တောင်အာဖရိက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် (အပိုင်း၁- ၂)

kaiSeptember 20, 201121min431

တောင်အာဖရိက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် – ခင်မမမျိုး

တောင်အာဖရိကနိုင်ငံရဲ့ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ဟာကမ္ဘာတဝှမ်းက နိုင်ငံရေးလေ့လာသူတွေ၊ နိုင်ငံရေးလက်တွေ့လုပ်ဆောင်နေသူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအကြားမှာ ထင်ရှား ကျော်ကြားလှပါတယ်။ (၁၉၉၀) ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့မှာ တောင်အာဖရိက သမ္မတ F. W. de Klerk က နှစ်ပေါင်းများစွာ ထောင်သွင်းအကျဉ်းချထားတဲ့ အတိုက်အခံခေါင်းဆောင် မင်ဒဲလားကို လွှတ်ပေးလိုက်တဲ့အခါမှာ တောင်အာဖရိကပြည်သူများသာမက ကမ္ဘာကပါ အံ့ဩသွားခဲ့ကြပါတယ်။ မင်ဒဲလားကို လွှတ်ပေးလိုက်မှုဟာ အပြောင်းအလဲတွေကို ဦးတည်လာပြီလားဆိုတာကို အဆိုးဘက် ကကော၊ အကောင်းဘက်ကပါ ဝေဖန်သုံးသပ်မှုတွေ ရှိလာခဲ့ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ မင်ဒဲလားတယောက်ထဲကို လွှတ်ပေးလိုက်တာနဲ့တင် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု (political reform) ကို အာမခံချက် မရှိနိုင်ကြောင်းကိုလဲ အများက နားလည်ထားခဲ့ကြပါတယ်။ သို့ပေမယ့် F. W. de Klerk အစိုးရဘက်က တာဝန်ရှိသူတွေ၊ မင်ဒဲလားဦးဆောင်တဲ့ ANC (African National Congress) အပါအဝင် တောင်အာဖရိက အတိုက်အခံ အဖွဲ့အစည်း များစွာက တာဝန်ရှိသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ပညာရှင်တွေဟာ ကမ္ဘာ့သမိုင်းမှာ extraordinary negotiation process လို့ မှတ်တမ်းတင်ခံထားခဲ့ရတဲ့ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ကြီးကို ပူးတွဲ ဖော်ဆောင်နိုင်ခဲ့ကြပါတယ်။

ပဋိပက္ခ သမိုင်းနောက်ခံ

(၁၆၅၂) ခုနှစ်မှာ ဒတ်ချ်အရှေ့အိန္ဒိယကုမ္ပဏီက Cape of Good Hope မှာ ဌာနခွဲတခု ဖွင့်လှစ်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ အာဖရိကတိုက် တောင်ပိုင်းဒေသမှာ လူဖြူတွေက ကိုလိုနီစနစ်နဲ့ အုပ်ချုပ်မှုတွေ ပြုလုပ်လာပါတယ်။ သူတို့တွေကို Boers တွေလို့ သတ်မှတ်ခေါ်တွင်ကြပါတယ်။ သူတို့တွေက ဒေသခံလူမည်းလူမျိုးတွေကို ကျေးကျွန်ပြု အလုပ်စေခိုင်းမှုတွေ လုပ်လာခဲ့ပါတယ်။ (၁၇၉၅) ခုနှစ်မှာ Cape of Good Hope ကို ဗြိတိသျှတွေက သိမ်းပိုက်ပြီး၊ (၁၈၁၅) ခုနှစ်မှာတော့ ဒေသတွင်း ထိန်းချုပ်မှုတွေ ပြုလုပ်လာနိုင်ခဲ့ပါတယ်။ ဗြိတိသျှတွေက လူ့အဖွဲ့အစည်း တိုးတက်ရေး အတွက် လိုအပ်မယ့် မူဝါဒတွေ ပြောင်းလဲချမှတ်လာပြီး၊ (၁၈၃၄) ခုနှစ်မှာ ကျေးကျွန်စနစ်ကို ဖျက်သိမ်းပေးခဲ့ပါတယ်။

ဒါကြောင့် Boers တွေဟာ နယ်မြေသစ်ရှာဖွေမှုတွေ ပြုလုပ်လာကြပါတယ်။ ဒီလိုနယ်မြေသစ်တွေ ရှာဖွေရင်း (၁၈၆၉) ခုနှစ်မှာ Kimberly ဆိုတဲ့နေရာမှာ သဘာဝသယံဇာတ စိန်တွေ တူးဖော်တွေ့ရှိခဲ့ပြီး၊ မကြာမီမှာပဲ Johannesburg မှာ ရွှေတွေ ထပ်မံ တွေ့ရှိခဲ့ကြပါတယ်။ ဗြိတိသျှတွေက နယ်မြေသစ်တွေကိုပါ လက်အောက်ခံဒေသအဖြစ် သတ်မှတ်လာတာကြောင့် သယံဇာတပေါကြွယ်ဝတဲ့ နယ်မြေတွေကို လုကြရင်း Boer Wars နှစ်ကြိမ် ဖြစ်ခဲ့ပေမယ့် စစ်အင်အားနဲ့ လက်နက်အင်အား သာလွန်တဲ့ ဗြိတိသျှတို့ဘက်က အနိုင်ရသွားခဲ့ပါတယ်။

