ရန်ကုန်တိုင်း ၊ဒလမြို.နယ်တွင် ရေပြတ်မှု ဆိုုးရွား စွာ ကြုံတွေ့နေ

kyawgyiMay 15, 20101min591

ရာသီဥတု ပူပြင်းခြောက်သွေ့မှုကြောင့် ရန်ကုန်မြို့တဘက်ကမ်း ဒလမြို့ရှိ ရပ်ကွက်ပေါင်း ၂၃ ခုတွင် နေထိုင်သူလူထုအားလုံး သောက်သုံးရေရှားပါးမှုပြဿနာနှင့် ဆိုးဆိုးဝါးဝါးရင်ဆိုင်နေရသည်။

ရပ်ကွက်အားလုံးလိုလိုရှိ ရေတွင်း၊ ရေကန်များ ခန်းခြောက်သွားသဖြင့် ရန်ကုန်မြို့မှ စေတနာရှင်များ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှုးနှင့် အနီးဝန်းကျင် ကျေးရွာများတို့မှ လာရောက်လှူဒါန်းသည့် သောက်ရေ သုံးရေများကိုသာ စောင့်ဆိုင်းနေရသည်။

“အရင်နှစ်တွေက နွေဆိုကန်တွေမှာ ရေနည်းသွားပေမယ့် မိုးရွာတဲ့အထိတော့ခံတယ်။ ဒီနှစ်တော့ ရေကန်တကန်မှ မကျန်သလောက် ဖြစ်သွားပြီ။” ဟု ဒလမြို့ မှော်စက်ရပ်ကွက်နေ အမျိုးသမီးတဦးကဆိုသည်။

ဒလမြို့နှင့်အနီးဝန်းကျင်ဒေသတွင် မူလကတည်းက ရေချိုထွက်ရှိခြင်းမရှိသည့်ဒေသဖြစ်သည်။ အဝီစိတွင်းတူးလျှင် ရေငံများနှင့် သောက်သုံး၍မရသော ရေများသာထွက်ရှိသဖြင့် မိုးရေကို စုပေါင်းရေကန်များတွင် သိုလှောင်ပြီး နွေရာသီတခုလုံး သုံးစွဲရခြင်းဖြစ်သည်။

လက်ရှိတွင် လူမှုရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကစေတနာရှင်များ အစုအဖွဲ့လိုက် လာရောက်လှူဒါန်းနေသော်လည်း မြင့်မားသည့် သောက်သုံးရေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စွမ်းမရှိသေးပေ။

ဒလမြို့တွင် ရေပြတ်လပ်မှုစတင်ခဲ့သည်မှာ ဧပြီလလယ် သင်္ကြန်အပြီးကာလကတည်းက ဖြစ်သော်လည်း အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ရေအခက်အခဲကို ဖြေရှင်းပေးနိုင်ခဲ့ခြင်းမရှိခဲ့သဖြင့် ယခုအခါ တမြို့လုံးအနေအထားထိ ရေပြတ်လပ်မှု ကြုံနေရပြီဖြစ်သည်။

“ရေအလှူရှင်တွေ လာပြီဆိုရင် တအိမ်လုံးပြေးရတယ်။ တခါတလေ မသိလိုက်လို့ လွတ်သွားရင် ဘေးအိမ်က ရေနှစ်ဘူးလောက် တောင်းသောက်ရတယ်။ တခါတလေ ရေကားသုံးစီးလောက် လာလှူပေမယ့် တချို့နေ့တွေလည်း လာလှူတဲ့သူမရှိဘူး။” ဟု ရာဇသင်္ကြန်ရပ်ကွက်နေ သူတဦးက ဆိုသည်။

သုံးရေအတွက် ဒလမြို့နယ် စည်ပင်ပိုင် ရေတင်ကား (ရေဘောက်ဆာ) နှစ်စီးနှင့် မီးသတ်ဌာနမှ ရေသယ်ယာဉ်တစီးကို သက်ဆိုင်ရာဌာနများက စက်သုံးဆီ စိုက်ထုတ်၍ ကြံဖွံ့မှ လိုက်လံဝေငှခြင်းရှိသော်လည်း လုံလောက်စွာမရဟုဆိုသည်။

