကြည် သွားရာလမ်းကို စောင့်စားမနေဘဲ မိမိတို့ ဘက်မှ လုပ်သင့်သည်ကိုလည်းလုပ်ရင်း နိုင်ငံရေး ချိန်ခွင်လျှာကို မြှင့်တင်ကြရမည်ဖြစ်သည်။ ပြည်ပမှဒေါ်စုလုပ်ရပ်ကို မချင့်မရဲဖြစ်ရင်း ဝေဘန်နေမည့်အစား သူမလုပ်ရပ်ကို စောင့်ကြည့်ပြီး အားပေးဘို့ လိုအပ်ပေသည်။

ထွန်းအောင်ကျော်

၁၆ရက်၊ ၉လ၊ ၂၀၁၁ ခုနှစ်

Note: email မှလက်ခံရရှိသည်ကို ဖေါ်ပြခြင်းဖြစ်သည်။

4 comments

  • ကြောင်ကြီး

    September 17, 2011 at 11:17 am

    ခိုင်မာတဲ့ဒီမိုကရေစီဆိုတာ ဒေါ်စုပြောတဲ့ healthy democracy ကို ဘာသာပြန်ထားတာထင်တယ်။ လက်ခံပါတယ်။ အာဏာရှင်တွေပြောနေတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ disciplined democracy ဆိုတာကို ဒါနဲ့ပြန်တိုက်ရမှာပါ။
    ဦးထွန်းအောင်ကျော်ရဲ့ စာထဲမှာ ၂၀၁၅ ရွေးဂေါက်ပွဲကို သိပ်မျှော်လွန်းနေသလားလို့။ ဒေါ်စု အခုမှာ ထိတွေ့ဆက်ဆံရေးလမ်းကြောင်းနဲ့ သွားနေပေမဲ့ ၂၀၁ဝ ရွှေဂုံတိုင်ရပ်တည်ချက် (၁၉၉ဝ ရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုရေး၊ ၂၀၀၈ နာဂစ်အခြေခံဥပဒေ ပြင်ဆင်ရေး၊ စစ်မှန်သော ဆွေးနွေးပွဲများ ပေါ်ထွန်းရေး၊ နိုင်ငံရေးအကျဉ်သားအားလုံး ပြန်လွှတ်ရေး၊ တိုင်းရင်းသားများ ပါဝင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး) များကို ဆက်လက် ဆွဲကိုင်ထားလျက်၊ အခွင့်သာတိုင်း ရည်ညွှန်းပြောဆိုလျက် ရှိပါတယ်။ နိုင်ငံရေးဆိုတာ တိမ်တောင်သဖွယ် မင်းရေးကြွယ်ဖြစ်လို့ အချိန်မရွေး ပြောင်းလဲသွားနိုင်ပေမဲ့ ကိုယ်လိုရာကို အစောတလျင် ကောက်ချက်မချမိဖို့တော့ လိုမယ်ထင်ပါတယ်။
    အေဘီအက်စ်ဒီအက်ဖ် တပ်ဖွဲ့ဝင် (လက်ရှိ၊ အဟောင်း) များအားလုံးကို အစဉ်လေးစား ဂုဏ်ယူလျက်
    နောင်ဖွဲ့မည့် အေဘီအက်စ်ဒီအက်ဖ် (လေတပ်)တွင် လေသူရဲဖိုက်တာဖြစ်လိုသူ လေကြောင်:neutral:

  • မီးမီး သော်

    September 17, 2011 at 2:22 pm

    ကိုခိုင်ရေ ကိုထွန်းအောင်ကျော်ရဲ့ဒီနေရာကအတွေးလေးကိုပိုကြိုက်ပါတယ်။

    ဒီမိုကရေစီစံနစ်နဲ့ ထိုက်တန်သောစိတ်ဓာတ်ဆိုသည်မှာ အများသဘောကို လိုက်လျောခြင်း၊ လူနည်းစုသဘောကို လေစားခြင်းပင်ဖြစ်သည်။ မိမိရှုံသည့်အခါ အသာတကြည် အပြုံးမပျက် လက်ခံနိုင်သည့် ရင့်ကျက်မှုရှိပြီး မိမိနိုင်သည့်အခါတွင်လည်း ရှုံးသူကို နိုင်ထက်စီးနင်းမပြုဘဲ မေတ္တာတရားဖြင့် ဆက်ဆံနိုင်ရမည်။