(၁၉၁၀) ခုနှစ်မှာတော့ ဗြိတိသျှတို့က တောင်အာဖရိက ပြည်ထောင်စုအဖြစ် ကွဲပြားနေတဲ့ နယ်မြေ ဒေသ အသီးသီးကို စုစည်းသတ်မှတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တက်လာတဲ့ အစိုးရသစ်ဟာ Mines and Work Act (1911), Natives Land Act (1913) တို့ကို ပြဌာန်းခဲ့ရာမှာ လူမည်းလူမျိုးတွေအတွက် ဆုံးရှုံးနစ်နာစေမယ့် ပုဒ်မတွေ အများအပြား ပါဝင်ခဲ့ပါတယ်။

(၁၉၃၀) ကာလတွေမှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့စီးပွားပျက်ကပ်က တောင်အာဖရိကနိုင်ငံကို ဆိုးရွားစွာ အကျိုးသက်ရောက်မှုတွေ ရှိစေခဲ့ပါတယ်။ ဒါကြောင့် လူဖြူတွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားပါတီက လူဖြူဆင်းရဲနွမ်းပါးသူတွေကို ဦးစားပေးပြီး၊ လူမည်းတွေကို ဈေးပေါသော လုပ်သားများအဖြစ် ခွဲခြား အသုံးချမယ့် မူဝါဒတွေကို ရေးဆွဲခဲ့ပါတယ်။ ဒီပါတီဟာ (၁၉၄၈) ခုနှစ်၊ ရွေးကောက်ပွဲမှာ အနိုင်ရပါတီ ဖြစ်လာခဲ့ပါတယ်။

အနိုင်ရပါတီဟာ ရေးဆွဲထားတဲ့ မူဝါဒတွေကို အခြေခံပြီး Apartheid Laws တွေကို ချမှတ်ကျင့်သုံးပါတော့တယ်။ တောင်အာဖရိက ဘာသာစကားအရ Apartheid ဆိုတာ ခွဲခြားခြင်း (separation) ဖြစ်ပါတယ်။ ဒီဥပဒေတွေဟာ လူမည်းတွေရဲ့ ဘဝအခွင့်အလမ်းများကို မတရားဖိနှိပ်မှုများနဲ့ ချုပ်ကိုင်ထားတဲ့အတွက် ဆန့်ကျင်လှုပ်ရှားမှုတွေ ပေါ်ထွက်လာခဲ့ပါတော့တယ်။

၁၉၅ဝ ကနဦးကာလတွေမှာ အကြမ်းမဖက် ဥပဒေဘောင်တွင်း လှုပ်ရှားမှုအနေနဲ့ လူမျိုးပေါင်းစုံ တန်းတူညီမျှရေးကို တောင်းဆိုပြီး၊ ထောင်ထဲဝင်ကြတဲ့ နိုင်ငံရေး အန်တုမှု ကင်ပိန်းတွေ ဖြစ်ပွားခဲ့ ပါတယ်။ နောက်ပိုင်းမှာ တောင်အာဖရိက အမျိုးသားကွန်ဂရက် (အေအင်စီ)နဲ့ အခြား မဟာမိတ် တွေက လူမျိုးပေါင်းစုံတန်းတူညီမျှရေး၊ တရားဥပဒေစိုးမိုးရေး စတာတွေ ပါဝင်တဲ့ Freedom Charter ကို တောင်အာဖရိကအစိုးရဆီ တင်သွင်းခဲ့ပါတယ်။ အစိုးရက ငြင်းဆန်ပြီး၊ မင်ဒဲလားအပါအဝင် ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပါ တယ်။

၁၉၆ဝ ခုနှစ်ရောက်တော့ ဒီလို normative leverage လုပ်နေရုံနဲ့ပဲ အောင်ပွဲရမှာ မဟုတ်ဘူးဆိုတာကို အေအင်စီ ခေါင်းဆောင်တွေ သဘောပေါက်လာကြပါတယ်။ နှစ်ပေါင်း (၅၀) ကြာအောင် ပြုလုပ်ခဲ့တဲ့ တောင်းဆိုချက်တွေ၊ လက်မှတ်ထိုးတောင်းဆိုမှုတွေဟာ Apartheid အစိုးရ ရပ်တည်မှုကို ရွေ့လျားအောင် မလုပ်နိုင်ခဲ့ဖူးဆိုတာကို သိမြင်လာကြပါတယ်။ ဒါနဲ့ နိုင်ငံနဲ့အဝှမ်း ဆန္ဒပြပွဲတွေကို အေအင်စီခေါင်းဆောင်တွေနဲ့ မဟာမိတ်တွေ စုပေါင်းပြီး အကောင်အထည်ဖော်ခဲ့ကြပါတယ်။ ဒီလိုနဲ့ (၁၉၆၀) The Sharpeville Massacreမှာ ဆန္ဒပြသူ (၆၉) ဦးကျဆုံးပြီး၊ (၁၈၀) ကျော် ဒဏ်ရာရခဲ့ပါတယ်။ တိုင်းပြည်တဝှမ်းက နိုင်ငံရေးလှုပ်ရှားသူ လူနှစ်ထောင်ကျော်ကိုလဲ အစိုးရက လိုက်လံဖမ်းဆီးပါ တော့တယ်။

