ဆန်နီနေမင်း ဂျာနယ်မှာရေးသားထားတဲ့ ပျော်သင့်သလောက်ပဲပျော်ပါ ဆောင်းပါး

ဆန်နီနေမင်းSeptember 17, 20111min670

လူ့လောကကို ရောက်လာတဲ့ လူများစုဟာ လူ့ပြည်ကို ပျော်စရာလို့ထင်နေကြကာ အပျော်ဘက်ကိုပဲ ဦးစားပေးနေကြတာ များပါတယ်။ တကယ်တော့ လူပြည်ဟာ ပျော်စရာနဲ့ အချိန်ကုန်ရမဲ့ နေရာဌါန မဟုတ်ပါဘူး။ ကောင်းမှုကုသိုလ်လုပ်ဖို့ အကောင်းဆုံးနေရာဖြစ်တာကြောင့် ကောင်းမှုလုပ်ကာ အချိန်ကုန်ရမဲ့နေရာပါ။ တကယ်လို့ မိမိတို့က ရရှိလာတဲ့ လူ့ဘဝလေးမှာ ကောင်းမှုမလုပ်ဘဲ အပျော်ဘက်ပဲ ဦးစားပေးနေမယ်ဆိုပါက သံသရာဆင်းရဲ ဒုက္ခကြီးထဲကနေမလွတ်ဘဲ အန္တရာယ်စက်ကွင်းထဲ ရောက်ပြီး ရင်းရောက်နေပါလိမ့်မယ်။ အပျော်ဘက်ကို ဦးစားပေးတဲ့လူများစုဟာ သံသရာဒုက္ခကနေ လွတ်မဲ့အရာများကို ပြုလုပ်ဖို့ရန် မေ့နေကြတာ များပါတယ်။ အရင်အရင်ဘဝတွေကလည်း အပျော်နဲ့ပဲ အချိန်ကုန်ခဲ့လို့ သံသရာဆင်းရဲကနေမလွတ်ခဲ့တာကို နောင်တမရသေးဘဲ ခုလူ့ဘဝရချိန်လေးမှာလည်း အပျော်နဲ့ပဲအချိန်ကုန်နေမယ်ဆိုရင် နောက်ဘဝလည်း ဆင်းရဲဒုက္ခများတဲ့နေရာဌါနမှာပဲ ကျင်လည်ရဦးမှာပါ။

တကယ်တော့ အပျော်ဆိုတာ ခဏတာပဲပျော်ရတာပါ။ တခဏတာပျော်ရတဲ့အပျော်နဲ့ တမလွန်များစွာမှာ ပျော်ဖို့အတွက် ဘယ်ဟာကိုဦးစားပေးသင့်သလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။ အဲဒီလိုစဉ်းစားကြည့်မယ်ဆိုရင် တစ်ခဏတာအပျော်ကို ဦးစားမပေးဘဲ တမလွန်အတွက် ပျော်ပါး ရအောင် ပြုလုပ်ကြမှာအမှန်ပါ။ ဒါကြောင့် မပျော်ပါးခင်မှာ မိမိပျော်မဲ့အပျော်ဟာ ကောင်းတဲ့ဟာလား ဆိုးတဲ့ဟာလားဆိုတာ စဉ်းစားပါ။ မိမိပျော်ဖို့အတွက်နဲ့တော့ မကောင်းတာကိုမလုပ်မိဖို့ အရေးကြီးပါတယ်။ အဲဒီလို ရှေ့နောက်မစဉ်းစားဘဲ ပျော်ရပြီးရောဆိုပြီး စိတ်ထင်ရာစိုင်းမဲ့ဆိုရင်တော့ ဒုက္ခပင်လယ်ဆိုက်ရောက်ခြင်း ခံရပါလိမ့်မယ်။ တချို့ပျော်ပါးတဲ့ နေရာများဟာ ပျော်ရရုံသက်သက်ပဲလို့ ထင်ရပေမဲ့ ဒုက္ခများစွာရောက်နိုင်တဲ့အရာတွေ အများကြီးရှိပါတယ်။ ဥပမာ-နိုက်ကလပ်တက်ရင် ပျော်ရမယ်လို့ ထင်ရပေမဲ့ အန္တရာယ်များနှင့် ရင်ဆိုင်ရတာက များပါတယ်။ ယောက်ျားလေးများဆိုရင် တစ်ဦးနဲ့တစ်ဦး ရန်ဖြစ်တဲ့လူကဖြစ်၊ မူးယစ်ဆေးဝါးစားတဲ့လူကစား၊ အရက်သောက်တဲ့လူကသောက်နဲ့ အပေါင်းအသင်းမှားကာ ဘဝပျက်သွားကြပါတယ်။ မိန်းကလေးများဆိုရင်လည်း နိုက်ကလပ်ဟာ မိမိအတွက် အရှက်သိက္ခာထိခိုက်ခြင်း၊ မသမာသူများနဲ့တွေ့ရင် ဘဝပျက်စီးရခြင်း၊ ရောဂါရှိသူနဲ့ပျော်ပါးမိရင် ရောဂါဆိုးရရှိခြင်းစတဲ့ ဆင်းရဲဒုက္ခများနဲ့ ရင်ဆိုင်ရပါတယ်။ ဒါကြောင့် မိမိတို့ပျော်မဲ့အပျော်ဟာ ဒုက္ခနဲ့သုခဘယ်ဟာကို ပိုခံစားရမလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။