“ရေမရှိလို့ ဒုက္ခရောက်နေတယ်ကြားလို့ ကားသုံးစီးနဲ့ လာလှူတာ။ ဒါပထမဆုံးအခေါက်ပဲ။ အခြေအနေဒီလောက်ဆိုးမှန်းမသိဘူး။ နောက်ရက်တွေလည်း ထပ်ပြီးလာလှူဖို့ စဉ်းစားနေပါတယ်။” ဟု ရေလာရောက်လှူဒါန်းသည့် လှိုင်သာယာ ၁၂၆-၁၂ရ ယာဉ်လိုင်းအဖွဲ့က ဆိုသည်။

ဆင်ခြေဖုံးရပ်ကွက်အချို့တွင် ရေပြတ်လပ်မှုဒဏ်ကြောင့် ရရာရေအချို့ကို သောက်သုံးနေကြသဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ မကြာမီ ဖြစ်ပွားလာနိုင်သည့် အနေအထားတွင်ရှိကြောင်း ဒေသခံ ဆရာဝန်တစ်ဦးက ပြောသည်။

“ ရေလှူတဲ့သူတွေက ပုဂ္ဂလိကအလှူရှင်တွေဆိုတော့ အဆင်ပြေတဲ့ နေရာတွေ လှူသွားရတာလေ။ တချို့အရမ်းအစွန်အဖျားကျတဲ့ နေရာတွေဆို လှူတဲ့အဖွဲ့တွေ မရောက်တာလည်းရှိတယ်။ ရေမရတော့ ရတဲ့ရေကို ကြုံသလိုသောက်ကြတယ်။ တချို့လည်း ကြုံတဲ့ရေကို တညသိပ်ပြီး သောက်နေကြတယ်။ နောက်တပတ် ဆယ်ရက် ဒီအတိုင်းဆက်သွားရင် ဝမ်းရောဂါတွေ ဖြစ်လာနိုင်တယ်။”ဟု အဆိုပါဆရာဝန်က ဆိုသည်။

ရေလာရောက် လှူဒါန်းသူများအား အာဏာပိုင်များက ပိတ်ပင်တားဆီးခြင်းမရှိသော်လည်း လာရောက်လှူဒါန်းသည့် နေရာများသို့ ရယက၊ ကြံဖွံ့နှင့် မီးသတ်တပ်ဖွဲ့များ လာရောက်စောင့်ကြည့်ခြင်းပြုလုပ်ကြောင်း သိရသည်။

အနောက်အံ့ကြီး ရပ်ကွက်နေ အမျိုးသမီးတဦးက “ကျမတို့ရပ်ကွက်မှာ တော်တော်များများ ဆင်းရဲကြတယ်။ ကလေးတွေကို ရေစောင့်ခိုင်းတာ အဆင်မပြေလို့ အလုပ်လုပ်တဲ့သူထဲက တယောက်ကနားပြီး ရေစောင့်တန်းစီရတယ်။ အလုပ်ပျက်ပေမယ့် သောက်ရေပြတ်လို့ မရဘူး။ တခြားအလှူရှင်တွေကိုလည်း နောက်ရက်တွေ လာလှူပေးဖို့ ပြောပေးကြပါ။” ဟု ဆိုသည်။

ယခု မြန်မာနိူင်ငံ တွင်ရာသီဥတု ပူပြင်းမှု.ကြောင့် ရေကန်များ ရေ ခမ်းခြောက်မှု့များ စွာ ကြုံတွေ့နေရသည်။

One comment

  • susunosuki

    May 15, 2010 at 2:04 pm

    ပူတယ်ဗျာ
    မိုးကလဲ မရွာဘူး
    ရန်ကုန်ကို ဩဂုတ်လမှ မိုးရောက်မယ်ပြောတယ်
    မုန်တိုင်းတောင်ပါမယ် လို့ပြောတယ်။

Leave a Reply