မိုးခေါင်ရေရှားမှုအပေါ် ဝေဖန်ချက် အမျိုးမျိုးထွက်

kyawgyiMay 15, 20101min843

သဘာဝပတ်ဝန်းကျင် ပျက်သုန်းမှုကြောင့် မြန်မာနိုင်ငံတွင် မိုးခေါင်ရေရှား ဖြစ်ပေါ်နေကြောင်း ပညာရှင်များက ပြောကြားနေခိုက် ပြည်သူအချို့က အုပ်ချုပ်သူများ မင်းကျင့်တရားနှင့်အညီ မအုပ်ချုပ်သောကြောင့်ဟု ရှေးရိုးအစဉ်အလာတိုင်း ယုံကြည်နေကြသည်။

ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ မကွေးနှင့် ဧရာဝတီတိုင်း၊ ရခိုင်၊ မွန်နှင့် ရှမ်းပြည်နယ်တို့တွင် ရေတွင်း ရေကန်များခမ်းခြောက်ပြီး သောက်သုံးရေရှားပါးမှု လွန်ခဲ့သည့်လကတည်းကပင် ခံစားနေရသလို နေ့အပူချိန်ကလည်း ထူးကဲစွာမြင့်တက်မှု ဖြစ်ပေါ်နေသည်။

ရန်ကုန်အခြေစိုက် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး (FREDA) အသင်း ဒုဥက္ကဋ္ဌ ဦးအုန်းက သစ်တောသစ်ပင်များ အလွန်အကျွံ ထုတ်ယူရာမှ ရေထိန်းသိမ်းသည့်စနစ် ပျက်စီးခြင်းကြောင့် မိုးခေါင်ရေရှား ဖြစ်ရသည်ဟု ပြောသည်။

“သစ်ပင်ခုတ်ရင် တပင်ခုတ်ရင် ၁ဝ ပင် ပြန်စိုက်ရမယ်။ အခုက ၁ဝ ပင်ခုတ်ပြီး  ၁ ပင် ပြန်စိုက်တာဆိုတော့ ခုတ်တာနဲ့ စိုက်တာ မမျှဘူး။ အဲဒီတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တာပေါ့။ တောတွေက တောင်တွေက ရေတွေကို ထိန်းသိမ်းထားတယ်။ မိုးရွာတဲ့အခါ ရေတွေကို စုပ်ထားပြီး လှောင်ပေးထားတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးတော့ ရေသိုလှောင်ပေးတဲ့ စနစ်တခု ပျက်သွားတာပေါ့” ဟု သူ ကပြောသည်။

မြန်မာပြည်တဝှန်း မိုးခေါင်ရေရှား ဖြစ်နေရခြင်းမှာ အပူရှိန်မြင့်မားပြီး မိုးရွာသွန်းမှု နည်းခြင်းကြောင့်နှင့် မြန်မာနိုင်ငံသို့ မုတ်သုံဝင်ရောက်မည့် လမ်းကြောင်းဖြစ်သော ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့် နိုင်ငံများတွင်လည်း ရာသီဥတု မကောင်းသောကြောင့်ဟု ရန်ကုန်မြို့ မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က သုံးသပ်သည်။

ယမန်နေ့က အကြမ်းမျဉ်း ခန့်မှန်းထားချက်အရ အနည်းဆုံး လူ ၅ သိန်းကျော် သောက်သုံးရေ ရေရှားပါးမှုဒဏ်ကို ရင်ဆိုင်နေရကြောင်း နေပြည်တော်အခြေစိုက် ရေအရင်းမြစ် ဦးစီးဌာနအရာရှိတဦးက ခန့်မှန်းပြောဆိုထားသည်။

သို့သော် ယခုလို ပူပြင်းခြောက်သွေ့ပြီး မိုးခေါင်ရေရှား ဖြစ်နေသည်မှာ ၁၉၉၈ ခုနှစ်က စံချိန်ကို မမီသေးကြောင်း ဦးထွန်းလွင်က ပြောသည်။

“အဲဒီတုန်းကဆိုရင် မြန်မာပြည်အနှံ့အပြားက မိုးလေဝသစခန်း ၃ဝ လောက်မှာ စံချိန်တင် မြင့်တက်ခဲ့တယ်။ ဒီနှစ်တော့ စခန်း ၁ဝ ခုမှာပဲ စံချိန်ကျိုးသေးတယ်။ ဒီထက် ပိုကျိုးမလားဆိုပြီး စောင့်ကြည့်ရတဲ့ အနေအထားပါ” ဟု သူက ဆိုသည်။