တချို့က ယောက်ျာလေးမို့ အရက်သောက်ပျော်ပါးတာဟာ မဆန်းဘူးလို့ ပြောဆိုထင်မြင်နေကြပါတယ်။ ဒါဆို လူသားမှန်ရင် ငါးပါးသီလ လုံခြုံရမယ်ဆိုတာရော မေ့နေကြပြီလား။ ငါးပါးသီလဟာ အထူးတလည် ဆောက်တည်စရာမလိုသလို အထူးတလည် လိုက်နာကျင့်သုံးရမဲ့အရာလည်း မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါးပါးသီလကိုယ့်ကျင့် တရားဆိုတာ စကြာဝဠာမှာရှိကြတဲ့ လူသားအားလုံးရဲ့ ကိုယ့်ကျင့်တရားဖြစ်ပြီး လူတိုင်းပြည့်စုံရမဲ့ အရာပါ။ ဒါကို တချို့က အရက်မသောက်ရဘူးလို့ မြတ်စွာဘုရားက သီးသန့်မဟောခဲ့ဘူးဆိုပြီး သောက်စားနေကြတဲ့လူတွေ ရှိပါတယ်။ တကယ်တော့ လူသားမှန်ရင် ပြည့်စုံရမဲ့ ငါးပါးသီလထဲမှာ အရက်မသောက်ရဘူးလို့ပါနေတဲ့အတွက် သီးသန့်ဟောနေစရာ မလိုပါဘူး။ မြတ်ဗုဒ္ဓမပွင့်ခင် ကတည်းက လူသားများဟာ ငါးပါးသီလမကျုးလွန်မိအောင် စောင့်ထိန်းခဲ့ကြပါတယ်။ ဒါကြောင့် မိမိတို့ဟာ ကံကောင်းလို့ရရှိလာတဲ့ လူ့ဘဝလေးမှာ ငါးပါးသီလကိုယ်ကျင့်တရားကို အမြဲထာဝစဉ် အသက်ဆုံးထိလုံခြုံအောင် စောင့်ထိန်းလိုက်နာကျင့်ကြံဖို့ လိုပါတယ်။ ဒါမှလည်း မိမိရရှိတဲ့လူ့ဘဝလေးဟာ တန်ဖိုးရှိမှာပါ။

