အဓမ္မဝါဒ ဖော်ထုတ်ရေးသို့

peacespeakerSeptember 19, 20111min949

ကြားလိုက်ရပြန်ချေပြီ တမုံ့။ အဓမ္မဝါဒ ဖေါ်ထုတ်ရေး စာမူဖိတ်ခေါ်ပြိုင်ပွဲတဲ့။ ဪ သိဒ္ဓတ္ထဂေါတမသာသနာဟာ မျက်နှာငယ်လေးဖြစ်နေရော့သလား။ ထေရဝါဒအမည်ခံ မြန်မာပြည်ရဲ့ အကြီးဆုံး သံဃာ့နာယက အဖွဲ့ကြီးက သာသနာတော်မှာရှိတဲ့ အဓမ္မဝါဒတွေ ပပျောက်ဖို့အတွက် သူတို့ကိုယ်တိုင် တရားနည်းလမ်းတကျ မလုပ်ကြတော့ပဲနဲ့ ပြည်သူတွေရဲ့ လက်ထဲကိုထည့်ပြီး နိုင်ငံတော်ရဲ့ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်ပုံစံအတိုင်း ဘုရားရဲ့ ဝါဒကိုလည်း ဒီမိုကရေစီဆန်ဆန် တကယ်သွားစေချင်တာလား။ ဒါမှမဟုတ် တို့အဖွဲ့အစည်းကြီးက သာလျှင် ဓမ္မဖြစ်ကြောင်း တခြားအဖွဲ့အစည်းကြီးတွေကြတော့ အဓမ္မဖြစ်ကြောင်း ထောက်ခံခိုင်းစေချင်တာလား။ ဖော်ထုတ်ရေးအဖွဲ့မှ ………(ယော)ဆိုတဲ့ပုဂ္ဂိုလ်ရေ ထင်တစ်လုံးနဲ့ အမြင်တွေဆုံးပြီး ….ကုန်းရမှာ ကြောက်နေတဲ့အဖြစ် ရောက်နေပြီလား။ သနားစရာ။
သာသနာတော်ရဲ့ အသက်ဟာ ဝိနည်းပါ ဝိနည်းပါလို့ တကြော်ကြော် တမော်မော် အော်နေပြီးတော့ အခုကြကာမှ သုတ္တန်တရားတွေကို ဖအေအရင်းမှန်း သိကြရော့သလား။ ဝိနည်းကိုဖျက်ဆီး သုတ္တန်ကို ပျက်စီးအောင်လုပ်ပြီး အခုမှ အမေကယ်ပါ အဘကယ်ပါ လုပ်နေတာလား။ အာဏာရှင်တွေရဲ့ အာဏာကိုယူပြီး အဓမ္မဝါဒတွေကို တိုက်ဖျက်ပါဦး တော့လား။ အခုက ဒီမိုကရေစီခေတ်ကို ပြောင်းသွားပြီလေ။ ဒါကို ဒင်းတို့တတွေမရိပ်မိတော့ ကမ္ဘာတောင်မီးမလောင်သေးဘူး သားကောင်ချပြီး နင်းနေချင်ပြီလား။ ပြည်သူတွေကျွေးတဲ့ ထမင်းကိုစားပြီး ပြည်သူတွေကို အကျိုးကျေးဇူးဖြစ်ထွန်းအောင် မလုပ်တဲ့အပြင် ပြည်သူတွေကို ဒုက္ခထပ်ပေး နေပြန်ပြီလား။
ဘယ်လောက်အောက်တန်းကြသလဲ အမျိုးစုံစုံလင်လင်နဲ့သာ ရိုင်းရိုင်းစိုင်းစိုင်း ဆဲလိုက်ချင်တော့တယ်။ ဒီထက်စုံတဲ့ ဆဲနည်းရှိရင် အဲသည်ဆဲနည်းတွေနဲ့ ဆဲလိုက်ချင်ရဲ့။ မြတ်ဗုဒ္ဓရဲ့ သာသနာကို လုပ်ရက်လိုက်ကြပလေ။ လုပ်ရက်ကြပလေ။ ရိုင်းစိုင်းကြပလေ။ မိုက်ရိုင်းကြပလေ။ ဘာတဲ့ အဓမ္မဝါဒ ဖော်ထုတ်ရေးစာမူကို ဖိတ်ခေါ်ရုံတင် မကပဲ ။ စာမူကောင်းသူကို