ဒီအခါမှာ ခေါင်းဆောင်တွေအနေနဲ့က ရွေးစရာလမ်း သိပ်မကျန်တော့ပါဘူး။ လူထုတိုက်ပွဲတခုတည်းနဲ့ မရ၊ လက်နက် ကိုင်တော်လှန်ရေးနဲ့ပါ ပေါင်းစပ်ရမယ်လို့ အမြင်ရှိလာတာကြောင့် မင်ဒဲလားနဲ့ အေအင်စီဟာ ဇူးလူးဘာသာစကားနဲ့ “Spear of the Nation.” လို့ အမည်ရတဲ့ military wing ကို တည်ထောင်ပါတော့တယ်။ စစ်ရေးနဲ့ တောင်အာဖရိက စစ်တပ်ကို ယှဉ်နိုင်ဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် လက်နက်ကိုင်တော်လှန်ရေးနဲ့ ပေါင်းစပ်ခြင်းအားဖြင့် တွေ့ဆုံညှိနှိုင်းရေး စားပွဲပေါ်ကို အစိုးရဆီ တွန်းပို့ နိုင်လာမယ်လို့ ယူဆခဲ့ကြပါတယ်။

(၁၉၆၂) ခုနှစ်မှာတော့ မင်ဒဲလားနဲ့ ခေါင်းဆောင်အချို့ကို တောင်အာဖရိက လုံခြုံရေးတပ်တွေက ဖမ်းဆီးမိသွားပါတယ်။ ခေါင်းဆောင်တွေ အဖမ်းခံရပြီးနောက်ပိုင်းမှာ အစိုးရဆန့်ကျင်ရေးအရှိန်က နှေးကျသွားခဲ့ပါတယ်။ နိုင်ငံတွင်း လှုပ်ရှားမှုတွေ အားလျော့ပြီး၊ နိုင်ငံပြင်ပက မင်ဒဲလားလွတ်မြောက်ရေး လှုပ်ရှားမှု၊ နိုင်ငံတကာကင်ပိန်းတွေရဲ့ အရှိန်ကသာ ကြီးထွားလာခဲ့ပါတယ်။ အစိုးရထဲကို ဝင်ပူးပြီး (change from within) လုပ်မှပဲ ရတော့မယ်ဆိုတဲ့ နိုင်ငံရေး သဘောတရားတွေက ပျံ့နှံ့နေရာယူလာပါတယ်။ ဒါပေမယ့် ဖိနှိပ်မှုရှိသမျှ ထကြွပုန်ကန်မှု၊ နိုင်ငံရေးအန်တုမှု ဆိုတာ ရှိနေမှာပဲဆိုတဲ့ တော်လှန်ရေးဥပဒေသတွေဟာ တောင်အာဖရိကမှာလဲ မှန်ကန်ခဲ့ပါတယ်။ မျိုးဆက်သစ် ခေါင်းဆောင် တွေ ထပ်မံပေါ်ထွက်လာခဲ့ပြီး၊ ၁၉၆ဝ နှောင်းပိုင်းတွေမှာ The Black Consciousness Movement (BCM) စတာတွေ ပေါ်ပေါက်လာပါတယ်။

(၁၉၇၆) ခုနှစ်မှာတော့ The Soweto uprising ပေါ်ထွက်လာပါတယ်။ ဒီလူထုအရေးတော်ပုံကြီးကို လူငယ်ကျောင်း သားတွေက ဦးဆောင်ခဲ့ကြတာပါ။ အရေးတော်ပုံကြီးဖြစ်ပွားခဲ့တဲ့ ပထမ နှစ်လအတွင်းမှာ လူငယ် နှစ်ထောင်ကျော် သေဆုံးခဲ့ပြီး၊ ထောင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီလူထု အရေးတော်ပုံ ကြီးကို ပြည်ပမှာရှိနေတဲ့ မျိုးဆက် ဟောင်းတွေက အချိန်ကိုက် တိုင်မင်ပေးပြီး လှုပ်ရှားစေခဲ့တာလဲ မဟုတ်သလို၊ ပြည်တွင်းမှာ ရှိနေတဲ့ မျိုးဆက်ဟောင်း ခေါင်းဆောင်တွေက တိုက်ပွဲခေါ်ယူခဲ့တာလဲ မဟုတ်ပါဘူး။