အဲဒီလိုမဟုတ်ဘဲ ရခဲလှတဲ့ လူ့ဘဝလေးရနေချိန်မှာ အပျော်ပါးပဲ ဦးစားပေးပြီး ဘဝဆက်တိုင်းကောင်းကျိုးခံစားရမဲ့ ကောင်းမှုလုပ်ဖို့တော့ မေ့နေကြမယ်ဆိုရင် အဲဒီလူဟာ လူဖြစ်ရကျိုးနပ်တဲ့ လူတစ်ယောက်လို့ သတ်မှတ်လို့မရပါဘူး။ ကောင်းမှုလုပ်ဖို့ကိုသာ အပျော်ပါးကိစ္စလောက် စိတ်ဝင်စားမယ် လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင်တော့ အဲဒီလူဟာ လူဖြစ်ရကျိုးနပ်တဲ့လူပါ။ ဒါပေမဲ့ ခုခေတ်လူများဟာ များသောအားဖြင့် လူ့ဘဝရလာတာကို ပျော်ပါးဖို့ဟု ထင်မြင်ယူဆနေကာ ပျော်ပါးဖို့ပဲ အားထုတ်ကြံစည် ပြုလုပ်နေကြပါတယ်။ တကယ်တော့ အပျော်အပါး ဆိုတာ ကောင်းမှုကုသိုလ်လုပ်ရင်း ပျော်ပါးရတာ၊ အများအကျိုးလုပ်ပေးရင်း ပျော်ပါးရတာ၊ မိမိအောင်မြင်မှုတစ်ခုရရှိလို့ ပျော်ပါးရတာတို့မှ အပျော်တွေပါ။ သီးသန့်ပျော်ပါးဖို့အတွက် အရက်သောက်ခြင်း၊ နိုက်ကလပ်တက်ခြင်းစတဲ့ မကောင်းတဲ့အရာများကိုမှ ပျော်ပါးစရာလို့ ထင်မနေကြပါနဲ့။ မိမိစိတ်သာ အဓိကဖြစ်တဲ့အတွက် မိမိစိတ်ချမ်းသာအောင် သူ့နေရာသူကောင်းတာလုပ်လို့ဖြစ်စေ၊ စိတ်ငြိမ်အောင် အလုပ်တစ်ခုခုကို ကြိုးစားလုပ်ကိုင်နေလို့ဖြစ်စေ စိတ်ပျော်အောင်လုပ်လို့ ရပါတယ်။ ဒါပြင် မိမိတို့လူသားများအတွက် ပျော်ပါးစရာ ပွဲလမ်းသဘင်တွေ။ အခါကြီးရက်ကြီးတွေမှာ ပျော်ပွဲရွှင်ပွဲပြု လုပ်ကြတာတွေ၊ အလုပ်အားလပ်ရက်မှာ ပျော်ပွဲစားထွက်ကြတာတွေ အများကြီးပါ။ ဒီလောက်ပျော်ပါးစရာများတဲ့ လူ့ဘဝကြီးမှာ မကောင်းနဲ့မှပျော်ပါးလို့ရမယ်ထင်ပြီး မကောင်းတဲ့နေရာများ၊ မကောင်းတဲ့အရာများနဲ့ မပျော်ပါးမိအောင် သတိထားဆင်ခြင်ကြပါ။

တကယ်တော့ လူ့ဘဝဟာ ပျော်ပါးဖို့ကောင်းတဲ့နေရာမဟုတ်ပါဘူး။ ပျော်ပါးဖို့ကောင်းတဲ့ နေရာဟာ နတ်ပြည်များသာ ဖြစ်ပါတယ်။ လူ့ဘဝရတာဟာ ကောင်းမှုကုသိုလ်လုပ်ဖို့အတွက် အကောင်းဆုံးနေရာပါ။ ပျော်စရာတွေချည်းရှိတဲ့ နတ်ပြည်ကိုရောက်တဲ့သူတွေတောင် လူ့ဘဝကိုပဲ ကောင်းမှုကုသိုလ်ပြုလုပ်ချင်ကြလို့ ပြန်ရောက်ချင်နေကြပါတယ်။ အဲဒီလို အများအကျိုးလုပ်ပြီး မိမိနောင်ဘဝကောင်းကျိုးရရန် အသုံးချနိုင်တဲ့ လူ့ဘဝကြီးကို မိမိတို့က အပျော်အပါး မကောင်းမှုများနဲ့ပဲ အချိန်ကုန်ကာ ဘဝနိဂုံးချုပ်သွားမယ်ဆိုရင် ဘယ်လောက်နှမြှောစရာ ကောင်းလိုက်မလဲ။ ဒါကို မိမိတို့က စဉ်းစားရမှာပါ။ မိမိတို့ဟာ ဘယ်ချိန်ဘယ်ခါ ဘဝနိဂုံးချုပ်မယ် ဆိုတာလည်း မသိနိုင်တဲ့အတွက် အသက်ရှင်စဉ်လေးမှာ အများအကျိုးဖြစ်စေ၊ တရားဘာဝနာ ဖြစ်စေ၊ ပြုလုပ်ပေးခြင်းဖြင့် ဘဝကို ဖြတ်သန်းနေရမှာပါ။ ဒီလို ရခဲလှတဲ့ လူ့ဘဝ၊ ကောင်းမှုလုပ်ဖို့ရန် အခွင့်ကောင်းတဲ့လူ့ဘဝ၊ သာသနာထွန်းကားချိန်မှာ လူ့ဖြစ်နေရတဲ့ လူ့ဘဝ၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့ အသိဉာဏ်လေးရှိနေတဲ့ လူ့ဘဝမှာ အပျော်ပါးပဲ လိုက်စားကြံစည် ပြုလုပ်နေမည်ဆိုရင် ကျန်တဲ့ဘုံမှာရောက်နေတဲ့သတ္တဝါတွေက ‘‘အော် တယ်မိုက်တဲ့ လူပါလား။ ငါတို့များ အများအကျိုးကောင်းမှုတွေ လုပ်ပေးနိုင်တဲ့အခွင့်အရေးမရှိလို့ လုပ်မပေးရတာကို သူတို့က အခွင့်အရေးရှိပြီး မလုပ်ကြပါလား”လို့ အပြစ်တင်နေကြမှာပါ။