ကောင်းရင်ကောင်းသလောက် ဆုချီးမြင့်မတဲ့။ ပထမဆု တစ်သိန်း ၊ ဒုတိယဆု ခုနစ်သောင်း ၊ တတိယဆု ငါးသောင်း ဆိုပြီး အင်္ဂလိပ်ခေတ်က ဝရမ်းထုတ်ပြီး ကြေးသတ်မှတ်သလို“ လောကမှာ အသိအမြင် အတွေးအခေါ် အလုပ်အကိုင် အယူအဆရေးရာမှာ အထက်မြက်ဆုံး အထူးချွန်ဆုံး ဖြစ်တဲ့ သိဒ္ဓတ္ထဂေါတမရဲ့ သာသနာကို”ညံ့ဖျင်းအောင် လုပ်ရက်လိုက်ကြပလေဗျာ။ လုပ်ရက်လိုက်ကြပလေ။
ဒီညွှန်ကြားချက်တွေက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး၏ ညွှန်ကြားချက်အရတဲ့ဗျာ။ မိုက်လိုက်တဲ့သံဃမဟာနာယကအဖွဲ့ကြီး။ ကမ္ဘာကြီးမှာ မြန်မာပြည်မှာရှိတဲ့ထေရဝါဒသာသနာဟာ အလကားသာသနာ ဘာမှစောက်သုံးမကျတဲ့သာသနာလို့ သိအောင် မြင်အောင် ကြားအောင် လုပ်ဆောင်နေကြတာလား။
သာသနာ့ဘောင်မှာ ရဟန်းလုပ်နေပြီး အချောင်နေ အချောင်စားပြီး ရှင်ဥတ္တမကျော် ပြောသလို ပြောရရင် “ လာပို့တဲ့ အစာတွေ ဝနေအောင် စားပြီး အခန်းတံခါးကြီးပိတ် ကားကားကြီး အိပ် ။ အိပ်ရေးဝလို့ နိုးလာရင် လက်ပံပင် ဆက်ရက်ကျသလို စကားတွေဖောင်နေအောင်ပြော။” ဒင်းတို့ သံဃမဟာနာယက အဖွဲ့ကိုယ်တော်တွေက အဲသလောက်ပဲ ကိုယ့်ရဲ့လူ့ အဖြစ်ကို သိနေရော့လား။ လယ်တီဦးဝိလာသ ပြောသလိုပြောရရင်တော့ နန်းတော်ထဲကို သံကွင်းကြီး ရောက်လာပြီဟေ့ လို့ပေါ့။မကြာခင်မှာတော့ သံဃာနာယဘုန်းကြီးတွေ ဒီမိုကရေစီဝါဒရဲ့ ဘာသာရေးလွတ်လပ်ခွင့်အရ ဘာသာရေးလွတ်လပ်ခွင့်တွေ တောင်းဆိုလာရင်တော့ သံဃနာယက ကိုယ်တော်ကြီးတွေရဲ့ လည်ပင်းတော့ ဟား…ဟား…သံကွင်းအစွပ် ခံရဦး တော့မယ်ထင်တယ်။   ဦးဗုဒ်စကားနဲ့ ပြောရရင်“ကိုယ်တော်တို့က မိနုသာသ နာမှာ နေတာလား ဘုရားသာသနာမှာနေတာလား”တဲ့ ။ အခုလည်း မြန်မာ ပြည် မှာ ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာသံဃမဟာနာယကသာသနာ (သို့မဟုတ်) အံ့မောင်(ဘုံဘေ)ရဲ့ သာသနာမှာ နေနေတာလား။ မသိ အောင်ပဲ။ ဘုရားသာသနာမှာ နေတာလားလို့တော့ မမေးတော့ပါဘူး။ ဘုရားအားနာလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီသံဃာ့မဟာနာယကတွေကိုက ဘုရားလမ်းစဉ်နောက် မလိုက်ကြပဲ အံ့မောင်ဆိုတဲ့ပုဂ္ဂိုလ်ခိုင်းတိုင်း လုပ်နေကြလို့ပဲ။ အံမောင်ခိုင်းတာ မလုပ်ရင် သူတို့ နေရာပျောက်သွား မယ်လေ။