  • Don Juan Ronald

    September 18, 2011 at 1:31 am

    ယခုလက်ရှိကမာ္ဘပေါ်မှာဖြစ်ပေါ်နေသည့်ဒီမိုကရေစီ၊ ဒီရေ ( Tide )ရေစီးကြောင်းသည်မည်သည့်နိုင်ငံမျှမတားစီးလွန်ဆန်နိုင်ပါ၊ ဘထွေးတရုတ်ပြည်ကြီးလည်းစပြီးစီစဉ်ပြင်ဆင်နေကြပြီ။

    ဒေါ်စု၏နံပါတ်(၂)(၃)အချက်သည်အလွန် ့အလွန်အရေးကြီးပြီး၊ မရှိမဖြစ်သောအချက်များဖြစ်ပါသည်၊ သက်နုဒီမိုကရေစီနိုင်ငံတွင်နေထိုင်ခဲ့ဘူးရင်သော်၎င်း၊ နေထိုင်နေသူများသည်သော်၎င်း၊ ဒီအချက်နှစ်ချက်မည်မျှအရေးကြီးကြောင်းကိုကောင်းကောင်း နားလည်သဘောပေါက်ကြပါသည်၊ သုံးတတ်ရင်ဆေးမသုံးတတ်ရင်ဘေးဆိုသလို၊ ဥပမာရုရှနှင့်ယူဂိုနိုင်ငံများသည် ready မဖြစ်ခင်ဤဒီမိုကရေစီဆေးပြင်းကြီးကိုသောက်သုံးလိုက်သည်နှင့် ပိုက်နာဝမ်းလျှောလေတော့သည်၊ နိုင်ငံတော်ကြီးသည်ပြိုကွဲသွားပြီး၊ မသမာသောနိုင်ငံရေးသမားများ၏ဦးဆောင်မှုအောက်တွင်ပြည်သူများ အချင်းချင်းသတ်ဖြတ်တိုက်ခိုက်ကြပြီး၊ လူထောင်ပေါင်းများစွာသေကျေပျက်စီးသွားပါသည်၊ ဒီကောင်တွေမှနောက်ဆုံးတကယ်စစ်ခုံရုံးတင်ခံရသည်၊ စံနမူနာယူဖို ့ကောင်းပါသည်၊ မိအေးနှစ်ခါအနာမခံနိုင်တော့ပါ၊ နာနေတာကြာလှပြီ။

    လောကမှာအသက်ရှင်သန်နေနိုင်ခြင်းထက်မည်သည့်အရာမှမရှိပါ၊ မည်သူ၏အသက်မဆိုတန်ဖိုးဖြတ်၍မရပါ၊ ဒီမိုကရေစီနိုင်ငံမှာသာမန်ပြည်သူတယောက်၏ အသက်ကိုကယ်ဆယ်ဖို ့အတွက်ငွေသိန်းနှင့်ချီ၍ကုန်ခံပြီးလုပ်လေ့ရှိပါသည်၊ အသက်သည်တန်ဖိုးဆုံးဖြတ်လို ့မရနိုင်ပါ။ ထို ့ကြောင့်ဒေါ်စု၏နံပါတ် (၅)အချက်အရ၊ ယခုလက်ရှိနိုင်ငံရေးဇာတ်ခုံပေါ်တွင်ရှိနေသေးသော၊ အရင်တုံးကကျောင်းသူကျောင်းသားကိုသတ်ဖြတ်ရာတွင် ကိုလ်တိုင်မပါဝင်ခဲ့သည့်တိုင်အောင်၊ ၎င်းလူသတ်သမားများနှင့် လက်တွဲအတူအလုပ်လုပ်ခဲ့သည့် အတွက်ကြောင့်ပြည်သူများ၏ရှေ့ မောက်၌စိတ်ရောကိုလ်ပါ လူကြီးလူကောင်းပြီပြီရဲဝန် ့စွာဝန်ချတောင်းပန်ပါ၊ လူမိုက်များအရှက်ကွဲသွားအောင်သော်၎င်း၊ နောင်တွင်ဒီလိုလူမိုက် ထပ်မပေါ်ပေါက်လာအောင်သင်ခန်းစာပေးသင့်သည်။