စစ်ကိုင်းတိုင်း မြင်းမူမြို့တွင် ယမန်နေ့က ၄ရ ဒီဂရီစင်တီဂရိတ်၊ မန္တလေးတိုင်း မြင်းခြံမြို့တွင် ၄၆.၅ ဒီဂရီစင်တီဂရိတ်၊ မန္တလေး၊ မုံရွာ၊ မကွေးတို့တွင် ၄၅ ဒီဂရီစင်တီဂရိတ်နှင့်အထက်၊ မန္တလေးတိုင်း ညောင်ဦးမြို့တွင် ၄၄.၈ ဒီဂရီစင်တီဂရိတ်တို့ ဖြစ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒဌာနက ထုတ်ပြန်ထားသည်။

“အုပ်ချုပ်နေတဲ့ လူတွေက မင်းကျင့်တရား ၁ဝ ပါးနဲ့အညီ မပြောနဲ့ ဘုန်းကြီးတွေကို သတ်ပြီး ဘာသာတရားကို စော်ကားနေတာကိုး။ ပြီးတော့  တိုင်းပြည်မှာ ဆင်ဖြူရှိရင် မိုးခေါင်ရေရှား မဖြစ်ဘူးဆို။ အခု သူတို့ပြောတဲ့ ဆင်ဖြူရှိလည်း တိုင်းပြည်ကြီးက မစည်ပင်တဲ့အပြင် မိုးခေါင်ရေရှားနေပြီ။ သူတို့ကြောင့် ပြည်သူတွေပဲ ဒုက္ခရောက်တာ” ဟု ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းတကျောင်းမှ ဆရာတော်တပါးက မိန့်တော်မူသည်။

ပဲခူးမြို့နယ် ကျေးရွာများကို ရေလှူဒါန်းသူတဦးကလည်း “ကျမတို့ ဗုဒ္ဒဘာသာမှာက ဒီလို အစာရေစာရှားပါးတဲ့ ပြဿနာကို ဘေးဆိုက်တယ်လို့ ပြောတယ်။ အုပ်ချုပ်တဲ့ မင်းတွေက မင်းကျင့်တရားနဲ့အညီ မအုပ်ချုပ်ရင် ပြည်သူတွေမှာ ဒီလိုဘေးမျိုး ကျရောက်ပါတယ်။ တရားမျှတမှုမရှိဘဲ အုပ်ချုပ်နေတာကိုး။ ကျမတို့စိတ်ထဲမှာ တိုင်းပြည်မှာ မကြာခင် တခုခုဖြစ်တော့မယ်လို့ ခံစားရတယ်။ စိတ်ထဲမှာလည်း တင်းကျပ်နေတယ်” ဟု ပြောဆိုသည်။

ရန်ကုန်မြို့ရှိ နာမည်ကြီး ဝေဒပညာရှင်တဦးကမူ ယခုလို မိုးခေါင်ရေရှား ဖြစ်ရခြင်းမှာ ဂြိုဟ်များနှင့် သက်ဆိုင်ခြင်း မရှိဘဲ ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်ကြသော လူများနှင့်သာ တိုက်ရိုက်သက်ဆိုင်သည်ဟု ပြောသည်။

“လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟအရ ဖြစ်တည်နေတဲ့ ဓာတ်ကြီး ၄ ပါး ဖောက်ပြန်လို့ ဖြစ်ရတာ။ လူတွေက ကိုယ်ကျင့်တရား ပျက်ပြားလာကြတဲ့အပြင် ရနိုင်တဲ့ သယံဇာတကို သမားရိုးကျ ထုတ်ယူမသုံးစွဲဘဲ လောဘတွေနဲ့ မတော်မတရား ထုတ်ယူမှုကြောင့် ရှိရင်းစွဲ သဘာဝတွေ ပြောင်းလဲလို့ ဖြစ်ရတာပါ” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ဝေဒပညာရှင်တဦးက ပြောသည်။

အပူချိန်မြင့်တက်မှုကြောင့် ဖျားနာ၊ မူးဝေ မှုများဖြစ်ပြီး မကွေးတိုင်း တောင်တွင်းကြီးမြို့ ဆေးရုံတွင်  တက်ရောက်ကုသခဲ့သူ ရ ဦး သေဆုံးခဲ့ပြီး၊ မန္တလေးတိုင်း ညောင်ဦးမြို့တွင် လူနာ ၁၄ ဦး ကုသမှုခံယူနေကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြသည်။