သာသနာ့အရေးကို ကလေးကလားပြုကြကုန်သော အို အဓမ္မဝါဒ ဖော်ထုတ်ရေးလုပ်နေကြတဲ့ သံဃာတော်အပေါင်းတို့ သင်တို့သည် မြတ်ဗုဒ္ဓ၏လမ်းစဉ်မှ သွေဖည်ကြတော့မည်လား။ မြတ်ဗုဒ္ဓ၏ လမ်းစဉ်ကား “အညမည ဝစနေန ၊ အညမည ဝုဋ္ဌာပနေနာတိ” တဲ့။ အခုတော့ အသင်တို့ သည်ကား အချင်းချင်းမညီမညွတ်ဖြစ်ပြီး အချင်းချင်း အပြစ်တွေမှ မထမြောက်စေကြတော့ဘူးလား။ အသင်တို့သည်ကား ဘုရားအဆုံးအမ၌ လက်တလုံးခြား လုပ်တတ်ရုံမှတပါး အခြားမတတ်ချေတော့ ပြီလော။ ဒေသနာအရပ်ရပ်၏ ဆိုဆုံးမချက်တို့ကို လျစ်လျူရှုပြီး မြတ်ဗုဒ္ဓကို ငြင်းဆန်ကြတော့မည်လား။ မြတ်ဗုဒ္ဓသည် လောကသားတို့အား ငြိမ်းချမ်း ခြင်းခွန်အားနဲ့ ရှင်သန်နေစေဖို့ ထာဝရဖြောင့်ဖြူးသာယာသောလမ်းကို ဥပမာအမျိုးမျိုးပြ၍ ညွှန်ပြပေးတော်မူခဲ့၏။ သင်တို့သည်မြတ်ဗုဒ္ဓ၏ လမ်းညွှန် ချက်ကို ကျောခိုင်းကြတော့မည်လား။ မြတ်ဗုဒ္ဓ၏ ဆုံးမစကားသည် ကား ရန်ကို ရန်ခြင်းမတုန့်နှင်းနှင့်။ မေတ္တာဖြင့်သာ စောင့်ရှောက်လော့။ ဤတရား သည်ကား အဆုံးမရှိ အတိုင်းအဆမရှိ မြင့်သောမြတ်သောတရား ဖြစ်ပေ၏ ဟု ဆုံးမခဲ့၏။ ဤဆုံးမချက်ကို မျက်ကွယ်ပြုကြတော့မည်လား။
အို..ဗုဒ္ဓ၏ အဆုံးအမ၌ သက်ဝင်ယုံကြည်ကြသော မြန်မာပြည်သူ ပြည်သားအပေါင်းနှင့် တကွ သံဃာတော်အရှင်သူမြတ်တို့ဘုရား …ဤသို့ သော စာမူဖိတ်ခေါ်ပြိုင်ပွဲကြီးကိုကား လုပ်သင့်ပါ့မလား။ အနာဂတ်မြတ်ဗုဒ္ဓ သာသနာအတွက် ချင့်ချိန်ပြီး အခြားလုပ်သင့်သည်တို့ကို လုပ်ဆောင်မည် ဆိုလျှင်ကား အချိန်မီပါသေးသည် မဟုတ်လော။ အသင်တို့၏လုပ်ရပ်ကား အခြားဘာသာဝင်တွေသိလျှင်တောင် ရှက်ဖွယ်လိလိ ဖြစ်နေသည်မဟုတ် လော။ မြတ်ဗုဒ္ဓအဆုံးအမကို ခေါင်းခါကာ ငြင်းဆန်ကြတော့ မည်လော။ မြတ်ဗုဒ္ဓက သူ၏ဓမ္မသည်ကား ကောင်းသောစကားဖြစ်၏။ သူတပါးတို့၏ ကဲ့ရဲ့ပြစ်တင်ခြင်းမှ လွတ်ကင်း၏ဟု ဓမ္မဂုဏ်တော်၌ သူ၏တရား အရည် အသွေးကို ပြခဲ့ချေပြီ။ ယခုကား မြတ်ဗုဒ္ဓ၏ တရားဂုဏ်အရည်အသွေးသည် ကား ဆုပ်မရအောင် ကျဆင်းနေပြီလော။ ဆင်ခြင်ကြပါလေ အို…ဗုဒ္ဓဘာသာ ရဟန်းသံဃာနှင့် ပြည်သူပြည်သားအပေါင်းတို့။ မြတ်ဗုဒ္ဓသာသနာ အဓွန့်ရှည်ပါစေ။