    သားသမီးချင်းမစာနာသောလူသတ်သမား လူမိုက်များကိုသမိုင်းမှာမေ့နိုင်မှာမဟုတ်ပါ။

    စစ်သားများအာဏာယူထားသည့်ရာစုနှစ်ထက်ဝက်ခန့်မှာသောင်းကျန်းသူများကို တိုက်ခိုက်ဖို့အတွက်ဆိုပြီးကင်းကျေး၊ ဂိတ်ကျေး၊ ချောဆွဲ၊ ချောကျေးစသဖြင့်ကျေးပေါင်းစုံကောက်ခံ၊ ဧည့်စာရင်းတိုင်၊ ဧည့်စာရင်းစစ်စသည်တို့ဖြင့်လူထ၏နေထိုင်ရေုးကိုဒုက္ခအမျိုးမျိုးပေး၊ ပြီးတော့သောင်းကျန်းသူများလျော့မသွားသည့်ပြင်၎င်းတို့ရဲ့ ရန်မလည်းှမကာကွယ်ပေးနိုင်ခဲ့ပါ။

    သောင်းကျန်းသူများလည်းစစ်သားများအနိုင်ကျင့်ခြင်းမှ ကာကွယ်ပေးရန်ဆိုပြီးဆက်ကျေး၊ ဂိတ်ကျေး၊ ချောကျေးတွေကောက်ပြီးတော့စစ်သားတွေနှင့် လည်းဗိုလ်နေမြဲကျားနေမြဲဘနေကြတယ်ဲ။ ကျေးရွာကလူအခံရဆုံးပေါ့။

    အရင်တုံးကစစ်သားတိုင်းမှူးတယေါက်ပြောဘူးသည် “ သောင်းကျန်းသူရဲ့လက်နက်ဟာမှောင်ခိုဈေးကွက်ကနေ ဝယ်ရတဲ့အတွက်ဈေးအရမ်းကြီးတယ်။ ဒီကောင်တွေတချက်ပြစ်ရင်ငါတို့ဆယ်ချက်ပြစ်လို့ရတယ်၊ ဖိချလိုက်ရင်ဒီကောင်တွေအကုန်လုံးပြုတ်သွားနိုင်တယ် ” သောင်းကျန်းသူသာအကုန်လုံးပြုတ်သွားလျင်စစ်သားတွေ ဆက်လက်အာဏာဆွဲထားဖို့အကြောင်းမရှိတော့ဘူးဆိုတာဒီစစ်သား လအ ကသူ့ဆရာတွေရဲ့ အကြောင်းကိုမသိဘူးနဲ့တူတယ်။ အဲလေစစ်သားတချို့လည်းအမှန်ပြောတတ်ပါတယ်။

    ကျနော်တို့ဆီမှာလူကြီးတယောက်ရှိတယ်၊ သူကိုလ်တိုင်ကပြည်သူ့လွှတ်တော်ကိုလ်စားလှယ်(ဗိုလ်ရှုမောင်ခေတ်)၊ သားမက်ကမြို့နယ်ပါတီဥက္ကဌ၊ သားအရင်းခေါက်ခေါက်ကေ တာထဲမှာဗိုလ်မှူးကြီးတဲ့ဗျာ၊ ဘယ်လောက် Funny ဖြစ်သလဲ။

    တကယ်ဆိုရင်လူနည်းစုကိုအမျိုးပြုတ်အောင်လုပ်နေတာ၊ ယုတ်မာလိုက်တဲ့လူတွေ။

    သောင်းကျန်းသူတွေပြည်သူကိုမည်ကဲ့သို့ဒုက္ခပေးခဲ့သည့်ကျနော်၏အတွေ့ကြုံကိုအခါသင့်ရင်တင်ပြပေးပါမည်။