များသောအားဖြင့် လူသားများဟာ ကံတရား၏ အကျိုးပေးပုံကိုလည်း သေချာမသိ၊ သေချာနားမလည်၊ အကြွင်းမဲ့ယုံကြည်မှုမရှိ၊ ယောင်ဝါးဝါးဖြစ်နေလို့လည်း မိမိဖြစ်ချင်တဲ့ဆန္ဒကို ရှေးတန်းတင် ပြုလုပ်နေကြတာပါ။ တကယ်တမ်း ကောင်းမှုမကောင်းမှုတို့ရဲ့ အကျိုးပေးပုံကိုသာ သေချာနားလည်မယ်ဆိုရင် မိမိတို့ဘဝနိဂုံးမချုပ်ခင် ကောင်းမှုများလုပ်ဖြစ်ကြမှာ အမှန်ပါ။ မသေခင် မနာခင်မှာတော့ အပျော်ပါးနဲ့ပဲ အချိန်ကုန်ခဲ့ပြီး ကောင်းမှုတရားများ မေ့နေတဲ့လူဟာ သေခါနီးလာလို့ မကောင်းတဲ့နိမိတ်များမြင်လာတဲ့ အခါ ကောင်းမှုပြုလုပ်ချင်စိတ် ဖြစ်လာပါတယ်။ ဒါဟာလည်း နောက်မှရတဲ့ နောင်တပါ။ ဒါကြောင့် ကံတရားရဲ့အကျိုးပေးကို အသက်ရှင်စဉ်မှာ သေချာသိနားလည်ပြီး နောင်တမရခင် ကောင်းမှုများ လုပ်နိုင်ကြဖို့ရန် ကံအကျိုးပေးပုံကို အနည်းငယ်ပြောပြပါမယ်။ ကံတရားအကျိုးပေးပုံနှင့်ပတ်သတ်ပြီး ရှင်နာဂသိန်နှင့်မိလိန္ဒမင်းကြီး တို့က ဒီလိုဆွေးနွေးခဲ့ဖူးပါတယ်။

မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ရဟန္တာမထေရ်ကို ”အရှင်ဘုရား…ကံတရားဟာ တည်ရာဌာနရှိပါသလား”လို့မေးခဲ့ပါတယ်။ အဲဒါကို ရှင်နာဂသိန်မထေရ်မြတ်က ”မင်းကြီး သရက်ပင်တစ်ပင်ဟာ အသီးမသီးသေးခင် သရက်သီးဘယ်နေရာမှာ ရှိပါသလဲ”လို့ ပြန်မေးလိုက်ပါတယ်။ မင်းကြီးက ”အရှင်ဘုရား..သရက်သီးရဲ့ တည်ရာဌာနကို မမြင်ရသလို ဘယ်နေရာမှာ တည်ရှိနေသလဲဆိုတာလည်း မသိနိုင်ပါဘုရား”လို့ ပြန်လျှောက်ပါတယ်။ အဲဒီလို ဖြေကြားတဲ့အခါ ရှင်နာဂသိန်မထေရ်က ”မင်းကြီး…ထို့အတူပဲ ကံတရားဆိုတာ တည်ရာဌာန အတိအကျမသိနိုင် မမြင်နိုင်သော်လည်း သရက်ပင်မှသရက်သီးဟာ အချိန်တန်ရင်အသီးသီး လာသလို ကံတရားဟာလည်း အချိန်တန်ရင် ဆိုင်ရာဆိုင်ရာ အကျိုးပေးပါတယ်မင်းကြီး”လို့ မိန့်ကြားတော်မူခဲ့ပါတယ်။။ သရက်ပင်မှ သရက်သီးဟာ အချိန်တန်ရင် အသီးဖြစ်လာသလို ကံတရားဟာလည်း ကောင်းမှုများတဲ့ချိန် ကောင်းကျိုးကိုပေးသလို မကောင်းမှုများတဲ့ချိန် မကောင်းကျိုးကို ပေးစမြဲပါ။