“ရေပြဿနာကို အစိုးရက ပြည်သူတွေထက် နောက်ကျပြီးမှ ကူညီဖြေရှင်းတယ်။ ရေပြတ်တဲ့နေရာကို သွားလှူတော့လည်း သူတို့ ခဏပဲ ရေရမှာ။ သူတို့ဆီမှာ ရေတိုရေရှည်  ရရှိအောင် အစိုးရ ဘတ်ဂျက်ချပြီး အစီအစဉ်တွေ လုပ်ပေးရမှာ။ အဲဒါတွေကိုမှ မလုပ်တာ။ ဆည်တွေဆောက်ကြတယ်။ ပြည်သူတွေ သစ်ပင်တွေ အလွန်အကျွံ ခုတ်တာတွေကို သူတို့ ပညာပေးရမှာ။ အခုတော့ သူတို့ကိုယ်တိုင် ဦးဆောင်ပြီး  စည်းမရှိကမ်းမရှိ သစ်ခုတ်ရောင်းနေကြတယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူ အမျိုးသားတဦးက ဆိုသည်။

3 comments

  • kai

    May 15, 2010 at 8:28 am

    ၁၂-လရာသီမိုး

    တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး။
    ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနှံ့နှံ့။
    နယုန်မိုးသေး၊ မြက်သားမွေး။
    ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးဧဧ။
    ဝါခေါင်တကြောင်း၊ ထနောင်းကျောင်ကျစ်၊ ဆူးရစ်ပွင့်ကာ၊ မိုးမရွာ၊
    …… ရွာပါသော်လည်း၊ မိုးမသည်း။
    တော်သလင်းတိမ်ညို၊ စဖိုသည်ဆင်းရဲ၊ မိုးမစဲ။
    သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး။
    တန်ဆောင်မုန်းတွင်း၊ ဆီးနှင်းတပြိုက်၊ မိုးတလိုက်။
    နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်။
    ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှံးပုံဖျက်။
    တပို့တွဲ၊ နွဲ၍ရွာခြင်း၊ သံမိုးကြွင်း။
    တပေါင်းလည်းကူး၊ မိုးသားကြူး။

    အထူးဤမျှ ၁၂လဝယ်၊ ရွာထပ်ပစ္စုန်မရွာတုံသော်
    ကိန်းကြုံဆန်းပြား၊ မင်းသားရဟန်း
    ပေါ့သွမ်းတိမ်းစောင်း၊ မကောင်းကျင့်ညစ်
    ထို ့ကြောင့်ဖြစ်၏၊ ကျမ်းစစ်ကျမ်းမှ အဟောတည်း…။
    တဲ့..။
    မှတ်မိသလောက်ပြန်ရေးချလိုက်တာပါ။(မှားတာကျန်တာတွေ့ရင် ဖြည့်ရေးပေးပါ) အဲဒီနောက်ဆုံးအပိုဒ်က… လူငယ်တွေတော်တော်များများ ဖတ်ဖူးကြမယ်မထင်ဘူး။
    ၁၂လ ရာသီမှာ…ညွှန်းဆိုထားတဲ့အတိုင်းမိုးမရွာရင်…
    မင်းညီ၊မင်းသားတွေ။ ရဟန်းတွေ ပေါ့သွမ်းတိမ်းစောင်း၊ မကောင်းကျင့်ညစ် ဖြစ်နေလို့ပဲ လို့မှတ်ယူရမယ်ဆိုတာကို..ကျမ်းတွေကပြပါတယ်တဲ့..။
    မြန်မာပြည်မှာ…မင်းဆိုတဲ့..အုပ်ချုပ်တဲ့သူ၊ မင်းသားဆိုတဲ့ အုပ်ချုပ်တဲ့သူတွေရဲ့ သားသမီးတွေ။
    ရဟန်းဆိုတဲ့… ထိပ်ပိုင်းသံဃာမဟာနာယကဆရာတော်ကြီးတွေ..ကစလို့..အဆင့်ဆင့် ဘုန်းတော်ကြီးတွေ..ဘာတွေလုပ်နေကြသလဲ နှိုင်းတွေးကြဖို ့ပဲ။

  • susunosuki

    May 15, 2010 at 3:35 pm

    ရေကလည်း ရှား
    ူပူကလည်း ပူနဲ့
    တစ်ခါမှ ဒီလို မိုးနောက်ကျတာမကြုံရသေးဘူး

  • breeze

    May 15, 2010 at 4:23 pm

    ဟုတ်ပ ဟုတ်ပ
    မိုးမရွာလို့ ပိတောက်ပန်းတွေတောင် အီးမပါနိုင်ကြတော့ဘူး။
    ဝါဝါလေးတွေ မမြင်ရဘဲ အဖူးလေးတွေကြွေကုန်ပြီ။
    ဒီနှစ်ကတော့ ပိတောက်ပန်းဝမ်းချုပ်တဲ့နှစ်ပဲ။

Leave a Reply