  • maungmoenyo

    September 19, 2011 at 6:08 am

    ခက်သည်ကား အစိုးရလုပ်သူက နိုင်ငံတွင်းကိစ္စအဝဝကို မောင်ပိုင်လုပ်နေခြင်းပင်။ ဥပမာ-ဘောလုံးကန်သောကစ္စကအစ ရေကာတာဆောက်သည့်ကိစ္စအဆုံးပင်။ ဒိမိုကရေစီဟူသည်ကား အပေါ်ယံရှပ်၍ပြောင်းယူရသည်မဟုတ်။ အစိုးရရော လူထုပါဟန်ချက်ညီညီ လိုက်လျောညီထွေပြောင်းရသည်၊ တယောက်နှင့်တယောက်မယုံတဝက်ယုံတဝက်နှင့်ပြောင်းရသည်မဟုတ်။ သို့သော် ယင်းအခြေအနေကား လက်ရှိနိုင်ငံရေးအအြေနေအရ ဝေးလံဆဲပင်။ (၂၀ဝဂ) မဲလိမ်မှုပေါင်းသရဖူဆောင်းခဲ့သည့် ရွေးကောက်ပွဲဥပဒေနှင့် ပေါ်ပေါက်လာသောအစိုးရ မို့ လူထုကအယုံအပြည်မရှိသည်မှာမဆန်း။
    သို့သော်လက်ရှိ အစိုးရ၏ သတင်းစာများတွင်ရေးသားနေသည့်အခြေအနေ၊ လွှတ်တော်များတွင်ဆွေးနွေးကြသည့်ကိစ္စများကိုအတွင်းကျကျ သေသေချာချာလေ့လာကြည့်ပါက ထူးခြားသောဖြစ်စဉ်များပေါ်ထွန်းလာသည်ဟုဆိုရမည်။ ဆိုလိုသည်မှာ (၁၉၆၂) တော်လှန်ရေးကောင်စီတက်လာသည့်အချိန်မှစ၍ ယခုအထိ အစိုးရအဆက်ဆက်တို့၏ ပြောပုံဆိုပုံတွေနဲ့ နဲနဲ ကွာခြားလာသည်ကိုတွေ့ရမည်။
    ဒေါ်စု အားဘော်လုံပွဲများသို့ဖိတ်ကြား ကြည်ရှုစေခြင်း။ သမ္မတကတော် ဒေါ်ခင်ခင်ဝင်းနှင့်နှစ်ကိုယ်ကြားစကားပြောခွင့်ရခြင်း၊ တို့ကား ထူးခြားဖြစ်စဉ်များပင်။
    သို့သော်မြစ်ဆုံလိုနေရာမျိုးတွင် ရေကာတာဆည်ဆောက်မည့် ကိစ္စကားလွန်စွာရုပ်ဆိုးလှသည်။ တယူသန်ဆန်၍ စစိမိန့်စစ်သွေးဝင်နေသေးသော အစိုးရအဖွဲ့ဝင်များ၏ အရိပ်မဲက အစိုးရသစ်အပေါ် ထိုးနေဆဲပင်။ ရှစ်လုံးကဲ့သို့သော ဒုသမ္မတက နေရာတကာဝင်ချယ်လှယ်နိုင်ရန် ကြိုးစားနေသေးခြင်း၊ လွှတ်တော်တွင် မနေ့တနေ့ကမှ ယခင် ဝန်ကြီးဟောင်းများက ဦးဆောင်သည့် လွှတ်တော်ကော်မတီ အသီးသီးက parallel government ကဲ့သို့ပေါ်ထွက်လာခြင်းတို့ ကား အစိုးရသစ်အတွက်အနှုတ်လက္ခဏာများပင်။ ယင်းကားအကောင်းဖက်သို့လားအဆိုးဖက်သို့လားဆိုသည်ကို အချိန်ကအဆုံအဖြတ်ပေးမည်ဖြစ်သည်။

Leave a Reply