9 comments

  • lionking

    September 19, 2011 at 2:37 pm

    ဘာတွေလဲဟ အခုအထိ ဓမ္မ အဓမ္မဝါဒတွေက ငြင်းလို့ ခုန်လို့မပြီးသေးဘူးလား။ ခက်ပေါ့ပဲ။ လွန်ခဲ့သော နှစ် နှစ်ထောင့်ငါးရာကျော်က မြတ်ဗုဒ္ဓကို အကူအညီခေါ်ဖို့ လိုနေပြီထင်တယ်။ နိုင်ငံတော်သံဃနာယကရဲ့ အရည်အချင်းတွေက အဝိစိရောက်လောက်အောင်ကို ကျဆင်းနေပြီလား။ ဖြစ်မှဖြစ်ရလေ သံဃမဟာနာယ ကရယ်။ အမလေး…..မြတ်ဗုဒ္ဓ၏ သာသနာအဖြစ်က ဆိုးလှချေလား။

  • blackchaw

    September 19, 2011 at 3:07 pm

    ကျွန်တော်တစ်ခုပြောပါရစေခင်ဗျာ။
    ဗုဒ္ဓ ကို ကိုးကွယ်ယုံကြည်တဲ့နေရာမှာ လွတ်လွတ်လပ်လပ် ကိုးကွယ်ပြီး လွတ်လွတ်လပ်လပ် ယုံကြည်ကြတာ ကောင်းပါတယ်ဗျာ။
    အရမ်းကြီးအငြင်းပွားကြပြီးမှ ရလာမဲ့ အမှန်တရားက ဗုဒ္ဓ ရဲ့ IMAGE ကို ထိခိုက်မှာ စိုးရိမ်မိပါတယ်ဗျာ။ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြ ပြောကြ ပါခင်ဗျာ။

  • nigimi77

    September 20, 2011 at 3:38 am

    မူးမူးနဲ ့ဖတ်လိုက်တာ Peacemaker ရူးသွားပြီလား အောက်မေ့တာ သေချာကြည့်တော့ အော်ပီကျယ် ဖြစ်နေတာကိုး။

    ဘာတွေရေးထားတာလဲ ကိုယ့်လူ။ ကျုပ် အမြင် ဘွင်းဘွင်း ပြောရရင်တော့ ခင်ဗျားလဲ ဘာသာရေး ဂေါက်ကြောင် တစ်ယောက်

    ပဲ ထင်တယ်။ စာရေးတာ ရိုးရိုး မရေးပဲ ရသေ့ ရေး ရေး နေတယ်။ ကိုယ့် မိသားစု ဝမ်းဝအောင် အရင် ကျွေးပြီးမှ ဗုဒ္ဓ ဗုဒ္ဓ

    ဆိုပြီး ဘာသာရေးကို အော်စမ်းပါ။ တိုင်းပြည်က ဖွတ်မွဲပြာကျ နေရတဲ့ အထဲ ဘာသာရေးကြောင် ဖွတ်ကောင်တွေက တနေ ့

    တနေ ့ ဒို ့မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဘယ်လို ဟောခဲ့တာလို ့ တရားပေါက်နေသလို သူတော်စင်ဖြစ်နေသလို

    ညာဝါးပြီး မိန်းမလုပ်စာပဲ ထိုင်စားနေကြတယ်။ တိုင်းပြည် အမှိုက်ကြီးတွေ။

  • မောင်တုတ် ကြီး

    September 20, 2011 at 11:18 am

    ဘုရားရှင် ကိုယ်တိုင်သော်မှ နားမလည်နိုင်ဖြစ်သွားမယ်။လူတွေရဲ ့လက်တလုံးခြားလှည့်ပတ်နေကြတာ
    တွေကြောင့်ပေါ့။

    • winer

      September 20, 2011 at 8:59 pm

      ဟာဗျာ အရေးထဲမှာ မောင်တုတ်ဂေါက်ကြောင် ကလဲတစ်မျိုး…………………………
      သူများတွေ ဝင်ပီးဆွေးနွေးနေတာကို သင်ယူစမ်းပါ/……………..