မတရားမှုသည် ဥပဒေဖြစ်လာသောအခါ တော်လှန်ပုန်ကန်ခြင်းသည် တာဝန်တရပ်ဖြစ်လာသည်ဆိုတဲ့ ဥပဒေသအတိုင်း (၁၉၇၆) ခုနှစ်၊ တောင်အာဖရိက လူထုအရေးတော်ပုံကြီးက ရုတ်ခြည်း ထဖြစ်သွားခဲ့တာပါ။ အစိုးရက လူမည်း ကျောင်းသားတွေကို လူဖြူ Boers တွေရဲ့ ဘာသာစကားကို အတင်းအကြပ် သင်ခိုင်းပါတယ်။ ဒါကို မကျေနပ်တဲ့ ကျောင်းသားတွေက ဆန္ဒပြကြပါတယ်။ လုံခြုံရေးတပ်တွေကြောင့် ကျောင်းသားလေးတယောက် သေသွားပါတယ်။ ဒါကို မကျေနပ်တဲ့အတွက် Soweto မှာ အဓိကရုဏ်းဖြစ်ပြီး၊ တနိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ နှစ်နှစ်ကျော် ကြာအောင် ဖြစ်ပွားခဲ့တဲ့ ဒီလူထုအရေးတော်ပုံကြီးမှာ လူပေါင်း တသောင်းကျော်ခန့် သေဆုံးခဲ့ပါတယ်။

ဒီလူထု အရေးတော်ပုံကြီးဟာ တောင်အာဖရိက နိုင်ငံရေးသမိုင်းမှာတော့ သမိုင်းတကွေ့ကို ချိုးပစ်လိုက်ပါတော့တယ်။ ထောင်ထဲကို ရောက်သွားတဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေနဲ့ မျိုးဆက်ဟောင်း ခေါင်းဆောင်တွေ ထောင်ထဲမှာ ပေါင်းစည်းမိသွားကြပါတယ်။ ထောင်ပေါင်း များစွာသော လူတွေက ထွက်ပြေးတိမ်းရှောင်ပြီး အေအင်စီနဲ့ ပီအေစီအဖွဲ့တို့ရဲ့ military wing တွေမှာ ပူးပေါင်း ဆောင်ရွက်လာကြပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မျိုးဆက်သစ်တွေ ထပ်ပြီး ပေါ်ထွက်လာ ပါတယ်။

(၁၉၈၃) မှာ အစိုးရက ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းပြီး၊ လူထုရဲ့ တိုက်ပွဲရေချိန်ကို လျှော့ချဖို့နဲ့ တော်လှန်ဆန့်ကျင်သူတွေကို ဖြိုခွဲဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ရွေးကောက်ပွဲကို ညီညီညာညာ ဆန့်ကျင်ခဲ့ကြတာကြောင့် အစိုးရစိတ်တိုင်းကျ မဖြစ်ခဲ့ပါဘူး။ အထိနာ စေခဲ့ပါတယ်။ (၁၉၈၅) ခုနှစ်မှာ The Sharpeville Massacre နှစ်ဆယ့်ငါးနှစ်မြောက် နှစ်ပတ်လည်ကို လူထုလှုပ်ရှားမှု အသွင်နဲ့ ကျင်းပကြတာကြောင့် အစိုးရက နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေငြာ လိုက်ရပါတော့တယ်။

ဒီအခါမှာ လူပေါင်း နှစ်သန်းကျော်ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း ခုနစ်ထောင်ကျော်က နိုင်ငံရေးအန်တုမှု လှုပ်ရှားမှု ကြီးကို စတင်ကြပါတော့တယ်။ ဒီအဖွဲ့အစည်း ခုနစ်ထောင်ကျော်ဟာ Mass Democratic Movement (MDM) ခေါင်းစီးအောက်မှာ လှုပ်ရှားခဲ့ကြပါတယ်။ တိုက်ပွဲမရှိပဲ တပ်ပေါင်းစုတွေ ဖွဲ့လိုက်၊ ကွဲလိုက်၊ ပြဲလိုက်၊ ပြန်တည်ထောင်လိုက်နဲ့ သံသရာ လည်နေတာထက်စာရင် ဒီလို တိုက်ပွဲရှိချိန်မှာ ကိုယ့်အဖွဲ့အစည်း၊ သူ့အဖွဲ့အစည်းစတာတွေကို ခေါင်းစီးမတင်ပဲ တပ်ပေါင်းစု လှုပ်ရှားမှုသဏ္ဌာန် ခေါင်းစီးကြီးတခု အောက်မှာ ညီညွတ်ရေး ဖြစ်တည်လာတာက ပိုပြီးထိရောက်မှု ရှိတယ်ဆိုတာ တောင်အာဖရိကရဲ့ MDM လှုပ်ရှားမှုကြီးက သက်သေပြခဲ့ပါတယ်။

