— မီးအိမ်ရှင်သို့ အိမ်အပြန်


မီးအိမ်ရှင်…ရယ်
ငါ့ရင်ဘတ်ကြီးက အိပ်မောကျ
အိပ်မက်တွေတောင် နှစ်ခြိုက်နေကာမှ
တခဏနဲ့ ချဉ်းနင်းဝင်ရောက်
ငါ့နှလုံးသားကို ဖောက်ထွင်း
ရင်ခုန်နှုန်းတွေကို ပြင်းထန်စေခဲ့တာ
ရေစက်လား…
ဒါမှမဟုတ် အနေခက်ရုံသက်သက်
ကံကြမ္မာကပဲ ရက်စက်သလား…
နင်နဲ့ငါ့ကို ဘာလို့များ တွေ့ဆုံစေခဲ့တာလဲ
ငါ့ရင်မှာ အလင်းပျောက်လို့
နင်တစ်ယောက်က မီးအိမ်ရှင်အဖြစ်
အဲဒီ မီးတိုင်ကို ထွန်းညှိပေးမှာလား
ငါ တကယ်ကိုပဲ တုန်လှုပ်သွားခဲ့ရတယ်ဆိုရင်…
တစ်ဖက်သတ် စိတ်ကူးတွေ ယဉ်နေခဲ့မိ
အခုဆို အိပ်မက်တွေထဲ အထိတောင်
နင်က လာလာပြီး လှောင်ပြောင်ရက်သလား...

ငါ မညာချင်ဘူး မီးအိမ်ရှင်
ဟာတာတာရင်မှာ လာဝင်မှေးစက်
ငါ့အတွေးတွေက အရမ်းကို နက်သွားသလား
တကယ်ကို ရင့်ကျက်ဖို့ အားနည်းနေတဲ့ ရင်
ငါ့ကိုယ်ငါ ပြန်မမြင်ရဲလောက်အောင်ကိုပဲ
အဲဒီနှလုံးသားက ကြောက်စိတ်တွေ ပိုကဲနေမိ
နင်ကရော…
မသိချင်ယောင် ဟန်ဆောင်မလား
ခွေယိုင်သွားတဲ့ ငါ့ခြေထောက်တွေ…
ငါ့ အမောတွေ ပြေပျောက်စေဖို့
နင်တစ်ယောက်ပဲ ငါ့နံဘေးနား
နင်အမြဲ လာရှိနေပေးပါလား…ဟင်။ 

ထပ်မဆက်ချင်တော့တဲ့ ငါ့ကဗျာအတွက်
ငါ့ညတွေကိုပိုပိုပြီး နက်စေလှည့်ပါ မီးအိမ်ရှင်…။ ။

တောက ကိုရင်

About koyin

တောက ကိုရင် has written 59 post in this Website..

ပျံသန်းနေတဲ့ ငှက်တစ်ကောင်ပေါ့… ခရောင်းတောမှာ လမ်းကောင်းကောင်းလျှောက်တတ်ဖို့ ကြိုးစားဆဲ…