  • lionking

    September 20, 2011 at 2:37 pm

    မြန်မာပြည်မှာ ဓမ္မ အဓမ္မ ငြင်းခုံမှုတွေရပ်ကြပါတော့။ အခြားဘာသာတွေမှာ သူဘာသာ ကိုယ့်ဘာသာငြင်းခုံ ကြတာနဲ့ စစ်တိုက်နေကြတဲ့အထိရှိခဲ့ဖူးတယ်ဆိုတာကို သတိရကြပါ။ ကျွန်တော်တို့ မြန်မာပြည်မှာလည်း ဘာ သာခြားနဲ့ ခိုက်ရန်ဖြစ်ကြလို့ နာကြည်းမုန်းတီးမှုတွေ အနာတရတွေဖြစ်ခဲ့ကြပြီ မဟုတ်လား။ အဲဒါကအခြား ဘာသာနဲ့မို့ တော်သေးတယ်။ ကိုယ့်ဘာသာအချင်းချင်းသာ ဆက်ပြီး ခိုက်ရန်ဖြစ်နေကြမယ်ဆိုရင် ပြည်သူ လူထုတွေနာချင်းကြီးမက နာလှပါတယ်။ ပျားရည်တစက်ကြောင့် ပြည်ပျက်ရတဲ့ကိန်းဆိုက်နေပါဦးမယ်။ သတိထားကြပါဦး။ မြတ်ဘုရားရဲ့ ဒေသနာတော်အရပ်ရပ်ရဲ့ ဆိုဆုံးမမှုကို နားဝင်ကြပြီး တွေ့ဆုံတိုင်ပင်ပြီး
    အေးဆေးစွာ အဖြေရှာကြပါ။ မြတ်စွာဘုရား၏ တရားတော်တို့ကား လူသားတို့အား နူးညံ့စေ၏။ သိမ်မွေ့စေ၏။ အေးချမ်းသာယာမှုကို ဖြစ်စေ၏။ အချင်းချင်းညီညွတ်ပြီး လွတ်လပ်ပျော်ရွှင် ရင်းနှီးချစ်ခင်မှုကို ဖြစ်စေ၏။ ထို့ကြောင့် အေးအေးချမ်းချမ်း ဖြေရှင်းတော်မူကြပါတော့။

  • kai

    September 20, 2011 at 2:59 pm

    မြန်မာဗားရှင်း.. ထေရဝါဒဗုဒ္ဓဘာသာက.. ကွန်ဆာဗေးတစ်ဖြစ်လွန်းပြီး.. ညာစွန်းရောက်လွန်းတာကြောင့်… (လောကသစ္စာတရားအရ)အပြန်အလှန်ထိမ်းညှိတာတွေ.. (ဒီလိုအင်တာနက်နဲ့.. မြန်မာတွေကမ္ဘာအနှံ ့ခရီးသွား..အခြေချနိုင်တဲ့ ဆယ်စု..ရာစုနှစ်မှာ..) ပိုပိုတိုးလို့သာဖြစ်လာဖို့ရှိတယ်..။

    ရှေးဥရောပက… ရိုမန်ကက်သလစ်နဲ့..ပရိုတက်စတန်င့်လို.. ကွဲထွက်သွားနိုင်တဲ့အထိ ဖြစ်နိုင်တယ်..။
    အစပိုင်းမှာကို.. အယူအဆမတူသူ..အတွေးအခေါ်မကိုက်ညီသူတွေကို.. ပြင်းပြင်းထန်ထန်နှိမ်နင်းတဲ့.. ဓလေ့အကျင့်နဲ့စဖွင့်ခဲ့တာတွေကြောင့်.. မေတ္တာတရားနဲ့..အေးချမ်းငြမ်းချမ်းခြင်းကို.. အခြေမခံထားတာ..သတိထားမိတယ်..။
    ဆိုတော့.. လွယ်လွယ်နဲ့.. ဖြေရှင်းလို့ရမယ် မထင်မိဘူး..။