ဒီလို လှုပ်ရှားမှုကြီး အရှိန်ကောင်းလာတာနဲ့အမျှ အစိုးရဆီမှာ အာဏာရှိတာနဲ့ စစ်တပ်ကို ထိန်းချုပ်ထားနိုင်ရုံက လွဲလို့ ဘာမှ မကျန်တော့ပါဘူး။ ပြည်တွင်းပြည်ပ legitimacy မရှိပါဘူး။ အစိုးရဆန့်ကျင်သူတွေဘက်မှာတော့ အများပြည်သူရဲ့ ထောက်ခံအားပေးမှု၊ နိုင်ငံတကာ အသိအမှတ် ပြုမှု၊ အောင်ပွဲကို မဆောင်ကျဉ်းနိုင်ပေမယ့် အရှိန်တခုရှိတဲ့ လက်နက်ကိုင်တော်လှန်ရေး၊ အစိုးရဘက်က နှိမ်နင်းသမျှ ဖိလေကြွလေ ဖြစ်လာတဲ့ ရေရှည်ရပ်တည်နိုင်သော တပ်ပေါင်းစု လှုပ်ရှားမှုကြီး၊ ငွေကြေးတွေ၊ အာဏာတွေနဲ့ သွေးဆောင်ဖြားယောင်းလို့ မရနိုင်တဲ့ ခေါင်းဆောင်များရဲ့ တော်လှန်စိတ် ခိုင်မာမှု စတာတွေရဲ့ အားတွေကို ရရှိနေပြီ ဖြစ်ပါတယ်။ နှစ်ဘက်စလုံးဟာ ထိပ်တိုက် ရင်ဆိုင်နေပြီး၊ ပါဝါချိန်ခွင်လျှာ ညီလာတဲ့ အခြေအနေဖြစ်လာပါတယ်။

ဒီလိုအခြေအနေမှာ အစိုးရဘက်က မင်ဒဲလားရဲ့ တွေ့ဆုံဆွေးနွေးလိုသော ဆန္ဒရှိမရှိကို ကနဦး အတည်ပြုပါတယ်။ (၁၉၉၀) ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့မှာ မင်ဒဲလားကို လွှတ်ပေးမည် ဖြစ်ကြောင်းနဲ့ အေအင်စီနှင့် အခြားနိုင်ငံရေး အဖွဲ့အစည်းများကို ban လုပ်ထားခြင်းကို ရုတ်သိမ်းမည် ဖြစ်ကြောင်း အစိုးရဘက်က စတင်ကြေငြာပြီး၊ မင်ဒဲလားကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ လွှတ်ပေးခဲ့ပါတယ်။

 

အချိန်အခါနှင့် နိုင်ငံရေး အခင်းအကျင်း

(၁၉၈၀) ကာလတွေမှာ ဖြစ်ပွားခဲ့ကြတဲ့ တောင်အာဖရိက အစိုးရနဲ့ အတိုက်အခံ တော်လှန်ရေး သမားတွေအကြားက ထိပ်တိုက်ရင်ဆိုင်မှုတွေမှာ အတိုက်အခံတွေရဲ့ အသက်တွေ အများအပြား ဆုံးရှုံးခဲ့ရပါတယ်။ တချိန်တည်းမှာပဲ တောင်အာဖရိကနိုင်ငံကို နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုနဲ့ အရေးယူထားတာကြောင့် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာလဲ ထိခိုက်မှုတွေ ရှိလာခဲ့ပါတယ်။ အစိုးရဘက်မှာကလဲ လက်နက်အင်အား၊ လူအင်အား၊ စီးပွားရေး အရင်းအမြစ်အားလုံးကို ပိုင်ဆိုင် ထားတယ် ဆိုပေမယ့် လူထုထောက်ခံမှုနဲ့ နိုင်ငံတကာ တရားဝင်မှုကို ဘယ်လိုမှ လုပ်ဆောင်လို့ မရပါဘူး။ အစိုးရအဖွဲ့ ခေါင်းဆောင်တွေက အင်အားသုံးဖြေရှင်းရုံနဲ့ တိုင်းပြည်ရဲ့ ပဋိပက္ခတွေကို ဖြေရှင်းလို့ မရနိုင်တော့ဘူးဆိုတာကို သဘောပေါက်စပြုလာကြပါတယ်။

မင်ဒဲလားနဲ့ သူ့ရဲဘော်တွေကလဲ အစိုးရကို ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် ကျောက်တုံး ကျောက်ဆောင် တွေကို ခွဲနေရတဲ့ အခြေအနေမျိုးမှာ ရောက်နေခဲ့တာ ဖြစ်ပါတယ်။ မင်ဒဲလားဟာ အကျဉ်းချခံ ထားရပေမယ့် ဥပဒေ၊ ဘောဂဗေဒနဲ့ သမိုင်းပညာရပ်တွေကို ဆည်းပူးနေခဲ့ပါတယ်။ လူထုအရေးတော်ပုံ အပြီးမှာ တော်လှန်ရေးသမား အများအပြား ထောင်ထဲရောက်လာခဲ့တာကြောင့် မင်ဒဲလားနဲ့ သူ့ရဲဘော်တွေဟာ ထောင်ထဲမှာ နိုင်ငံရေး၊ ဥပဒေနဲ့ ဘောဂဗေဒ ပညာရပ်ဆိုင်ရာ လေ့လာမှုတွေ ပြုလုပ်ကြပါတယ်။ အပြန်အလှန် ဆွေးနွေးငြင်းခုန်မှုတွေ ပြုလုပ်လာကြပြီး၊ ပညာရပ်ဆိုင်ရာ မှတ်စုတွေကိုလဲ လျှို့ဝှက်ဖြန့်ဖြူးမှုတွေ လုပ်လာကြတာကြောင့် အခြေအနေကို လေ့လာသုံးသပ် နိုင်စွမ်းတွေ တိုးမြင့်လာခဲ့ပါတယ်။