ဒီသဘောတရားကိုမသိကြတဲ့ လူအချို့ဟာ ယခုဘဝမှာ ကောင်းတာလုပ်ပေမဲ့ မကောင်းကျိုးပဲ ခံစားရတဲ့အခါ ကံတရားကို မယုံသလိုဖြစ်တတ်ပါတယ်။ အဲဒီလို မယုံသလို ဖြစ်တတ်ရာ ကနေ ကောင်းတာမလုပ်တော့ဘဲ မကောင်းတာတွေချည်းလုပ်နေတဲ့ ပုဂ္ဂိုလ်များရှိသလို ကံတရားယုံကြည်မှုမရှိတဲ့ အယူဝါဒများသို့ ရောက်သွားတဲ့ပုဂ္ဂိုလ်များလည်း ရှိကြပါတယ်။ မိမိဒီဘဝမှာ ကောင်းမှုလုပ်သော်လည်း အရင်းဘဝတွေက မကောင်းမှုများခဲ့လို့ မကောင်းကျိုးကို ခံစားနေရရင် ”ငါ နောက်နောင်ဘဝတွေမှာ ယခုလို မကောင်းကျိုးများ မခံစားရအောင် ယခုသိတတ်တဲ့ လူ့ဘဝလေးမှာ ကောင်းမှုများများလုပ်မယ်”လို့ စိတ်ဆုံးဖြတ်ချ ပြုလုပ်ရမှာပါ။ အရင်အရင်ကျင်လည်ခဲ့ရတဲ့ ဘဝများစွာတုန်းက ကောင်းတာနှင့်မကောင်းတာ ဘယ်ဟာကို ပိုလုပ်ခဲ့သလဲဆိုတာ သေချာမသိနိုင်တဲ့အတွက် ဘယ်ချိန်ကောင်းကျိုးတွေ ရောက်လာမလဲဆိုတာ မပြောနိုင်ပါဘူး။ အဓိကက မိမိကောင်းတာ လုပ်နေဖို့ပါပဲ။ အဲဒီလို ကောင်းတာလုပ်နေမယ်ဆိုရင် တစ်ချိန်ချိန်မှာ ကောင်းကျိုးများ ရောက်လာမှာသေချာပါတယ်။ ဒါကြောင့် ကံတရားဟာ လှံထမ်းလာတာမြင်ရပေမဲ့ ကံထမ်းလာတာ မမြင်ရဘူးလို့ ဆိုခဲ့ကြတာပါ။ အရင်ဘဝတွေက ပြုလုပ်ခဲ့တဲ့ ကောင်းမှုကံမကောင်းမှုကံများ မတူညီလို့လဲ တစ်ယောက်နဲ့တစ်ယောက် အကျိုးပေးခြင်း ကွာခြားနေရတာပါ။ တစ်အိမ်ထဲမှာနေပြီး ဒီဘဝကောင်းတာလုပ်တာခြင်းတူပေမဲ့ အကျိုးပေးတာခြင်း မတူတာတွေ အများကြီးပါ။ ဒါဟာ အရင်အရင်က ပြုလုပ်ခဲ့တဲ့ ကုသိုလ်အကုသိုလ်နည်းများပေါ်မှာ မူတည်ပြီး အကျိုးပေးမတူကြတာ ဖြစ်ပါတယ်။

ဒါကြောင့် မိမိတို့ဟာ ဘဝများစွာကမသိခဲ့လို့ မကောင်းမှုနဲ့ပျော်ပါးမိခဲ့ရင်လဲ ဒီဘဝမှာ ကောင်းမှုကုသိုလ်နဲ့ပဲ ပျော်ကြပါစို့။

ဒီဆောင်းပါးလေးကို Shade journal အတွက် ရေးပေးခဲ့တာပါ။ ယခု ဂျာနယ်က ထွက်လာပြီးဖြစ်တဲ့အတွက် ဂျာနယ်ပါဖတ်ချင်တဲ့ စာဖတ်သူများကို အလွယ်တကူဒေါင်းယူဖတ်နိုင်ရန် တင်ပေးလိုက်ပါတယ်။

ဒီနေရာမှာ Download လုပ်ယူကြပါ။ http://www.mediafire.com/?3fgbr4fmr6egkdn

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com

B.A (Buddhism)

M.A (Sri lanka)

ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။