    တကယ်တော့… ဒီရာစုနှစ်ဟာ.. (တကမ္ဘာလုံးအတိုင်းအတာနဲ့ကို..) ကိုးကွယ်ယုံကြည်ရာဆိုတဲ့.. ဘာသာတရားတွေ.(.အကုန်)..အကြီးအကျယ်..ချိမ်းခြောက်ခံရမဲ့..ရာစုနှစ်ပဲ..။
    အဲဒီလို… မြင်မိပါတယ်..။

  • ုhtoosan

    September 20, 2011 at 8:49 pm

    ဟိ ဟိ မြန်မာ အစိုးရ ခောတ်စားနေတဲ့ စကား နဲ့ ပြော ရရင် ” မတူခြားနားတာတွေ ဘေးဖယ်ပြီး ” သာသနာ ထွန်းတောက် အဓွန့်ရှည်စေချင်ကြတဲ့ သူတွေ အခြင်းခြင်း ၊
    ဒေါသတွေ သံသယ တွေ ပုတ်ခတ်တာတွေ မပါ
    ဘုရားရဲ့ အဆုံ့းအမ မေတ္တာတရားနဲ့..အေးချမ်းငြမ်းချမ်းခြင်းကို လက်ကိုင်ထားပြီး သူ့အမြင် ကိုယ့်အမြင် သူ့အယူအဆ ကိုယ့်အယူအဆ များ ဆွေးနွေးနိူင်ကြပါစေလို့ ဆုတောင်းယုံနဲ့ မဖြစ်နိုင်ဘူးဆိုတဲ့ post တွေ့လို့ ဆု မတောင်းတော့ဘဲ မေတ္တာ ရပ်ခံပါရစေ။

  • flytiger

    September 21, 2011 at 2:20 pm

    အင်း…သံဃာ့မဟာနာယကနှင့် အဓမ္မဝါဒဖော်ထုတ်ရေးကို အပြစ်တင်သူကတင်။ အကျဲတင်သူကတင်။ အရိုးဆွေးနေပြီဖြစ်တဲ့ ဘုရားကို အငိုခိုင်းတဲ့သူက အငိုခိုင်းလို့ခိုင်း။ ကြာတော့သာသနာဟာ လက်ခုစုတ် ဖြစ်တော့မယ်ထင်တယ်။ ဗမာစကားပုံရှိပါတယ်။ မိအေးတို့ အားနာတတ်ပုံများ ကလေးငါးယောက် အဖေမပေါ်ဘူးဆိုတာလို ဖြစ်တော့မယ်ထင်ပါတယ်။ မပြောမပြီး မတီးမမြည်ဆိုတော့လဲ ပြောရပေဦးမပေါ့။ ရန်ဖြစ်ချင်ရင်လဲ ဖြစ်လိုက်ကြပါ။ ဒါပေမယ့် ခေတ်မှီမှီ ရန်ဖြစ်တတ် ဖို့တော့လိုတယ်။ ဒီနေ့ကမ္ဘာကြီးမှာ စစ်ဖြစ်တယ်ဆိုတဲ့အသံမကြားရအောင် လူသားတွေကြိုးပမ်းနေ ကြပြီ။ ဒါပေမယ့် လက်နက်ခဲယမ်းနဲ့ စစ်တိုက်တာကိုတာရှောင်ကြဉ်ဖို့သာ ပြောတာ တခြား စီးပွားရေး ပညာရေး ကျန်းမာရေး လူမှုရေး လူ့အခွင့်အရေးတွေနဲ့တိုက်ခိုက်တာကို တော့ကမ္ဘာကြီးက ခွင့်ပြုထားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယဉ်ကျေးစွာ သိမ်မွေ့စွာ ရန်တွေ့တတ်တဲ့အဖြစ်ရှိနေလို့ပဲ။ ဒါကို တော့သိထားကြဖို့ လိုမယ်ထင်ပါတယ်။ တဆိတ်ရှိ ဒိုင်း…ဒိုင်း….ဒိုင်း လုပ်နေဖို့ မဟုတ်တော့ဘူဆိုတာ လေးပါပဲဗျာ။

Leave a Reply