ထိပ်တိုက်ရင်ဆိုင်မှုအပေါ်မှာ လူထုရဲ့ ထောက်ခံမှုနဲ့ နိုင်ငံတကာရဲ့ အားပေးမှုတွေ ရရှိနေပေမယ့် အဆုံးသတ်အောင်ပွဲကို ဆောင်ကျဉ်းပေးနိုင်ဖို့အတွက် အတိုက်အခံဘက်မှာ capability မရှိဘူး ဆိုတာကို သဘောပေါက် နားလည်လာကြပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ စီးပွားရေးအခြေအနေ ပျက်ယွင်းနေမှုတွေ၊ လူထုရဲ့ လူနေမှုဘဝ ယိုင်လဲပျက်စီးနေမှုတွေ၊ ပဋိပက္ခတွေ ရှည်ကြာနေခြင်းကြောင့် ဖြစ်ပွားနေတဲ့ ဆိုးကျိုးတွေကို ထည့်သွင်းစဉ်းစားလာကြပါတယ်။ ထောင်သွင်းအကျဉ်းချခံထားရစဉ် တလျှောက်မှာ မင်ဒဲလားအနေနဲ့ အစိုးရအပေါ်မှာ uncompromising competitive stance ကနေ ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် (၁၉၉၀) ခုနှစ်မှာ အစိုးရက လွှတ်ပေးဖို့ ကမ်းလှမ်းလာချိန် မှာတော့ အစိုးရအနေနဲ့ နိုင်ငံတကာ စံနှုန်းတွေအပေါ် အခြေခံတဲ့ multiracial democracy စနစ်ကို အသွင်ကူးပြောင်းရေး စတင်ပြုလုပ်ရမယ်လို့ pre-condition ချမှတ်ပြီး၊ စေ့စပ်ဆွေးနွေးရေး ခြေလှမ်းကို စတင် လိုက်ပါတော့တယ်။

ဒီလို မင်ဒဲလားကို လွှတ်ပေးရန် ဆုံးဖြတ်တဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ လက်ခံပြီး pre-condition တခု ချမှတ်ကာ စေ့စပ်ဆွေးနွေးရန် စတင်လိုက်တဲ့ မင်ဒဲလားရဲ့ ခြေလှမ်း စတာတွေကို တွေ့မြင်လာကြတဲ့ နှစ်ဖက်ခေါင်းဆောင်အချို့နဲ့ ပညာရှင်တွေကလဲ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ကြီး စတင်လာနိုင်ဖို့ ကြိုးပမ်းမှုတွေ ပြုလုပ်လာကြပါတယ်။ နှစ်ဘက်ခေါင်းဆောင်တွေနဲ့ ပညာရှင်တွေက တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ တွေ့ဆုံစကားပြောမှုတွေ ပြုလုပ်လာကြပြီး၊ တဘက်နဲ့တဘက်ရဲ့ အခြေအနေကို သွေးတိုးစမ်းလာကြပါတယ်။

ထိပ်တိုက်ရင်ဆိုင်မှု ပြုခဲ့ကြတဲ့ ပဋိပက္ခထဲက အဖွဲ့အစည်းတွေ အနေနဲ့ စေ့စပ်ဆွေးနွေးပွဲတွေ တရားဝင် မစတင်ချိန်မှာ တဘက်နဲ့တဘက် သွေးတိုးစမ်းမှုတွေ ပြုလုပ်လေ့ရှိကြပါတယ်။ ညစာစားပွဲတွေ၊ ပွဲလမ်းသဘင်တွေ၊ နှီးနှောဖလှယ်ပွဲတွေ ပြုလုပ်ပြီး အပြန်အလှန်ဖိတ်ကြားတက်ရောက်မှုေတွ လုပ်တတ်ကြပါတယ်။ ဒီလိုလုပ်ဆောင်ရင်း တဘက်ရဲ့ လိုအပ်ချက်နဲ့ အကျိုးစီးပွားတွေကို မသိမသာ အကဲခတ်လေ့ ရှိကြပါတယ်။ ဒါတွေကို ပြုလုပ်ထားမှသာ လက်တွေ့ စေ့စပ်ဆွေးနွေးပွဲတွေကို အထောက်အကူပြုလာနိုင်မှာ ဖြစ်ပါတယ်။

ပဋိပက္ခရေးရာ ကျွမ်းကျင်သူတွေကတော့ ဒီလို သွေးတိုးစမ်းမှုတွေကို testing the waters လို့ သုံးနှုံးပါတယ်။ ရေထဲမဆင်းခင် ရေအတိမ်အနက် မည်၍မည်မျှ ရှိမယ်ဆိုတာကို စမ်းသပ်ကြည့်တဲ့ သဘောပါပဲ။ စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်မှာ ဒီလိုသွေးတိုးစမ်းကာလက အလွန်အရေးကြီးပါတယ်။ တဘက်နဲ့တဘက် စောင့်ကြည့်လေ့လာကြတဲ့ ကာလဖြစ်ပြီး၊ တဘက်ရဲ့ အကျိုးစီးပွားနဲ့ လိုလားချက်တွေကို တဘက်က လေ့လာရာကနေ ဘုံအကျိုးစီးပွားတွေ၊ common ground တွေကို ရှာဖွေကြတဲ့ ကာလဖြစ်လို့ပါပဲ။ ဒီလို အခြေအနေမှာ နှစ်ဘက်ခေါင်းဆောင်တွေ၊ ပညာရှင်တွေနဲ့ စာနယ်ဇင်းသမားတွေကို အခြေအနေမှန် ရိပ်စားမိခြင်း မရှိတဲ့ မိမိတို့ ဘက်တော်သားတွေက ဝေဖန် ပြောဆိုစွပ်စွဲမှုတွေ ပြုလုပ်လေ့ရှိပါတယ်။

ပိုပြီးဆိုးရွားစေတဲ့ အချက်က ခေါင်းဆောင်တွေ၊ ပညာရှင်တွေနဲ့ စာနယ်ဇင်းသမားတွေကလဲ သွေးတိုးစမ်းမှုကို လုပ်ကြည့်နေရဆဲ ကာလဖြစ်တဲ့အတွက် ဘာကိုမှ သေချာပေါက်အာမခံပြီး ပြောဆိုနိုင်ခြင်း မရှိသေးတဲ့အခါ အခြေအနေကို အားမလို၊ အားမရဖြစ်မှုတွေ ပေါ်ထွက်လာ တတ်ပါတယ်။ ဒါတွေဟာ ကောင်းမွန်တဲ့ ပြောင်းလဲမှုကို ဦးတည်တဲ့ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် မစတင်ခင်မှာ တဘက်နဲ့တဘက် သွေးတိုးစမ်းရတဲ့ အချိန်ကာလတခု ရှိတယ်ဆိုတာကို သိရှိနားလည်ခြင်း အားနည်းချက်ကြောင့် ဖြစ်ပွားလာတာဖြစ်တဲ့အတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပေါ်ထွက်လာမယ့် အကျိုးအမြတ် (joint gains) ကို လေ့လာရှာဖွေနေတာဖြစ်ကြောင်း ခေါင်းဆောင် တွေက အများပြည်သူကို အသိပေးပြီး၊ အားမလိုအားမရဖြစ်မှုတွေကို ဖြေသိမ့်ပေးလေ့ ရှိကြပါတယ်။

သွေးတိုးစမ်းကာလဆိုတာ အခန့်မသင့်ရင် ထိပ်တိုက်ရင်ဆိုင်မှုတွေဆီကို ပြန်လည်ဦးတည်သွားပြီး၊ ပဋိပက္ခရှည်ကြာစေတဲ့ အခက်ခဲဆုံးကာလဖြစ်တဲ့အတွက် ဘက်တဘက်အတွင်းမှာဖြစ်စေ၊ အခြား ဘက်တဘက်နဲ့ ဆက်ဆံရေး မှာဖြစ်စေ အပြန်အလှန်နားလည်မှု၊ အမြော်အမြင်ကြီးမှုတို့အပေါ်မှာ အခြေခံဖို့ လိုအပ်ကြောင်း ပညာရှင်တွေက သတိပေးပြောကြားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တောင်အာဖရိက မှာတော့ ဒီလိုသွေးတိုးစမ်းကာလရဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။ နှစ်ဘက်ခေါင်းဆောင်တွေနဲ့ ပညာရှင်တွေဟာ တဘက်နဲ့တဘက် deal လုပ်လို့ ရနိုင်မယ့် အခြေအနေ တွေကို လေ့လာတွေ့ရှိသွားနိုင်ခဲ့ကြပါတယ်။

လူဖြူခေါင်းဆောင်တွေကလဲ မင်ဒဲလားနဲ့ အတိုက်အခံတွေကို ဆက်လက်နှိမ်နင်းနေရင် လူထု လှုပ်ရှားမှုတွေ အရှိန်ကောင်းလာပြီး ထိန်းချုပ်ရ ခက်ခဲမယ်၊ နိုင်ငံတကာက ဖိနှိပ်မှုတွေ ပိုများလာမယ် ဆိုတဲ့ ပကတိအခြေအနေမှန်ကို သိမြင်လာကြပါတယ်။ မင်ဒဲလားတို့ဘက်ကလဲ လူမည်းအများစုဟာ အုပ်ချုပ်ရေးအတွေ့အကြုံမရှိမှု၊ ပညာရေးအခြေခံအားနည်းမှု၊ ဆင်းရဲနွမ်းပါးမှု အားနည်းချက်တွေ ရှိနေပြီး၊ လူဖြူခေါင်းဆောင်တွေကသာ စည်းစိမ်ဥစ္စာဓနတွေ၊ အုပ်ချုပ်ရေးကျွမ်းကျင်မှုတွေနဲ့အတူ နိုင်ငံက ထွက်ခွာသွားမယ်ဆိုရင် နောင်တက်လာမယ့် အစိုးရသစ်ဟာ တိုင်းပြည်ပြန်လည် ထူထောင်ရေး ဆိုင်ရာ ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နိုင်ရနိုင်ဖွယ်ရှိပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလဲ ဖော်ဆောင်ရန် ခဲယဉ်းနိုင်ကြောင်း ပကတိအခြေအနေမှန်ကို သိမြင်လာကြပါတယ်။ ဒါကြောင့် majority rule ကို ချမှတ်ကျင့်သုံးပြီး၊ minority rights ကို ကာကွယ်သင့်ကြောင်း စဉ်းစားမိလာကြပါတယ်။

တပြိုင်နက်တည်းမှာပဲ နှစ်ပေါင်းများစွာ ရှည်ကြာခဲ့တဲ့ ပဋိပက္ခတွေမှာ တိုင်းပြည်ရဲ့ လူမှု အဆောက်အအုံကို ထိခိုက်ပျက်စီးသွားစေခဲ့တယ်ဆိုတာကို နှစ်ဘက်စလုံးက လက်ခံလာကြပါတယ်။ လူမှုအဆောက်အအုံကို ပြန်လည်တည်ဆောက်ခြင်း မပြုလုပ်ဘူးဆိုရင် နောင်မျိုးဆက်တွေ ဒုက္ခ ရောက်တော့မှာကို သိမြင်လာကြတာနဲ့အမျှ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်တာတွေမှာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း စဉ်းစားလာကြပါတယ်။ ဒီလို စဉ်းစားမှုတွေ၊ သိမြင်မှုတွေ ရှိလာပေမယ့် တဘက်နဲ့တဘက် ထိပ်တိုက်ရင်ဆိုင်ပြီး အနိုင်ယူဖို့ ကြိုးပမ်းခဲ့သူတွေအကြားမှာ သံသယတွေ၊ အမြင်မရှင်းမှုတွေ၊ မယုံကြည်မှုတွေ၊ နာကြည်းမှုတွေက အမြစ်တွယ်နေတာကြောင့် စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်ဟာ ခက်ခဲကြန့်ကြာမှုတွေ ရှိနိုင်သလို၊ ကန့်ကွက်မှုတွေလဲ ရှိလာနိုင်တယ်ဆိုတာကို လေ့လာသုံးသပ်မိကြပါတယ်။ ဒါကြောင့် ယုံကြည်မှု တည်ဆောက်ရေး (confidence building) ကို Bold Move တွေနဲ့ တည်ဆောက်ဖို့ ကြိုးပမ်းလာကြပါတော့တယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၁၉၊ ၉၊ ၂၀၁၁)

One comment

  • Thanlwinoo

    September 21, 2011 at 12:40 pm

    မြန်မာနိုင်ငံမှာ စစ်တပ်က ပြည်သူတွေအပေါ်မှာအမြဲရှိနေမယ့် စစ်တပ်နဲ့ပြည်သူခွဲခြားရေးမူ (Military Apartheid) စနစ်ပယ်ဖျက်ပြီး တိုင်းရင်းသားပြည်သူများအားလုံး အခွင့်အရေးတန်းတူညီမျှမှုရှိမယ့် နိုင်ငံရေးစနစ်ကောင်း ပေါ်ထွန်းလာဖို့ မျှော်လင့်ပါတယ်..။
    ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ အမျှော်အမြင်ရှိရှိနဲ့ ကောင်းမွန်ပြည့်စုံတဲ့ ပြောင်းလဲမှုကို ဖော်ဆောင်နိုင်ရင် နယ်လ်ဆင်မန်ဒဲလားနဲ့ ဒီကလပ်တို့လို သမိုင်းတင်ကျန်ရစ်မှာပါ..။
    ဒါမှမဟုတ်ဘဲ အာဏာဆုပ်ကိုင်ထားနိုင်ဖို့ ဟန်ပြပြောင်းလဲမှုကိုသာ လုပ်ခဲ့မယ်ဆိုရင် ဇင်ဘာဘွေမှာလို ရောဘတ်မူဂါဘေးနဲ့ အတိုက်အခံခေါင်းဆောင် Morgan Tsvangirai တို့အဖြစ်မျိုး တိုင်းပြည်လည်း သောင်မတင်ရေမကျ၊ ပြည်သူတွေလည်း ဒုကမျိုးစုံကြုံရမှာပါ..။

Leave a Reply